သြော်..ကိုနေညိုရင့် တဂ်လဲတဂ်တတ်ပါပေတယ်။ နောင်လာမဲ့ အနှစ်နှစ်ဆယ်မှာ ဘာဖြစ်မလဲတဲ့။ မနက်ဖြန် သန်ဘက်ခါသေမလား ရှင်မလားမသိ။ အခုတောင် နေမကောင်းတဲ့ကြားက ပိုစ်အသစ်လေးကိုတော့ တင်မယ်ဆိုပြီး ရေးနေရတာ။ :( ပိုစ့်မတင်တာကြာလို့ ရေတမာကလဲ တခုခုလွဲနေပြီလို့ လာလာအော်နေပြီ။ မကြီးကီကလဲ တဂ်လိုက်ရမလားလို့ ခြိမ်းခြောက်နေတယ်။ တောင်ပေါ်သားကိုလဲ အကြွေးကကျန်၊ အခုကိုနေညိုကြီးကလဲ တဂ်လိုက်တာ. နောင်အနှစ်နှစ်ဆယ်ကိစ္စ။ တောင်ပေါ်အကြွေးကို ကိုသုနြေ္ဒအကြွေးနဲ့ ပေါင်းဆပ်မယ်နော်။ အခုတော့ မမြင်ရသေးတဲ့ အနှစ်နှစ်ဆယ်ကိစ္စရှင်းလိုက်ဦးမယ်။

၂၀၂၉ခုနှစ်မှာပေါ့..ကျွန်မတည်ထောင်ထားတဲ့ နေ့ကလေးထိန်းကျောင်းမှာ ကလေးလေးတွေကို ဗုဒ္ဓဘာသာနဲ့ ပက်သက်တာကို သင်ပေးရင်း လိမ္မာယဉ်ကျေးလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့အပြည့်ရှိတဲ့ သူတွေဖြစ်အောင် သင်ပေးမယ်လေ။ ဘာသာတရားဆိုတာ အခြေခံပဲလေ။ လူတယောက်မှာ စိတ်ကောင်းထားဖို့က အဓိကအကျဆုံးပဲ။ ဒါက ကျွန်မယုံကြည်ချက်လေ။ ကလေးတွေဆိုတာ အနာဂတ်ရဲ့အားထားရာတွေဆိုတော့ သူတို့ဗီဇလေးတွေကို လေ့လာရင်း သူတို့စိတ်ပါဝင်စားတာလေးကို အပြည့်အ၀ ထောက်ပံ့ပေးရင် တိုးတက်လမ်းချည်းပါပဲ။ ငါမိဘပဲဆိုပြီး ဒီလမ်းပဲလျှောက်ရမယ်ဆိုတာမျိုးကြောင့် စိတ်ပါဝင်စားမှု့မရှိတဲ့ အလုပ်တခုကို လုပ်နေရရင် ကလေးလဲ မပျော်၊ တိုးတက်မှု့ဆိုတာ နှောက်နှေးသွားမယ်လေ။ မိဘဆိုတော့လဲ ကိုယ့်သားသမီးကို ဆင်စီးမြင်းရံစေချင်တာကိုး။ အကောင်းဆုံးပဲ ပေးချင်တာပေါ့။ ဒါပေမဲ့ လွဲမှားနေတဲ့ ဖြစ်စေချင်တာတွေ ရှိနေတာလေးကို ကျွန်မက ကလေးမိဘတွေနဲ့ တိုင်ပင်ပြီး ဒီကလေးဆိုရင် ဘယ်လို အတွေးအခေါ်ရှိတယ်။ ဘယ်လို ပြုစုပျိုးထောင်ပေးရင် တိုးတက်နိုင်တယ် ဆိုတာမျိုး ဆွေးနွေးမယ်။

အခုလက်ရှိကြည့်ရင်တောင် ကျွန်မတို့ မြန်မာနိုင်ငံက ကလေးတွေက တခြားတိုင်းပြည်ကလေးတွေထက် ဗဟုသုတ ပိုရှိပါတယ်။ ဥပမာပေါ့လေ။ ဘာလူမျိုးလဲလို့မေးတဲ့အခါကိုပဲ ကြည့်လေ။ မြန်မာလို့ ပြောတာကို ဖီလစ်ပိုင်လို အရှေ့တောင်အာရှနိုင်ငံတူတူချင်း မသိဘူးဆိုတော့ သိပ်အံ့သြမိတယ်။ ကျွန်မတို့ဆီက ကလေးတွေကို သွားမေး အေးအေးဆေးဆေး ဖြေပြ ပြောပြလိုက်ဦးမယ်။ နိုင်ငံနဲ့လူမျိုး ကမ္ဘာနဲ့ချည်ပြီး သိတယ်။ ဒါကြောင့် ကျွန်မတို့ဆီမှာ ရေခံကောင်းပြီးသား ကလေးတွေရှိတယ်လေ။ ပြုစုပျိုးထောင် တတ်ရင် တိုးတက်လမ်းပါပဲ။ လူတယောက်ချင်းစီကနေ လူမျိုး၊၊ နိုင်ငံ တစထက်တစ တိုးတက်မှာလေ။

ငွေကြေးသာအဓိကယူတဲ့ ကလေးထိန်းပေးရုံသက်သက် ကျောင်းလေးမဟုတ်ဘူးပေါ့။ ကိုယ်သာတတ်နိုင်ရင် ငွေကြေးချို့တဲ့သူတွေကိုတောင် ခေါ်ပြီး သင်ကြားပေးချင်တာ။ ပညာအလှူဆိုတာ အမြတ်ဆုံးသောအလှူတခုမှာ ပါတယ်လေ။ သင့်တင့်မျှတတဲ့ ဈေးနှုန်းလေးတခုနဲ့ ကလေးတွေအရည်အချင်းကို ငယ်ကလေးကတည်းက ဖော်ထုတ်ပေးမယ်။ စေတနာအပြည့်ပါတဲ့ကျောင်းလေး၊ ချမ်းသာဆင်းရဲမခွဲတဲ့ ညီမျှတဲ့နေရာလေး၊ ကလေးတိုင်း ချစ်ခင်စည်းရုံးတဲ့ ကူညီတတ်တဲ့စိတ်၊သူတပါးကို ရန်မရှာတတ်တဲ့ ဖြူစင်နေသေးတဲ့ သူတို့လေးတွေ စိတ်ထဲကို မှန်ကန်တွေးခေါ်သင့်တာလေးကို သွင်းပေးနိုင်ရင်ပဲ ကျေနပ်တဲ့ ပီတိစားမဲ့ ကျောင်းလေး တည်ဆောက်မယ်။ ကလေးဆိုတာမျိုးက အိုးကောင်းလေးတွေ ရအောင် ဖြစ်လာအောင် ပုံသွင်းနိုင်တဲ့အချိန်အရွယ်လေးလေ။ ကလေးလေးတွေ စိတ်ကို သေချာမြင်တတ်အောင် ကြည့်နိုင်တဲ့ ကျောင်းကလေးပေါ့။

ကဲ.ဘယ်လိုလဲ။ လာမဲ့အနှစ်နှစ်ဆယ်ကျရင် ကလေးအားလုံးကို ဒီလိုမပျိုးထောင်နိုင်ရင်တောင် ကိုယ့်ရဲ့သွေး ၊ ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေကိုတော့ သင်ပေးနိုင်တဲ့သူတယောက်တော့ အနည်းဆုံး ဖြစ်ချင်ပါတယ်။ :)) တခြားဖြစ်ချင်တာတွေလဲ အများကြီးပါပဲ။

ကိုနေညိုရင့်လဲ ကျေနပ်မယ်လို့ ထင်ပါတယ်။ အဲ..မဟေသီအအော်မခံရခင် ကလေးလေးကို ကျွန်မနေ့ကလေးထိန်းကျောင်း လာပို့ဖို့ မမေ့နဲ့နော်။ ဒါမှ မဟေသီရဲ့ အပြုံးလေးရမှာ:)) အခုကတည်းက စာရင်းပေးချင်သူများကိုလဲ စတင်လက်ခံနေပြီဆိုတာ သတင်းပေးလိုက်ပါတယ်နော့။။။။
ကျွန်မ ဒူဘိုင်းကို ထွက်လာတဲ့နေ့လေးမှာပေါ့။ ကျွန်မတစ်ယောက်တည်း အဖော်မပါပဲ ပထမဆုံး ခရီးထွက်တာ ဆိုတော့ အလွဲလွဲ အချော်ချော် လုပ်တတ်လွန်းလို့ သတိထားနေရပါတယ်။ လေယာဉ်ပေါ်ရောက်တော့ ထိုင်တာနဲ့ ခါးပတ် (seat belt)ကို ပတ်ဖို့ လုပ်လိုက်တာ။ ကျွန်မလက်ထဲပါလာတာလေးက ကွင်းချည်းချည်းနှစ်ခု ဖြစ်နေတယ်။ ကျွန်မက ဟုတ်သေးပါဘူး။ ဘာကိစ္စကွင်းချည်း နှစ်ခုပါလာရသလဲပေါ့။ သိလိုက်ပြီ။ ဘေးကလူ မှားပတ်ထားလိုက်ပြီဆိုတာ။ ဒါနဲ့ ခါးပတ်(seat belt)ပတ်တာ မှားနေတယ်လို့ တိုက်ရိုက်ကြီး သွားပြောလိုက်မိတယ်။ ဘာပြန်ပြောတယ်မှတ်လဲ။
" မမှားပါဘူး။ ကျွန်တော် ပတ်ထားတာ သိတာပေါ့"တဲ့။

ဒါနဲ့ ကိုယ်ကပဲ ထပြီး တောင်ရှာမြောက်ရှာ ရှာကြည့်တော့လဲ ဒီနှစ်ခုပဲရှိနေတယ်။ မှားနေတာ သေချာတာကြီးကို မမှားဘူးဆိုတော့ သွားကြည့်ရအောင်ကလဲ ယောက်ျားကြီး။ ဒီအတိုင်းထားလိုက်လို့ကလဲ မပြီးဆိုတော့ နောက်ဆုံး
"ဟုတ်ပြီ။ မှားမမှားကြည့်ရအောင် ခါးပတ်လေး (seat belt) တစ်ချက်ဖြုတ်ပြပါ "လို့ ပြောလိုက်တယ်။

