ဒီပိုစ့်လေးကိုစထားပြီး.အခုမှပဲ အပိုင်း(၂)ပြန်ရေးရတော့တယ်။ ဒီတပို့တွဲလမှာ ကျွန်မတို့မြို့မှာ ဘုရားမီးလှုံပွဲရှိတယ်လေ။ ဒီတပို့တွဲလမှာ အအေးဆုံးကာလ ဇြစ်လို့ ဘုရားရှင်ကို နွေးထွေးစေရန် မီးဖြင့်ပူဇော်ကြတာပါလို့ (ဘုရားရှင်တောင် မီးလှုံရတယ်လို့) မြို့ရဲ့ဓလေ့ ရိုးရာပွဲ အဖြစ် နှစ်စဉ် တပို့တွဲလပြည့်နေမှာ ကျင်းပပါတယ်။ ဒီပွဲမတိုင်ခင် သုံးရက်အလိုမှာ မြို့ရဲ့တောင်ပေါ်မှာ အလေ့ကျပေါက်နေတဲ့ သျှားပင်တွေကို ခုတ်ကာ.လုံးပတ်ကို လေးပေလောက်အထိ လုပ်ကြသလို အရှည်ကိုလဲ ခုနှစ်ပေ ၊ ရှစ်ပေထိစည်းကာ ချည်နှောင်ကြပါတယ်။ အဲဒီသျှားစည်းကို ညနေ ငါးနာရီကျော်ကျော် မှောင်ရီပြိုးတာနဲ့ ရပ်ကွက်တိုင်း လမ်းတိုင်းမှ လူငယ်များက ထမ်းကာ ရိုးရာသီချင်း သီဆိုရင်း မြို့လယ် ဘုရားကြီးဆီသို့ ပူဇော်ကြပါတယ် ။ အမျိုးသမီးများနဲ့ ကလေးငယ်များကလဲ သနပ်ခါးတုံးများ၊ နံ့သာတုံးများဖြင့် သွားရောက်ပူဇော်ကြပါတယ် ။
အဲဒီညမှာတော့ ယာဂုချက်ကြပါတယ် (ဒေသအခေါ်ကတော့ "ခေါက်ယာဂု"လို့ခေါ်ပါတယ်)။ နောက်တစ်နေ့ မနက်ရောက်တော့ အသိအိမ် တွေ ကို လိုက်ဝေကြတာပေါ့ ။ (တစ်မြို့လုံးအသိတွေပါပဲ)နောက်ဟိုအိမ်ကလာပို့ ၊ ဒီအိမ်ကလာပို့နဲ့ စားလို့မကုန်နိုင်တော့ဘူး ။
ဒါလေးကတော့ တပို့တွဲလမှာ ကျင်းပတဲ့ ဘုရားမီးလှုံပွဲလေးပါ ။
ဒီပိုစ့်လေးကိုရေးမယ်လို့ စဉ်းစားမိတာကတော့ အခုတလော ကျွန်မတစ်ယောက် ဘာတွေဖြစ်နေတယ် မသိပါဘူး ။ သူတပါးကို ပြောထဲ့လိုက်ဖို့ ၀န်မလေးနေဘူး။ ဒီနေ့ သောကြာနေ့ဆိုတော့ တရားတစ်ပုဒ်လောက်တော့ နာဖြစ်အောင် နာတတ်တော့ တရားနာမယ်ဆိုပြီး ကျေးဇူးရှင်ဆရာတော် ဓမ္မစတီဆရာတော် ဦးကောသလ္လရဲ့ ဆိုဒ်ကို ၀င်တော့ ဒီနေ့ ဘာတရားနာရင်ကောင်းမလဲ ရွေးနေတုန်း ။အရင်ကလဲ နာဖူးပြီးသားဆိုပေမဲ့ အခုတလောဖြစ်နေတဲ့ ကိုယ့်စရိုက်ကို သိနားလည်အောင်ဆိုပြီး " ဝေသာလီ လှဧကရီ ဘ၀ဆည်းဆာ " ဆိုတဲ့ တရားကို ထပ်မံနာဇြစ်သွားပါတယ် ။ ဒီလိုနာနေရင်း ဒီပိုစ့်လေးကိုရေးမယ် ဖြစ်သွားပါတယ်။
"ဝေသာလီလှ ဧကရီ အမ္ဗပါလီ " တဲ့ ။ သိပ်ချောသိပ်လှတဲ့ ဘုရင်သမီးတော်လေး ။ ဒါပေမဲ့ ဘ၀တစ်ခုမှာ ဘိက္ခူနီမတစ်ပါးဖြစ်စဉ် ဘုရားစေတီမှာ သွားရောက်တံမြက်စည်း သန့်ရှုင်းလှည်းကျဉ်းနေစဉ် ရဟန္တာထေရီမတစ်ပါးက ချောင်းဟန့်လိုက်တယ် ။ အဲဒီချိန်မှာတံတွေးက ရင်ပြင်တော်ပေါ် ကျရောက်သွားပါတယ် အဲဒါကိုမြင်တော့ ဆေးကြောသိမ်းပေးလိုက်ရင်ကုသိုလ်ရလို့ ပြီးသွားမဲ့ကိစ္စလေးကို " ဘယ်ပြည်တန်ဆာမကများ ဘုရားရင်ြ့ပင်တော်မှာ တံတွေးထွေးခဲ့တာလဲ ၊ ကိုယ်ဘာသာကိုယ် မသန့်ရှင်းသွားတာလဲ"လို့ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းကြောင့် ဘ၀ပေါင်းတစ်သောင်း ကာလပတ်လုံး ပြည်တန်ဆာမ ဖြစ်ရသလို နောက်ဆုံးဘ၀ ကျွတ်တန်းဝင်ရမဲ့ ကျွန်မတို့ ဘုရားရှင် ဂေါတမဘုရားရှုင်လက်ထက် မှာတောင် ဘုရင်သမီးတော်ဘ၀ရတာတောင် ပြည်တန်ဆာမ ဖြစ်ရပါသေးတယ် ။ ကြည့်စမ်း ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါလိမ့်နော် ။ စကားလေးတစ်ခွန်းထဲနော် ။
ကျွန်မတို့လူ့လောကမှာ ဒေါသမောဟတွေနဲ့ အပြည့်ဖုံးလွှမ်းနေတာနော် ။ ဒေါသကြောင့် ၊မောဟကြောင့် ကိုယ်ထိရောက်ကျူးလွန်မှု့မပြုခင် ဒီနှုတ်ခမ်းကနေ စကားတွေက လွှတ်ထွက်သွားပြီးသား ။ ဘာမှမမြင်တော့ဘူး ။ သတိထားမိလိုက်ချိန်မှာတော့ ပြောဆိုပြီးသွားပြီ ။ လူတိုင်း သက်ရှိတိုင်းမှာ မြင့်မြတ်မှု့ တစ်ခုစီရှိနေပါ့မယ် ။သူတို့ဆီမှာ စောင့်ထိန်းနေတဲ့ သီလတွေတည်နေ မြဲနေမှာပါ။ ဒါကြောင့် ဆရာတော်ဘုရားက မသိရင် မပြောနဲ့ မဝေဖန်လိုက်ပါနဲ့ တဲ့ ။ အရိယာသူတော်ကောင်းတွေကို ပြစ်မှားမိလိုက်လို့ ကမ္ဘာနဲ့ချည်းပြီ ငရဲခံရသလို ၊ အပြစ်ဒဏ်ဆယ်ပါးလဲခံရနိုင်တယ်တဲ့ ။ အဲဒီပြစ်ဒဏ်ဆယ်ပါးကိုဖော်ပြလိုက်ပါတယ် ။
၁)သွေးအန်ဖြစ်လွယ် ၊ ၂) ရောင်းဝယ်ရှုံးခြင်း ၊ ၃) ချွတ်ယွင်းအင်္ဂါ ၊ ၄)ကုဠာနူနာ ၊ ၅) ရူးကြဖောက်ပြန် ၊ ၆) မင်းဒဏ်သင့်ခံ ၊ ၇) ကြမ်းတမ်းစွပ်စွဲ ၊ ၈) သေကွဲသားချင်း ၊ ၉) ပျက်ယွင်းစည်းစိမ် ၊ ၁၀) နေအိမ်မီးလောင်တဲ့ ။
တကယ်ပဲနော် ။ စကားလေးတစ်ခွန်းကနေ ဒီလောက်ထိကြောက်မက်ဖွယ် ဇြစ်သွားရတယ်လို့ ။ ကျွန်မတို့လဲ ဆင်ခြင်ကြရအောင်နော် ။ ပုထုစဉ်ဆိုတော့လဲ ပြောမိဆိုမိမှာပဲလေ ။ တတ်နိုင်သလောက် ကနေ နောက်ဆုံး ဆရာတော်ဘုရားပြောသလိုပေါ့ မပြောနဲ့ မဝေဖန်နဲ့ ဆိုတဲ့ အထိ ထိန်းကြရအောင် ။ ကိုယ်က ဘာမှမဟုတ် ( တချို့ကိစ္စဆို စိတ်ထဲကတောင် မပါဘူး။ ) ပြောလိုက်မိတာလေး တစ်ခုထဲပါပဲ ။
ကျွန်မလဲ တော်တော်လေးပြင်ရမယ် ။ ပါးစပ်ကနေ လွှတ်ခနဲ ထွက်ထွက်သွားတတ်တဲ့ အကျင့်လေး ရှိတယ် ။ အဲဒီအတွက် စိတ်အနှောက်အယှက် ဖြစ်ဖြစ်သွားရတယ်ဆိုရင်လဲ တောင်းပန်ပါတယ်နော်လို့ ဒီကနေ ပြောချင်ပါတယ် ။
ယူအေအီး ယဉ်ကျေးမှု့ ကို သိချင်တယ်လို့ သူငယ်ချင်းတယောက်က မေးပေမဲ့ မအားတာကြောင့်သေချာမလေ့လာရသေးဘူး။ ဒါကြောင့် ကျွန်မ ဒီရောက်မှ ကြုံတွေ့ဖူးတဲ့ ဥပုသ်လရဲ့ အကြောင်းကိုပဲ ရေးလိုက်တယ် ။ အရူးရေ..ကျေနပ်နော် ။
ကျွန်မအရင် မြန်မာပြည်မှာနေတုန်းက မွတ်ဆလင်ဘာသာဝင်တွေရဲ့ ဥပုသ်စောင့်တာကို သေသေချာချာ မသိခဲ့ဘူး ။ ခု ယူအေအီးရောက်မှပဲ ကြုံတွေ့ရတာတဲ့ ဥပုသ်လ ကာလလေးကို တအံ့တသြဖြစ်ရတာမို့ မျှဝေလိုက်ပါတယ် ။ ကြုံတွေ့ရတဲ့ Ramadam လေးပေါ့။း
