Kish ပြန်လာပြီးချိန်မှာတော့ သတင်းစာထဲ ကြော်ငြာထပ်ထဲ့လိုက်တယ်။ အပြင်ပန်းသာ ကြည့်ရင် လူက အေးဆေးလို့ထင်၇ပေမဲ့ တကယ်ဆို စိတ်ထဲမှာ ဒီသုံးလအတွင်း အလုပ်ရမှဖြစ်တော့မယ်ဆိုတာ တွေးနေမိတယ်။ နောက်တခါ အိမ်ကို ငွေပြန်တောင်းရအောင် စိတ်ကမရဲတော့သလို၊ အရှုံးနဲ့ အိမ်ပြန်ရမှာကို မလိုချင်ဘူး။ ဒီတခါဆို အိမ်ကလဲ ကိုယ်တိုင်လာခေါ်နိုင်တယ်လေ။ အရင်ကတော့ ဘုရားရှိခိုးတာလောက်တော့ လုပ်တာပေါ့။ အခုကျတော့ အဓိဌာန်တွေပါ ၀င်ပြီး ဆုတွေဘာတွေ တောင်းရတဲ့အဆင့်ဖြစ်ကုန်ပြီ။ လူလဲ ကြိုးစားမှု့ရှိရတယ်လေ။
မတ်လ ၅ရက်နေ့ညမှာ ဒူဘိုင်းပြန်ရောက်တယ်။ ၆ရက်နေ့မှာ သတင်းစာတိုက်သွား ကြော်ငြာထဲ့တာပေါ့။ ကြော်ငြာထဲ့ပြီးတာနဲ့ အင်တာဗျူးတွေလဲ တောက်လျှောက်သွားရတာပဲ။ အဲဒီလိုပဲ ကျွန်မကို တောက်လျှောက်ဖုန်းခေါ်နေတဲ့ ကုမ္ပဏီလဲရှိတယ်။ တနေ့တည်း ငါးခါဆက်တယ်။ အင်တာဗျူးလာဖို့ပဲ ခေါ်နေတယ်။ ကျွန်မနေတဲ့ နေရာနဲ့ နည်းနည်းဝေးတော့ မသွားချင်နေဘူး။ ဒီလောက် အင်တင်တင် လုပ်နေတာကို ညကြီးတောင် ဖုန်းဆက်ခေါ်တော့ အဒေါ်က ကဲ..ဒီလောက်တောင် ခေါ်နေတာ။ ဘယ်လောက် စိတ်ဝင်စားနေသလဲ မသိဘူး။ သွားကြည့်ရအောင် အဲဒီ အင်တာဗျူးဆိုပြီး အဒေါ်ကိုယ်တိုင် လိုက်ပို့တာ။
အမှန်ဆို ကုမ္ပဏီတည်နေရာက လွယ်လွယ်လေး မိန်းလမ်းဘေးမှာတင်။ အဲဒါကို ကျွန်မတို့ ရှာမတွေ့နေဘူး။ နောက်ဆုံးလှည့်ပြန်ဖို့ စိတ်ကူးကြတယ်။ ဒါပေမဲ့ သူဌေးမ ကိုယ်တိုင်လာခေါ်လို့ ရုံးခန်းကို ရောက်ရှိသွားပါတော့တယ်။ တခါမှ မကြုံဖူးတဲ့ အင်တာဗျူးလေးပါ။ ကျွန်မကို meetingခန်းထဲမှာ အင်တာဗျူးတော့ အမှန်ဆို သူတို့ သိချင်တာကို မေးရမယ်။ ကျွန်မက ဖြေရမဲ့သူ မဟုတ်လား။ ပြီးတော့ အရည်အချင်းစစ်၊ ကြိုက်ရင်ခန့် မကြိုက်ရင် နောက်အကြောင်းပြန်လိုက်မယ် ဘာညာတခုခုပြောမှာပေါ့နော်။
အခုကျွန်မကြုံရတဲ့ အင်တာဗျူးကတော့ ကျွန်မကို မြင်ကတည်းက တန်းခန့်ပြီးသားပဲ။ ဘာတခုမှ မမေးဘူး။သူဌေးမကပဲ ကုမ္ပဏီက Real Estate Company ပါ။ Real Estate ဆိုတော့ လုပ်ငန်း သဘောသဘာဝက ဘယ်လိုရှိတယ်။ ကျွန်မကို အတွင်းရေးမှူးအနေနဲ့ ခန့်မယ်။ လစာ ဘယ်လောက်ပေးမယ်။ တခါတည်း တန်းပြောတော့တာပဲ။