အမယ်..လူကိုတောင် ကြည့်လိုက်သေးတယ်။ စိတ်ပျက်တဲ့ အမူအယာနဲ့ ပြီးတော့ ဆောင့်ကြီးအောင့်ကြီး လေသံနဲ့
" ဒီမှာ ၊ ဒီမှာ "ဆိုပြီး ပြတော့ ခေါင်းချည်းချည်း နှစ်ခုကို တပ်ထားတာ မြင်မှ ပျာပျာသလဲ နဲ့ sorry ဗျာ ။ ကျွန်တော် နည်းနည်း အတွေးလွန်သွားတယ်ဗျာတဲ့ ။

အခုမှ လေယာဉ်စီးဖူးတဲ့လူလို့ မထင်လိုက်နဲ့နော်။ သုံးကြိမ်မြောက် သင်္ဘောပေါ်တက်ရန် သွားခြင်းပါတဲ့။

တော်သေးတယ်။ ဒီတခါလွဲတာ ကျွန်မ မဟုတ်ပဲ ကျွန်မထက်ပိုလွဲတဲ့သူနဲ့ တွေ့နေပေလို့။

မှတ်ချက်၊။ ကျွန်မကို သူငယ်ချင်းက အတွေးမှားသွားမှာ စိုးလို့ seat belt လို့ ထဲ့ရေးသင့်ကြောင်းပြောတာနဲ့ ထဲ့ရေးလိုက်တာ ဖြစ်ပါတယ်။
တဂ်ပိုစ့်တွေကို အရင်အပြတ်ရှင်းမှရမယ်။ ကိုသုနြေ္ဒကိုလဲ အကြွေးတင်နေတယ်။ ဒူဘိုင်းအကြောင်း ရေးပေးပါ့မယ်လို့ ပြောထားပြီးသား ဖြစ်နေတယ်။ အခုရေးမဲ့ တဂ်ပိုစ့်လေးကတော့ ကိုနေညိုရင့်မှ တဂ်လိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ဘလော့ဂ်လေးနာမည်ပေးပုံတဲ့။

ဒါကတော့ ဒီလိုလေးပါ။ ကျွန်မစာရေးတာ စိတ်ဝင်စားပေမဲ့ မရေးတတ်ဘူး။ အဲဒီမှာ မောင်ရဲက ဘလော့ဂ်ရေးတာကို စတင်ပါတော့တယ်။ ကျွန်မလဲ စမ်းကြည့်မယ်လို့ ဆုံးဖြတ်ပြီး ဒီဇင်ဘာ ၂၆ရက်နေ့မှာ အကောင်အထည်ဖော်လိုက်တယ်။ ဒီတော့ အိမ်လေးကို နာမည်ပေးဖို့ ရွေးတော့ ကျွန်မရောက်ရှိနေတာက ကန္တာရလေးလေ။ အရှေ့အလယ်ပိုင်းဒေသ အာရပ်တိုင်းပြည်လေးက သဲကန္တာရများနဲ့အတူ ပင်လယ်ကွေ့ဒေသမှာ တည်ရှိတာဖြစ်တယ်။ ဒီတော့ ကိုယ်ရောက်ရှိနေတဲ့ နေရာလေးကိုပဲ အစွဲပြုပြီး ကန္တာရဆိုတာ ရသွားပါတယ်။ အဲ..ဒီကန္တာရလေးရဲ့ ထူးခြားချက်လေးက မိုးရာသီမရှိဘူးတဲ့။ ဒါပေမဲ့ နွေအကုန် ဆောင်းအကူးမှာတော့ မိုး.သုံးလေးရက်လောက် ရွာတတ်ပါတယ်။ ကန္တာရလေးမှာ ရွာတဲံ့မိုးဆိုတော့ လူတွေက သဘောကျကြတယ်လေ။ ဒီတော့ ကျွန်မနာမည်လေးတစ်ခုကို ချက်ချင်းဆုံးဖြတ်လိုက်တာပါ။ ကန္တာရမိုးစက်များ တဲ့။ အဲဒီလို ကန္တာရမိုးစက်ဆိုရင် ပြီးနေတာကို ကျွန်မက မိုးစက်များလို့ နာမည်ပေးလိုက်တော့ သူငယ်ချင်းတယောက်က မေးပါတယ်။ ဒီဘလော့ဂ်မှာ ဘယ်နှစ်ယောက်ရေးတာလဲတဲ့။ ကျွန်မလဲ ပေးပြီးသားဖြစ်နေတာမို့ မိုးစက်လို့မပြောင်းတော့ပါဘူး။ မိုးစက်များကိုပဲ အတည်ပြုခဲ့တယ်လေ။

နောက်တခု။ဒါလေးကတော့ အခုအားလုံးသော ဘလော့ဂ်မောင်နှမတွေ ခေါ်ခေါ်နေတဲ့ မငုံဆိုတဲ့နာမည် ရှင်းတမ်းလေးပါ။:)) အမှန်က ကျွန်မအိမ်နာမည်က ဖူးဖူး လို့ခေါ်ပါတယ်။ မောင်ရဲ( လေလွင့်သူ)နဲ့ အရင်ဘလော့ဂ်မရေးခင်ကတည်းက ခင်မင်ကြတာလေ။ သူက ကျွန်မထက်ငယ်တော့ မဖူးလို့ ခေါ်တယ်။ နောက်တော့ မောင်ရဲက မဖူးဘူးဆိုမှတော့ ငုံနေလို့ပေါ့။ ငုံငုံ ၊ မငုံလို့ ခေါ်တယ်။ နောက်တော့ တခြားခင်မင်တဲ့သူတွေကပါ သူခေါ်တာတွေ့တော့ မငုံဆိုပြီး လိုက်ခေါ်ရာကနေ ဒီနာမည်လေးတွင်သွားပါတော့တယ်။ ကျွန်မလဲ စီဘောက်မှာ သွားရေးတဲ့အခါ desertraindrops လို့ရေးရမဲ့အစား မငုံလို့ ရေးဖြစ်နေတော့ အားလုံးက အခုတော့ မငုံဖြစ်နေပါတယ်။ ဘာပြောပြော သဘောကျပါတယ်။ ဒီနာမည်လေးကို ပေးလိုက်တဲ့ မောင်ရဲရေ ကျေးဇူးတင်ပါတယ်နော့။

ကဲ.ကိုနေညိုရင့်ရေ.ကျေနပ်မယ်လို့ ထင်ပါတယ်။
ဗညားရှိန်က တဂ်ထားတယ်နော်လို့ လာအော်တော့ အပြေးအလွှားသွားကြည့်မိပါတယ်။ :( ခေါင်းစဉ်မြင်တော့ လုပ်ချလိုက်ပြန်ပြီ။ အပျိုကြီးလုပ်ပါမယ်ဆိုနေမှ ရည်စားရှိသလားလာမေးနေသလို ဖြစ်နေပြီနော်။။အစက ရေးစရာမရှိဘူးလို့ ပြောပေမဲ့ ရဘူးတဲ့။ အဲ..မကြိးရောင်ပြန်လဲရေးတာတွေ့ရော မကြီးရဲ့မောင်နဲ့ ရန်ပွဲမဖြစ်တာလေးကို အားကျပြီး ရေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ ဒီနေ့လဲ အိမ်တကာလည်တိုင်း တွေ့တာ ဒီခေါင်းစဉ်ပဲတွေ့နေရတယ်။ ကဲ..ကျွန်မလဲ မရှိတာလေး ထုတ်ကြွားရတာပေါ့။

ဘယ်လိုပြောရမလဲနော်။ ကျွန်မတို့က မောင်နှမတွေ တအားများတာ။ အမျိုးများတယ်ပေါ့။ တစိမ်းမလိုပဲ ဒိအုပ်စုနဲ့တင် ဆူညံနေတာ။ ဘယ်သွားသွား.တအုပ်တမကြီးသွားကြတာလေ။ ဘယ်ကောင်လေးက မှ လာမစရဲပါဘူး။ လူအုပ်ကြည့်ပြီး ရှိန်တာပေါ့။ မူလတန်းကနေအထက်တန်းအထိ ငါစာတော်တယ်ဆိုတဲ့ မာနနဲ့ တလောကလုံးကို တင်ကျွေးထားသလို မျက်နှာထားဆိုးဆိုးနဲ့ဆိုတော့ ဘယ်သူ့မှလဲ မကြိုက်ကြပါဘူး။ ပါဝါမျက်မှန်နဲ့ မျက်နှာစူပုတ်ပုတ်နဲ့ တွေးတာကြည့်တော့ တော်တော်လှနေမှာ။ :))

အင်းးး တောင်ငူမှာ GTI တက်တုန်းမှာပေါ့။ မွေးစားမိဘတွေက တောင်ငူမှာ တာဝန်ကျချိန်ဆိုတော့ ကိုယ်လဲ အဲဒီမှာ ကျောင်းတက်ဖြစ်သွားတယ်ပေါ့။ ပထမနှစ်၊ဒုတိယနှစ် ဘာမှမရှိခဲ့ပါဘူး။ ကျောင်းမှာ နာမည်ကြီး။ EP က Roll No.1 လို့မေးလိုက်။ မသိတဲ့သူမရှိ( ကြွားတာပေါ့)။ ဘာလို့လဲ သိလား။။သူငယ်ချင်းတွေနဲ့ ဗရုတ်သုတ်ခကျလွန်းလို့။