မွတ်ဆလင်ဘာသာဝင်တွေရဲ့ ဥပုသ်ကိုတော့ သိမယ်ထင်ပေမဲ့ ပြောပြလိုက်ပါတယ် ။
-ဗလီမှ ထုတ်ဝေထားတဲ့ စားသောက်ချိန် အချိန်ဇယားအတိုင်းသာ စားသောက်ရပါတယ်။
(မနက်လေးနာရီကျော်ကျော်မှ ညနေ ခြောက်နာရီခွဲကျော် အတွင်း( တစ်ရက်နဲ့တစ်ရက် မီနစ် စက္ကန့်ပိုင်းသာ ကွာပါတယ် ။ )
-အဲဒီသတ်မှတ်ထားချိန် အတွင်း ဘာမှမစားမသောက်ရပါဘူး ။ တံတွေးကို လည်ချောင်းအတွင်း မရောက်ရှိရပါဘူး ။ အမွှေးနံ့သာ မရူရှိုက်ရပါဘူး ။
-ညအခါမှာ ဗလီတက်ရပါတယ် ။ (ဲ ပုံမှန်လဲ တနေ့ ဘုရားငါးကြိမ် ရှိခိုးရပါတယ်။)
ဥပုသ်လက စက်တင်ဘာလတစ်လလုံးပါပဲ ။ ဒီစက်တင်ဘာလမှာ ရုံးတွေ အားလုံးက နေ့တ၀က်သာ အလုပ်လုပ်ကြပါတယ် ။ ( ပျော်စရာကြီးပေါ့ ) ။ နောက် မည်သူမဆို လူမြင်ကွင်းမှာ အစားစားခြင်း ၊ ဖျော်ရည် ၊ရေသောက်ခြင်းတွေကို သတ်မှတ်ထားတဲ့ နာရီအတွင်းမှာ စားသောက်ခြင်းမပြုရပါဘူး ။ အမျိုးသမီးများ အတိုအပြတ် ၀တ်ဆင်ခွင့်မပြုပါဘူး ။ အချို့ ရုံးတွေက ထမင်းချိုင့် သယ်လာတာကို ခွင့်မပြုပါဘူး ။
ကျွန်မတို့ ကုမ္ပဏီမှာတော့ သူဌေးမ နဲ့ ကျွန်မ နှစ်ယောက်ကလွဲ အားလုံး မွတ်ဆလင်ဘာသာဝင်တွေချည်းပါပဲ ။ ဒီတော့ ကျွန်မကို သူဌေးမက ခေါ်ပြောပါတယ် ။ အပြင်မှာ ဘာမှ မစားမသောက်မိဖို့ ( ပီကေအမြဲ ၀ါးနေတတ်တဲ့ ကျွန်မကို ပီကေပါ မ၀ါးသင့်ကြောင်း)အထူးသတိပေးပါတယ် ။ ရုံးထဲမှာတော့ ထမင်းချိုင့်လဲ ယူလာခွင့်ပြုထားသလို ၊ စားသောက်ပါလို့လဲ ခွင့်ပြုထားပါတယ် ။
ဒါပေမဲ့ သူတို့ကိုကြည့်ပြီး အဲဒီပထမဆုံး ဥပုသ်ရက်မှာ ကျွန်မတောင် တံတွေးပါ မမျိုချမိသလိုပဲ ။ ပြီးတော့ ထမင်းချိုင့် ယူသွားတော့ မပြန်ခင် ထမင်းစားခန်းထဲမှာ ကျွန်မ ထမင်းစားလိုက်တယ် ။ ဒါပေမဲ့ ကျွန်မစားရတာ အားနာသလိုလို ရှိတာနဲ့ နောက်နေ့တွေ ယူမသွားတော့ပါဘူး ။ အခန်းထဲမှာ တံခါးပိတ်ပြီး စားရတာဆိုတော့ စိတ်ကျဉ်းကျပ်သလို ခံစားရတယ် ။
ကျွန်မရုံးမှာတွေ့တာလေးကို ပြောပြရရင်တော့ ...
နောက်နေ့ ရုံးမှာ တနေကုန် လာလာအိပ်နေတော့ ကျွန်မလဲ မနေနိုင်တော့ဘူး ။ မေးလိုက်တယ် ။ သူတို့ပြောပြတာကတော့
ညနေစားသောက်ပြီးတာနဲ့ ဗလီတက်ပါတယ်တဲ့ ။ တညလုံးဗလီမှာ ရှိနေပြီး မနက်အာရုဏ်မတက်ခင် စားသောက်ရန် ချက်ပြုတ်စားသောက်တာနဲ့ မိုးကလင်းပြီ ။ နောက်ရုံးလာတာဆိုတော့ တညလုံးမအိပ်ရဘူးတဲ့ ။ ဒါက ကျွန်မတို့ရုံးမို့လို့လေ ။ construction တွေမှာ လုပ်ရတဲ့သူတွေ နောက် တခြား ရုံးမဟုတ်ပဲ သွားလာလှုပ်ရှားရတဲ့ အလုပ်တွေမှာ လုပ်သူတွေကျတော့လဲ အလုပ်လုပ်နေကြတာပါပဲ ။ အံ့သြဖို့တော့ကောင်းတယ်နော် ။ ဒီလောက် ပူခြစ်နေတဲ့လမှာ တနေကုန် ရေမသောက် ဘာမှမစား တံတွေးပါ မျိုမချရတော့ သူတို့လဲတော်တော် ပင်ပန်းမှာပဲနော် ။ နေနိုင်တာအံ့သြလို့ မဆုံးဘူး ။ ဘာသာတရားပေါ် ယုံကြည်မှု့တွေပေါ့နော် ။ ကျွန်မတို့လို ဘာသာခြားတွေလဲ လူမြင်ကွင်းမှာ ဘာမှမစားမသောက်ရတော့ အီလည်လည်ပါပဲ ။ သတိထားနေရတယ် ။တော်ကြာ မေ့ပြီး စားသောက်မိနေမှဇြင့် အရေးယူခြင်းခံနေရပါဦးမယ် ။ ရုံးတွေ အဆောက်အဦးတွေကို လာလာစစ်တဲ့ လူတွေရှိတယ် ။ စားသောက်နေသလားလို့ပေါ့ ။ ဒါပေမဲ့ ကျန်းမာရေးအရသော်လည်းကောင်း ၊ တရက်တလေ ဥပုသ်ဖျက်လိုက်ရသူများကတော့ ဥပုသ်ကာလ ပြီးဆုံးပြီး နောက်ဥပုသ်ကာလ မရောက်ခင် တနှစ်တာကြားကာလမှာ အတိုးနဲ့ ပြန်ဥပုသ်စောင့်ရပါသတဲ့ ။ ဥပမာ- တစ်ရက်ပျက်ရင် သုံးရက်ပြန်စောင့်ရတာမျိုးပေါ့။
ဒီလိုဥပုသ်လမှာ ကျွန်မရဲ့ ရယ်စရာ အဖြစ်အပျက်လေးပါ တင်ပြလိုက်ပါတယ် ။
တညနေ ကျွန်မ. အဒေါ်နဲ့ သူ့အမျိုးသားတို့ ပါကစ္စတန်စားသောက်ဆိုင်မှာ ညစာထွက်စားကြမယ်ပေါ့ ။ အချိန်ကတော့ စားသောက်ချိန် မရောက်သေးပါဘူး ။ ဒါပေမဲ့ ကြိုသွားထားလိုက်ကြတယ် ။ ဆိုင်မှာ ထိုင်စောင့်နေတဲ့သူတွေလဲ ရှိပါတယ် ။ ဆိုင်ရှင်က ပြောပါတယ် ။ ဒီနေ့ ခြောက်နာရီသုံးဆယ့်ငါးကျော်မှ( စက္ကန့်တော့ မမှတ်မိတော့ဘူး။) စတင်စားသောက်ရပါမယ်တဲ့ ။ စောင့်မယ်လို့ ပြောလိုက်ပါတယ် ။
အဲဒါနဲ့ ထိုင်စောင့်ပြီး စကားပြောနေတုန်း တခြားစားသောက်မဲ့သူ တော်တော်များများ ရောက်လာကြတယ် ။ အားလုံးလိုလိုက မွတ်ဆလင်ဘာသာတွေပါ ။ ကျွန်မတို့ ခုံနဲ့ ဘေးချင်းယှဉ်မှာက အတွဲတစ်တွဲ ၊ ရှေ့မျက်နှာချင်းဆိုင်မှာက လင်မယားတစ်စုံ ၊မျက်စောင်းထိုးလောက်မှာ လူငယ်တစ်အုပ်စု နဲ့ တခြားသူတွေ တော်တော်များများ ရောက်လာကြတယ် ။ ဘာလို့ ဒီလိုပြောပြတာလဲဆိုတော့ ဇာတ်လမ်းကလာမယ်လေ ။
ခြောက်နာရီခွဲကျော်ကျော်လေးမှာ စားသောက်မဲ့ အစားအစာတွေကို လာရောက်ချပေးပါတယ် ။ ဒါပေမဲ့ မစားရသေးဘူးနော် ။ ဗလီက မအော်သေးလို့ ရှေ့မှာချပြီး စောင့်နေတာ ။ အဒေါ်ကမေ့ပြီး တစ်ဇွန်းစားလိုက်မိတယ် ။ ကျွန်မက
" မ. နေဦးလေ ၊ အချိန်လိုသေးတယ် ၊ ဗလီကမအော်သေးဘူး" လို့ သတိပေးမှ သူလဲ သတိရပြီး ကမန်းကတန်း တစ်သျှူးနဲ့ အုပ်ပြီး မြိုချလိုက်ရတယ် ။
အဲ ..အချိန်တော့ရောက်ပါပြီ ။ ဗလီက " အလာမ်" ဆိုပြီး စတင်အော်ချိန်မှာ .ကျွန်မလေ အစကတည်းက စိတ်ဝင်စားနေတာ ။ လူတွေ ဘယ်လို လုပ်ကြမလဲလို့ ။ ဒါနဲ့ စောင့်ကြည့်နေလိုက်တယ် ။ ခုဏက ကျွန်မပြောတဲ့ ကျွန်မနဲ့ နီးနီးနားနား ထိုင်နေတဲ့လူတွေကိုပေါ့ ။ ဗလီက လူကြီးက စတင်ရွတ်လိုက်တဲ့ " အလာမ် "ဆိုတဲ့ " အ " နဲ့ " လာမ် " ကြားကာလလေး (တကယ့်ကို ကြားကာလလေးမှာ ) လူတွေ လက်အားလုံးက ပန်းကန်စီရောက်ပြီးသွားပြီ ။ အဲဒီမှာ ကျွန်မတွေးမိတာက တော်တော်ဆာနေမှာလို့ ။ ကျွန်မတော့ နေနိုင်မယ်မထင်ဘူး ။ သိပ်ချီးကျူးဖို့ကောင်းတာပဲ ။ တစ်ရက်လဲ မဟုတ် တစ်လလုံးလုံးနော် ။