ကျွန်မလဲ ကြောင်သွားပြီး မဟုတ်ဘူး။ ကျွန်မ ရုံးပိုင်းဆိုင်ရာလုပ်ချင်တာ မှန်ပါတယ်။ ဒါပေမဲ့ အတွင်းရေးမှူးတော့ မဖြစ်နိုင်ဘူး။ ကျွန်မမှာ အတွေ့အကြုံလုံးဝမရှိဘူးဆိုတာကို ။ရတယ်။ အားလုံးသင်ပေးမယ်ဆိုတာချည်းပဲ။ ဗီဇာလဲ ချက်ချင်းလုပ်ပေးမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မနက်ဖြန်လာပို့ဖို့ ပြောပါလေရော။ဒီလိုနဲ့ အင်တာဗျူးပြီးဆုံးသွားတယ်လေ။ မရွယ်ပဲစော်ကဲ မင်းဖြစ်ဆိုသလိုပေါ့။ ရုံးပိုင်းဆိုင်ရာမှာပဲ လုပ်ချင်တဲ့ ကျွန်မ အတွင်းရေးမှူးရာထူး မမှန်းထားပဲ အလွယ်တကူရလိုက်ပါတယ်။
တကယ်လဲ ကျွန်မကို သူဌေးမက ညီမအရင်းတယောက်လို သဘောထားပါတယ်။ သင်ပေးတယ်။ အခုချိန်ထိ ကျွန်မကို သင်ပေးနေဆဲပါပဲ။ ယုံကြည်ပေးတယ်။ အဲဒီတော့ ကျွန်မအနေနဲ့လည်း ကိုယ်တတ်စွမ်းသမျှနဲ့ ပြန်လုပ်ပေးပါတယ်။
သိတဲ့အတိုင်း ဒီမှာ၇ှိတဲ့ အမျိုးကောင်းသားတွေက မိန်းကလေးဆိုရင် ပြောချင်ဆိုချင်ကြတယ်လေ။ ဒါကို သူဌေးမက မကြောက်နဲ့. တခုခု အဓိပ္ပာယ်မရှိပြောလာတာရှိခဲ့ရင် သူ့ကို အချိန်မရွေးပြောပါ၊ တခုခုပြန်လုပ်ခဲ့လဲ သူဖြေရှင်းပေးမယ်ဆိုတဲ့အထိ ကာကွယ်ပေးထားတာ ကျွန်မကံကောင်းပါတယ်။ တခါတလေ ရုံးမှာ အရေးကြီး ကိစ္စရှိလို့ ညပြန်တာနောက်ကျရင် သူက စိတ်ပူပြီး ဖုန်းဆက်တယ်။ အတင်းပြန်လွှတ်နေတတ်တယ်။ အဲဒီလို ထားခဲ့လို့ဖြစ်မလားတဲ့။ သူဌေးတွေက အလုပ်ရှုပ်နေ၊ အတွင်းရေးမှူးမက အိပ်ပြန်နားနေ ဆိုတာမျိုးကို ကျွန်မ မလုပ်ချင်ဘူး။
ကျွန်မတို့ ကုမ္ပဏီမှာ ကျွန်မနဲ့ သူဌေးမသာ မိန်းကလေးရှိပြီး ကျန်သူများမှာ ယောက်ျားလေးများသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကံကောင်းခွင့်ရပါတယ်။ အားလုံး ကျွန်မကို ရိုးသားစွာနဲ့ ဆက်ဆံကြပြီး ညီမတယောက်၊သမီးတယောက်လို သဘောထားပေးကြတယ်လေ။
ကျွန်မကုမ္ပဏီနဲ့ အိမ်က နည်းနည်းတော့ ဝေးတယ်။ ယာဉ်ကြောပိတ်တဲ့ လမ်းကြောင်းလဲ ဖြစ်နေတော့ တခါတလေများဆို ကားကို နှစ်နာရီနီးပါး စီးရပါတော့တယ်။ အခုတော့ မဆိုးပါဘူး။ ယာဉ်ကြောပိတ်တာတွေ လျော့ကျအောင် တံတားများထိုးခြင်း၊ လှိုဏ်ဂူများ ဖောက်ခြင်း စတာတွေ လုပ်သလို၊ Bus များကိုလဲ လိုင်းတိုးချဲ့ထားတယ်။ အခုဆို metro စနေပါပြီ။ လာမဲ့ စက်တင်ဘာမှာ ဒူဘိုင်းမြို့တခွင်လုံး ပြေးဆွဲပါတော့မယ်။