အဟမ်..သူနဲ့စတွေ့တာ တတိယနှစ်(GTI နောက်ဆုံးနှစ်)မှာပေါ့။ သင်တန်းဆင်းခါစ ကောင်လေးတယောက်ပေါ့။ ယောကျာ်းလေးဖြစ်ရက်နဲ့ အတော်ချောတဲ့ လူတယောက်ပဲ။ အသားဖြူဖြူ၊ မျက်ခုံးထူထူနဲ့ အရပ်က ငါးပေခုနှစ် အမြဲပြုံးနေတတ်ပြီး ရယ်လိုက်ရင် ပါးချိုင့်ယဲယဲလေးနဲ့ဆိုတော့ လူချောပေါ့။ ကျွန်မထက်.၁နှစ်ကျော်ကျော်ကြီးပါတယ်။ မိသားစုချင်း တော်တော်လေးရင်းနှီးတယ်ပေါ့။ တောင်ငူမှာ လေယာဉ်မောင်းသင်တန်း လာတက်ရင်း မိသားစုရင်းနှီးတော့ အိမ်ကပဲ လိုအပ်တာတွေ အားလုံးလုပ်ပေးတာပေါ့။ တနင်္ဂနွေဆို သူကအိမ်လာတယ်။ စနေဆို ကျွန်မက ဟင်းကြော်၊အသီးအနှံတခုခု သွားပို့တဲ့ တာဝန်ယူထားရတယ်။

အဟဲ. သူကတော့ ညီမလေးပေါ့။ ကျွန်မကတော့ အကိုပေါ့။ နောက်တော့ ကျွန်မရဲ့ မခင်သေးရင်တာ လူက ခပ်တည်တည်နဲို့ရင်းနှီးလာရင် ဆိုးတတ်နွဲ့တတ်တဲ့ အကျင့်အတိုင်း ဆိုးလို့ကောင်းတဲ့ အကိုတယောက်ရလာတာပေါ့။ အဲဒီမှာ သူ့ကို အကိုလို့ ခေါ်နေရင်းကနေ မြန်လာတော့ ကိုး ဖြစ်မှန်းမသိဖြစ်သွားတော့တာပါပဲ။

ဒါပေမဲ့ ကြာလာတော့လဲ သူက စနေဆိုရင် မျှော်နေတတ်သလို( နောက်ပိုင်း ကိုးပြောပြလို့ သိရတာပါ) ၊ ကျွန်မကလဲ တနင်္ဂနွေဆို ကိုးလာမဲ့လမ်းကို ငေးနေတတ်လာတယ်။ တခါတလေ. သူငယ်ချင်းတွေနဲ့ စာစုလုပ်ဖို့ သူတို့အဆောင်ကို လိုက်သွားရင်ပဲ ဖြစ်ဖြစ်၊ မိုးမိုး လမ်းကြုံတာနဲ့ ပစ္စည်း ၀င်ပို့လိုက်လို့ စနေတရက်မတွေ့တာနဲ့ တနင်္ဂနွေမှာ ကျွန်မကို ဘယ်သွားနေတာလဲ။ ဘာလို့မလာတာလဲ။ မျှော်နေတယ်ဆိုတာ မသိဘူးလားနဲ့ ပြောတော့တာပါပဲ။ အဲဒီလို ပြောတာကြားရပြန်တော့လဲ စိတ်မကောင်းဖြစ်ရတယ်။ စနေနေ့တိုင်း သွားဖြစ်ဖို့ ကြိုးစားရတာပေါ့။ စာစုလုပ်တာရှိနေရင်တောင် အချိန်မှီ အိမ်ပြန်ပြီး သွားပေးတယ်။ ပုံမှန်.ညနေလေးနာရီဆို သွားနေကျလေ။

နောက်တော့ တခါတလေ တနင်္ဂနွေနေ့တွေမှာ တောင်ငူ ရွှေဆံတော်ဘုရား သွားဖြစ်တယ်ပေါ့။ နှစ်ယောက်ထဲတော့ ဟုတ်ဘူးရယ်နော်။ အိမ်ပြန်ချိန်များဆိုရင်လဲ တခါတရံ စိတ်ကောက်ပြီး ထွက်မတွေ့ရင်၊ အခန်းထဲမှာပဲ စာကျက်နေရင် အဆောင်ဝင်ရမဲ့ အချိန်နီးနေတာတောင် ကျွန်မမျက်နှာ မမြင်ရမချင်း မပြန်ဘူး။ နောက်တော့ အဆောင်ပြန်ချိန် နောက်ကျလို့ အဆူခံထိမှာစိုးတာနဲ့ မျက်နှာစူပုတ်ပုတ်နဲ့ ထမင်းစားခန်းမှာ ရေပဲထွက်သောက်သလိုလို၊ ဧည့်ခန်းမှာ စာအုပ်ပဲ ကျန်ခဲ့သလိုလိုနဲ့ မျက်နှာထွက်ပြရတာပေါ့။ ကိုးကလဲ အဲဒီခါကျမှ ကျွန်မခေါင်းကို ပုတ်ပြီး ဒေါ်စိတ်ကောက်လို့ ပြောပြီးပြန်တာ။

ကျွန်မကျောင်းပြီးလို့ တဘက်ကနေ တောင်ကြီးတက္ကသိုလ်မှာ အဝေးသင်စာမေးပွဲ ဖြေစရာနဲ့ကြူံလာတာမို့ ရှမ်းပြည်ပြန်တော့ စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့တယ်။ သိပ်မကြာပါဘူး။ ကျွန်မနဲ့ တလပဲကွာတယ်။ သူလဲမိတ္တီလာကို သင်တန်းဆင်းပွဲမတိုင်ခင် သွားရတာပါပဲ။ နောက် ဖုန်းနဲ့အဆက်အသွယ် မပျက်ခဲ့ကြဘူး။ မိသားစုချင်းခင်မင်ပြီးသားဆိုတော့ တယောက်သတင်းကိုလဲ တယောက် မပြတ်ကြားနေရတာပဲလေ။ ကျွန်မ ရန်ကုန်ရောက်တော့ ခဏပဲတွေ့လိုက်ရတယ်။ ရေစက်မပါတာထင်တယ်။ တယောက်ဒီရောက်ရင် တယောက်က တခြားတနေရာေ၇ာက်သွားတယ်။

ကျွန်မရဲ့ပိုက်ဆံအိတ်လေးထဲကို သူ့ပတ်စပို့ဆိုဒ် ဓာတ်ပုံလေးထဲ့ပေးခဲ့တာ နောက်ဆုံးပဲ။ အဲဒီဓာတ်ပုံလေးကို လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ စိတ်ဆိုးပြီး ကက်ကြေးနဲ့ ညှပ်လိုက်တာ။ ဒါပေမဲ့ တခြားပုံကိုတော့ ညီမလေး သိမ်းထားပေးလို့ အခုထိရှိနေပါသေးတယ်။ သိပ်မကြာသေးခင်က ညီမလေးကတောင် ထဲ့လာပေးရမလားလို့ စနေသေးတယ်။

ကိုးနဲ့ကျွန်မ စသိတော့ ကျွန်မတို့အသက်.ဆယ့်ကိုးနဲ့ နှစ်ဆယ်ပါ။ အခုဆို.ဆယ်စုနှစ်တခုရှိခဲ့ပြီပေါ့။ ဒါပေမဲ့ ကိုးကလဲ ကျွန်မကို ချစ်တယ်လို့ မပြောခဲ့သလို ကျွန်မကလဲ အချစ်ဆိုတာ မသိခဲ့ပါဘူး။ ခိုင်မြဲတဲ့ သံဃောဇဉ်တခုပဲ ရှိခဲ့တယ်လို့ အခုချိန်မှာ ကျွန်မတွေးမိသွားတယ်။ ထူးဆန်းတာ တခုလေးတော့ ပြောပြမယ်နော်။ ခုချိန်ထိ နှစ်ယောက်လုံး လက်မထပ်သေး၊ ချစ်သူမထားသေးတာပါပဲ။ :))


ဒါပါပဲ။ကျွန်မဇာတ်လမ်းက ဘာမှမရှိဘူး။ ထားခဲ့ဖူးတဲ့ ရည်းစားတော့ ဟုတ်ဘူးနော်။ ဆုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တခုပဲ။ ဗညား.ကျေနပ်မယ်ထင်ပါတယ်နော်။ ဆက်ရေးဖို့ မရှိတော့ပါကြောင်း။ အခုမှ ဗညား အစပြန်ဖော်လို့ ကိုးကို တအား သတိရသွားတယ်။ :)

ကဲ.တော်ပြီ..ကိုးပြီးတော့ တဆယ်၊ ဆယ့်တစ်တွေ မရှိပါကြောင်းလို့ပဲ နိဂုံးချုပ်တယ်။
ဒီခေါင်းစဉ်ကို အဆိပ်ခွက်အိမ် သွားလည်ကတည်းကတွေ့တယ်။ ခေါင်းစဉ်လေးကို သဘောကျတယ်။ သူတဂ်ထားတာတွေလဲ တွေ့ခဲ့တယ်။ အဲ..ကိုယ့်ဘက်ရောက်လာမယ် မထင်ထားခဲ့ဘူး။ အခုတော့ သူငယ်ချင်လေး ခီခန့်(ငပျင်း)က တဂ်လိုက်တာပါ။ ဘ၀မှာ လိုအပ်ချက်တွေ၊ လိုချင်မှု့တွေ အများကြီးပဲ။ ကုန်ပဲမကုန်နိုင်ဘူး။ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေတော့တာပဲ။

ကျွန်မရင်ထဲ စိမ့်ဝင်နေတာတဲ့ စကားလုံးလေးတလုံးပေါ့။ "အိမ်" တဲ့။
အိမ် ဆိုတဲ့စကားလုံးကို တအားကြိုက်တယ်။ ဒီစကားလုံးကို တွေ့ရင်ပဲဖြစ်ဖြစ်၊ ကြားလိုက်ရရင်ပဲဖြစ်ဖြစ် အလိုလို နွေးထွေးလာတယ်။ ပိုသတိရတယ်။ အလိုလိုနေရင်း ပျော်လာတယ်။

"ကမ္ဘာမြေမှာခိုလှုံရန် ခေါ်ဆိုတဲ့အိမ်၊ရံရွေအလည် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်၊ ကျူထရံကာဓနိမိုးလဲ အိမ်၊ နှလုံးသားမှာ နွေးထွေးရင် ဒါဟာလဲ.အိမ် "