ဥပုသ်ကာလတစ်လလဲပြီးရော..တွေ့တဲ့သူတိုင်းကို EID MUBARAK လို့ နှုတ်ဆက်ကြပါတယ် ။။
ဇန်န၀ါရီလ နှစ်ဆယ့်တစ်ရက်နေ့ဟာ အဖေ့ရဲ့မွေးနေ့နော် ။ သမီးချစ်တဲ့အဖေ ဒီမွေးနေ့ရက်မှစ ဘ၀တသက်တာလုံး ကျန်းမာစွာနဲ့ ရှိနေပါစေလို့ ဆုတောင်းပါတယ် ။ သမီးရဲ့အဖေ က တကယ့် အဖေကောင်းပီသတဲ့ သူတစ်ယောက်ပဲနော် ။ သားသမီးတွေ စိတ်ချမ်းသာမှု့ရှိရင် ကျေနပ်နေတယ်နော် ။ လိုလေသေးမရှိအောင်လဲ အမြဲဖြည့်ဆည်းပေးခဲ့တယ်နော် ။ အလိုက်လဲံတအား လိုက်ခဲ့တာပဲနော် ။ အဖေနဲ့ပက်သက်ပြီး ဒီနေ့ သမီးတစ်ခုစီ ပြန်တွေးကြည့်မိတယ် ။
အဖေက စိတ်ထားတအားကောင်းတယ် ။ သူတပါးကိုလဲ တအား အားနာတတ်တယ် ။ စနောက်တတ်တယ် ။ ရှမ်းအစစ်ဖြစ်တဲ့ အဖေ က ပဲပုတ်မကြိုက်ဘူးနော် ။ အရပ်မြင်မြင့် အသားဖြူဖြူနဲ့ အဖေက ငယ်ငယ်က တော်တော်ချောတယ်လို့ ပြောကြတယ်နော် ။
သမီးကို မေ့ အပါအ၀င် မိသားစုဆွေမျိုး သူငယ်ချင်းတွေက ပူးပူး ၊ ဖူးဖူး လို့ခေါ်ကြပေမဲ့ အဖေ နဲ့ ဘိုးဘိုး ၊ ဘွားဘွားကတော့ "တူးတူ" လို့ခေါ်ကြတယ်နော် ။ သမီးက အဖေနဲ့ တော်တော်လေး တူတယ်နော် ။ ခြေလက်တွေက အစတူတယ် ။ အဲဒါကြောင့် သူများတွေက အဖေ့သမီးပဲ လို့ ပြောရင် တအားသဘောကျတယ် ။ အဖေက အမြဲပဲ သားသမီးကို ကိုယ်တိုင်ချက်ပြုတ်ကျွေးချင်တယ်နော် ။
စီးပွားရေးကိစ္စတွေနဲ့ မအားတဲ့ကြားက (အမှန်ဆို အိမ်မှာချက်ပြုတ်ပေးတဲ့ အဒေါ်ကြီးရှိနေရက်နဲ့ ) အချိန်ရရင်ရသလို ချက်ကျွေးတတ်တယ်နော် ။ အဖေ့လက်ရာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပေါ့ ။
သမီးက ငယ်ငယ်က တအားဆိုးတယ်လို့ လူကြီးတွေပြန်ြေ့ပာပြလို့ သိရတယ် ။ အဖေဆို ညညတော်တော် ဒုက္ခရောက်ခဲ့ရတယ်တဲ့ ။ ညညဆိုမအိပ်ပဲ ဂျီတိုက်နေ ၊ အိမ်အပေါ်ထပ်မှာရှိနေရင် အိမ်အောက်ထပ်ဆင်းမယ် အော် ၊ အောက်ထပ်ရောက်ပြန်တော့လဲ အပေါ်ထပ်တက်မယ်လို့ အော် နဲ့ တော်တော်ဆိုးတာတဲ့ ။
မှတ်မိသေးတယ် ။ သမီး ရှစ်တန်းကျောင်းသူဘ၀က အသည်းအသန်ဖျားတုန်းကပေါ့ ဆရာဝန်က အရည်ကလွဲ ဘာမှမကျွေးရဘူးဆိုတာကို ထမင်းမှမစားရရင် ကျန်တာလဲ ဘာမှမစားဘူး။ ဆေးလဲမသောက်ဘူး ဆိုပြီး ဆိုးခဲ့တဲ့ သမီးကို အဖေက သနားပြီး ထမင်းကျွေးမိပါတယ်နော် ။ နေ့တောင်မကူးဘူး ဆေးရုံပြန်ပြေးရတာ ။ နောက်မှသိရတာက အဲဒီကိစကြောင့် အဖေငိုခဲ့ရသလို မေ့ကလဲ စိတ်ဆိုးပြီး ကလေးတစ်ခုခုဖြစ်ရင်ဘယ်နဲ့ လုပ်မလဲဆိုပြီး အဖေ့ကို အပြစ်တင်တယ်နော် ။ အမှန်ဆို သမီးမကောင်းတာပေါ့နော် ။
လုပ်ချင်တာ ဖြစ်ချင်တာရှိရင် ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ သမီးကြောင့် မိဘတွေ ဘယ်လောက်စိတ်ညစ်ရမလဲဆိုတာ ပြန်တွေးမိတိုင်း ကိုယ်ကိုကိုယ် ဒေါသထွက်မိတယ် ။
ကြီးလာပြန်တော့လဲ တစ်မျိုးပြီး တစ်မျိုး စိတ်ပူရအောင် လုပ်မိခဲ့သလားပဲနော် ။ မြန်မာပြည်ကနေ ထွက်လာတဲ့နေ့က လေဆိပ်မှာ သမီးခေါင်းကို ကိုင်ပြီး " သူတော်ကောင်းတွေနဲ့ တွေ့ပါစေလို့ " ဆုပေးခဲ့တယ် ။ သမီးက အားလုံးကို လှည့်မကြည့်ပဲထွက်လာတော့ အသဲမာလိုက်တာလို့ ပြောကြတယ်နော် ။ အမှန်ဆို အဲဒီနေ့က လှည့်ကြည့်မိရင် မသွားတော့ဘူးဆိုပြီး လုပ်မိမှာစိုးလို့ လုံးဝပြန်လှည့်မကြည့်ခဲ့တာပေါ့ ။
အဝေးရောက်နေမှ မိသားစုတန်ဖိုး ပိုထားတတ်လာတယ် ။ ဖုန်းဆက်တိုင်း အဖေ့အသံ ကြားတာနဲ့ ရှိုက်ကြီးတငင်ငိုနေလို့ စိတ်မကောင်းဖြစ်မယ်ဆိုတာ သိပေမဲ့ မျက်ရည်က ထိန်းလို့ မရဘူးလေ ။ ဘ့ အသံနည်းနည်းလေးပြောင်းနေတာနဲ့ နေမကောင်းဘူးဆိုပြီး ပိုပို ငိုလို့ အဖေ စိတ်ညစ်ရမှာနော် ။ ကျန်းမာရေးကို ဂရုစိုက်ပါနော် ။
သမီးကြိုက်တဲ့ ပဲပုတ် ၊ မှိုကြော်တွေကို ကိုယ်တိုင်ကြော်ပြီး ထဲ့လာပေးတယ်နော် ။ စာထဲမှာလဲ စိတ်ပူစွာနဲ့ မှာထားတာတွေ အများကြိးပဲ။ အဝေးရောက်နေတော့ ပိုစိတ်ပူနေတယ်နော် ။ ဒီစာတွေကို ဖတ်တိုင်း အဖေအနားမှာ လာပြောနေသလို ခံစားရတယ် ။
သမီး အခုချိန်ထိ ဘ့တို့ဆီကနေ အယူချည်းပဲ သားသမီးဝတ္တရားမကျေဖူးဘူး ။ ဘာမှမလုပ်ပေးခဲ့ဖူးဘူး။ သားသမီးကို ကိုယ်တိုင် ချက်ကျွေးချင်တဲ့ အဖေ့ကို သမီး တခါမှ ချက်မကျွေးဖူးသေးဘူးနော် ။
သမီး ၂၀၁၀ vacation ပြန်လာတဲ့အခါ အဖေ့ကို ထမင်းချက်ကျွေးမယ်နော် ။ နေကောင်းအောင်နေပြီး စောင့်နေနော် ။
အဖေရဲ့..သားသမီးတွေကို စိတ်ပူ ဂရုစိုက်တတ်ပုံကို သမီးသူငယ်ချင်းတွေတောင် အားကျတယ် ။ အဲဒီအတွက် သမီး တအားပျော်တယ် ။ ဂုဏ်ယူတယ် ။ သဘောကျတယ် ။
သမီး ရေးချင်တာတွေ အများကြီးပဲ ။ စိတ်ထဲမှာရှိပြီး ဘာလို့ချရေးလို့ မရတာလဲမသိတော့ဘူး ။ အဖေမွေးနေ့ကို သမီးရဲ့ ဘလော့ဂ်မှာ အမှတ်တရ ရေးဖြစ်အောင်ရေးချင်ခဲ့တယ် ။ အကောင်းဆုံး မဟုတ်တောင် တတ်သလောက်လေးရေးတာလေ ။ အခုတော့ စိတ်ထဲမှာ အများကြီး ရှိရက်နဲ့ ချရေးလို့မရအောင် ဖြစ်နေတယ် ။ ပြောမပြတတ်ဘူးဆိုတာ ဒါမျိုးလား မသိဘူးနော် ။
သမီး သိနေတာက အဖေသည် လောကမှာ သမီးအချစ်ဆုံး လူတစ်ဦးပါ။ ဘယ်အရာနဲ့မှ နှိုင်းလို့မရပါဘူး ။ ( မေ့ မသိစေနဲ့နော် :) တော်ကြာ သမီးခေါင်းခေါက်ခံထိနေမယ် ။)
လူတစ်ယောက်ဟာ သူချစ်တဲ့သူ အပေါ် ပုံစံအချိုးတွေ ပြောင်းလာတာဟာ ပြောင်းလဲမိတဲ့အတွက် အပြစ်ရှိပေမဲ့ အဲဒီလို ပြောင်းလဲအောင် လုပ်ဆောင်လိုက်တဲ့ ချစ်တဲ့သူကကော အပြစ်မရှိတော့ဘူးလား ။