ဒူဘိုင်းရာသီဥတုကလဲ ကန္တာရဆိုတဲ့အတိုင်း ဆယ့်နှစ်လမှာ သုံးလလောက်သာ အေးပြီး ကျန်လများ ပူပြင်းနေပါတော့တယ်။ အေးရင်လဲ မနက်ပိုင်းနဲ့ ညပိုင်းဆိုရင် အတော်အေးတာပဲ။ စိမ့်နေအောင် အေးတာ။ အဲ.ပူလိုက်တော့လဲ စကားလုံးရှာမတွေ့ဘူး။ မိုးရာသီမရှိတဲ့ တိုင်းပြည်လေးက နွေအကုန် ဆောင်းအကူးလို အချိန်မှာ ကန္တာရမှာ ရွာတဲ့မိုးများက နှစ်ရက်သုံးရက်သာ ရွာပါတော့တယ်။ ကျွန်မကြုံရတဲ့ နှစ်နှစ်အတွင်းမိုးရွာသွန်းတာကတော့ တော်တော်လေး သည်းပါတယ်။ ကျွန်မ သူဌေးဆိုရင် မိုးရွာတာကို ထိုင်ကြည့်တယ်။ ကျွန်မကို လာကြည့်ဖို့ခေါ်တော့ ကျွန်မက မိုးရွာတာထက် လျပ်စီးလျှပ်တာ၊ မိုးချုံးတာတို့ကို တအားကြောက်တတ်သူဆိုတော့ မကြည့်ဘူးဆိုရင် ကန္တာရမှာရွာတဲ့မိုး တနှစ်မှာ တခါ၊နှစ်ခါပဲ ရွာတာဆိုပြီး သူတို့ကတော့ သဘောကျစွာ မိုးရွာတာကို ထိုင်ကြည့်နေတော့တာပါပဲ။
ဒူဘိုင်းကို မလာခင်ကရော လာပြီးတော့ရော ကြားရတာက တော်တော်များများ မလာချင်ကြဘူး။ မလာစေချင်ကြဘူး။ ဘာသာတရားကြောင့်ရော၊ နောက် သိတဲ့အတိုင်း ခေါတောကုလားများအကြောင်းပေါ့။ မိန်းကလေးတွေကို မြင်လိုက်ရင် ကြည့်လိုက်တာ တကယ်ကြောက်စရာကောင်းတာ အမှန်ပါပဲ။ အခုလက်ရှိအချိန်ထိ ဒူဘိုင်းမှာက တည်ဆောက်ဆဲ နေရာတွေ အများကြီးရှိနေသေးတယ်လေ။ ဒီတော့ လူပေါင်းစုံ၊ နိုင်ငံပေါင်းစုံက လူအစုံရှိတယ်။ စိတ်ဓာတ်ရေးရာတွေမှာ မိန်းကလေးတစ်ယောက်ကို ဘယ်လို သဘောထားတယ်မသိဘူး။ အတော်များများ တွေ့ရတာက မိန်းကလေးတယောက်ကို ပြူးပြဲကြည့်တယ်။ နောက် ပေါ်တင်ပဲ ခေါ်တယ်။ တွဲဖို့ခေါ်တယ်။ တခုခုပေါ့။ တအားစိတ်ဆိုးဖို့ကောင်းတယ်။ တသက်နဲ့ တကိုယ် ဒီလို အပြောခံရလိုက်မယ်လို့ မတွေးမိဖူးဘူး။ သိပ်ဒေါသထွက်စရာကောင်းပါတယ်။ ( ကုလားအကြည့်ကို ကြောက်လို့ အပြင်ကိုထွက်ရမှာ ကြောက်တယ်ဆိုတဲ့သူရဲ့ စကားကလဲ မမှားပေဘူးနော့။ဟုတ်လား နှင်း.)