ဒီသီချင်းစာသားလေးမှာ နှလုံးသားမှာနွေးထွေးရင် ဒါဟာလဲအိမ်တဲ့။ မှန်ပါတယ်။ ဘယ်နေရာရောက်ရောက် ဘယ်နေရာမှာပဲနေနေ နှလုံးသားထဲမှာ အိမ်ဆိုတဲ့ အသိစိတ်လေးရှိနေရင် အဝေးဆုံးမှာရှိနေရင်တောင် နီးနီးလေးပါပဲ။ ဒီလို အိမ်လေးကို လိုအပ်တယ်။ အမြဲလိုအပ်နေတယ်။ ကိုယ်ဝမ်းနည်းတဲ့အခါ၊ ကျရှုံးမှု့ရှိလာတဲ့အခါ အိမ်လေးက ဘာဖြစ်ဖြစ် နွေးနွေးထွေးထွေး အချိန်ပြည့် ကြိုဆိုနေပါတယ်။ ဒါကြောင့် ကျွန်မဘ၀မှာ အလိုချင်ဆုံးအရာလေးက အိမ်လေးပါပဲ။

အဲဒီအိမ်လေးထဲမှာ ကျွန်မချစ်တဲ့ မိဘမောင်နှမဆွေမျိုးသားချင်းတွေနဲ့ အေးမြပြီး ဘယ်တော့မှမပြောင်းလဲ ချစ်မေတ္တာတွေပြည့်လျှံစွာ အမြဲနေချင်တယ်။ ကိုယ်ရွေးချယ်ထားတဲ့ လမ်းတခုအတွက် အဝေးရောက်နေပေမဲ့ ဒီအိမ်လေးနဲ့ ဒီမေတ္တာတွေဟာ ကျွန်မဘ၀မှာ အလိုချင်ဆုံးနဲ့ အလိုအပ်ဆုံးအရာတွေပါပဲ။

တခြားလိုအပ်တာတွေ လိုချင်တဲ့အရာတွေ အများကြီးဆိုပေမဲ့ ဒီအလိုချင်ဆုံးသောအရာလေးနဲ့ နှိုင်းယှဉ်ရင် မမှီသေးပါဘူးလို့ပဲ ပြောချင်ပါတယ်။

ကဲ ခီခန့်လဲ ကျေနပ်မယ်ထင်ပါတယ်နော်။
ကြာသပတေးညဆိုတော့ မနက်ဖြန် ရုံးပိတ်တယ်။ ( ဒူဘိုင်းရုံးပိတ်ရက်က သောကြာနေ့လေ) ဒီလို ကြာသပတေးညဆို ဒူဘိုင်းရောက်လူတွေ ထုံးစံအတိုင်း မိသားစုလိုက်၊ အဖွဲ့လိုက် ညလုံးပေါက် တနေရာရာ သွားနေကျ၊ (ကမ်းခြေ၊ ကစားကွင်း၊ ပန်းခြံ လူအများကြီးပဲ)။ ကျွန်မတို့လဲ ဘယ်သွားရင်ကောင်းမလဲ ရှာဖွေကြတာပေါ့။ အစက လမ်းထိပ်က ကစားကွင်းမှာပဲ ဆုံဖို့ချိန်းထားကြပေမဲ့ သူငယ်ချင်းသန္တာက ကမ်းခြေမှာ ရေသွားကစားရအောင်ဆိုတာနဲ့ ည၈နာရီခွဲကျော်ကျော်မှာ သန္တာ၊ လူမော်နဲ့ ကျွန်မတို့ သုံးယောက် ကစားကွင်းကနေ ကမ်းခြေဘက်ကို ထွက်ခဲ့ကြတယ်။ အဒေါ်တို့ကို ခေါ်ပေမဲ့ မလိုက်တော့ဘူးဆိုတော့ သုံးယောက်ပဲ ထွက်လာခဲ့ကြတယ်။

လမ်းမှာ ကြောင်တစ်ကောင်နဲ့ တွေ့ပါလေရော။ ကြောင်တွေ့တာများ အဆန်းလုပ်လို့ဆိုပြီး မထင်နဲ့နော်။ ကျွန်မက ကြောင်ဆို အသေကြောက်တာ။ ငယ်ငယ်ကဆို ပိုဆိုးတယ်။ ကြောင်မြင်ရင်ကို နေလို့မရတော့ဘူး။ တအားကြောက်ပြီး မျက်ရည်တွေ ကျလာတတ်တယ်။ အခုနောက်ပိုင်းမှသာ အိနြေ္ဒရလာတာ။ ခပ်လှမ်းလှမ်းကနေ တွေ့ရင် ရတယ်။ နောက် ကြောင်ကလဲ သူဘာသာသူနေရင် ရတယ်။

အခုတော့ မဟုတ်ပါဘူး။ ကြောင်က ကျွန်မကို ကြည့်နေတယ်။ နောက် နောက်ကနေလိုက်လာပါလေရော။ ကျွန်မလဲ ရှူး..ရှူးနဲ့ မောင်းပြီး သူငယ်ချင်းနှစ်ယောက်ကြား ၀င်ပြေးတယ်။ ကြောင်ကလဲ မရဘူး။ အတင်းကပ်လိုက်လာနေတယ်။ ကျွန်မက မုန့်ဗူးကိုင်လာတော့ သူမုန့်လိုက်တောင်းတယ်ထင်ပြီး လူမော်က မုန့်တခုယူပြီး ချကျွေးတာကို မစားပဲ ကျွန်မနောက်ကိုပဲ လိုက်နေတော့တယ်။ ရင်ဘတ်တခုလုံး တဆတ်ဆတ်တုန်နေတော့တာပဲ။ အဲဒီအချိန်မှာ ဘာမှမမြင်တော့ဘူး။ ကြောက်နေတာပဲသိတယ်။ ကျွန်မလမ်းပေါ်အတင်းဖြတ်ကူးပြေးဖို့ လုပ်လို့ သန္တာက နောက်ကအတင်းလိုက်ဆွဲရတယ်။ ကားတွေက အရှိန်တွေနဲ့ မောင်းလာတာလဲ မသိတော့ဘူး။ သန္တာက နောက်ကနေ လိုက်ဆွဲ၊ ကျွန်မက အတင်းလမ်းဖြတ်ကူးနဲ့ဆိုတော့ ကားလမ်းဘေးမှာ ရုတ်တရက်ကြည့်ရင် ရုန်းရင်းဆန်ခတ်ဖြစ်နေသလို ဖြစ်နေပါတော့တယ်။ နောက်တော့ ကျွန်မလက်ထဲက မုန့်ဗူးကြောင့်လား မသိဘူးဆိုပြီး လူမော်က မုန့်ဗူးလှမ်းယူလိုက်ပေမဲ့ ကြောင်က ကျွန်မနောက်ပဲ ဆက်လိုက်နေတယ်။ ကံကောင်းချင်တာက ပလက်ဖောင်းပြင်နေတာဆိုတော့ ကာထားတာပဲ။ ကြောင်က အထဲကနေလိုက်၊ ခုန်ထွက်လာတော့မလိုနဲ့။ ကျွန်မက ရှေ့ကပြေးနဲ့။ နောက်ဆုံး ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သန္တာလက်က အတင်းရုန်းပြီး လမ်းကိုဖြတ်ကူးလိုက်တော့တယ်။ ဟိုဘက်အခြမ်းရောက်တာတောင် စိတ်မချတာနဲ့ ပြေးနေဆဲ။ နောက်တော့ သူငယ်ချင်းတွေ မှီလာတော့ ကြောင်လိုက်မလာတော့ဘူး ဆိုမှ အပြေးရပ်တာ။ ဒါပေမဲ့ ကြောက်တဲ့စိတ်က မပြေဘူး။ သူငယ်ချင်းတွေ အသီးသီးကောင်းချီးပေးပါလေရော။

သန္တာက.." ကြောင်ကိုက်လို့ မသေဘူး။ ကားတိုက်မှသေမှာ"တဲ့။ နောက်ပြောသေးတယ်။ လိုက်ဆွဲတဲ့သူက လူမော်မဟုတ်ပဲ သူဖြစ်နေတာ ကံကောင်းတယ်တဲ့။ အကယ်လို့ လူမော်က လိုက်ဆွဲတာဆိုရင် သေချာတယ် ရဲစခန်းအရောက်ပဲတဲ့။

လူမော်ကလဲ " ဒီမုန့်ကိစ္စကို ဘယ်သူစတာလဲ" တဲ့။ ကျွန်မဗိုက်ဆာတယ်ဆိုလို့ လူမော့်အိမ်ဝင်ပြီး မုန့်သွားယူလာတာလေ။ ကြောင်က ကျွန်မလမ်းဖြတ်ကူးတဲ့အထိ လိုက်ကူးဖို့ လုပ်သေးတယ်တဲ့။

အမလေးနော်..ကံကောင်းလို့။ ကြောင်ကြောက်တာနဲ့ပဲ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်ဆိုပြီး ရဲစခန်းမရောက်တာ။

( ၀ါဆိုသင်္ကန်းကပ်စဉ်.သူကြီးဘုရား ရွာသားကောင်းမှု့ပေါ့.ဥက္ကဌကြီးကိုကူးနဲ့ အတွင်းရေးမှူးမင်းလူမော်အောင်) :)))


(ကားလမ်းပျက်နေလို့ေ၇ွှဘုံသာမုနိဘုရားသို့ ခြေကျင်သွားစဉ်)

(ခရီးစဉ်လေးသို့)

( ဆရာကန်တော့ပွဲမှအမှတ်တရ)

( နေ၀င်တာလေးကြည့်ဖို့ ဘုရားပေါ်အတက်..လှေကားကလဲ မတ်မှမတ်ပဲ )

(မိတ္ထီလာစက်မှုဇုံမှာ)

( ဆရာကန်တော့ပွဲအပြီး စုံစုံညီညီ)

