ကျွန်မကတော့ ဘယ်လောက်ပဲ တိတိကျကျ ဖြစ်အောင်လုပ်ထားပစေ.အမြဲဖြစ်နေကျ အလွဲတွေနဲ့သာ ကြုံတွေ့နေရတော့ စိတ်ပျက်လာတယ်။ ကျွန်မ အခုတလော ပိုစ့်အသစ်မရေးနိုင် ပျောက်နေတဲ့ အကြောင်းလေးက ဒီအလွဲလေးပဲပေါ့။ သူငယ်ချင်း မင်းလူမော်အောင်တစ်ယောက် စင်္ကာပူကနေ ဒူဘိုင်းကို ပြောင်းလာရကနေ စတော့တာပါပဲ။ အစက သူ့က ကျွန်မကို မေလ.ပထမပတ်လောက်မှ ရောက်မယ်ပေါ့။ အခန်းရှာပေးဖို့ လိုအပ်တာတွေကိုတော့ ကျွန်မပဲ ကူညီဖို့ ဆုံးဖြတ်ထားတယ်လေ။ သူငယ်ချင်းအရင်းတွေ မရှိနေတဲ့ ဒီဒူဘိုင်းမြို့လေးဆီကို ကိုယ့်သူငယ်ချင်းတယောက် ရောက်လာတော့မယ်ဆိုတော့ ၀မ်းသာနေတာပေါ့။ အချိန်ရသေးတာနဲ့ အခန်းကို ကြိုတော့မရှာထားလိုက်ဘူး။ လကုန်မှ စရှာဖို့ စိတ်ကူးထားတယ်။ မပြောမဆိုနဲ့ ၂၄ ရက်နေ့မှာ သူငယ်ချင်းတော်က ၂၇ ရက်နေ့ ရောက်မယ်တဲ့။ ဘာလုပ်ရမယ် မသိဖြစ်သွားတယ်။ အခန်းကို ကမန်းကတန်းရှာရတာပေါ့။ ကြော်ငြာထားတာတော့ အများသား ၊ တကယ့်နေရာ၊ ကောင်းကောင်းမွန်မွန် ရှာတွေ့ဖို့က ရှားသားလားနော်။ ၂၆ရက်ညမှာ သင့်တော်တဲ့ ဈေးနဲ့ အခန်းလေးတခန်းရပါတော့တယ်။ လူမော်ကလဲ အေးဆေးနေချင်တယ်။ အခန်းရှာပေးဆိုတော့ အခန်းပေါ့။ Bed spaceကျတော့ လူများတော့ စကားများတာပေါ့။ နေတတ်မှ အနေတော်မယ်လေ။ အခန်းရတော့ စိတ်ချမ်းသာသွားတယ်။ ဒါပေမဲ့ လိုချင်လွန်းလို့သာ ယူလိုက်တာ။ အိမ်လဲရောက်ရော တွေးလေ မလိုချင်နေဘူး။ ကျွန်မက စိတ်ထဲ တခုခုထင့်နေရင် အဲဒီအရာကို ဘယ်တော့မှ မယူတတ်ဘူး။ အခုတော့ စိတ်ထဲမှာ တလလောက်တော့ နေကြည့်ပေါ့။ နောက်မှ စိတ်ကြိုက်ပြန်ရှာကြတာပေါ့ ဆိုပြီး ပြန်ဖြေတွေးလိုက်တယ်။ ညနေ.၆နာရီလောက်မှာ အတူနေသူငယ်ချင်း သန္တာက ဖုန်းဆက်လာတယ်။ ကျွန်မအဒေါ်နေတဲ့ အခန်းဘေးမှာ နှစ်ယောက်ထဲပဲ Share လုပ်မဲ့ နေရာလွတ်နေတယ် ။ ကျွန်မလဲ အဒေါ်ဆီ ကမန်းကတန်းဖုန်းဆက်ပြီး ရရင်ယူမယ်ပေါ့။ အဒေါ်ကလဲ မေးပေးတယ်။ နောက်.ည၈နာရီမှာ အိုကေသွားတယ်။ အဒေါ်ကလဲ သော့ဖွင့်ပေးဖို့ စောင့်နေပေးမယ်ပေါ့။ အားလုံးအဆင်ပြေသွားတယ်။ လေယာဉ်က ည၉:၃၀မှာ ဆိုက်ပါတယ်။ နောက်ဆုံး ည၁၀နာရီခွဲကျော်ကျော်မှာ လူမော် အပြင်ရောက်လာပါတော့တယ်။ သူ့ကုမ္ပဏီက HR လာကြိုမယ်ဆိုလို့ စောင့်နေကြတာပေါ့။ ကိုရွှေHR မန်နေဂျာက ပေါ်မလာဘူး။ အဒေါ်ကလဲ မနက်အစောကြီး အလုပ်သွားဖို့ရှိတော့ မလာသေးဘူးလားနဲ့ ဖုန်းဆက်နေတော့တာပဲ။ ၁၁နာရီခွဲခါနီးထိ ရောက်မလာဘူး။ ဘယ်နှစ်မီနစ်အတွင်း ရောက်လာမယ်။ ဘာညာနဲ့ ဆက်စောင့်ခိုင်းနေတယ်။ အဒေါ်က လုံးဝမစောင့်နိုင်တော့ဘူး။ ၁၁နာရီခွဲကျော်သွားတော့ အိပ်လိုက်ပြီပေါ့။ ကျွန်မလဲံ HR မန်နေဂျာ ရောက်လာတော့ ဒီညသူ့အိပ်ခန်းမှာ ခေါ်အိပ်ဖို့ ပြောရတော့တာပေါ့။ တော်သေးတယ်။ ခေါ်သွားပေလို့ပဲ။ သူနောက်ကျတာနဲ့ လွဲတာက စပြီလေ။
ပြောပဲမပြောချင်တော့ပါဘူး။ မနက်.နေ့လည် သုံးလေးခါလောက် လူမော်နဲ့ ဖုန်းတွေ ပြောနေတုန်း ဘာမှမဖြစ်ဘူး။ လူမော် ညနေရုံးဆင်းရင် ပစ္စည်းယူပြီး ပြောင်းလာတော့မယ်လေ။ ညနေ၄နာရီလောက်မှာ နေမယ်ဆိုတဲ့ အခန်းက အဆင်မပြေဖြစ်သွားတယ်။ ဘာလုပ်ရမယ်မသိဖြစ်တော့တာပဲ။ အားလုံးအေးဆေးပြီထင်နေတာ၊ အခုချိန်မှ ဘာလုပ်ရတော့မှာလဲ။ လူမော်လဲ လာတော့မယ်။နောက် ကျွန်မရုံးဆင်းပြီးတာနဲ့ ချက်ချင်း အိမ်ပြန်ပြေးတော့တာပါပဲ။ လမ်းတ၀က်မှာ လူမော့်ဆီက ဖုန်းလာပြီ။ လာနေပြီတဲ့။ အဲဒီချိန်မှာ တအား အားနာသွားတာပဲ။ ဒီလောက်လေးတောင် အဆင်ပြေအောင်မကူညီနိုင်ရလေခြင်းဆိုပြီး စိတ်မကောင်း ဖြစ်သွားရတယ်။ ကိုယ့်ဘာသာကိုယ် ဒေါသတွေ ထွက်နေရတယ်။ ဒီညအခန်းရအောင်ရှာမယ်။ မရမချင်းရှာမယ်လို့ ဆုံးဖြတ်လိုက်တယ်။ လူမော်ကိုလဲ အခန်းအသစ်ပြန်ရှာရမယ်။ စိတ်မပူနဲ့။ ငါရှိတယ်ဆိုပြီး ပြောရတော့တာပေါ့။ အိမ်ရောက်တာနဲ့ အရင်ဆုံးလုပ်ရတာကတော့ Watchmanကို ဖုန်းခေါ်ပြီး လူမော်ပစ္စည်းတွေ ခဏ.သူ့အခန်းမှာထားခွင့်ပြုဖို့ ပြောရတော့တာပေါ့။ နောက်သူ့အကူအညီနဲ့ ကျွန်မနေတဲ့ အဆောက်အဦးမှာ အခန်းလိုက်ရှာတာ ဘယ်နားမှ ရှာမရပါဘူး။ သေသာသေလိုက်ချင်တော့တယ်။ လူမော်ရောက်လာတော့ မောသွားတာပေါ့။ စိတ်လဲံ တော်တော်လေး ညစ်သွားတယ်။ကိုယ်ချင်းစာတယ်။ ဒါတွေက ကျွန်မအမှားတွေချည်းပဲလေ။ ကောင်းကောင်းမလုပ်ထားပေးလို့။ မျက်ရည်တောင်ဝဲတယ်။ နောက်ဆုံး..ပြောလိုက်တယ်။ ဒီည.နင်, အခန်းမရရင်.ငါလဲ ပြန်မအိပ်ဘူး။ ဒီည နင်အခန်းရတဲ့အထိ.ငါလိုက်ရှာပေးမယ်လို့။ သူငယ်ချင်းနှစ်ယောက်သား ဖုန်းနဲ့ ကပ်ထားတဲ့ ကြော်ငြာမှန်သမျှ ဖုန်းဆက်တော့တာပါပဲ။အခန်းတွေ လိုက်ကြည့်နဲ့ လမ်းကလဲ တောင်မြောက်စုံအောင် လျှောက်နေတာ ခြေတောင်မသယ်နိုင်တော့ဘူး။ ကံကောင်းချင်တော့ မြန်မာတစ်သိုက်နဲ့ တွေ့ပြီး အခန်းရတော့တယ်။ အခန်းရတော့မှပဲ သက်ပြင်းချနိုင်တော့တယ်။ နေရာတကျဖြစ်မှ နှစ်ယောက်လုံး.၁၁နာရီခွဲနေပြီ ဘာမှမစားရသေးတာကို သတိရတော့တယ်။
ဒီတခါ ကျွန်မ သေချာလုပ်ထားရက်နဲ့ လွဲပုံကတော့ ကံကောင်းလို့ သူငယ်ချင်းတယောက် ဒူဘိုင်းမှာ အိပ်စရာနေစရာမရှိ ပစ္စည်းတွေနဲ့ ဒုက္ခရောက်ခါနီးသွားတယ်။
ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး။ ဒီလိုလုပ်သမျှ လွဲနေတတ်တာ။ လုံးဝမကောင်းဘူး။ သိတယ်။ သိတာမို့ သေချာလုပ်တယ်။ ပိုဆိုးတယ်။ နောက်.တခါ.ဘယ်သူ့ကို တလွဲလုပ်ဦးမယ် မသိဘူး။
C Box မှာ မကြီးရောင်ပြန်က Tag ထားတယ်နော်လို့ ရေးတာတွေ့လိုက်တော့ ရင်ခုန်သွားတယ်။ Tag ပိုစ့်ကိုရေးရတိုင်း ကိုယ်စိတ်ကြိုက်ပိုစ့်ရေးတဲ့ ခံစားချက်နဲ့ မတူဘူး။ ပိုပျော်သလိုပဲ။ အပြေးအလွှားသွားကြည့်တော့ အတွေ့ချင်ဆုံး( ၁၀)ယောက်တဲ့။ :)) တွေ့ချင်တာတော့ အားလုံးကိုပါပဲ။ ဒါပေမဲ့ ဆယ်ယောက်ထဲဆိုတော့ ဘယ်သူ့ကိုရွေးရမလဲ၊ ဘယ်လိုအချက်ပေါ်မူတည်ပြီးရွေးရင် ကောင်းမလဲ စဉ်းစားတာ မလွယ်ဘူးဗျာ။ မကြီးရေ..ဒီစာရင်းလေးပါပဲ။ အတွေ့ချင်ဆုံး(၁၀)ယောက်က....