ဒီလိုပြောင်းလဲလိုက်လို့
" အရင်ကလို မဟုတ်တော့ဘူး ။
သံဃောဇဉ်နည်းသွားတယ် ၊
အဲဒီ မလုပ်နဲ့ " အစရှိသည်ဖြင့် အပြစ်တွေ ဆိုနေမဲ့ အစား
" ငါ, သူ့အပေါ် ဘာလုပ်မိခဲ့ပါလိမ့် ။
သူမကြိုက်တာ ဘာလုပ်ခဲ့မိပါလိမ့် ။
ငါ, သူ့အပေါ် ဂရုစိုက်ပေးတာတွေကော လျော့သွားမိသလား ။ " ဆိုတာတွေကော အရင်ဆုံး စဉ်းစားမိသင့်တယ်မဟုတ်လား ။
ပြောင်းလဲမိတယ် ဆိုတာကလဲံ ဖေးဖေးမမ နဲ့ ပြန်လည်ဂရုစိုက်ပေးရင် သစ်ပင်တွေလိုပေါ့ ပြန်လည်ရှင်သန်လာနိုင်ပါတယ် ။
အစကတည်းက မုန်းလို့ သံဃောဇဉ်ကို အပြီးဖြတ်တာမှ မဟုတ်တာ ။ ဂရုစိုက်မှု့လေး တစ်ခုကိုပိုမို လိုချင်လို့ဆိုတာ အလိုလို နားလည်လာပါလိမ့်မယ် ။
ပြောင်းလဲချင်လွန်းလို့ ပြောင်းလဲထားတာမှ မဟုတ်တာ ။ ရင်နာရတာပေါ့ ။
အမြဲကြိုက်ခဲ့တဲ့ စာသားလေးလိုပေါ့
" sometimes I hide and sometimes I run, sometimes I scared of you but all are really want is your hold tight " တဲ့ ။
ကဲ ဘယ်သူ့အမှားလဲ........? ဆိုတာ တွေးကြည့်ရအောင် ။
ခဏလေး ပြောင်းလဲကြည့်တဲ့သူမှာ အပြစ်ရှိသလား.......?
ပြောင်းလဲသွားအောင် လုပ်တဲ့သူမှာကော အပြစ်ကင်းရဲ့လား........?

( တစ်ယောက်သူသို့.........)
မအားတာနဲ့ မရေးဖြစ်တာ နှစ်ရက်ထဲရှိသေးတယ် ။ ယမကာလုလင်က လာအော်ပြီ ။ မရေးရင် ပိုရစ်မယ် ။ ဘာရေးရကောင်းမလဲနော် ။ စဉ်းစားထားတာလဲ မရှိနေဘူး ။ သိပြီ ။ ဒူဘိုင်းဘ၀ တနေ့တာကို ရေးမယ် ။ အလုပ်တွေနဲ့ ပိနေလို့ ငါးပေသာသာ အရပ်အမောင်းလေးတောင် ပိုပုသွားသလိုပဲ ။ ပျော်စရာ မဖြစ်ဇြစ်အောင် ကြံဖန်ပျော်အောင် နေသောကျွန်မရဲ့ ဒူဘိုင်းဘ၀လေးကို သနားကြပါ ။
နံနက်(၇နာရီ)
ကလင် ကလင် ကလင် ..အား ဒီနိုးစက် မြည်တာကလဲ စောလိုက်တာ မှားများနေလား မသိဘူး ။
အင်း..ဒီနှစ်ရက် ဘာလို့ ကန္တာရလေးမှာ မိုးတွေအုံနေပါလိမ့်နော် ။ မိုးလင်းတာနဲ့ ချမ်းစိမ့်စိမ့် ၊ ဖြစ်နိုင်ရင် ရုံးမသွားပဲ ဆက်အိပ်ချင်လိုက်တာ ။ မဖြစ်သေးပါဘူး သွားမှ ။ ရုံးမှာက ကိုယ်မရှိရင် မဖြစ်ဘူးလေ ။ :)))
အိမ်ကနေ မှတ်တိုင်ရောက်အောင် မီနစ် နှစ်ဆယ် လမ်းလျှောက်ရမယ် ။ ကဲ..နောက်မကျအောင် အိပ်ရာက ထမှပါပဲ ။ လမ်းလျှောက်ရတာ ဝေးတာတစ်ခုလေးပဲ ။ ကားကအဆင်ပြေတယ် ။ မြန်လဲမြန်ပ ။
ခြေလှမ်းကြဲကြဲနဲ့ ဘောက်ဆတ်ဘောက်ဆတ် လမ်းလျှောက်တတ်တဲ့ ကျွန်မ မိုးဖွဲဖွဲလေး ကြားမှာ ထီးမပါပဲ အေးဆေးလမ်းလျှောက်နေပါတော့တယ် ။ ရင်ထဲမှာ ဘာကိုလွမ်းလို့ လွမ်းနေမှန်း မသိပါဘူး ။ ဟယ်..မှတ်တိုင်မှာ x28 ပါလား။ မီပါ့မလား ။ ကားတွေကလဲနော် မြန်မြန်သွား ။ မီးပွိုင့်ရယ် မြန်မြန် နီလိုက်စမ်းပါ ။ ဒါမှ ဟိုဘက်လမ်းကူးလို့ရမှာ ။ ဒီတစီးလွတ်ရင် နောက်တစီးကို အနဲဆုံး ဆယ့်ငါးမီးနစ် ထပ်စောင့်ရမှာ ။ မှီတယ်ဗျာ ။ ဟူး..မောလိုက်တာ လွမ်းတာလေးတောင် ဘယ်ရောက်သွားပါလိမ့် ။ ကားပေါ်ရောက်မှပဲ ပဌာန်းတရားလေး နာတော့တယ် ။
နံနက်(ကိုးနာရီ)
အွန်..ရုံးရောက်တာ လွယ်ထားတဲ့ အိတ်လေးတောင် မချရသေးဘူး ။ အလုပ်ကစောင့်နေတယ် ။ ရက်စက်ပ ။ ရှုပ်လိုက်ဦးပေါ့ အလုပ်ရယ် ။ ဟဲဟဲ Tea တော့ ရှုပ်တဲ့ကြားက ရအောင်သောက်တယ်နော် ။
နေ့လည် (၂နာရီ)
အို့ ဗိုက်လဲနော် ဆာလိုက်တာ ။ မှန်းစမ်း ဘယ်နာရီလဲဟ ။ ထမင်းစားချိန် တောင်ကျော်နေပြီပဲ ။ ထမင်းစားတော့မယ်ဟေး ။ ပြောသာပြောရတယ် ။ ထမင်းစားတော့မယ်ဆိုရင် အလုပ်က ပေါ်ပေါ်လာတတ်တယ် ။ အကျင့်ဖြစ်နေပြီနော်။
အမယ် ဒီနေ့တယ်ဟုတ်ပါလား ။ အေးဆေး ထမင်းစားရတယ် ။ စားပြီးရင် Tea နော် Tea
ညနေ(၆နာရီ)
ဝေးးးး အိမ်ပြန်ရတော့မယ် ။ သူဌေးကစောစော ပြန်သွားတာဆိုတော့ ကဲ ခြောက်နာရီ ဒေါင်ဆိုတာနဲ့လစ်ပြီ ။
( ဒီ secretary က မနက်ဆို သူဌေးမ နောက်မှလာ .ညဆို သူဌေးမ ရှေ့ကပြန်နဲ့ နီးနေပြီနော် ..ဖွဟဲ့ ဘာတွေးနေတာလဲ သူဌေးမက သဘောကောင်းပါတယ်နော့ )
ကဲ အပြန်လဲ စောင်မျှော်လိုက်ပါဦး အချစ်ဆုံး x28လေးကို ။ တခြားနံပါတ်သာစီးရင် ယာဉ်ကြောကပိတ် ခုံရဖို့မလွယ် ။ မိန်းကလေးဆိုတော့ ဒီနိုင်ငံရဲ့ ဥပဒေအရ မိန်းကလေး မတ်တပ်ရပ် မစီးရတော့ Full Lady ဆို သွားပြီ ။ နောက်တစီးပေါ့ ။ မျှော်သာမျှော် ပေါ်မလာ ။ လာပြန်တော့လဲ Full Lady ပဲ ။
ဒါကြောင့် အိမ်နဲ့ မှတ်တိုင် လမ်းလျှောက်ရတာ ဝေးတာလေးတစ်ခုပဲ ။ ကားပေါ်မှာ လူလေးငါးဆယ်ယောက်သာ ပါပါလာတတ်တဲ့ ဒီကားလေးကို သံဃောဇဉ်ကြီးစွာ ဆက်ကာစောင့်မယ်နော့ ။
ည(ခြောက်နာရီခွဲ)
လာပြီလာပြီ ။ အချိန်မှန် ကားကြီးဆိုက်လာပြီ ။ ခြောက်နာရီကျော်ကျော် ကားမမှီရင် အေးဆေးပဲ ။ ခြောက်နာရီခွဲဆို သေချာတယ် သူလာမှာ ။
ကဲ အိမ်ပြန်လမ်းမှာတော့ သီချင်းဖွင့်ကာ စီးချက်လိုက်ရင်း ပြန်တာပေါ့ကွယ် ။ ဆင်းရမဲ့ မှတ်တိုင်တော့ ရောက်ပြီ ။ လမ်းလျှောက်မယ် ။
Start ! 1.2.3
အေးဆေးပဲ ။ မိုးကဖွဲတုန်း ။ ထွန်းအိန္ဒြာဗို ရဲ့ " မိုးလေးဖွဲတုန်း သတိရတယ်.........တကိုယ်ရေထဲ မိုးစက်တွေအလယ် " လွမ်းပြန်ပြီ ။
ည(ရနာရီခွဲကျော်ကျော် )
အဒေါ်အစောကြီး ပြန်ရောက်နေတယ် ။ချက်လဲချက်ထားပြီးပြီ ။ အားနာလိုက်တာ ။ ဗိုက်ဆာနေတာနဲ့ အတော်ပဲ စားလိုက်ကြစို့ပေါ့ ။
အိမ်မှာထမင်းစားရင်တော့ အေးဆေးပဲ ။ အဒေါ်နဲ့ တနေ့တာတွေ ပြောဆိုရယ်မော စားနေတာ အကြာကြီးပဲ ။
ပြီးရင် ပန်းကန်ဆေး တာဝန်ကျွန်မယူ အဲ ..အဲ လျှော်စရာတွေ တပုံတပင် ဘယ်နှဲ့ လုပ်ရမလဲ.စက်ထဲပို့ပေါ့နော့.