ပုဂံကနေ ပုပ္ပါးကို ခရီးဆက်ကြတယ်။ :( ပုပ္ပါး.မှာ ကားပေါ်ကတောင် မဆင်းရသေးဘူး။ မျောက်တွေအများကြီးက ကြိုနေတယ်။ ကြောက်လိုက်တာ။ ရောက်ပြီးမဲ့တူတူတော့ တောင်ကလပ်ပေါ်ကိုလဲ တက်ချင်သေးတယ်။ သူငယ်ချင်းနားကကို မခွာရဲဘူး။ ပန်းဝယ်တော့ မျောက်စာရောင်းတဲ့သူက လာရောင်းတယ်။ ဒီတော့ မျောက်တွေက လိုက်လာတယ်။ တွေးတာကြည့်ပေတော့။ မလာနဲ့ မ၀ယ်ဘူးလို့ ကြောက်ကြောက်နဲ့ အော်နေမဲ့ရုပ်ကို။ တောင်ပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်ဘူး။ မောလိုက်တာ။ ဆက်မတက်တော့ဘူး။ ပြန်ဆင်းတော့မယ်နဲ့ လုပ်နေပေမဲ့ ငါတို့အကို ကိုစံ စောင့်ခေါ်လို့ တောင်ပေါ်ရောက်လာတာ။ နင်ကတော့ ငါကသာ ကြောက်နေတာ အမျိုးတွေနဲ့ ဓာတ်ပုံရိုက်နေလိုက်တာ မင်းလူမော်အောင် ပြီးမပြီးနိုင်ဘူး။:)) စိတ်ထဲမှာတွေးမိလိုက်တာ။ မျောက်ကိုလဲကြောက်၊ လှေကားတက်ရတာကလဲမောနဲ့ ပုပ္ပါးဘုရားဖူးက ဘယ်လိုပြီးဆုံးသွားတယ် မသိလိုက်ဘူးလို့။

ပုပ္ပါးကနေ မိတ္ထီလာကို ခရီးဆက်ကြတော့ ညနေသုံးနာရီကျော်ကျော်လောက်မှာ ရောက်ပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ဌာနမှူးရဲ့သြ၀ါဒကို ခံယူပြီး စက်မှုဇုံဘက်ကို သွားကြတယ်။ စက်မှုဇုံခန်းမဆောင်မှာ တာဝန်ရှိသူများက နှုတ်ဆက်ပြီး ပြောသွားတာ မှတ်မိလား။ ဒီDMA Batch က ကျောင်းသူကျောင်းသားတွေက ငယ်သေးတယ်တဲ့။ သူတို့အရင် လက်ထက်ကဆို သက်ကြီးပိုင်းများတယ်လို့ ပြောသွားတယ်လေ။:)) စက်မှုဇုံထုတ်ကားအကြောင်း ရှင်းပြပေမဲ့ ငါတအားအိပ်ချင်နေတာနဲ့ နားမထောင်လိုက်ရဘူး။ ခရီးတအားပန်းထားတော့ လူက နှုံးနေပြီလေ။ နောက်ညစာမစားခင် ၀မ်းတော်ပြည့်ကျောင်းမှာ ဓာတ်တော်တွေ သွားရောက်ဖူးကြတယ်။ ဘုန်းဘုန်းက ကျောင်းသားတိုင်းကို ဓာတ်တော်တွေ ကိုးကွယ်ဖို့ ပေးတယ်လေ။

ညစာစားပြီး အပြန်ခရီးဆက်လာကြတာ ညကိုးနာရီလောက်ရှိနေပြီနော်။ ငါပင်ပန်းသွားတယ်ဆိုပေမဲ့ အိပ်မပျော်ခဲ့ပါဘူး။ ဦးစော(ဦးစောဘဂျမင်)က ကျေးဇူးတင်စကားပြောပြီး ခရီးစဉ်တလျှောက်မှာ အားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးတဲ့ သူတွေကို လက်ဆောင်ပေးတယ်နော်။

တောင်ငူရောက်တော့ ညသန်းခေါင်ကျော်နေပြီ။ ငါ့ရဲ့ကျောင်းတော်ကြီးကို အလွမ်းပြေ ညအမှောင်ရိပ်မှာ ကြည့်ဖြစ်အောင်ကြည့်ခဲ့သေးတယ်။ မနက် ခုနှစ်နာရီမှာတော့ ခရီးစဉ်ဆုံးသွားတယ်။ ပျော်ရွှင်ခဲ့ရတယ်။ ရယ်မောခဲ့ရတယ်။ အမှတ်တရအဖြစ်ဆုံး နေ့ရက်များထဲမှာ ဒီခရီးစဉ်လေးက ပါဝင်နေတယ်လေ။ ကျောင်းရောက်တော့ စာကြည့်တိုက်မှူး အန်တီကြီးက မုန့်ဟင်းခါးနဲ့ စောင့်မျှော်နေတယ်နော်။ ရောက်ရောက်ချင်း စားလိုက်ကြသေးတယ်။ ပြီးမှ အိမ်ပြန်ဖို့ လမ်းခွဲကြတယ်။

ခရီးစဉ်လေးကို ကြည့်လိုက်ရင် အမှတ်တရဖြစ်ခဲ့တဲ့အထဲမှာ ထူးထူးခြားခြားကတော့ အားပြုံး( မြ့ပုံးပြုံးခင်ပါ။ ကျွန်မတို့က ချစ်စနိုးနဲ့ အားပြုံးလို့ခေါ်တယ်။ သဘောကောင်းတယ်။) အမြဲနောက်ကျခြင်းပါပဲ။ ဘယ်သွားသွား ဘယ်သူကျန်လဲမေးရင်၊ လူစုံပြီလားမေးရင် အားပြုံးကျန်နေတတ်တယ်။ နောက်ဦးစော(ဦးစောဘဂျမင်ပါ။ သဘောအလွန်ကောင်းသလို၊ ပျော်ပျော်နေတတ်တဲ့ အန်ကယ်ကြီးပါ) ခရီးစဉ်တလျှောက်လုံး ပါးစပ်မပိတ်နိုင်အောင် ရယ်စရာတွေပြောပေး၊ အမှတ်တရဖြစ်အောင် လုပ်ဆောင်ပေးခဲ့တယ်နော်။ နောက်အမှတ်ရစရာဖြစ်ခဲ့သလို ထမင်းငတ်ခဲ့တဲ့ ငါ့အဖြစ်ကလဲ မသေးဘူး။ နင်လုပ်လို့ ငါထမင်းငတ်တာလေ။ အခုမှ အကြွေးဆပ်လိုက်ဦးမယ်။ ကြောင်ကြောက်တတ်မှန်းသိသိနဲ့ ကြောင်လာတာကို မမောင်းပေးမဲ့ ငါ့ဘက်ရောက်လာအောင် တွန်းပို့သလိုဖြစ်လို့ ကြောက်ပြီး ထမင်းမစားတော့ပဲ တနေရာထွက်သွားလို့ နောက်ဆုံးတော့လဲ စိတ်ပူပြီး လိုက်ရှာရတာပဲမလား။ မသက်ကပြောတယ်။ လူမော့်ကို ပြောလိုက်ဦး။ ပြန်ရောက်လာပြီဆိုတဲ့အကြောင်းတဲ့။ မပြောပါဘူး။:(

ကျောင်းပြန်တက်ရတော့ လေ့လာခဲ့တာတွေကို စာတမ်းတင်ပြီး မကြာခင်မှာ အားလုံးအတွက် နောက်ဆုံးစာမေးပွဲကြီး ရောက်လာခဲ့တယ်နော်။ စာမေးပွဲနောက်ဆုံးရက်မှာတော့ နှုတ်ဆက်ပွဲ Dinnerလေး ပြုလုပ်ခဲ့တာ ငါမရောက်လာနိုင်ခဲ့ဘူး။ စာမေးပွဲဖြေပြီး တာနဲ့ မိသားစုနဲ့ ခရီးထွက်လိုက်တာလေ။ ပျော်ရွှင်ကြတယ်လို့ နင်ပြောလို့ သိရပေမဲ့ ငါပါဝင်ခဲ့ရသလို ခံစားရပါတယ်။

ငါတို့ DMA ဆိုတဲ့ စီမံခန့်ခွဲမှု့နှစ်နှစ်တာ ဘွဲ့လွန်သင်တန်းပြီးဆုံးပေမဲ့ အခုချိန်ထိ အားလုံးက သတိတရရှိဆဲ၊ ခင်မင်ရင်းနှီးစွာရှိဆဲနော်။ အချင်းချင်းတွေ့ရင်လဲ ဘယ်သူဘယ်မှာရောက်နေတယ်။ ဘာလုပ်နေတယ်ဆိုတာ အသိပေးကြ၊ မေးကြဆဲပဲနော်။ အားလုံးကို သတိရနေပါတယ်။ ငါတို့တတွေ ပြန်ဆုံပြီး Gateringလေး ကျင်းပကြမဲ့နေ့လေးကို စောင့်နေတယ်။