၁။ အောင်ဦး
သီတင်းကျွတ်လက်ဆောင်နဲ့အတူ ရောက်ရှိလာပြီး ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တဲ့ ကျွန်မ၊ တရားကို အခါကြီးရက်ကြီးလောက်မှသာ နာတတ်သလို ဖြစ်နေတဲ့ ကျွန်မကို သောကြာနေ့တိုင်း(ရုံးပိတ်ရက်လေးမို့ အချိန်ပိုရတယ်လေ) နဲ့ အချိန်ရရင်ရသလို တရားနာတတ်အောင် သင်ပေးတဲ့ ကျေးဇူးရှင်လေးမို့ပေါ့။ အင်မတန် သဘောကောင်းတယ်။ သူ့ကိုတွေ့ရင် ပြောချင်တာက အခုလိမ္မာလာပြီ.သိရက်နဲ့ မဆိုးတော့ဘူးလို့ :))

၂။ ညီမလေးလင်း
လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်း အွန်လိုင်းမှာ ခင်တဲ့ညီမလေး။ အခုချိန်ထိ ပိုသံဃောဇဉ်ရှိစွာနဲ့ ခင်မင်နေဆဲပေါ့။ အင်မတန်မှ ခင်စရာ ချစ်စရာကောင်းတယ်။ စကားပြောတာ ပွင့်ပွင့်လင်းလင်းနဲ့ အစအနောက်ကလဲသန်ပါပေတယ်။ အပြင်မှာသာ မတွေ့ဖူးသေးတာ။ တော်တော်လေးကို ရင်းနှီးချစ်ခင်နေတဲ့ မွေးစားညီမလေးမို့ပေါ့။

၃။မကြီးကီ

အင်မတန်မှသဘောကောင်းတယ်။ ကျွန်မကို ပြာဂလောင်လေးလို့ ခေါ်တတ်သလို ၊နေမကောင်းလေး နည်းနည်းဖြစ်တာနဲ့ ဆေးထိုးအပ်ကြီးကြီးနဲ့ ဆေးထိုးမယ်ချည်းလုပ်တတ်တဲ့ ချစ်မကြီးပေါ့။ Shakiraကို ကြိုက်တဲ့ ကျွန်မ ဒီသီချင်းလိုချင်တယ်၊ ဘယ်သီချင်းလိုချင်တယ်နဲ့ ကိုယ်ဘာသာကိုယ်မရှာပဲ မကြီးကိုပဲ သွားသွားပူဆာပေမဲ့ ချစ်တဲ့ညီမလေးကို မညီးညှူးပဲ ပို့ပေးတတ်တယ်။
အဲဒီလို အလိုလိုက်တဲ့ ချစ်မကြီးကို တအားတွေ့ချင်တယ်။ ၂၀၁၀ ဧပြီမှ ပြန်ပါဆိုတာ ဒီနှစ် ဒီဇင်ဘာထဲပြန်မယ်ချည်း လုပ်နေတယ်။ ရဘူးနော်။ ဧပြီမှ တူတူပြန်မယ်။

၎။ ကိုကြီးနေလင်း
သိသင့်သိထိုက်တာတွေ သင်ပေးပြောပေးတတ်သလို ကျွန်မက ဆရာပြန်ပြန်လုပ်ရင် " ငါသိတယ်။ ငါက နင့်အကို ၊ ဆရာ လျှာမရှည်နဲ့" လို့ပြောတတ်တယ်။ ကျွန်မပိုစ့်အသစ်တင်တာနဲ့ " ကိုကြီးနေလင်း"လို့အော်တာနဲ့ လာရပြန်ပြီ။ ဖတ်ရပြန်ပြီ။ မန့်ရပြန်ပြီ။ မဟုတ်ရင် ကျွန်မက နားပူအောင် ဂျီတိုက်ရင် ပိုဆိုးလို့လေ:)) (အခုဆို တွေးနေမှာ ငါဝဋ္ဋ်ကျွတ်ပြီလို့ )။ အစအနောက်သန်ပေမဲ့ အကိုကြီးပီသအောင် နေတဲ့ အကိုဆရာမို့လို့ပေါ့။ကျွန်မ စာတွေပိုရေးဖြစ်အောင်၊ စာတွေရေးရာမှာ အရေးအသားတိုးတက်လာအောင် မညှာမတာ ဆန်ရင်းနာနာလဲ ဖွပ်ပါတယ်။

၅။ ခွန်ဖ
မောင်နှစ်ယောက်ထဲမှာ ခပ်ဆိုးဆိုးလေးပါပဲ:)) . မူးလာရင် အမဆိုတာကို မခေါ်နိုင်တော့ဘူး အမားဖြစ်အောင် ခေါ်တတ်တယ်။ ဒါကြောင့် သူ့အိမ်ကို သွားသွားပြီး ထားဝယ်ကြိမ်ပြပြီး ဆုံးမနေရတယ်။ မူးသာမူးတယ် လူလည်ပါ။ အိမ်တကာလှည့်ပြီး လူချစ်အောင် သနားအောင် လုပ်တတ်တယ်။ ဟုတ်တယ်မလား.:)) အမဖြစ်တဲ့ ကျွန်မကို မခံချိမခံသာ ဖြစ်အောင်လဲ အင်မတန်မှ စနောက်တတ်ပါသေးတယ်။ သူ့ကို အရက်ဖိုးပေးဖို့ ဖေဖော်ဝါရီ.၃၁ရက်နေ့မှာ ချိန်းထားပါတယ်။

၆။ မောင်ရဲ

ကျွန်မရဲ့ မွေးစားမောင်ဖြစ်သလို ဒီဆိုဒ်ရဲ့ Admin ပါ။ ကျွန်မဘလော့ဂ်စရေးအောင် မဲဆွယ်ခဲ့တာပါ။ စရေးတဲ့နေ့ကဆို ကျွန်မက အိပ်ကောင်းခြင်းနဲ့ အိပ်ရပေမဲ့ သူကတော့ မအိပ်မနေ ဒီအိမ်ကလေးကို ဆောက်ပေးခဲ့ပါတယ်။ ကျွန်မနဲ့ စိတ်ဓာတ်တော်တော် တူသမို့ မောင်နှမအရင်းအချာလို ချစ်ခင်ကြတယ်။ အမဖြစ်တဲ့ ကျွန်မကိုလဲ အင်မတန် ဆရာလုပ်ချင်သူပါ။ မောင်နှစ်ယောက်( ခွန်ဖနဲ့ မောင်ရဲ) ပေါင်းပြီး ခဏခဏချောက်တွန်းခြင်းခံရတဲ့ ကျွန်မအဖြစ်က မလွယ်လှဘူး။ အပြင်မှာ နှစ်ယောက်ပေါင်းပြီး ရောင်းစားသွားမလားပဲ။ သိပ်တော့ မယုံရဲဘူး။ :D