ဒီဒူဘိုင်းမှာက အရင်ကဆို အလုပ်ရှာရန် visit visaနဲ့လာရင်လဲ အလုပ်ရနိုင်ချေက ရှိပါသေးတယ်။ အခုလက်ရှိအနေအထားအရတော့ အာမှမခံနိုင်ပါဘူး။ နောက် ဒူဘိုင်းမှာ အဓိကက နေရေးပါပဲ။ နေစရာရှားတယ် မဟုတ်ပေမဲ့ ခက်ခဲတာတော့ အမှန်ပါပဲ။ စားသောက်စရိတ်ကတော့ ပုံမှန်ပါပဲ။ နောက် ရာသီဥတု ပူတဲ့ဒဏ်ကလဲ မသေးလှတဲ့ဒုက္ခလေးတခုပေါ့။ နေရာတကာ အဲကွန်းဆင်ထားတယ်ဆိုပေမဲ့ အပြင်ထွက်ဖို့ ခြေလှမ်းပြင်တာနဲ့ မီးပြင်းလှတဲ့ နေရှိန်မှု့ကြောင့် တွန့်သွားရတယ်။
ဒီလိုပါပဲလေ။ နိုင်ငံခြားရောက်သွားတာနဲ့ အစက မလာခင်မှာ ကိုယ်ထင်မြင်ယူဆတာတွေနဲ့ ကွာတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှ သိမှာမို့လို့ ညည်းသာညည်းနေရတယ်။ ပိုဆိုးတာက အထီးကျန်ဆန်စွာခံစားရမှု့၊ အိမ်လွမ်းတာကို ခံနိုင်ရည်ရှိမှ ဖြစ်မယ်နော်။ လွမ်းတိုင်း မျက်ရည်ကျရတာတွေ၊ အလုပ်၊လုပ်ဖော်ကိုင်ဖက်နောက် တခြားသော အကြောင်းအရာများနဲ့ ရင်ဆိုင်လာရတော့ ကိုယ့်နံဘေးမှာ ချစ်တဲ့ မိသားစု မရှိတော့ ပိုခံစားရတယ်။ ပိုနာကျင်ရတယ်။ ပြေးပြန်ချင်စိတ် ခဏခဏဖြစ်မိတယ်။ မျက်ရည်နဲ့ အဖော်ပြုရတဲ့နေ့ရက်တွေ အများကြီးပဲ။ ဒါတောင် ကျွန်မက ဒီမှာ တယောက်တည်း မဟုတ်ဘူးနော်။ တခြားသူတွေအတွက် ဒါတွေကို ဘယ်လို စာစီချရေးပြမယ်ဆိုတာ မသိပေမဲ့ ထပ်တူနားလည်ပါတယ်လို့ပဲ ပြောချင်ပါတယ်။။။။