နောက် အားလုံးပြီးစီးရင် MBC Action ကလာနေတဲ့ ဇာတ်လမ်းလေးကြည့်လိုက် (စကားမစပ် Prison Break ထဲက မင်းသားလေးမိုက်တယ်နော် :) )
နောက် အွန်လိုင်းပေါ် တက်လာသမျှ အပေါင်းအသင်း ရောင်းရင်းများကို နှုတ်ခွန်းတော်ဆက် ရန်ဖြစ်ရသေးတယ် ။ အမှန်ဆို သူတို့က လူကို စိတ်မဆိုးဆိုးအောင် လာလုပ်တာကျ မပြောဘူး ။ ကျွန်မ ဆိုးတယ်ပဲ ဆိုချင်ကြတယ် ။ သူငယ်ချင်း အရင်းခေါက်ခေါက်တွေမို့ပေါ့ ။ မဟုတ်ရင် Block လုပ်လိုက်ရင် တယောက်မှ ရှိတော့မှာမဟုတ်ဘူး ။ :( မောင်ဝမ်းကွဲ စိုင်း က အစ စိတ်ဆိုးအောင် လာလုပ်နေမှတော့ ကျန်သူတွေပြောမနေနဲ့ ။
:) စတာပါနော် ။ အားလုံးက ခင်ဖို့ကောင်းပြီးသား ။
ဝါးးးး အိပ်ချင်လိုက်တာနော် ။ ဇာတ်လမ်း လှမ်းကြည့်လိုက် ၊ သူငယ်ချင်းနဲ့ ရန်ဇြစ်လိုက် ၊ သူငယ်ချင်း ဆိုဒ်တွေ ၀င်လည်ပတ် ၊ စာတွေဖတ်လိုက် ၊ သီချင်းကတစ်ဘက်နားထောင်လိုက် ၊ စိတ်ထဲ ခံစားချက်ရှိလာရင် စာလေးရေးထားပြီး Save လိုက်နဲ့(တခါတလေများ မုန့်တောင်စားလိုက်သေး) အလုပ်တော်တွေ တပြိုင်နက်တည်း တော်တော် ရှုပ်နေတဲ့ ကျွန်မ အိပ်ဖို့သင့်ပြီနော်။ မနက်ကျတော့ မထချင်ဘူး ။ ညကျတော့လဲ တော်တော်နဲ့ မအိပ်တတ်ဘူး ဇြစ်နေတယ် ။
:) ကျွန်မ မအိပ်ချင်သေးတာနဲ့ သူငယ်ချင်းတယောက်ကို မအိပ်ရအောင် ရစ်နေတာ ။ သနားပါတယ် ။
"စောစောအိပ်လို့ ၊ စောစောထလို့ ၊ စောစောလမ်းလျှောက်ကြပါစို့ " ဆိုတဲ့ သီချင်းကို ပြောင်းပြန်လှန်ထားတယ်လေ
" နောက်ကျအိပ်လို့ ၊ နောက်ကျထလို့ ခပ်သွက်သွက်လေး ပြေးပါစို့ "
အိပ်ပြီ..GOOD NIGHT
(သောကြာနေ့ဆိုရင် သေဖို့သာပြင်ထားတော့ သူငယ်ချင်းတသိုက်ရေ..တနေကုန် နှောက်ယှက်နေမှာနော် ။ အိမ်နဲ့ အလွမ်းသယ်ချိန်က လွဲရင်ပေါ့ :) )
A smile is the light in your window that tells others that there is a caring, sharing person inside.
ဒီပိုစ့်ကို ရေးဖြစ်ရတဲ့ အကြောင်းရင်းလေးကတော့ ကျွန်မမောင်ဝမ်းကွဲ စိုင်းကနေပြီး Forward လုပ်လာတဲ့မေလ်းကနေ စိတ်ကူးရမိတာပါ ။
ပြုံးရယ်နေတဲ့သူကိုတွေ့ရရင် သိပ်စိတ်ချမ်းသာတာပါပဲနော် ။ ပြုံးတယ်ဆိုတဲ့နေရာမှာလဲ တကယ့်ကို နှစ်နှစ်ကာကာ ပြုံးတတ်ဖို့ လိုပါတယ် ။ ဒါဆိုရင် ပြုံးပြခြင်းခံရတဲ့သူလဲ စိတ်ချမ်းသာသွားမယ်လေ ။
ကျွန်မလဲ အစကပြုံးရယ်မနေတတ်ဘူး ။ ငယ်ငယ်ကဆို မျက်နှာစူပုတ်ပုတ်နဲ့ တလောကလုံးကို တင်ကျွေးထားရတဲ့ အတိုင်းပေါ့ ။ အဲဒီလိုနေတော့ တွေ့တဲ့သူတိုင်းက ဘာများစိတ်ဆိုးလာသလဲလို့ တွေးထင်ကြတယ် ။ သူတို့လဲအနေခက် ကိုယ်လဲ မပျော်ဖြစ်တာပေါ့ ။
ကျောင်းမှာဆိုလဲ ကျောင်းမှာမို့လို့ စူပုတ်နေတော့ သူငယ်ချင်းတွေက အနေရခက် ။ သူတို့ ဘာအမှားများလုပ်မိလဲလို့ တွေးကြပေါ့ ။ အလုပ်ထဲရောက်တော့လဲ မျက်နှာထားက စူပုတ်တင်းနေတော့ လုပ်ဖော်ကိုင်ဖက်တွေက ပြောရမဲ့ကိစ္စတွေ ရှိရင်တောင် မပြောရဲကြတော့ဘူး ။ စိတ်ညစ်တာပေါ့ ။ ကျွန်မမျက်နှာ ပြုံးရယ်နေရင် သူတို့လဲ ပျော်တယ် စိတ်ချမ်းသာတယ်လို့ ပြောတဲ့အထိဖြစ်လာတော့တာပါပဲ ။ အဲဒါကြောင့် အမြဲအဲဒီလိုလေး ပြုံးနေပါလားလို့ ပြောလာကြတော့ ကျွန်မတော်တော် စိတ်မကောင်းဖြစ်သွားတယ် ။ ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်မိတယ် ။ သူတို့ပြောတာ မှန်နေတယ် ။ မျက်နှာက မသာမယာစူပုတ်နေမှတော့ အောင်မြင်အောင်လုပ်ရမဲ့ ကိစ္စက တ၀က်ရှုံးသွားပြီလေ ။
နောက်ပိုင်း ကျွန်မပြောင်းလဲကြည့်လိုက်တယ် ။ လူတွေကို စိတ်ထဲကနေ နှစ်နှစ်ကာကာကို ပြုံးပြတော့ အောင်မြင်တယ် ။ ကိုယ့်ကိုပိုခင်လာကြ ၊ ပိုချစ်လာကြတယ်လို့ ခံစားရလာတယ် ။ ကျွန်မက Bus stop မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် သိသိမသိသိ ရယ်ပြပြုံးပြလိုက်တတ်တယ် ။ ( အဲ.. ..အဲ မိန်းကလေးတွေကို ပြောတာနော် ) ။ အဲဒီခါကျတော့ သူတို့က ကိုယ့်ကို နှုတ်ဆက်ပြီး ဘယ်နိုင်ငံကလဲ စသည်ဖြင့် မေးတတ်ကြ နောက်ပိုင်း ဘယ်နေရာတွေ့တွေ့ မှတ်မိပြီး နှုတ်ဆက်တတ်ကြတယ် ။ (ဆိုးတာက ကျွန်မအကျင့်ပေါ့ ။ တခါနှစ်ခါလောက်မြင်ဖူးတဲ့သူကို မမှတ်မိတတ်ဘူး ။ ဘယ်နားမှာများ သိခဲ့တာပါလိမ့်လို့ ပြန်ပြန်စဉ်းစားနေရတယ် ။ အားနာစရာကောင်းတယ် ။ )
ကျွန်မပြောချင်တာက ဒီလိုနှစ်နှစ်ကာကာပြုံးပြလိုက်တော့ မိတ်ဆွေအပေါင်းအသင်းတိုးလာသလို ရန်သူ မုန်းသူဆိုတာလဲ နည်းသွားတာပေါ့ ။ ကျေးဇူးတင်ပါတယ် လို့ပဲ ပြောတဲ့အခါမှာ ဖြစ်ဖြစ် ၊ တောင်းပန်စကားဆိုတဲ့ အခါမှာ ဖြစ်ဖြစ် စိတ်ထဲကနေ စိတ်ပါဝင်စားစွာ ပြောဆို ပြုံးလိုက်တော့ ပိုကောင်းသွားမလားလို့ပါ ။
ကျွန်မလဲ ကြိုးစားနေဆဲပါ ။ တခုခု အလိုမကျတိုင်း သက်ဆိုင်သူကော မသက်ဆိုင်သူတွေကိုပါ ရောပြီး စိတ်ဆိုးတတ် ၊ မျက်နှာစူပုတ်ပြီးနေတတ်ဆဲပါ ။
အဲဒီFwd မေလ်းထဲမှာ ရေးသားထားတာက....