၇။ မျိုး
ကိုကြီးနေလင်း ၊ ခွန်ဖ ၊ ဘလက် ၊ ငမျိုး ဆိုတာ ကျွန်မရဲ့တကယ့်ဘော်ဒါတွေပါ။ အဲဒီထဲမှာမှ ကျွန်မနဲ့ မျိုးက ပေါင်းပြီး ကိုနေလင်းကို မခံချိ မခံသာ ဖြစ်အောင် စတတ်တယ်။ ပျော်စရာကြီးနော် မျိုး။ အင်မတန်ခင်တတ်တယ်။ တခါတရံ ပျောက်နေတတ်လို့ စိတ်ပူရပေမဲ့ မထင်မှတ်ပဲ offline နဲ့ လာပြီး အဆင်ပြေနေကြောင်း ပြောတတ်တဲ့သူပေါ့။ ပျင်းတယ်တဲ့။ အဖော်သွားလုပ်ပေးကြဦးနော်။ တာယောအကြော် ကျွေးမယ်ဆိုလို့ တွေ့ချင်နေတယ်။

၈။ မကြီးရောင်ပြန်
နာမည်ကြားဖူးကတည်းက သဘောကောင်းတဲ့ သူတယောက်ပဲ ဆိုတာ သိတယ်။ မေတ္တာရောင်ပြန်ဆိုတဲ့ အဓိပ္ပာယ်ကို သဘောကျတယ်။ နောက် ခင်သွားတော့ ကဗျာလေးတွေ အရေးကောင်းပြန်နေတော့ ပိုသဘောကျသွားတယ်။ ရုံးမသွားခင် လာလာနှုတ်ဆက်တတ်သလို ၊ အဟိ.ရုံးကနေလဲ ခိုးလာလည်တတ်တဲ့ ချစ်မကြီးနဲ့ ပုဂံတူတူသွားပြီး နေ၀င်ချိန်လေးကို ကြည့်ရင်း မကြီးက ကဗျာစပ်ပြီး ရွတ်ပြ၊ ကျွန်မက ဘေးကနေ အတူခံစားရရင် အဟိ..တွေးကြည့်ရုံနဲ့တင် ရှယ်ပဲနော်။ မကြီး ချိန်းလိုက်ပြီနော်။

၉။ ဦးချစ်ဖေ တဖြစ်လဲ ကိုဝင်းဇော်
ကျွန်မအိမ်လေးကို စတည်ဆောက်မှာ ကျွန်မရဲ့မောင်နှမတွေအပြင် ဘယ်သူ့မှ လာရောက် လည်ပတ်အားပေးခြင်း မရှိသေးချိန်မှာ ( ကျွန်မရေးတာကို မသိသူတယောက်က လာရောက်အားပေး ၊မှတ်ချက်ချတာလေးကို မျှော်နေချိန်ပေါ့)ကျွန်မက နဂိုကတည်းက စိတ်မထားတတ်တော့ စာဆက်မရေးတော့ဘူး။ ဘာညာနဲ့ ငိုမတတ်ဖြစ်နေတုန်း ပထမဆုံး ဧည့်သည်ရောက်လာတယ်လေ။ ဦးချစ်ဖေကြီးပေါ့။ အမြဲ အမှတ်ရနေမဲ့ ပထမဆုံးသော အားပေးသူပါ။ အမြဲလာရောက် အားပေးသလို ၊ ခင်မင်စရာကောင်းတဲ့ သူငယ်ချင်းတယောက်လိုပါ ခင်မင်သွားကြတယ်လေ။ စာအရေးအသားလဲ ကောင်းသလို အသစ်တွေကိုလဲအားတက်အောင် ကြိုဆိုအားပေးတတ်တယ်။ အခု.ဘလော့ဂ်ကနေ ခဏနားမယ်လို့ သိရတော့ စိတ်မကောင်းဘူး။ ဦးချစ်ဖေရေ..အမြန်ပြန်လာပြီး စာတွေ ဆက်ရေးပါလို့ တောင်းဆိုပါတယ်။

၁၀။ ကိုဖိုးစိန်
စာအရေးအသား အင်မတန်ကောင်းတယ်။ စာအရေးအသားမှာ ကျွန်မ အကြိုက်ဆုံးပါ။ကိုဖိုးစိန်ရဲ့ စာတွေကို ဖတ်ရတာ ပြတ်သားမှု့ ရှိသလို ၊ နွေးထွေးမှု့တွေ အများကြီးပါတယ်။ စာဖတ်သူကို ငိုစေချင်ရင် စာလုံးတိုင်းမှာ ၀မ်းနည်းမှု့ပါတယ်။ မျက်ရည်ကျအောင် လုပ်နိုင်တယ်။ ( တကယ့်အဖြစ်မှန်တွေကို ဖတ်ရတိုင်း စိတ်မကောင်း ဖြစ်ရတယ်။) ပျော်ရွှင်စရာပေးတဲ့နေရာမှာကျတော့ ရယ်ရလွန်းလို့ နောက်ပြန်တွေးမိရင်တောင် အသံထွက်တဲ့အထိ ရယ်ရအောင် ရေးစွမ်းနိုင်တယ်။ နောက် မောင်ရဲနဲ့ ပက်သက်ပြီး ခင်သွားတယ်။ သဘောကောင်းသလို အစအနောက်ကလဲသန်တယ်။ ကျွန်မနဲ့ရွယ်တူဆိုတော့ သူငယ်ချင်းပေါင်းပေါင်းလို့ ရနေတယ်။ စားဖိုမှူးကြီးကိုဖိုးစိန်ရဲ့ လက်ရာစားရန် တွေ့ချင်ပါတယ်။

ကဲ..ကျွန်မအတွေ့ချင်ဆုံး(၁၀)ယောက်ကတော့ သူတို့ပါပဲ။ ကျန်သူများကိုလဲ တွေ့ချင်ပါကြောင်းပါ။ ကန္တာရမိုးစက်လေးကို ခင်ကြတဲ့ မောင်နှမအားလုံးနဲ့ မော(၀်)မောင်နှမတွေအပြင် အိမ်လေးဆီ အမြဲလာလာလည်တဲ့ သုနြေ္ဒကိုပါ တွေ့ချင်ပါတယ်။ ရေစက်ရှိရင် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ။
လောကမှာ အယူသာရှိပြီး အပေးမရှိတဲ့ လူတွေရှိပါတယ်။ ကိုယ်က စေတနာထား စိတ်ရင်းနဲ့ ဆက်ဆံပေမဲ့ ပြန်ရလိုက်တာ ဟန်ဆောင်မှု့ကြီးတစ်ခု အပြောသက်သက် တစ်ခုသာဆိုရင် တဘက်သား ခံစားသွားရပါလိမ့်မယ်။ ပေးလိုက်တဲ့သူကလဲ အစကတည်းက တုန့်ပြန်မှု့ရစေတော့ရယ်လို့ ဆိုပြီးပေးလိုက်တာ မဟုတ်ပေမဲ့ အပြောသက်သက် ဟန်ဆောင်စေတနာကိုတော့ မလိုလားပါဘူး။ လက်မခံချင်ကြပါဘူး။ အဲဒီခါကျရင် ကြည့်မှန်မှာ အမြဲ မြင်တွေ့လာရမှာက မဲ့ခြင်းပါပဲ။
စိတ်ထားအမှန်အတိုင်း ဆက်ဆံလိုက်လို့ ကျန်တဘက်မှာ ဘာမှမဖြစ်သွားပေမဲ့ ဟန်ဆောင်ပြီး ပြောဆိုနေတော့ သိရက်နဲ့မို့ ပိုခံရခက်တတ်ပါတယ်။ နားလည်ပေးတယ်ဆိုတာ အတိုင်းအတာတစ်ခု သည်းခံနိုင်သလောက်ပဲ ရှိပါတယ်။
မှန်ကြည့်ရင်တောင် မှန်ထဲမှာ ကိုယ့်ပုံရိပ်လေးကို လှလှပပ သပ်သပ်မြင်ချင်ကြတာချည်းပါပဲ။ ဒီလို လောကကြည့်မှန်ကို ကြည့်ရင်လဲ တူညီတဲ့၊ လှပတဲ့ မြင်တွေ့မှု့ကိုပဲ လိုချင်ကြရအောင်လား။