ကျေးဇူးတင်ခြင်း။။။စီမံခန့်ခွဲမှု့ပညာရပ်ကို သင်ကြားပေးသော ဌာနမှူးနဲ့ ဆရာ၊ဆရာမများကို အထူးကျေးဇူးတင် အောက်မေ့ပါတယ်။ ဒီအမှတ်တရနေ့ရက်များ..DMA( ၂၀၀၅-၂၀၀၇ Batch) ပိုစ့်လေးကို ရေးဖြစ်အောင် ပထမဆုံးအကြံဥာဏ်ပေးခဲ့၊လိုအပ်တာများ၊ မေ့နေတာများကို ပြောပြပေးတဲ့ မင်းလူမော်အောင်၊ လိုအပ်တာများကို ပြောပေး၊ ဓာတ်ပုံပို့ပေးတဲ့ ဇာလေး( ခင်ဇာခြည်ဝင်း)၊နောက် ကွန်မန့်မရေး၊စီဘောက်မအော်ပဲ ( မေလ်းနဲ့ပဲ မန့်ပေးကြတာလေ)အမှတ်တရနေ့ရက်များကို တိတ်တိတ်လေး လာရောက်ဖတ်ရူတဲ့ DMAမောင်နှမများ:)) ၊ နောက် ကျွန်မရဲ့ဘလော့ဂ်မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပိုစ့်လေးမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ ထဲ့သွင်းသင့်တဲ့ အကြောင်းအရာတွေ အများကြီးကျန်ခဲ့ပါတယ်။ ဒီပိုစ့်ကို စရေးတော့ ဘယ်လိုပုံစံနဲ့ရေးရင် ကောင်းမလဲလို့ စဉ်းစားတော့ သူငယ်ချင်းနဲ့ ပြန်အောက်မေ့ပြောပြသလိုလေး ရေးချင်ခဲ့တယ်။ ဒါပေမဲ့ နာမည်တပ်ရေးလိုက်တော့ တချို့သော စာလာဖတ်တဲ့သူက မင်းလူမော်အောင်တစ်ယောက်ထဲ ဖတ်ဖို့ရေးတာလားလို့ မေးတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဓာတ်ပုံများပေးပို့ပေမဲ့ အဆင်ပြေမယ်ထင်တဲ့ ပုံတချို့လေးကိုပဲ ဝေမျှလိုက်ပါတယ်။။။။
တညနေ ကျွန်မနဲ့ လူမော် စကားပြောရင်း ကျွန်မတို့ DMA မောင်နှမတွေ ပုဂံကို Thesis အတွက် နဲ့အတူ မောင်နှမတွေ ဘုရားတူတူသွားဖူးကြတဲ့ Long Trip ထွက်တုန်းက ပုံလေးတွေ၊ နောက် အခြားကျောင်းမှာ စုပေါင်းလုပ်ဆောင်ပုံတွေကို ကြည့်ရင်း ရေးလက်စ အမှတ်တရနေ့ရက်များ.. DMAကို ဆက်ရေးဖို့ ကျန်နေသေးတာ သတိရလာတော့တယ်။ ပုဂံခရီးစဉ်လေးကို ပြန်အောက်မေ့လိုက်မိတဲ့အခါမှာတော့..
့Long Trip ကိုထွက်ဖို့ ဒေသရွေးတော့ မဲများတဲ့ ပုဂံက ယွန်းလုပ်ငန်းလေ့လာမယ်။ သူငယ်ချင်းတွေ တူတူဘုရားဖူးမယ်။ အပြန်မှာ မိထ္တီလာစက်မှု့စုံကို လေ့လာမယ်ပေါ့။ ငါတို့ တတွေအတွက် အမှတ်ရစရာ နေ့ရက်များမှာ ဒီခရီးစဉ်လေးက မေ့မရတဲ့ ပျော်ရွှင်စရာ ဖြစ်ခဲ့တယ်နော်။
ဇန်န၀ါရီလ.၃နေ့ခင်းပိုင်းမှာ New Motion Tour နဲ့ ထွက်ခဲ့ကြတယ်။ Tour guaid အနေနဲ့ ကိုလင်း၊ ကိုထိုက်တို့ လိုက်ပါလာကြပြီး၊ ငါတို့ကျောင်းသားအုပ်စုကို ဦးစီးတာကတော့ ဆရာမဒေါ်လှလှမွန် နဲ့ ဒေါ်ခင်ခင်စီ်။ ပြည်လမ်းအတိုင်း ခရီးစခဲ့ကြတယ်။ ကားစထွက်တာနဲ့ ကိုဝဏ္ဏနဲ့ မနီတို့စုံတွဲက စွယ်တော်လေးဆူပုံတော်နဲ့ မီးခြစ်လေးဝေတယ်။ (အဟဲ.မီးခြစ်က ဘာသဘောလဲဟင်း..အခုမှ မေးလိုက်ပါရစေဦး၊) ငါတို့တတွေ ပြည်ရောက်တော့ န၀ဒေးတံတား ဟိုဘက်က.ရွှေဘုံသာမုနိဘုရားကို ရောက်အောင်သွားဖူးကြတယ်။ လမ်းတအားကျဉ်းနေလို့ ( လမ်းပျက်နေလို့လား ..မသိဘူးနော်) လမ်းလျှောက်သွားကြတယ်လေ။ နောက် ပြည်ရွှေဆံတော်ဘုရားကို ဖူးကြတယ်။ ပြည်သူပြည်သားများဖြစ်ကြတဲ့ ကိုကောင်းမြတ်က အိမ်ကို အပြေးပြန်သွားသေးတယ်။ မချိုချိုအောင်ကလဲ မိဘလာတွေ့သေးတယ်နော်။ ဆိုးခဲ့တေခဲ့တယ်ဆိုတဲ့ ( ကိုကောင်းမြတ်ပြောတာနော်..:P) GTIကျောင်းတော်ကြိး ကို ပြခဲ့သေးတယ်။ နောက် ပြည်မြို့ကို ထွက်စမှပဲ ငါက တပတ်ကြိးကို ခြုံပြီး အိပ်ဖို့ကြိုးစားနေလို့ ကိုကောင်းမြတ်က “ ရှမ်းပြည်သူ.အအေးကြောက်လှချည်းလား.အစောကြီးရှိသေးတယ်ဆိုပြီး လာလာစနေတယ်။ အဲ.ညပိုင်းကို ချောက်၊ ရေနံချောင်း၊စတဲ့ မြို့လေးတွေကို ဖြတ်ခဲ့တော့ ကားတစီးထဲမှာ ရာသီဥတု နှစ်ပိုင်းဖြစ်နေတယ်။ နင်တို့ထိုင်တဲ့ေ၇ှ့ပိုင်းမှာ ရေခဲတောင်ကို ရောက်နေတယ်ထင်ကြသလို၊ ငါတို့နောက်ပိုင်းမှာ ထိုင်သူတွေကတော့ မီးတောင်ကို ခုထိုင်ထားသလိုပါပဲ။ နင်တို့ကေ၇ှ့ကနေ အေးလို့ ကားသမားကို အအေးလျော့ခိုင်းလိုက်၊ ငါတို့က အနောက်ကနေပြီး ပူလာပြီး အသက်ရူမ၀လာလို့ အအေးပြန်တင်ခိုင်းလိုက်နဲ့ ကားသမားလဲ စိတ်ညစ်နေမှာပဲနော်။ မနက်သုံးနာရီကျော်ကျော်မှာ ပုဂံကို ရောက်ပါပြီ။ တည်းခိုမဲ့ ကေတုမတီဒိုင်နက်စတီဟိုတယ်ကို ရောက်တော့ နှစ်ယောက်တခန်းပေးတယ်။(နှစ်ယောက်တအိမ်လို့ပြောရင်ရတယ်နော်။) အညာဒေသထွက် ထန်းလုံးတွေနဲ့သာဆောက်ထားတဲ ချစ်စရာ့ဘန်ဂလိုပုံစံလေးတွေနော်။ Guide ကြီး ကိုလင်းက morning call ကို မနက်ငါးနာရီခေါ်မယ်လို့ ပြောတော့ အော်လိုက်ကြတာ။ ရောက်တာပဲ သုံးနာရီကျော်နေတဲ့ဟာကိုနော့။ ဒါပေမဲ့ အားလုံးက ခြောက်နာရီကျော်မှာတင် ပြင်ဆင်ပြီးနေပြီ။ တက်ကြွနေကြပြီ။ မနက်စာ စားသောက်ကြတော့ နင်နဲ့ ကိုသောင်းထိုက်( PMG ) တို့ ငါ့ကို လာစကြသေးတယ်လေ။ ဘယ်သူလဲ ဒီဟိုတယ်အကြောင်းကို ရေးတာတဲ့။ အဟဲ လက်စွမ်းပြထားတာ။ မနက်စာစားပြီးတော့ ပထမဆုံးဘုရားစဖူးလိုက်တာ မနူဟာဘုရားနော်။ ဘုရင်ကြီးခမျာ သနားပါတယ်နော်။ သူစိတ်ကျဉ်းကျပ်စွာနေထိုင်ခဲ့တာကို သက်သေပြသွားတယ်။ နောက်ဦးဘငြိမ်း ယွန်းထည်လုပ်ငန်း သွားလေ့လာတယ်။ ယွန်းလုပ်ကိုင်ပုံအဆင့်ဆင့်ကို လေ့လာမေးမြန်းမှတ်သားပြီးတာနဲ့ ယွန်းပစ္စည်း တွေ ၀ယ်ကြတယ်။:) နင်ပြောသလိုပဲ စီးပွားရေးကျောင်းသားတွေ ကိုယ်ဘာသာကိုယ်လည်လှဆိုပြီး ဈေးဆစ်ကြတာ..အဟတ်.သူတို့က ဈေးတင်ပြီးသားကြီးကို ခံနေရတာမသိဘူး။ နောက် ဘုရားဖူးလိုက်၊ ဟိုတယ်လုပ်ငန်းလေ့လာလိုက်နဲ့ တနေကို ကုန်ရောနော်။
နင်သိလား.နေ့လည်ကဖူးတဲ့ ဘုရားတွေထဲမှာ မြစေတီရောက်တော့ အောင်မြေဆိုတဲ့ နေရာကွက်လေးကနေ ရှိခိုးသင့်တယ်လို့ ဘုရားမှာရှိနေတဲ့ ကလေးလေးက ပြောတာနဲ့ :) အဲဒီမြေထဲဝင်တော့ အော်ကြပါလေရော."ဘာဖြစ်လို့လဲ" မေးတော့ "အမ၀င်တာ ဘယ်ခြေနဲ့တဲ့ အမှန်က ညာဘက်ကနေလှမ်းရတာ"တဲ့.ငါလဲ ဘာဆက်လုပ်ရမလဲဆိုတာ မေးတော့ ပြန်ထွက်ပြီး ၀င်ရင်ရတယ်တဲ့။ ညနေပိုင်းမှာ ပုဂံနန်းမြင့်မျှော်စင်ကို သွားလည်ကြတယ်။
နောက်တနေ့မနက်မှာ ပုဂံရောက်ရင် ဘုရားဖူးများ ရဲ့ စွယ်တော်လေးဆူကို နေမွန်းမတည့်ခင်ဖူးတာကို သွားဖို့ စောစောစီးစီးပဲ တန့်ကြည်တောင်ကို အရင်သွားဖို့ လှေဆိပ်ဆင်းကြတယ်နော်။ :( အေးချက်ကတော့ ပြောမနေနဲ့။ အဲဒီမှာ ငါနဲ့ပုဂံစတွေ့တာပဲ။ ရှမ်းပြည်သူ..ပုဂံအေးတာလောက် စာမဖွဲ့ဘူးဆိုပြီး အနွေးထည်ယူမလာတာပေါ့။ စက်လှေပေါ်မှာ တုန်နေလို့ သူငယ်ချင်းဖက်ထားပေးရတယ်။ ဒါတောင်အချမ်းမပြေဘူး။ တန့်ကြည်တောင်ပေါ်မှာ ဆွမ်းရေချမ်းကပ်တော့ ကိုယ့်နေ့နံဒေါင့်မှာပဲ လုပ်မယ်ဆိုပြီး.စနေဒေါင့်ကို လိုက်ရှာတာ:) နီးရက်နဲ့ဝေးဆိုသလိုပဲ တပတ်ကြီးထပ်ပတ်ပြီးမှ အစနေရာကို ပြန်ရောက်လာမှ သေချာကြည့်မိတယ်။ ကိုယ်စထွက်တဲ့နေရာက စနေဒေါင့်ဖြစ်နေတယ်။ ငါးပါးသီလအသေအချာခံ ဆွမ်းရေချမ်းကပ် တစ်ဆုတည်းတောင်းခဲ့တယ်။ နောက်လောကနန္ဒာဘုရားကို ဆက်ဖို့ ထွက်လာတော့ မြူတွေဆိုင်းနေတာ ဘာမှမမြင်ရလို့ ရေလယ်မှာ စက်လှေရပ်နားခဲ့ရတယ်။ ဘာဆိုဘာမှမမြင်ရဘူးနော်။ မြူတွေရယ်ဆိုင်းနေလိုက်တာ။ ဒါကြောင့် နောက်ကျမှ လောကနန္ဒာကို ရောက်တော့ နေမွန်းမတည့်ခင်ပြီးအောင် ကသုတ်ကရက်တွေ ဖြစ်ကုန်ရော။ နောက် တုရင်းတောင်ကို ဆက်ကြတယ်။ အဲဒီမှာ စတွေ့တာက ကိုထိုက်ဆိုတဲ့ tour guide ။ မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေ၀င်ပြေးလှည့် ဆိုပြီး တန့်သွားတယ်( မေ့သွားတာ မေ့သွားတာ) မျက်နှာကြီးနီရဲပြီး ဘာဆက်ဆိုရမယ်မသိဖြစ်နေတုန်း ကဗျာလေးကို DMA ကျောင်းသားများကပဲ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊နန္ဒာပေလော၊ တူစွဟုတ္တာ လို့ ဆက်ဆိုပေးရပါတယ်။ ဒါလေးက အမှတ်တရတခုလေးပဲနော်။ မပြီးသေးဘူး။ ကိုထိုက်တို့ ဆက်လက် ပညာစွမ်းပြချက်က ဆက်ဖတ်နော်။ ရွှေစည်းခုံကို စွယ်တော်လေးဆူမှာ နောက်ဆုံးတဆူအနေနဲ့ အရောက်သွားတော့ ကိုထိုက်ပြောလိုက်တာ တော်တော်လေးကို ရှင်းလင်းသွားပါတယ်။ အခုသွားနေတဲ့ ရွှေစည်းခုံဘုရားဟာ ဘုရားကြီးဖြစ်ပါတယ်တဲ့။ ထပ်မေးစရာတောင်မလိုတော့ပါဘူး။ ရွှေစည်းခုံဘုရားရောက်တော့ အေးအေးဆေးဆေးမို့ အားလုံးက ဆွမ်းရေချမ်းကပ်ပြီးတာနဲ့ လှည့်လည်နေလိုက်တာ ကားပေါ်လဲတက်လာကြရော တော်တော်များများ မျက်နှာမှာ သနပ်ခါးတွေနဲ့ပါတကား…( စောင်းတန်းက သနပ်ခါးတွေကို အသုံးချလာကြတာလေ)
နောက် ငှက်ပစ်တောင်ကို သွားကြတယ်။ အာနန္ဒာ၊ ဗူးဘုရားစတဲ့ ပုဂံဘုရားတော်တော်များများ ဖူးရတယ်။ မနက်နဲ့ ညစာကို နန္ဒစားသောက်ဆိုင်မှာ အညာပုဂံရဲ့အငွေ့အသက်နဲ့ တည်ခင်းပေးတာ သိပ်ကောင်းတာပဲ။ ရုပ်သေးပွဲလေးကို တော်တော်သဘောကျတယ်။
ပုဂံမှာ သုံးရက်သုံးည နေဖြစ်ကြတယ်။ ပုဂံရဲ့နောက်ဆုံးညလေးမှာ ဟိုတယ်မှာ ပြုလုပ်တဲ့ ညစာစားပွဲလေးက (ရေးမယ်နော်။။စိတ်မဆိုးကြေး..) ပျော်စရာလဲမကောင်းဘူး။ ဘယ်လိုကြီး ပြီးသွားမှန်း မသိလိုက်ဘူး။ အမှန်က မောင်နှမတွေ စုစုစည်းစည်းပျော်ရမဲ့ညလေးနော်။