ကလေးတယောက်ဟာ တနေ့ကို အကြိမ်လေးရာပြုံးတယ်
လူကြီးတယောက်အနေနဲ့ကတော့ တနေ့မှ ဆယ့်ငါးကြိမ်လောက်ပြုံးတယ်တဲ့ ။
အင်းပေါ့နော် ။ လူကြီးတစ်ယောက်အနေနဲ့ဖြင့် ကျောင်း အလုပ် အိမ်မှု့ကိစ္စ တခြား အဆင်မပြေမှု့ မျိုးစုံကိုကြုံတွေ့ခံစားရတော့ ကြာလာ အ၇ယ်အပြုံးနည်းကုန်တာပေါ့ ။ ဒါပေမဲ့ ပြုံးရယ်လိုက်ခြင်းဇြင့် စိတ်ဖိစီးမှု့ဒဏ်တွေကို အနည်းနဲ့အများတော့ လျော့ပါးစေပါလိမ့်မယ် ။
ဒါကြောင့် ပိုပြီးနှစ်နှစ်ကာကာ ပြုံးပြ ရယ်ပြကြရအောင်လားနော် ။။။။။
အမေများနေ့ကို ကျွန်မစိတ်ထဲ အမှတ်တရဖြစ်နေတဲ့ တကယ့်အဖြစ်အပျက်လေးကိုပဲ ဝေမျှလိုက်ပါတယ် ။ ဒီအဖြစ်အပျက်လေးက ၂၀၀၇မှာ ဖြစ်ခဲ့တာပေါ့။ကျွန်မတို့အိမ်မှာ မွေးထားတဲ့ ခွေးမလေး မီရှယ်လ်ကနေပြီး သားတစ်ကောင်ပေါက်လာတယ် ။ အမဲရောင်လေး... နောက်သုံးရက်မှာပဲ ခွေးကလေးလေး သေသွားတယ် ။ မီရှယ်လ်လေ သူ့ကလေးလေးကိုလိုက်ရှာနေတာ သနားပါတယ် ။ နောက်ရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နောက်ခွေးမလေး မစ်ကီသားပေါက်ပါလေရော ။ သူက လေးကောင်ပေါက်တယ် ။ အဲဒီထဲမှာ အမဲတစ်ကောင်လေးလဲပါလာတယ် ။ ပြသနာက အဲဒီမှာစတာပါပဲ ။
မီရှယ်လ်က အဲဒီအမဲလေးကို သူ့ကလေးဆိုပြီးသွားယူလာတယ် ။ မစ်ကီလေ အရူးလိုပဲ တောင်ပြေး မြောက်ပြေးနဲ့ လူတွေကို သူ့လက်ကလေးနဲ့ လာလာတို့ပြီး အကူအညီလာတောင်းတော့တာပါပဲ ။ အမှန်ဆိုရင် မစ်ကီက မီရှယ်လ်ကို ကြောက်ရတယ် ။ အခုတော့ သူမှာအကြောက်တရားဆိုတာ မရှိတော့ဘူး ။ သူ့ကလေးလေးကို သွားပြန်လုတယ် ။ မီရှယ်လ်ကလဲ မပေးဘူး ။နှစ်ကောင်သား ရန်ဖြစ်တော့တာပါပဲ ။ မစ်ကီက.တခြားကလေးတွေပါထိမှာစိုးလို့ သူ့မှာ ဒီဘက်က ကျန်တဲ့ကလေးတွေနားမှာ နေလိုက် ။ မီရှယ်လစ်တာနဲ့ သူ့ကလေးလေးကို သွားယူလာလိုက် နဲ့ဗျာများနေရတယ် ။ မီရှယ်လ်ကလဲ သူ့ကလေးဆိုပြီး ပြန်ပြန်လာယူတယ် ။ ကျွန်မတို့ မောင်နှမတစ်အုပ်မှာတော့ ဘာလုပ်ရမယ်မှန်းတောင် မသိတော့ဘူး ။ နှစ်ကောင်စလုံးကိုသနားတယ် ။ အစာလဲ ကောင်းကောင်းမစားနိုင်ကြရှာဘူး ။ လစ်တာနဲ့ ကလေးကို သွားပြန်ယူလာလိုက် တစ်ကောင်ကလဲ သိတာနဲ့ ပြန်ရန်လာလုပ်ယူလိုက်နဲ့ပေါ့။
မစ်ကီအနေနဲ့ကလဲ သူ့ကလေးလေးမို့ စိုးရိမ်စိတ် ချစ်စိတ်တွေအပြင် တခြားကလေးတွေကိုပါ ထိလာမှာလဲ စိတ်ပူနေရှာတာ ။ တော်တော်သနားစရာကောင်းပါတယ် ။
မီရှယ်လ်လေးကျတော့ သူ့ကလေးလေး ဆုံးရှုံးထားတာမသိတော့ သူ့ကလေးလေးမှတ်ပြီး နို့တိုက်နေပုံ ကြည့်မိတော့ ဘယ်လိုမှ ထိန်းမရဘူး ။ မျက်ရည်တောင်ဝဲတယ် ။
ဘယ်လိုလုပ်ပေးရမယ်မှန်းလဲ မသိတော့ဘူးလေ ။ မြင်ကွင်းကို ကြည့်နေရတာ စိတ်မချမ်းသာစရာပေါ့ ။
နောက်ဆုံးတော့ အဲဒီခွေးကလေးလေး သေသွားရော ။ ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်ဆိုတော့ သူလဲ ဘယ်လောက်များ စိတ်ညစ်လိုက်မလဲနော် ။
မစ်ကီအနေနဲ့လဲ ဘယ်ဘ၀က၀ဋ္ဋ်ကြွေးပါလိမ့်နော် ။ သူ့သားသမီးကို လုယူခြင်းခံရတယ် ။ သူ့ရင်ထဲမှာ ဗလောင်ဆူနေမှာ သေချာတာပေါ့ ။
ဘာပြောပြော .သက်ရှိဟူသမျှ မေတ္တာစိတ်ရှိကြစမြဲပါ ။ အဲဒီလို မေတ္တာတွေထဲမှာ မိခင်မေတ္တာလောက် အေးမြပြီး သားသမီးအပေါ် လုံခြုံမှု့ပေးစေတာ မိခင်တိုင်း ရင်ထဲမှာ စိုးရိမ်ကြောင့်ကြမှု့တွေနဲ့ ပြည့်နေတာ မရှိဘူးနော် ။
ကိုယ့်သားသမီးကို ဘေးအန္တာရယ်ကနေ ကာကွယ်နေကြတာ ၊ စိုးရိမ်ပေးတာတွေဟာ ကိုယ်ဝန်တည်ရှိကတည်းကနေ မွေးဖွားလာရာမှ ဘယ်လောက်ပဲ လူလာမြောက်ကြီးလာပစေ ကလေးတစ်ယောက်လို အမြဲမပြတ် ကာကွယ်နေပေးဆဲနော် ။
မိခင်ဆိုတဲ့ စိတ်ဟာ ဘယ်အရာကိုမှ ကြောက်ရွံစေခြင်းမရှိတော့ဘူးနော် ။
အမေကို ပိုမိုသိတတ်ချစ်ကြရအောင်နော် ။ အမေ စိတ်ဆင်းရဲစေမဲ့ ကိစ္စကို တတ်နိုင်သမျှ ရှောင်ကာ စိုးရိမ်မှု့တွေ မလုပ်ကြရအောင်နော် ။
အမေတိုင်းကို ရိုသေစွာ ကန်တော့လျက်..........