( ဘာရယ်မဟုတ်ပါဘူး။ ဖြစ်တတ်တာလေးကို တင်ပြခြင်းပါ။ )
ဒီနေ့ တောင်ပေါ်သားရဲ့ " နာမည်ကြီး ထမင်းငတ် " ကို သွားဖတ်ပြီးချိန်မှာ. လူတွေ ပြောပြောနေကျ စကားလေးကို သတိရမိသွားတယ်။
ကိုယ်ရဲ့ရွေးချယ်မှု့တစ်ခုအတွက် ရေကြည်ရာမြက်နုရာသို့ ပြောင်းရွေ့ကြတဲ့အခါ..
အဆင်ပြေအောင်မြင်သွားရင်တော့
" တစ်ရွာမကောင်း သူကောင်းမဖြစ်"ပေါ့တဲ့။
( ချီးကျူးခံရတာပေါ့)
အဟဲ..နည်းနည်းလေး.လွဲချော်သွားပါက
" သေချင်တဲ့ကျား တောပြောင်းသကိုး " တဲ့။
( သနားခံရတာနေမှာပါ)

အင်း..တတ်လဲတတ်နိုင်ကြပါပေတယ်နော်။။ ဒီစကားလေးကို သူများတွေမှ မဟုတ်ပါဘူး။ ကျွန်မလဲ ကိုယ်ဘာသာကိုယ် ပြောတတ်ပါတယ်။ တစ်ခုခုဆို အဆင်မပြေတဲ့အချိန်ဆို ၊ စိတ်ညစ်ရတာတွေ များလာတဲ့အခါ.ပိုဆိုးတယ်။ တနေကုန် " ကောင်းတယ်။ သေချင်တဲ့ ကျား တောပြောင်းလာသကိုး" ကို မတက်တော့တာ။
" ဘယ်သူမပြု မိမိမှု့ " ပေါ့နော့။ တစ်နေ့ မိဘရင်ခွင်ကို ( အိမ်ဆိုတာလေးဆီ ရောက်တော့လဲ ) ပြန်တဲ့အခါကျတော့လဲ ဒါတွေက အိပ်မက်လေးပါပဲ။ လူ့လောကရောက်လာတော့ ကိုယ်ပိုင်ဆန်တဲ့ အတွေးလေးနဲ့ ကိုယ်ပိုင်လမ်းလေး လျှောက်ချင်ကြတော့လဲ.သေချင်တဲ့ ကျားလေးတောပြောင်းလိုက်ပါဦးမယ်။ :))
ဒီနေ့ဆိုရင် မြန်မာနှစ်သစ်ဖြစ်တဲ့ ၁၃၇၁ ခုနှစ်ကို ရောက်ရှိသွားပြီ။ နှစ်သစ်မှာ သူငယ်ချင်းမောင်နှမတစ်တွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့ ဆူတောင်းပေးပါတယ်နော်။ ပြီးတော့ ကျွန်မ တစ်စုံတစ်ခု အမှားအယွင်းရှိသွားခဲ့တာရှိရင် ခွင့်လွှတ်သည်းခံဖို့ အပြစ်ဆေးပါတယ်။ ( ကန်တော့တယ်ပေါ့နော်..) ။
နှစ်သစ်ရောက်လာပြီဆိုတော့ နှစ်ဟောင်းမှာ ကိုယ်ဘာတွေ အောင်မြင်မှု့ရခဲ့သလဲ။ ကိုယ်ဘာတွေ မှားခဲ့သလဲဆိုတာကို စဉ်းစားပြီး နှစ်သစ်မှာ ပြုပြင်နိုင်ဖို့ စတင်ဆောင်ရွက်ကြရအောင်လား။။ ကျွန်မ ဒိပိုစ့်လေးကို မရေးခင်မှာ နှစ်ဟောင်းတစ်နှစ်မှာ ကျွန်မ ပြုလုပ်ခဲ့သမျှကို ချရေးကြည့်တော့..အဟဲ..အမှားပေါင်းသောင်းခြောက်ထောင်နဲ့ တွေဝေခဲ့ ၊ အောင်မြင်ရမဲ့ ကိစ္စတွေ ဆုံးရှုံးခဲ့တာတွေ အများကြိးပါပဲ။ ဘယ်တတ်နိုင်တော့မှာလဲ။ ဖြစ်ပြီးသွားပြီလေ။ ဒါကို အခြေခံပြီး နောင်မဖြစ်အောင်ပဲ တတ်နိုင်သလောက်လေး ပြင်ရတော့မှာပေါ့။ ကျွန်မ တခုခု လုပ်တော့မယ်ဆိုရင် SWOT ဆိုတဲ့ နည်းလေးကို အသုံးပြုတတ်ပါတယ်။

- အားသာချက် ( Strength)
- အားနည်းချက် ( Weakness)
- အခွင့်အလမ်း ( Opportunities)
- ပြင်ပအနှောက်အယှက် ( Treat)
ဆိုတာပါပဲ။

ဒီ SWOT လေးကို ဇယားကွက်လေးကွက်ဆွဲလိုက်တယ်။ ဆိုင်ရာအကွက်လေးထဲကို ကိုယ်လုပ်ဆောင်မဲ့ ကိတ်စရဲ့ SWOTကို သူနေရာနဲ့သူ ချရေးလိုက်တယ်။ အဲဒီမှာ တွေ့ရပါလိမ့်မယ်။ အားနည်းချက် များလွန်းနေရင်လဲ သူ့နဲ့ဆိုင်တဲ့ အခွင့်အလမ်း ကို တချက်ကြည့်ရမှာ ဖြစ်သလို ၊ အားသာချက်များနေရင်လည်း ၀င်ရောက်လာနိုင်တဲ့ အနှောက်အယှက်တွေကို ကြိုတွေးထားရပါလိမ့်မယ်။ ဒီနေရာမှာ ပြင်ပပယောဂကိုတော့ ကျွန်မတို့ ဘယ်လိုမှ ထိန်းချုပ်လို့ မရသလို ၊ ကြိုတင်ခန့်မှန်းလို့လဲ မရနိုင်ပါဘူး။ ကျန် အားသာချက်၊ အားနည်းချက်ဆိုတာက ကိုယ့်အပေါ်မူတည်သလို လုပ်ဆောင်ချက်ပေါ်လဲ မူတည်တယ်လို့ ကျွန်မ သတ်မှတ်ထားပါတယ်။ အခွင့်အလမ်းဆိုတာကတော့ ပုံသေတွက်ချက်ထားလို့ မရပေမဲ့ Treat လောက်တော့ ကိုယ့်အပေါ် အန္တရာယ်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်ရည်မှန်းချက်တစခုကြောင့် အခွင့်အလမ်းဆိုတာ ပေါ်ထွက်လာတတ်စမြဲပါပဲ။ ဒီတော့ ဒီလေးချက်စလုံးကို မျှမျှတတ ထားနိုင်မှ ရည်မှန်းချက်အောင်မြင်မယ်လို့ ကျွန်မယူဆပြီး တခုခုဆို ချရေးကြည့်ပြီး သုံးသပ်ဖြစ်နေတာ အကျင့်တခုလိုဖြစ်နေပါတယ်။

ကိုယ်စတင်လုပ်ဆောင်မဲ့ ကိစ္စရပ်မှ မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့၊ ပြုလုပ်လိုက်ပြီးတဲ့ အပေါ်ကိုလဲ ချရေးပြီး သုံးသပ်တော့ နောက်တခါ အနည်းနဲ့အများတော့ အမှားကင်းတာပေါ့။ တတ်နိုင်သလောက်လေး ထိန်းနိုင်တာပေါ့။ အမှားအများကြီး လုပ်မဲ့အစား နည်းနည်းလျော့ပါးသွားတာပေါ့။

ကဲ..နှစ်သစ်လက်ဆောင်လေးအနေနဲ့ မောင်နှမတွေကို ဝေမျှလိုက်ပါတယ်နော်။ ဒီSWOTနည်းလေးကို စီးပွားရေး ပညာရပ်မှာတင်မကဘူး။ လူနေထိုင်မှု့ ဘ၀မှာပါသုံးနိုင်ကြောင်း နဲ့ သုံးတတ်အောင် သင်ပေးတဲ့ ဆရာမ ဒေါ်ခင်စိုးသွယ် ( POISE Management School ) နဲ့ အခြား သင်ဆရာ / ဆရာမများကို ကျေးဇူးတင် ကန်တော့ပါတယ်ရှင်။
ပင်လောင်း ရှမ်း ဟင်းထုတ်လေး လုပ်ကျွေးမယ်။ :)) အမှန်တကယ်ဆို ကျွန်မလဲ ရှမ်းဟင်းထုပ် မလုပ်ဖူးပါဘူး။ လူကြီးတွေ လုပ်တာကိုပဲ ထိုင်ကြည့်ဖူးတာလေ။ ဒါပေမဲ့ လာလည်ကြတဲ့ မောင်နှမတွေကို သင်္ကြန်မှာ ကျွေးချင်တာနဲ့ လုပ်ကျွေးတာနော်။ ကောင်းတယ်လို့ ပြောရမယ်နော်။
ဟင်းထုတ် ထုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ ပြင်ဆင်စရာ ပစ္စည်းတွေကတော့
- ဆန်မှုန့် ( ဆန်ကို ကြိတ်ဆိုင်မှာ သွားကြိတ်ထားတာနော်။ ဆန်မှု့န့် ၀ယ်တာ ဟုတ်ဘူး :) )
- ကြက်သွန်မြိတ် ( ဒါလေးကိုတော့ သေးသေးလေး လှီးထားမယ်နော်။)
- ဆီ
- ဆား
- အချိုမှုန့်
- အရောင်တင်မှုန့် (နီ)
- ငှက်ပျောရွက် ( သူ့ကိုတော့ အကြီး အသေး အစုံ ဖြဲဆုတ်ထားမယ်) တို့ပါပဲ။