ဆက်ရေးပါဦးမည်။။။။
မနေ့ညနေ ကျွန်မရုံးကနေထွက်လာတော့ ၆နာရီတော်တော်ကျော်နေပြီ။ ရုံးဆင်းတာ ကြာပြီဆိုပေမဲ့ သူငယ်ချင်းဆီ ဖုန်းဆက်ပြီး စကားပြောနေတာနဲ့ နောက်ကျသွားတယ်။ မှတ်တိုင်ရောက်တော့ ခြောက်နာရီခွဲနေပြီ။ နောက်ကျပြီလို့ ကျွန်မတွေးလိုက်မိပေမဲ့ အဲဒီလို နောက်ကျလိုက်တဲ့ အခိုက်အတန့်လေးကြောင့် ကျွန်မနှစ်နှစ်နီးပါး အပြင်မှာ မဖူးရတာ ၊မမြင်ရတာ ကြာပြီ ဖြစ်တဲ့ တန်ဖိုးဖြတ်မရတဲ့ အ၀ါရောင်သင်္ကန်းနဲ့ မြတ်ဘုရားသားတော်တစ်ပါးကို ဖူးတွေ့လိုက်ရလို့ပါပဲ။
ကျွန်မစီးလာတဲ့ X28 Busလေး terminal-1 , Arrival ကိုရောက်တော့ လူတွေအများကြီးကြားကနေ အ၀ါရောင်သင်္ကန်းကို ကျွန်မမြင်လိုက်ရတော့ စစချင်း ကြောင်သွားတယ်။ မျက်စိများမှားသလားလို့ အံအားသင့်သွားတယ်။ ကျွန်မအသေအချာကြည့်တော့ သေချာတာပေါ့။ အ၀ါရောင်သင်္ကန်းနဲ့ ကိုယ်တော်တစ်ပါးကို ရှုင်းရှင်းလင်းလင်း ဖူးလိုက်ရတယ်။ ထိုင်းဘုန်းတော်ကြီးလို့ ယူဆရပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံက ကိုယ်တော်ပဲဖြစ်ပါစေ။ ကျွန်မတို့ ဗုဒ္ဓရဲ့သားတော်ပါပဲ။ ကျွန်မလက်အုပ် အလိုလိုနေရင်းချီပြီးသား ဖြစ်သွားသလို ကြက်သီးများထကာ မျက်ရည်တောင်ဝဲလာမိတယ်။
ကျွန်မ.အခုလို ဒူဘိုင်းရောက်ကတည်းက အခုချိန်ထိ ဗုဒ္ဓသားတော်တစ်ပါး၊ အ၀ါရောင်သင်္ကန်းကို မတွေ့မမြင်ရ မဖူးရတာ တစ်နှစ်ကျော်နှစ်နှစ်နီးပါး ရှိသွားပါပြီ။ ကျွန်မ ချက်ချင်းကားပေါ်က ဆင်းပြီး သွားရောက်ပြီး ထိခြင်းငါးပါးနဲ့ ကန်တော့ချင်ပေမဲ့ Bus မှတ်တိုင်ကနေ ထွက်ခွာနေပြီမို့ ဘယ်လိုမှ ဆင်းလို့ မရခဲ့ပါဘူး။ Bus ပေါ်ကနေပဲ ကိုယ်တော်ဘုရားကို ကျွန်မဖူးလို့ရတဲ့အထိ လည်ပြန်ကို ဖူးလာတာပါ။ ကားပေါ်မှ လူများက ကျွန်မကို ကျွန်မရဲ့လုပ်ရပ်ကြောင့် ဘယ်လိုပဲ စိတ်ဝင်စားစွာ ကြည့်နေပါစေ။ ဂရုမစိုက်ဘူး။ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်ရတာကို ကျွန်မဂုဏ်အယူဆုံးအရာတခုပါ။ ကျွန်မအိမ်ရောက်တော့ သူငယ်ချင်းကို ပြောပြတော့ သူလဲ ဟုတ်လား ဟုတ်လားနဲ့ ၀မ်းသာအားရ မေးနေတော့တယ်။
ကျွန်မ.ရုံးကနောက်ကျပြီး ထွက်လာခဲ့တာ အရမ်းတန်ပါတယ်။ တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ အဲဒီလို အ၀ါရောင်သင်္ကန်းနဲ့ရဟန်းတစ်ပါးကို ဖူးတွေ့ရတဲ့ အခိုက်အတန့်လေးကို ကျွန်မ တအားကြည်နူးနေတယ်။ ကျွန်မကြည်နူးခဲ့ရတာကို မောင်နှမများအား ဝေမျှလိုက်ပါတယ်။
ကျွန်မစဉ်းစားမိတယ်။ ကျွန်မဘ၀တစ်လျှောက်လုံး လွဲခဲ့တာတွေ၊ကိုးရိုကားယားဖြစ်ခဲ့တာတွေအပြင် မသိမသာနဲ့ ပြင်သင့်နေတဲ့ အချက်လေးတွေရော မရှိဘူးလားလို့။ ဒါနဲ့ ချရေးကြည့်လိုက်တယ်။