ဒီနေ့ ဘာရေးရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတုန်း သူငယ်ချင်း လေလွင့်သူပြောတဲ့ ကျွန်မမွေးရပ်မြို့ အကြောင်းလေးသိချင်တယ်ဆိုတာကို သတိရသွားတယ် ။ ကျွန်မရဲ့မွေးရပ်မြေအကြောင်းရေးရင်း ထပ်စဉ်းစားမိလာတာက နိုင်ငံတိုင်း လူမျိုးတိုင်းမှာ သူ့ဓလေ့နဲ့ သူ့ရိုးရာရှိကြတယ်နော် ။ ပြီးတော့" တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း " ဆိုတဲ့စကားလေးအတိုင်း ကျွန်မတို့မြို့ ရိုးရာဓလေ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ။
ဒီနေ့တော့ စစချင်း အပိုင်း(၁) အနေဇြင့် ကျွန်မတို့မြို့လေးရဲ့ တည်နေပုံလေးကို ပြောပြချင်တယ် ။ ကဲ သူငယ်ချင်းတို့ရေ သွားကြရအောင် မြို့လေးဆီသို့
ကလောမြို့ကိုရောက်ပြီဆိုတာနဲ့ ကျွန်မမွေးရပ်မြေကို သွားဖို့ လမ်းရွေးရပါတော့တယ် ။ ကလောမြို့အထွက်ရောက်တာနဲ့ အောင်ဘန်း- တောင်ကြီးသွားလမ်းနှင့် ပင်လောင်း-လွိုင်ကော်သွားလမ်းဆိုပြီး လမ်းခွဲလေးတွေ့ပါလိမ့်မည် ။ ပင်လောင်း -လွိုင်ကော် သွားလမ်းကနေ ပအိုဝ့်ရွာငယ်လေးတွေကို ဇြတ်ကျော်လာရင်း ကလောမြို့နယ်ကနေ စရေတွက်ရင်း ၄၂မိုင်အရောက်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၀၀အမြင့်မှာတည်ရှိနေသလို တောင်ပတ်လည်တွေ ၀န်းရံနေသော မထင်မှတ်ပဲ မြို့ငယ်လေးကို တွေရပါလိမ့်မယ် ။အဲဒါကျွန်မတို့မြို့ရဲ့ ထူးခြားချက်လေးပါ ။ အဲဒီနယ်မြေကို မရောက်ဖူးသူများဆိုလျှင် ထင်မှတ်ထားမည် မဟုတ်ချေ ။ ရွာငယ်လေးတွေကို ဖြတ်လာရင်း မြို့လေးက တောင်ကြောအကွေ့မှာ ဘွားကနဲ့ ပေါ်ထွက်လာခြင်း ဇြစ်တာကိုး ။ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ၃၉ မိုင်ပဲ ကွာဝေးပါတယ် ။ ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ်ရဲ့ နယ်စပ်မြို့ဆိုလဲမမှားပါဘူး ။
မြို့နာမည်လေး ပင်လောင်းဆိုတာက မြန်မာအသံလိုထွက်တာဇြစ်ပြီး ရှမ်းလိုအသံထွက်ရင် " pan loung ( ပန်လောဝ်)" လို့ အသံထွက်ရပါတယ် ။
ဒီမြို့ငယ်လေးမှာအဓိက ပတ်လည်နေသော တောင်တွေထဲကနေ အဓိကတောင်ကြီးကတော့ အရှေ့ဘက်အရပ်မှာရှိနေတဲ့ လွယ်မောင်းလို့ အမည်တွင်တဲ့ တောင်ကြီးပေါ့ ။ ဒီတောင်ထိပ်ပေါ်ကနေ ကြည့်ရင် အင်းလေး ( အင်းစပ် ) ကို မြင်ရပါတယ် ။ တောင်ဘက်အရပ်မှာရှိတဲ့ ဂျူးလို့ခေါ်တဲ့ တောင်ကျတော့ တော်တော်လေးလှပါတယ် ။ ဒီတော တောင်တွေမှာ ဂူတွေတော်တော်များတယ်လို့ လူကြီးသူမတွေပြောပြလို့ သိရှိရပါတယ် ။ ယခင် ဂျပန်ခေတ်ဆိုလျှင် ဒီတောတောင်ထဲကဂူတွေဆီမှာပဲ ပုန်းရှောင်ကြရပါတယ်တဲ့ ။
ဒီမြို့ငယ်လေးမှာ ရှမ်း ၊ ပအိုဝ့် လူမျိုး အများဆုံး ( ပအိုဝ့်တိုင်းရင်းသားပိုများမယ် ) နေထိုင်ကြပါတယ် ။ တခြား ဓနု၊ တောင်ရိုး ၊ပလောင် ၊ ဗမာ လူမျိုး တို့လဲ နေထိုင်ကြတယ် ။ ဒီမြို့ငယ်လေးမှာ ရပ်ကွက်ကြီး (၆) ရပ်ကွက် ရှိတယ် ။ ကျွန်မကတော့ အနောက်ရပ်ကွက်သူပေါ့ ။
ရာသီဥတုအနေနဲ့ တောင်ပတ်လည်ဝိုင်းနေလို့ထင်ပါရဲ့ အမြဲအေးနေတာပဲ ။ နွေရာသီဆိုပေမဲ့ အနွေးထည် ခပ်ပါးပါးလောက်တော့ ၀တ်ထားရသေးတယ် ။ မိုးရာသီဆိုရင် တမိုးတွင်းလုံး နေ့ညမပြတ် ရွာနေတော့တာပါပဲ။ နေထွက်ဖို့ဆိုတာ ဝေးရော ။ တစိမ့်စိမ့် နဲ့ မပြတ်ရွာနေပုံများ မြို့ခံလူတွေ ပြောသလိုပြောရရင် လူပျင်းမိုးပေါ့ ။ တနေကုန် ၀ုန်းသုန်းကြဲ သည်းသည်းမဲမဲ ရွာတာလဲမဟုတ်ပဲ တစိမ့်စိမ့်ရွာနေတော့လေ အ၀တ်တွေလဲမခြောက် ၊ စိုထိုင်းထိုင်းနဲ့နေရတာ တမျိုးတော့ တစ်မျိုးလေးပါပဲ ။( ဒီခံစားချက်ကလေးကို ဘယ်လိုပြောပြရမှန်း မသိဘူး ။ ) ညလူခြေတိတ်ချိန်ရောက်ရင်တော့ မိုးရွာသွန်းပုံက ရေသွန်ချသလိုပါပဲ ။ ဆောင်းတွင်းဆိုရင် မနက်ဆိုလျှင်ဘာမှမမြင်ရဘူး။ မြူတွေဆိုင်းနေတာများ ထူပိန်းနေတာပဲ ။ နေကလဲတော်တော်နဲ့ မထွက်တော့ဘူး ။ ရှမ်းပြည်တောင်ပိုင်းမှာ အအေးဆုံးမြို့လို့ြေ့ပာကြပါတယ် ။
မြို့လေးမှာ ငါးရက်တစ်ဈေးဖြစ်ပါတယ် ။ ဈေးနေ့ဆိုလျှင် မြို့ပတ်လည် ရွာပေါင်းစုံမှ တိုင်းရင်းသားတွေ လာရောက်ရောင်းဝယ်ဖောက်ကား ကြပါတယ် ။ ဈေးနေ့ဆို မြို့ပေါ်မှာ လူတွေအများကြီးပဲ ။ အင်မတန်မှလဲ စည်ကားပါတယ် ။
ပအိုဝ့်တိုင်းရင်းသားတွေက သိပ်ချီးကျူးစရာကောင်းတယ် ။ သူတို့ရိုးရာ ၀တ်စုံကို မြတ်မြတ်နိုးနိုး အမြဲဝတ်ဆင်ကြဆဲ ။
ကျွန်မတို့မြို့ အဓိကစိုက်ပျိုး စီးပွားရေးကတော့ လက်ဖက်ခြောက်ပါပဲ ။ တော်တော်များများက ပင်လောင်းမြို့ဆိုသည်နှင့် " သြော်..သိတယ် ပင်လောင်းလက်ဖက်ခြောက်လေ " လို့ပြောကြတဲ့အထိပါပဲ ။ နောက် သစ်တော်သီး ၊ လိမ္မော်သီး ၊တညင်း ၊ ဂေါ်ဖီ အဓိက စိုက်ပျိုးကြပါတယ် ။ တစ်ခြားစီပွားရေးလုပ်ငန်းများလဲ လုပ်ကိုင်ကြပါတယ် ။
ဘာကြောင့် ပင်လောင်းလက်ဖက်ခြောက်လို့ နာမည်ကြီးတာဆိုတော့ ကျွန်မတို့မြို့လက်ဖက်ခြောက် လုပ်နည်းလေး သိသလောက်မျှဝေလိုက်ပါတယ် ။ ဆောင်းအကုန် နွေအကူးမှာ ခူးဆွတ်ထားတဲ့ လက်ဖက်ရွက်တွေကို ဖျာပေါ်တွင် စုပုံပြီး ရေစွတ်ကာ ( စွတ်ရုံလေးသာ) လိမ့်ရပါတယ် ။ နောက် နေပူလှမ်းပါတယ် ။ အဲဒီနောက် ခြောက်သွားပါက ရောင်းချရန် အဆင်သင့်ဖြစ်နေပါပြီ ။ အဲဒီလက်ဖက်ခြောက်က နေရောင်ဖြင့် ခြောက်လို့ ရွှေဖီမိုးလွတ်လို့ခေါ်ပြီး အကောင်းဆုံးပါပဲ ။ တချို့ လက်ဖက်ခြောက်များကိုတော့ မိုးတွင်းရောက်ချိန်တွင်လည်းကောင်း ၊ မိုးမိသွားလို့လည်းကောင်း မီးဖြင့် ကျပ်ခိုးတင် ခြောက်စေချင်းဖြစ်လို့ လက်ဖက်နံ့ထက် ကျပ်ခိုးငွေ့နံ့ ထွက်နေသဇြင့် ရွှေဖီခြောက်လောက် ဈေးမကောင်းပါ ။