ပထမဆုံး. ဆန်မှု့န့်ကို ကြက်သွန်မြိတ်လေးနဲ့ ရောပြီး သမအောင်နယ်လိုက်ပါတယ်။ နောက် ဆီ ၊ ဆား ၊ အချိုမှုန့် နဲ့ အရောင်တင်မှုန့်နီတို့ကို မျှမျှတတ ထဲ့ပြီး သမအောင် ဆက်နယ်လိုက်ပြန်ရော။ အဲဒီအခါမှာ ရေလေး.နည်းနည်းလေး ထဲ့ပေးလိုက်ပါတယ်။ အများကြီးမထဲ့နဲ့။ ရေများသွားရင် ပျော့သွားလိုက်မယ်။ ရေတအားနည်းတော့လဲ မာသွားမယ်။ အနေတော်လေးပေါ့။ အဲဒီ အဆင့်မှာတင် မြည်းကြည့်လို့ရတယ်နော်။ အပေါ့အငန်လေးကိုပေါ့။ နောက် ဖြဲဆုတ်ထားတဲ့ ငှက်ပျောဖက် ကို အကြီး တခု အသေးတခု ထပ်ပြီး ဇွန်း တဇွန်းစာလောက် ထဲ့ထဲ့ပြီး တုတ်ချောင်းလေးတွေနဲ့ ( အခုတော့ သွားကြားထိုးတံလေးတွေနဲ့ပေါ့) ထိုးပြီး ထုတ်ပါတယ်။ အသားလေးနဲ့မှ စားချင်သူတွေ အတွက်တော့ ကြော်ထားတဲ့ အသားလေးကို တဖက်နှစ်ဖက်လောက် အပေါ်မှာ တင်ပေးလိုက်တယ်နော်။ နောက် နာရီဝက်သာသာလောက်ပဲ ပေါင်းခံပြီးတာနဲ့ အဆင်သင့် စားနိုင်ပါပြီ။ အဲ..နေဦးနော်။ ဒီမှာ တွဲစားဖို့ ငရုတ်သီးမှုန့် နဲ့ ကြက်သွန်ဖြူ ဆီသတ်နေသေးတယ်။ နောက် နံနံပင် ၊ ဂျူးမြစ်လေး ၊ ကြက်သွန်ဖြူမွှာ နဲ့ ကြက်သွန်နီစိတ် တွေ လုပ်လိုက်ဦးမယ်။

ကဲ..စားကြတော့။ ဘယ်လိုလဲ..အနေတော်ပဲ မဟုတ်လား။ ဒါတောင် တခါမှ လုပ်ဖူးတာ မဟုတ်ဘူးနော်။ ခင်လွန်းလို့ လုပ်ကျွေးတာ စားကြနော်။ မလောက်ရင် အားမနာနဲ့နော်။ မငုံရဲ့ ကျန် နားကပ်တဖက်လေး ပေါင်ပြီး ထပ်လုပ်ပေးမယ်။ :))

( ဓာတ်ပုံလေးနဲ့ မတင်ပြနိုင်တော့ အတွေးလေးနဲ့ ကျေနပ်ပေးနော်။)
နောက်အပတိဆို မြန်မာတွေရဲ့ နှစ်သစ်ကို ကူးပြောင်းတော့မယ်။ သင်္ကြန်ကျတော့မယ်။ ဒီနှစ်နဲ့ဆို နှစ်သစ်ကို မိသားစုနဲ့ မကူးရတာ နှစ်နှစ်ရှိပြီ။ သင်္ကြန်အကြိုနေ့မှာ အတာအိုးထိုးပြီး ကြိုတာတွေ၊ ညနေ ခြောက်နာရီ ၀န်းကျင်လောက်ဆိုရင် ဘိုးဘိုး၊ဘွားဘွားအိမ်သို့ သွားရောက်ကန်တော့ကြမယ်။ ကန်တော့ အလှူစာ( ကျွန်မတို့ ဒေသအခေါ်လေးပေါ့)ကို ဖယောင်းတိုင်၊ ကြက်သွန်နီ၊ ဖြူ ၊ ဆား၊ သကြား၊နို့ဆီ၊လက်ဘက်ခြောက်၊ဆန်၊ ငွေ စသည်ဖြင့် သွားရောက်ကန်တော့ကြတဲ့အခါ ကျွန်မမပါလို့ မိသားစုတွေ စိတ်မကောင်းဖြစ်ကြမယ်ဆိုတာ သိနေသလို အဝေးကနေပြီးတော့လဲ ကျွန်မ လွမ်းမျက်ရည်ကျရဦးမှာပါလား။ ဘိုးဘွားတွေ ကန်တော့ပြီးရင် တခြားဆွေမျိုး သက်ကြီးဘိုးဘွားတွေဆီ သွားရောက်ကန်တော့ဖို့ မောင်နှမတွေ သွားရဦးမယ်။ တစ်မြို့လုံး တအိမ်တက် တအိမ်ဆင်းနဲ့ လူကြီးများကို သွားကန်တော့ကြဆိုတော့ လူတွေ စည်ကားနေတော့တာပါပဲ။ အိမ်တိုင်းမှ ရှမ်းဟင်းထုတ်တွေ စားကြသလို၊ အိမ်အပြန် ထဲ့ပေးလိုက်လို့ သင်္ကြန်တွင်းမှာ ဒါပဲလိမ့်စားနေတာတွေကို လွမ်းတယ်။

သင်္ကြန်အကျနေ့လေးမှာ မနက်ပိုင်းစောစောလေးမှာ မြို့တွင်းဘုန်းကြီးကျောင်း မတက်ခင် သွားမကန်တော့ရသေးတဲ့ အိမ်တွေကို ဆက်ကန်တော့ကြမယ်။ မနက် ကိုးနာရီလောက်မှာ မြို့မှာရှိတဲ့ နန်းဟူး၊မွေတော် ကျောင်းကို တမြို့လုံးရှိ မြို့သူမြို့သားအားလုံး စုပေါင်း တရားနာ ဥပုသ်သီလယူကြတယ်။ ၁၁နာရီဝန်းကျင်လောက်မှ အိမ်ပြန်ပြီး ဥပုသ်စောင့်မည့်သူများကို အရင်ဆုံး ကျွေးမွေးကြတယ်။ သုံးနာရီဝန်းကျင်လောက်မှာတော့ လူငယ်များ သူတို့ အသိအိမ် ၊ သူငယ်ချင်းမတွေ အိမ်ကို မရမက တံခါးဖွင့်ခိုင်းပြီး ရေလောင်းကြတယ်။ သမီးပျိုရှိတဲ့ အိမ်ဆိုတော့လဲ မတတ်နိုင်ဘူးလေ။ သင်္ကြန်မို့ လူကြီးတွေက ခွင့်ပြုကြရတယ်။ အဟဲ ကျွန်မ အမကြီဆုံးက ဒိုင်ခံ ရေလောင်းခံနေရတော့ သနားပါတယ်။ ညီအမသုံးယောက်လုံးကို ဆင်းခိုင်းပေမဲ့ ပေပြီးမဆင်းပဲ နောက်ဆုံး တယောက်တော့ ရေအလောင်းခံဖို့ ၀ိုင်းပြောကြလို့ မဲကျသူကတော့ အမကြီးဆုံးပါပဲ။ ( သနားပါတယ်..မကြီးရယ်။ဒီနှစ်လဲ ရေလောင်းခံလိုက်ပေဦးနော်) ကျွန်မတို့ မြို့မှာရှိတဲ့ မိန်းကလေးအားလုံး သင်္ကြန်ဆို အိမ်အောက်ထပ်ကို ယောင်လို့တောင် မဆင်းကြဘူးနော်။ (အဟိ..ရေကြောက်တာလေ)။ အမျိုးသားများကလဲ နောက်ဆုံး ရအောင်ကြံတာပဲ။ ဘုန်းကြီးကျောင်းကနေ ပြန်လာတဲ့ လမ်းမှာ ရအောင်လောင်းတယ်။

သင်္ကြန်အကြတ်နေ့လေးမှာတော့ မြို့တောင်ပိုင်းမှာ ရှိတဲ့ရွာကျောင်းတွေကို သွားကန်တော့ကြတယ်။ အသွားမှာ ဘယ်သူမှ ရေလောင်းခြင်းမပြုကြပါဘူး။ ဘုန်းကြီးကျောင်းသွားရင် ရေစိုကြီးနဲ့ ဖြစ်နေမှာစိုးလို့ ကလေးလူငယ်မရွေး အလိုလို လိုက်နာတဲ့ အသိစိတ်လေးပေါ့။