၁။ အမြဲနောက်ကျတတ်တယ်။ နေရာ၊အချိန်တိတိကျကျချိန်း ပိုဆိုးတယ်။ ၀ီရိယထား လုပ်တာပဲ အလိုလိုကို နောက်ကျနေတော့တာပါပဲ။ အကြောင်းကြောင်းကြောင့်တွေနဲ့ချည်းပဲ။ သူငယ်ချင်းများကတော့ ဒီလိုအကျင့်ရှိတာ သိနေတော့ ကျွန်မကို အချိန်စောပြောပြီး လာရင်တောင် စောင့်နေရတယ်လို့ မှတ်ချက်ပြုခံရတယ်။ အခုချိန်ထိပါပဲ။ ကဲ သူငယ်ချင်းတို့ရေ..နေရာတကာနောက်ကျတတ်တဲ့ ကျွန်မကို အချိန်လေးနည်းနည်းပေးပြီး စောင့်ပေးနိုင်မလား? ကျွန်မလဲ ပြင်ပါတော့မယ်။ (စောင့်နေရတာ အားနာလို့:)) )

၂။ စိတ်ဆိုးစိတ်ကောက်မြန်မိတာကလဲ ဒုံးပျံယာဉ်အလားပါပဲလားနော်။။အင်းးးးးးခက်တော့နေပြီ။ တစ်ယောက်ယောက်ကို စိတ်ဆိုးမိရင် တခြားမဆိုင်တဲ့သူတွေကိုပါ စကားမပြော ဘာမပြောနဲ့ အားလုံးကို သိမ်းကြုံးပြီး စိတ်ကောက်တော့တာပါပဲလားနော်။ ပြီးတော့လဲ.စိတ်ကောက်ရင် ထမင်းမစား ဟင်းမစားနဲ့ တနေကုန်တနေခမ်း ကောက်တော်မူနေတတ်တယ်။ဒါပေမဲ့ မုန့်လေးတော့ စားပါတယ်။ နောက်တခါ စိတ်ကောက်ရင် မုန့်လာပို့ကျနော်။ အဲဒီနေ့ မုန့်ပိုစားတတ်လို့:)) ဒါလဲမဖြစ်သေးဘူး။ ပြင်ရမယ်။ ကြာရင် အစာအိမ်ဖြစ်လိမ့်မယ်။ မဆိုင်သူတွေလဲ အနေအထိုင်ကျပ်လိုက်မယ်။

၃။ အင်းးအဆိုးဆုံးအကျင့်များလား မသိဘူး။ တခုခုလိုချင်ပြီဆိုရင် ရအောင်ယူရမှ။ မရမချင်း ဒီတခုကိုပဲ စိတ်ထဲစွဲနေတတ်တယ်။ တခြား ဘာမှစိတ်မ၀င်စားနေဘူး။ အဲ..အဲဒီလိုချင်တဲ့ပစ္စည်းလေးကို ရတဲ့အချိန်၊ လက်ထဲရောက်လာတဲ့အချိန် လုံးဝ (လုံးဝ)လိုချင်စိတ်မရှိတော့ဘူး။ ပစ်ထုတ်ချင်နေတာပဲ သိတယ်။ ဒါကြောင့် အိမ်က ကျွန်မလိုချင်တာဆို ချက်ချင်းဝယ်မပေးရဲဘူး။ ရတာနဲ့ ဟိုနားပစ်ထား ဒီနားပစ်ထားနဲ့ အလကားပိုက်ဆံကုန်တယ်။ ရိုက်ပစ်ဖို့ ကောင်းတယ်နော်။ ( :P စကားအဖြစ်ပြောတော့ တကယ်မရိုက်ရပါဘူးနော်)

၎။ ဒီအချက်လေးကတော့ လူလည်ကျတာများလား မသိဘူး။ တခုခုချက်စားတော့မယ်။ လုပ်တော့မယ် ဆိုရင် ကျွန်မက ပါးစပ်ကလေးနဲ့ ဒါလေးထဲ့လိုက်၊ ဟိုဟာလေး ဒီလိုလုပ်လိုက်နဲ့ ဖတ်ဖတ်ကို မောနေတော့တာပါပဲ။ ဒါကြောင့် ကျွန်မကို သူငယ်ချင်းများ မှတ်ချက်ပြုတာကတော့ ဗိုလ်ကတော်ဟင်းချက်နည်းတဲ့။ ဒါလဲမကောင်းဘူး။ ပါးစပ်ပဲ ချက်တတ်တာနဲ့ တကယ်လက်တွေ့ကျကျ ချက်တာမတူဘူးလေ။ မိန်းကလေးတယောက်အနေနဲ့ ပိုမဖြစ်သင့်ဘူးပေါ့။

၅။ အဲ..ဒီအချက်က ဘယ်တော့ကများ စလာတာပါလိမ့်နော်။ အူကြောင်ကြောင် အကျင့်လေးပဲ။ ကျွန်မရှေ့က သွားနေတာကို နောက်ကနေ နာမည်တပ်ပြီးပဲ ခေါ်ခေါ်၊ ဒီအတိုင်းပဲ လိုက်ခေါ်ခေါ် ကြားတယ် ဘယ်တော့မှ လှည့်မကြည့်တတ်ဘူး။ အဲဒီလို လိုက်အော်ခေါ်တာကို မကြိုက်လို့။ တကယ့်ခင်မင်ရင်းနှီးသူဖြစ်ပစေ။ တခါတလေများဆို မောင်နှမတွေတောင်ပါလိုက်သေးတယ်။ ကြားရက်သားနဲ့ လှည့်ကိုမကြည့်တတ်တာ။ :D ကောင်းဘူးနော်။ တွေးကြည့်ရင် တဖက်သား ဘယ်လိုခံစားသွားရမလဲနော်။ ကိုယ်တချက်လေး လှည့်ကြည့်လိုက်လို့ ဘာမှမဖြစ်သွားပါဘူးနော်။ ပြင်တော့မယ်..ဒီအချက်လေးကို ထိပ်ဆုံးထားပြီး ပြင်တော့မယ်။

ကဲ..မသိမသာနဲ့ တော်တော်ဆိုးဝါးတဲ့ အကျင့်လေးတွေပါလားနော်။ လူဆိုတော့လဲ အမှားဘယ်ကင်းမလဲနော်။။အဟဲ.ဒီလိုအမှားမကင်းတဲ့ သူများထဲမှာ ကျွန်မမောင်နှမတွေကော ပါသလားဆိုတာ သိချင်လိုက်တာနော်။
အစိမ်းရောင်ခြယ်သခြင်း ခံရသောသူများကတော့ ကံထူးရှင်ပါပဲ။
အပြာရောင် မောင်နှမတွေကတော့ အချိန်ရရင် ဖြေပေးပါလို့ တောင်းဆိုခံရသူတွေပါ။

လူကြီးမင်းများကတော့..
မော(၀်)မောင်နှမတွေကို ချစ်လို့ဆိုပြီး ခဏခဏတဂ်နေတတ်တဲ့ တောင်ပေါ်သား ၊
မော(၀်)မြေအတွက် အိတ်စိုက်ခေါင်းစိုက်ပေးတဲ့ ကိုကြယ်စင်မင်း

ကိုယ့်Adminလေးကိုလဲ ဒီအတိုင်းထားလို့ ဘယ်ရမလဲနော်..မောင်ရဲ
(စာမေးပွဲပြီးမှ အကြွေးဆပ်လဲရတယ်နော့)၊
ကိုယ့်အကြိုက်ဆုံး စာရေးသူကို ဒီအတိုင်းထားလိုက်လို့် ဘယ်ဖြစ်မလဲ..ကိုဖိုးစိန်၊
ကန္တာရမိုးစက်လေး ဆက်လက်ရှင်သန်အောင်မျှော်လင့်ခြင်း အလင်းရောင်ပေးတဲ့ ပထမဆုံးသော
ပရိသတ်ကြီး အများသိတဲ့.ဦးချစ်ဖေ ..ကိုဝင်းဇော်၊
မူးလာရင် အင်မတန်မှ အရစ်တော်တဲ့..အိုက်ခိလောက်၊
ပျင်းနေတယ်ဆိုလို့ပါ..ချယ်ရီလန်းသံဃောဇဉ်လေးကလဲ မသေးလှဘူးနော်.. အိုက်ခီခန့် (ငပျင်း)၊
အိမ်ကို အမြဲ လာလာလည်ပြီး စာရေးကောင်းတဲ့ ...တလနွန်

မိန်းမချောလေးတွေပေါ့..

အိမ်သစ်လေးမှာ ကဗျာလေးတွေသီတဲ့...မကြီးရောင်ပြန်၊
တအားချစ်ရပါသော ကိုယ့်မကြီးကို သတိတရလေးပါ..မကြီးကီ၊
မပါမဖြစ် အချစ်ရဆုံးသောညီမလေး...လင်း၊
တွေ့ချင်တယ်ချည်း အော်နေတဲ့ ကောင်မလေး..ဇော်

အပြာရောင်စာရင်းဝင်နေတဲ့ အောင်ဦး ( လုံးဝမအားနေဘူးဆိုတော့..အားနာလို့)
ကြယ်ပြာ ( အလုပ်အသစ်ကိစ္စနဲ့ အလုပ်တွေ ရှုပ်နေမှာစိုးလို့)
မိုးသောက် (ပျောက်နေတာ၊ ပိုစ့်အသစ်မတင်တာ ကြာနေပြီ။)
စနေသား( ခွင့်နှစ်လယူထားလို့ပေါ့.စာမေးပွဲဆိုလို့ပါ)
လင်းကြယ်ဖြူ ( vacation ပြန်ချိန်နဲ့ တိုက်နေလို့နော်) ..

သူတို့ကိုလဲ မေးချင်နေတာနော်။ အားနာလို့။ အချိန်ရရင်တော့ ရေးပေးပါဦးလို့ တောင်းဆိုပါတယ်နော်. ဘယ်လိုလေးများ မသိမသာနဲ့ ပြင်သင့်နေတယ်လို့ ထင်တဲ့ အကျင့်လေးတွေ ရှိတယ်ဆိုတာ သိချင်လို့ပါ။