သင်္ကြန်အတက်နေ့လေးရောက်တော့ မြို့မြောက်ပိုင်းရှိ ရွာကျောင်းတွေကို သွားကန်တော့တဲ့ အလှည့်ပေါ့။ ရွာဘုန်းကြီးကျောင်းတိုင်း ထမင်းကျွေးပါတယ်။ လာသမျှ ဧည့်သည်ကို အခါးရည် ၊ လက်ဘက်ရွက်သုပ်နဲ့ ဧည့်ခံကြတယ်။ သိပ်ချစ်စရာကောင်းတာပဲ။ တအားလွမ်းတာပဲ။ လက်ဘက်ရွက်သုပ်လေးက ကျွန်မအကြိုက်ပေါ့။ ပင်လောင်းလို့ ဆိုတာနဲ့ လူတွေထင်တာက ပအိုဝ့်လူမျိုးလို့ ထင်ရအောင် ပအိုဝ့်ဒေသ ဖြစ်ပါတယ်။ ဆိုတော့ ပအိုဝ့် မုန့်ကြွပ်ကြော်က မပါမဖြစ်လေ။ ဆားဖြူးစားရင် တအားကောင်းတာပဲ။

နှစ်ဆန်းတရက်နေ့ မနက်စောစောမှာပဲ အိမ်က ဘုရားဆင်းတုတော်တွေကို ရေသပ္ပာယ်တယ်။ နောက် နှစ်ကူးပန်းထိုးတယ်။ နောက် တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ကြ၊ အချင်းချင်း တနှစ်ပတ်လုံး ငွေဝင်အောင်ဆိုပြီး စတိငွေပေးကြနဲ့ သတိရတယ်ကွာ။ နောက် မြို့ အနောက်ဘက်မှာရှိတဲ့ ပင်လယ်ကျောင်းကို သွားကြတယ်။ အဲဒီ ပင်လယ်ကျောင်းဆိုတာ အနော်ရထားမင်းကို ကျန်စစ်သား ထွက်ပြေးတိမ်းရှောင်ရင်း ရောက်ရှိလာတဲ့ နေရာလေးပါ။ ကျန်စစ်သားလှံထောက်တဲ့ နေရာ၊ နောက် သမ္ဘူလနဲ့ တွေ့တာ စသည်ဖြင့် ရာဇ၀င်ဆိုတဲ့ နေရာလေးပါ။ ( ဒီမှာ ရာဇ၀င်လေးကွဲနေတာရှိလို့ ဒါအမှန်ပါလို့ ပြောဆိုရေးသားတာ မဟုတ်ပါဘူး။ ကျွန်မတို့ သိတဲ့ ရာဇ၀င်လေးပါ။) ကျွန်မတော့ ဒီအသက်ထိ တခါမှ မရောက်ဖူးပါဘူး။ သွားမယ်လုပ်ရင်း မသွားဖြစ်ဘူး။ ရေစက်မရှိနေဘူး။ ကျွန်မတို့ဆီမှာက နှစ်ဆန်းတရက်မှ ရေတအားကစားတဲ့ နေ့လို့ပြောလို့ရတယ်။ ဘယ်အပျိုမှ မလွတ်ဘူး။ ရေမလောင်းမရမချင်း အိမ်ကနေ မခွာကြဘူး။ မိဘမောင်ဘွားတွေလဲ ဘာမှပြောလို့ မရဘူးလေ။ မြို့ရိုးရာလေးကိုး။

နှစ်ဆန်းနှစ်ရက်နေ့မှာတော့ မြို့အေ၇ှ့ပိုင်းမှာ ရှိတဲ့ မြို့ရဲ့ အမြင့်ဆုံး တောင်ဖြစ်တဲ့ လွယ်မောင်းတောင်ကို တက်ကြတဲ့နေ့လေးပေါ့။ အဲဒီလွယ်မောင်းတောင်ထိပ်ကနေ ကြည့်ရင် အင်းအစပ်ကို မြင်ရပါတယ်။

ဒါကတော့ ကျွန်မတို့မြို့လေးရဲ့သင်္ကြန်ကျပုံလေးပါ။ သင်္ကြန်တွင်းမှာ လူကြီးသူမများ တနေကုန် ဘုရားကျောင်းကန်မှာ သွားရောက် ဥပုသ်သီလစောင့်၊ လူငယ်တွေက ဘုန်းကြီးကျောင်းမှာ လုပ်ကိုင်ကူစရာ ပြီးတာနဲ့ တမြို့လုံး လည်ပတ် ရေလောင်း ၊ မိန်းကလေးများလဲ ဘုန်းကြီးကျောင်းမှာ လုပ်ကိုင်စရာ ပြီးတာနဲ့ အိမ်ပြန်ပြေး ပုန်းနေတော့တာပါပဲ။ ဒါဆို ပြောစရာ ရှိမယ်။ လူကြီးတွေပဲ ဥပုသ်စောင့်တယ် ။လူငယ်တွေက အပျော်ပဲ လုပ်တယ်လို့။ ဒါကတောမြို့ ရွာ ဓလေ့ကိုး။ လူငယ်တွေ ဥပုသ်ယူ သီလစောင့်တာထက် ဘုန်းကြီးကျောင်းမှာ လာသမျှ ဧည့်သည်ကို ထမင်းကျွေးတာဆိုတော့ လုပ်ကိုင်ကူညီကြတယ်။ တရားနာတယ်။ တရားနာချိန်မှာ သီလယူတာ လူကြီးနဲ့ တူတူပါပဲ။ ရိုသေစွာ ခံယူကြပါတယ်။ ကျွန်မတို့ မြို့လေးမှာက တရားစခန်းတို့ ဘာတို့ ရှိတာလဲမဟုတ်ဘူးလေ။ မြို့ဓလေ့လေးအတိုင်း နေထိုင်ကြတာပါ။ ကျွန်မတို့ မြို့ဓလေ့အရဆို သင်္ကြန်အကြိုနေ့ကစပြီး လိုက်လံ ကန်တော့တာ နောက်ခုနှစ်ရက်ပြည့်တာတောင် မပြီးသေးပါဘူး။ ဒီလို တခြားရွာရှိ အသိလူကြီးရှိရင်လဲ သွားရောက် ကန်တော့ကြတာပါပဲ။ ရွာတွေကို လမ်းလျှောက်သွားကြများပေမဲ့ ဒီနောက်ပိုင်းမှာ ဆိုင်ကယ်နဲ့ သွားကြတယ်။ ပအိုဝ့် လူမျိုးတွေရဲ့ ဓလေ့ရိုးရာဆိုရင် ပိုမမှားပါဘူး။ သူတို့ ရေလောင်းမှာ တအားကြောက်ကြတယ်။ အဲဒီလို ရွာဘုန်းကြီးကျောင်းတွေ သွားကန်တော့ရင်း လုပ်ကိုင်ကူနေတဲ့ ချောချောလှလှလေးတွေ တွေ့ရင် ခွင့်တောင်းရေလောင်းတာပဲ။ အဟဲ ပအိုဝ့်မချောချောလေးဆိုရင် ရှမ်းလးတွေ သွားရောက်ရေလောင်းသလိုပါပဲ ၊ ပအိုဝ့်လေးတွေ ချောရင် စနောက်ချင်တာနဲ့ ရှမ်းမလေးတွေကလဲ ခပ်တည်တည်နဲ့ ရေလောင်းချပြီး ပြန်ပြေးတာပေါ့။ :)) ပြန်တွေးကြည့်ရင် ပအိုဝ့်လူမျိုးတွေ တော်တော်ရိုးသားကြသကိုး။ ကြောင်ပြီး ကျန်ခဲ့တာတွေ များတယ်လေ။ ဘယ်လိုလဲ လာပြီး ကျွန်မတို့ မြို့လေးမှာ သင်္ကြန်တခါလောက် လာနွှဲမလား။ ဖိတ်ခေါ်တယ်နော်။ ချစ်စရာကောင်းတဲ့ မြို့ဓလေ့လေးနော်။။
ဟိုရှေ့ရှေးတုန်းကပေါ့ကွယ်။ သားအဖနှစ်ယောက် ခရီးတစ်ခုကို မြင်းတကောင်နဲ့ အတူထွက်လာ ကြသတဲ့။ ပထမကတော့ သားအဖနှစ်ယောက် မြင်းတကောင်ကို တူတူစီးလို့ပေါ့။ လမ်းမှာ လူတချို့က ပြောသတဲ့။
" ကြည့်စမ်း ။ မညှာမတာ သားအဖနှစ်ယောက် မြင်းတကောင်တည်း စီးနေလိုက်တာ။ မြင်းလေး သနားပါတယ်" လို့ ဆိုကြတော့ သားလုပ်တဲ့သူက ဆင်းပြီး အဖေလုပ်သူကိုပဲ စီးစေသတဲ့။ အဲဒီလို လာကြရင်း လူတချို့က ပြေသတဲ့။
" ကြည့်စမ်း။ အဖေ လုပ်ပြီး ကိုယ့်သား လမ်းလျှောက်နေတာကို ကြည့်ရက်တယ်။ ဖခင်စိတ် မရှိလိုက်တာ" လို့ ဆိုကြပြန်တော့ အဖေဖြစ်သူက ဆင်းလမ်းလျှောက်ပြီး သားကို မြင်းစီးစေ သတဲ့။ အဲဒီခါကျတော့ လူတွေက
" ကြည့်စမ်း။ ဖခင်အိုကြီးကို လမ်းလျှောက်ခိုင်းပြီး အခန့်သား မြင်းစီးနေတာ အမြင်မတော်လိုက်တာ" တဲ့။ သားအဖနှစ်ယောက်လဲ နောက်ဆုံး ဘယ်သူမှ မစီးတော့ပဲ မြင်းကို ဆွဲလျက် လမ်းလျှောက်သွားတာ မြင်တဲ့အခါ
" ကြည့်စမ်း။ ဥာဏ်ကိုမရှိဘူး။ မြင်းစီးပြီး သွားတော့ ခရီးပိုတွင်တာပေါ့။ ဒါလေးတောင် မစဉ်းစားတတ်ဘူး"


ကဲ.. ဒီပုံပြင်လေးကို အားလုံးသိပြီးသားပါ။ လူတွေများ ကိုယ်နဲ့ မဆိုင်တာကို ဘာလို့များ အချိန်ကုန်ခံ ၊ လေကုန်ခံပြောနေတယ် မသိတော့ပါဘူး။ ကျွန်မလဲ အဲဒီလို လူထဲ ပါကောင်းပါသွားဖူးမှာပါ။
ပြီးတော့ ကိုယ် လုပ်နေတာကို လုပ်ရင် လုပ်ပြန်ပြီ။ မလုပ်ပဲ ထိုင်နေရင် ထိုင်ပြန်ပြီနဲ့ အပြောခံရရင် တော်တော်လေးကို စိတ်ပျက်ဖူးတယ်။ ဒါပေမဲ့လည်း.." သြော် ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရဲ့ခုနှစ်ရက် " ပေါ့လို့ တွေးမိပါတယ်။ ဒါပေမဲ့ တော်တော်လေး လွန်လာရင် စိတ်ပျက်တဲ့ အဆင့် ရောက်သွားပြန်ရော။ ကျွန်မ စိတ်ပျက်သွားပြီဆိုရင် အဲဒီလူအပေါ် လုံးဝ ဥပက္ခာပြုလိုက်ခြင်းပါပဲ။ (ဒါကလဲ တရားလွန်လာရင်တော့ ကျွန်မ ဥပက္ခာပြုလိုက်တာပါ)။
ကိစ္စတွေ တော်တော်များများမှာ လူတွေ အမြင်မတူနိုင်ပါဘူး။ စိတ်ဓာတ်ချင်းတူဖို့ဆိုတာ ဝေးရော။ ကျွန်မခံယူထားတာက နားလည်မှု့ဆိုတာ တမင်မွေးယူထားတာပါ။ ဒီအတိုင်းဘလိုင်းကြီး ဘယ်သူမှ အလကားနေ နားမလည်ပေးပါဘူး။ ဒါက ကျွန်မ ခံယူချက်နော်။
ဒါပေမဲ့ အချိန်ကုန်ခံ ၊ လေကုန်ခံပြီး အကျိုးမရှိ လိုက်ပြောနေခြင်းကိုတော့ စိတ်ပျက်မိပါတယ်။ ဒါက အကြံဥာဏ်ပေးတာနဲ့ မတူတော့ပါဘူး။ ဥပမာကွာ.အမှားတခု လုပ်မိနေတယ် ။ ဒါကို အမြင်မတော်လို့ ဒီလိုဆို မကောင်းဘူး။ ဒါမျိုးလေး လုပ်ပါလားလို့ ဆိုပြီး အကြံဥာဏ်ပေးတာမျိုး မဟုတ်တော့ပဲ ပိုမိုအမှား လုပ်မိအောင် ဘေးကနေ တွန်းအားပေးနေသလို ဖြစ်နေပါတယ်။ မှားနေတယ်ဆိုရင် ထောက်ပြလိုက် ၊ မဟုတ်ရင် (နောက်ဆုံး ငါနဲ့ ဆိုင်တာမှ မဟုတ်ပဲလို့ ခံယူထားရင် )ဘာမှမပြောပဲ နေလိုက်ပါ။ မှန်နေတယ်ဆိုရင် အောင်မြင်ပါစေလို့ အားတက်စေမဲ့ စကားလေးတခွန်းပဲ ပြောပေးပစေဦး။ သိပ်ကျေးဇူးတင် / သိပ်ပျော်သွားမှာပါ။ မပြောချင်ရင်( ၀မ်းသာမပေးနိုင်ရင်) ဒီအတိုင်းလေးပဲ နေလိုက်လို့ ဘာမှ မဖြစ်ပါဘူး။
ဒီပုံပြင်လေးကို အခြေခံယူရရင် ဒီလို ဟိုလို လိုက်ပြောနေတော့ အမှားလုပ်ရင် ပိုအမှားလုပ်မိမယ်။ အမှန်လုပ်နေတာဆိုရင်တောင် သူပြောတာ ဟုတ်နိုးနိုး ၊ ငါလုပ်နေတာ မဟုတ်သယောင် ဖြစ်သွားတတ်ပါတယ်။
အင်းပေါ့လေ..လောကကြီးမှာကလဲ ဒီလို ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း မရှိရင် ပျင်းစရာကြီး ဖြစ်သွားမှာပေါ့လို့ပဲ တွေးထားတာ ကောင်းပါတယ်နော့။ :))
အဟဲ..လျှောက်တွေးနေလိုက်တာ ဘယ်တွေ ရောက်ကုန်ပြီလဲ မသိတော့ဘူး။ အဆုံးသတ်ရရင်ဖြင့်..
ကဲ ကလေးတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။။။။။
တောင်ပေါ်သားတစ်ယောက် Tag လိုက်ပြန်ပြီ။ ရေးထားတဲ့ ပိုစ့်တွေက အကြိုက်ဆုံးပိုစ့်ကို ဒုတိယအကြိမ် ပြန်တင်ပေးပါတဲ့။ စဉ်းစားကြည့်တော့ အားလုံးကြိုက်နေတယ်။ ( ကိုယ်ရေးထားပဲနော်။ ကိုယ်ချီးကျူးရမှာပေါ့ :)) ). ခက်တော့နေပြီ။ နောက်ဆုံးတော့ အခုတလော မေးချင်နေတာလေးကို ဒုတိယအကြိမ်ပြန်မေးလိုက်ပါတယ်။ အရင်ကတခါ မေးထားခဲ့တာလေးက ဒီလိုလေးပါ။။

လူတစ်ယောက်ဟာ သူချစ်တဲ့သူ အပေါ် ပုံစံအချိုးတွေ ပြောင်းလာတာဟာ ပြောင်းလဲမိတဲ့အတွက် အပြစ်ရှိပေမဲ့ အဲဒီလို ပြောင်းလဲအောင် လုပ်ဆောင်လိုက်တဲ့ ချစ်တဲ့သူကကော အပြစ်မရှိတော့ဘူးလား ။
ဒီလိုပြောင်းလဲလိုက်လို့
" အရင်ကလို မဟုတ်တော့ဘူး ။
သံဃောဇဉ်နည်းသွားတယ် ၊
အဲဒီ မလုပ်နဲ့ " အစရှိသည်ဖြင့် အပြစ်တွေ ဆိုနေမဲ့ အစား
" ငါ, သူ့အပေါ် ဘာလုပ်မိခဲ့ပါလိမ့် ။
သူမကြိုက်တာ ဘာလုပ်ခဲ့မိပါလိမ့် ။
ငါ, သူ့အပေါ် ဂရုစိုက်ပေးတာတွေကော လျော့သွားမိသလား ။ " ဆိုတာတွေကော အရင်ဆုံး စဉ်းစားမိသင့်တယ်မဟုတ်လား ။
ပြောင်းလဲမိတယ် ဆိုတာကလဲံ ဖေးဖေးမမ နဲ့ ပြန်လည်ဂရုစိုက်ပေးရင် သစ်ပင်တွေလိုပေါ့ ပြန်လည်ရှင်သန်လာနိုင်ပါတယ် ။
အစကတည်းက မုန်းလို့ သံဃောဇဉ်ကို အပြီးဖြတ်တာမှ မဟုတ်တာ ။ ဂရုစိုက်မှု့လေး တစ်ခုကိုပိုမို လိုချင်လို့ဆိုတာ အလိုလို နားလည်လာပါလိမ့်မယ် ။
ပြောင်းလဲချင်လွန်းလို့ ပြောင်းလဲထားတာမှ မဟုတ်တာ ။ ရင်နာရတာပေါ့ ။
အမြဲကြိုက်ခဲ့တဲ့ စာသားလေးလိုပေါ့
" sometimes I hide and sometimes I run, sometimes I scared of you but all are really want is your hold tight " တဲ့ ။
ကဲ ဘယ်သူ့အမှားလဲ........? ဆိုတာ တွေးကြည့်ရအောင် ။
ခဏလေး ပြောင်းလဲကြည့်တဲ့သူမှာ အပြစ်ရှိသလား.......?
ပြောင်းလဲသွားအောင် လုပ်တဲ့သူမှာကော အပြစ်ကင်းရဲ့လား........?

( တစ်ယောက်သူသို့.........)
ဒီနေ့ ရုံးမှာ သိပ်အလုပ်မရှိတာနဲ့ ထိုင်နေရင်း သူငယ်ချင်းတွေ အပေါ် ကျွန်မခင်မင်ပုံလေးကို စဉ်းစားမိလာတယ်။ ခင်မင်မှု့ကို လူတွေ ဘယ်လောက်အထိ တန်ဖိုးထားကြသလဲ။ လူတစ်ဦးနဲ့ တစ်ဦး ခင်မင်ခွင့်ရကြတယ်ဆိုတာ ရှေးဘ၀ရေစက် ရှိကြလို့ပဲလို့ ကျွန်မ ခံယူတယ်။ နေရာဒေသမရွေးမှာ လူမျိုးဘာသာမရွေးနဲ့ ခင်မင်သွားနိုင်တယ်။ တချို့ဆိုရှိပါတယ်..ဘယ်လောက်ထိ ခင်မင်ကြသလဲ ဆိုရင်ညီအကို၊ ညီအမအရင်း၊ မောင်နှမအရင်းသဖွယ် ခင်မင်သွားကြတဲ့ အထိ သံဃောဇဉ် ရှိသွားတတ်ကြပါတယ်။ ရှိကြပါတယ်။ ခင်မင်မှု့ဆိုတာ ဘောင်ခတ်ထားခြင်းမရှိတာကြောင့် လွတ်လပ်စွာ လွင့်ပါးနိုင်တာပေါ့နော်။
ကျွန်မဆိုရင်လည်း တော်တော်ခင်တတ်တဲ့ လူစားမျိုးထဲမှာပါမယ် ထင်ပါတယ်။ အားလုံးကို ခင်မင်တယ်။ ခင်လွယ်တယ်။ ဒါပေမဲ့ များသောအားဖြင့် စိတ်ခံစားချက်နဲ့ ခင်တတ်တယ်။ ဘယ်လို စိတ်ခံစားချက်လဲ ဆိုတော့..ကျွန်မ အရင်က မသိဘူး၊ မမြင်ဖူးတဲ့လူတစ်ယောက်ကို စတွေ့ရင် စိတ်ထဲမှာ ခင်ချင်စိတ်ပေါ်လာတယ်။ ပျော်လာတယ်ဆိုရင် ကျွန်မနဲ့ အဲဒီလူတွေဟာ တော်တော်ခင်မင်တဲ့ သူတွေ ဖြစ်တတ်သွားပါတယ်။ ပြီးတော့ ကျွန်မ အတွက် ကံကောင်းခြင်း ယူလာပေးတဲ့ သူမျိုး ဖြစ်လာတတ်တယ်။ အဲ..တခါတလေကျတော့လဲ ကျွန်မ စသိတာနဲ့ စိတ်ထဲမှာ စနိုးစနှောက်နဲ့ မခင်ချင်နေဘူး။ စကားမပြောချင်နေဘူးဆိုရင် ခင်မင်သွားကြပေမဲ့လည်း တနေ့နေ့ တချိန်ချိန်ကျရင် ကျွန်မက ကောင်းကောင်း ဒုက္ခပေးသွားတတ်ပါတယ်။ အနဲဆုံး စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တတ်ကြပါတယ်။ဒါမျိုးကို ကျွန်မ အစက သတိမထားမိပေမဲ့ နောက် တိုက်ဆိုင်မှု့ တွေ များလာတော့ ကျွန်မ လူတွေကို ခင်ရင် အဲဒီလို စိတ်ထဲက ခံစားပြီးမှ ခင်တတ်တော့တယ်။
အဟဲ..ဒါပေမဲ့ လူလူချင်းပဲ ဟုတ်တယ်မလား။ ကျွန်မ အားလုံးနဲ့ ခင်ခင်မင်မင် ရှိချင်ပါတယ်။ ကျွန်မက သိသိမသိသိ ရယ်ပြ ၊ ပြုံးပြတတ်တယ်။ ( အဲ..မိန်းကလေးတွေကို ပြောတာနော်။၊) အဲဒီထဲကမှ စကားတွေ ဘာတွေ ပြောဖြစ်လာမှ အဲဒီခံစားချက်က ဖြစ်လာတတ်တာ။ တခါတလေကျတော့ မြင်ကတည်းက ခင်လို့မရနေဘူး။ အဲဒီလိုချိန်ကျတော့ လုံးဝကို စကားမပြောသလို၊ ဟန်ဆောင်ပြီးလဲ ရယ်ပြုံး မပြတတ်တာ အကျင့်လို ဖြစ်နေပြန်ရော။
ခင်မိရင်တော့ ကျွန်မဘက်က သူတို့လိုအပ်တာလေးကို တတ်နိုင်တာလေးဆို ကူညီပေးချင်တယ်။ ဟန်ဆောင်ခြင်း ကင်းစွာနဲ့ ခင်တယ်။ စိတ်ထဲမှာကို နှစ်နှစ်ကာကာခင်တယ်။ ခင်ပြီးရင် မမေ့တတ်တော့ သလို ခွဲသွားမှာ မုန်းသွားမှာကိုလဲ ကြောက်တတ်ပြန်ရော။ နောက် အတ္တကြီးလား ၊ လောဘကြီးတာလား မသိတော့ဘူး။ ကျွန်မ တအားခင်တဲ့သူဆိုရင် ကျွန်မနဲ့ ရှိနေရက်နဲ့ သူများကို ဦးစားပေးတာ မလိုချင်ဘူး။ အမှန်က လုံးဝ မဖြစ်သင့်မှန်း သိပါတယ်။ စိတ်ထဲက ဒီလို ဖြစ်လာတော့လည်း ဘယ်တတ်နိုင်မှာလဲ။ စိတ်ဆိုးရင် ဆိုးတယ်။ စိတ်ကောက်ရင် ကောက်တယ် ဆိုတာကို ကျွန်မ ဖော်ပြတယ်။ စိတ်ထဲ သိမ်းထားမယ်တော့ မထင်နဲ့။ ( ကောင်းဘူးနော်။။ရိုက်ပစ်ဖို့ ကောင်းတယ်နော် :)) )
အဟဲ.. ခင်လို့ ပွင့်ပွင့်လင်းလင်း ပြောထဲ့လိုက်တတ်တော့ ပြောခံရတဲ့သူက အီသွားမှာပဲနော်။ ဆိုးလွန်းလို့လဲ ဒဏ်မခံနိုင်တော့ပဲ ထွက်ပြေးချင်တဲ့သူတွေ ရှိနေမှာပဲနော်။ အမယ်..ချစ်လို့ ခင်လို့ ဆိုးတာပါနော်။
(မှတ်ထားနော်..ကန္တာရမိုးစက်များမှ မငုံက ခင်ရင် တော်တော်စိတ်ပျက်စရာကောင်းအောင် ဂျီတိုက်တတ်၊ ဗိုလ်ကျတတ်တယ်နော်..)
ကျွန်မ သူငယ်ချင်းရတာတွေ ကံကောင်းပါတယ်။ အားလုံးက တကယ် စိတ်ထဲက ခင်မင်တဲ့ သူတွေနဲ့ချည်းတွေ့တာကိုး။အခုချိန်ထိ ကျွန်မကို ညီမတယောက်လို (တချို့ဆို ကျွန်မထက်ငယ်ရက်သားနဲ့ အကြီးလုပ်နေကြတယ်) ဆိုးသမျှကို သည်းခံ ချစ်ပေးကြရှာတဲ့ ကျွန်မ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မလဲ အရင်ကထက်စာရင် အများကြီး လျော့လာပါပြီ။ တကယ်လို ကျွန်မဆိုးတာတွေဟာ ထိခိုက်မှု့တွေ ဖြစ်သွားတယ်။ စိတ်ဆိုးစရာတွေ ဖြစ်သွားတယ်ဆိုရင် တောင်းပန်တယ်နော်။ ( သတင်းကောင်းလို့ ဖတ်ပြီး ပျော်သွားတဲ့သူ ၊ ပြောမဲ့ သူတွေ ရှိနေလို့ ထဲ့ရေးလိုက်ပါတယ်။ :)) )
အဟတ်..ခေါင်းစဉ်နဲ့ ဆိုင်မဆိုင် မသိတော့ပါဘူး။ စိတ်ထဲ အခုရှိနေတာလေးကို ချရေးလိုက်တာ။ ကဲ ခင်ချင်ကြသေးလား..ပြောကြဦး။။