လိမ္မော်ခြံ လုပ်မည်ဆိုရင် တော်တော်လေး ဂရုစိုက်ရပါလိမ့်မည် ။ သစ်တော်ကတော့ ဒီအတိုင်းလေးပစ်ထားလဲ အချိန်တန် သီးနေပါတော့တယ် ။
ကျွန်မတို့ရှမ်းပြည်မြေဟာ အနီရောင်ဖြစ်ပါတယ် ။ ဒီမြေဆီနီဟာ အင်မတန်မှ စိုက်ပျိုးလို့ကောင်းတဲ့ သဘာဝပေး မြေသြဇာပါ ။
ကဲ..ဒီနေ့တော့ ဒီမှာပဲနားလိုက်ပါမယ် ။ နောက်နေ့မှ ဓလေ့ရိုးရာပွဲတွေကို တစ်ခုစီ ဖော်ပြပေးပါမယ် ။ ကျွန်မထံတွင် ဓာတ်ပုံများ မရှိနေပါသဇြင့် ပူးတွဲမဖော်ပြနိုင်တာ စိတ်မကောင်းပါဘူး ။ ပုံလေးတွေနဲ့ဆိုတော့ ပိုကောင်းတာပေါ့နော် ။ နောက်အလျင်သင့်ရင်း တင်ပေးပါမည် ။

( ဒေါင်းဖြူလေးကိုတွေ့ရင် ကံကောင်းတယ်တဲ့ ။ ဒါကြောင့် ဒေါင်းဖြူပုံလေး ပို့လိုက်တယ်နော် )
်ဇန်န၀ါရီလ(၈)ရက်နေ့ ရောက်ပြီ ။ ဒီနေ့က ကျွန်မရဲ့ မကြီးဇင်မာ မွေးနေ့လေးပေါ့ ။ အမကြီးတော့အမိအရာတဲ့ ။ ဒီစကားသိပ်မှန်တာပဲ ။ မကြီးက အိမ်မှာဦးဆောင်နိုင်သလို မောင်နှမတွေပေါ်မှာလဲ အကြီးပီသအောင်နေတယ် ။ ကျွန်မတို့မောင်နှမတွေမှာ ညီမသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် အသက်သိပ်မကွာကြတော့ သူငယ်ချင်းလိုပေါင်းတယ် ။ တိုင်ပင်လို့ရတယ် ။ မောင်လေးနဲ့ကျတော့ အသက်ကွာသွားတော့ သူ့ကျတော့ ကလေးလေးလို သဘောထားရပြန်ရော ။
မကြီးဇင်မာက အကြီးဆုံးသမီးဇြစ်လို့လား မသိဘူး ။ အိမ်အတွက်တအား စိတ်ပူတယ် ။ မောင်နှမတွေအတွက် စိတ်မချနိုင်သေးဘူး ။
( ဘယ်လောက်ထိများ စိတ်မချသလဲဆိုရင် အခုထိ သူ့ချစ်သူနဲ့ ကိုယ်ပိုင်ဘ၀ကို မတည်ဆောက်သေးဘူး ။ )
မကြီးပုံစံက ခပ်တည်တည်နဲ့တော့ နေတတ်တယ် ။ ဒါပေမဲ့ စိတ်ထားကောင်းပြီး လူချစ်လူခင်ပေါတယ် ။
ကျွန်မအတွက် သူ လုပ်ပေးခဲ့တာ အများကြီးပဲ ။ စိတ်ပူပေးခဲ့ ၊ လိုအပ်မှု့တွေကို ပြီးပြည့်စုံအောင် ဖြည့်ပေးတယ်နော် ။ ကျေးဇူးတင်ပါတယ် မကြီးရာ ။ တာဝန်တွေ ကျေပွန်နေရုံမကဘူး ပိုလျှံနေပါတယ် ။
" ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာမှု့ အပြည့်ရပါစေလို့ ဆုမွန်တောင်းပါတယ် "
အချစ်ဆိုတဲ့ အရာကို နားမလည်ခင်က ဘ၀မှာမလိုအပ်ဘူး ၊ အပိုအလုပ်တွေလို့ ထင်မြင်ခဲ့တဲ့ငါဟာ မထင်မှတ်ပဲ မင်းနဲ့ဆုံတွေ့မှ ခင်မင်မှု့အတိုင်းအတာတစ်ခုကနေ သံဃောဇဉ်ဆိုတဲ့ကြိုးလေး.တစ်ချောင်းအစပြုပြီး အချစ်ဆိုတဲ့အရာကို ခံစားတတ်လာတယ် ။ အရာရာဟာ လှပလာခဲ့တယ် ။ ပိုပြီးပြည့်စုံလာခဲ့တယ် ။ မျှော်လင့်ချက်တွေ ထားတတ်လာခဲ့တယ် ။ အချစ်ဆိုတဲ့အရာက နူးညံ့ပြီး ကြည်နူးစရာ ကောင်းလှတယ်နော်။။။။။
ဲ အချစ်ကြောင့် နာကျင်စွာခံစားရတတ်တယ် ဆိုတဲ့အကြောင်းအရာလေးတစ်ခုကိုတော့ ငါမေ့နေမိတယ် ။ ငါဟာ အချစ်ကိုမခံစားတတ်ခင်မှာရော ခံစားတတ်လာတဲ့အချိန်မှာပါ ဒီအချစ်ကြောင့် ခံစားရလိုက်မယ်လို့ မမျှော်လင့်မိဘူး ။ သိပ်ခါးသီးလွန်းတယ်ကွာ ။ ငါမလိုချင်ဘူး ဒီနာကျင်စွာခံစားရမှု့တွေကို မုန်းတယ် ။။။။။။
ဘာကြောင့်လဲကွာ ။ မချစ်တတ်တဲ့ ငါ့ကို ချစ်တတ်အောင် သင်ပေးတယ် ။ အချစ်ဆိုတာ ခံစားသိရှိလာခဲ့တဲ့အချိန်မှာ ဘာလို့တစ်ခါတည်း နာကျင်ခံစားရအောင်လုပ်ရတာလဲ ။ အခုမှ အချစ်ဆိုတာကို နားလည်တတ်တာလေ ။။။။။။။။
ပျော်ရွှင်နေတဲ့ လွတ်လပ်မှု့ပေါ့ပါးတဲ့ အပူအပင်ကင်းနေတဲ့ ငါ့ဘ၀ထဲကို ၀င်လာပြီးမှ ဖြူစင်စွာ မောင်နှမသံဃောဖဉ်ထားတာပါလို့ မင်းနှုတ်ဖျားက ပေါ့ပေါ့ပါးပါး ပြောထွက်နိုင်ခဲ့တယ်နော်။။။။
ငါငိုကြွေးတာကိုပဲ လူတွေမြင်ပေမဲ့ နာကျင်အောင်ခံစားရတဲ့ ငါ့နှလုံးသားက ငိုကြွေးသံကိုတော့ ဘယ်သူ့မှ မမြင်နိုင် / မကြားနိုင်ဘူးနော်။။။။
မင်းကိုချစ်မိတာ တစ်ခုလေးနဲ့တင် မင်းမကြိုက်တဲ့ အရာမှန်သမျှ အဝေးလွင့်ပစ်ခဲ့တာတွေ ၊ မင်းဇြစ်စေချင် လုပ်စေချင်တဲ့ အရာတွေကို တိတ်တခိုးပြုပြင်ပြောင်းလဲပေးခဲ့တာတွေ ၊ မင်းအတွက် မင်းလိုအပ်မယ်ထင်တဲ့ အရာလေးတွေကို လုပ်ပေးချင်ခဲ့တာတွေဟာ ငါအပေါ်ယံကြောနဲ့ လုပ်ခဲ့တာမဟုတ်ဘူး ။ မင်းကိုချစ်မိလို့ အလိုလိုနေရင်း မင်းစကားအတိုင်း နားထောင်မိခဲ့တာပါ ။
မင်းရင်ထဲမှာ ငါါ့အတွက်ခံစားမှု့တစ်ခုတော့ ဖြစ်တည်ခဲ့ဖူးတယ်ဆိုရင် မင်းအတွက် ငါအရာအားလုံးရင်ဆိုင်မယ် ဆိုတဲ့ ငါ့ဆုံးဖြတ်ချက်ကို မပြောပဲ နားလည်တတ်ပါစေ။။
ကျွန်မဒီဘလော့ဂ်လေးကို မရေးခင်ကတည်းက စိတ်ထဲမှာတစ်ခုခု ဖြစ်တိုင်း ပျော်ရွှင်သည်ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ စာအုပ်ပေါ်မှာ ချရေးတတ်တာ (ဒိုင်ယာရီသဘောမျိုးတော့မဟုတ်ပါဘူး ) အကျင့်တစ်ခုဖြစ်ခဲ့ပါတယ် ။ ကျွန်မဘလောဂ်ကိုရေးတယ် ဆိုတာကလဲ ကျွန်မခံစားမှု့ / ခံစားရမှု့တစ်ခုကို ရေးသားတာပါ ။ အမှန်တကယ်လဲ ဘာမှနားမလည်ပါဘူး ။ စိတ်ထဲမှာရှိနေတာလေး တစ်ခုကို ဒီအတိုင်းလေးချရေးယုံသက်သက်ပါ ။ သူငယ်ချင်းလြဲေ့ပာပါတယ် အားပေးပါတယ် ။ သူများဘလောဂ်တွေကိုလိုက်ဖတ် လေ့လာပြီး ရေးသားပါတဲ့ ကြာလာရင်ရေးတတ်လာမယ် ။ ဒါပေမဲ့ ကျွန်မစည်းဘောင်နဲ့ ဖတ်ပြီးရင်ဘာတွေ ကျန်ခဲ့နိုင်တယ် / ရသွားတယ် ဆိုတာမျိုး
မရေးတတ်ဘူး ။ ကျွန်မစိတ်ထဲမှာ လက်ရှိခံစားနေရတာလေးကိုပဲ ချရေးလိုက်ရုံသက်သက်လေးပါပဲ ။ အဲဒီအတွက် လာရောက်ဖတ်ပြီး ဘာမှမပေးနိုင်တာကိုလဲ စိတ်မကောင်းဇြစ်ရပါတယ် ။ သူငယ်ချင်းတွေက ကောင်းစေချင်တဲ့ စေတနာတစ်ခုနဲ့ြေ့ပာကြသင်ပြပေးတာကို နားလည်သဘောပေါက်ပေမဲ့ စိတ်ထဲအတိုင်းရေးတတ်တဲ့ ကျွန်မအတွက် မလွယ်ကူပါဘူး ။ ကျွန်မခံစားရသမျှကိုသာ ချရေးမှာသာဖြစ်ပါတယ် ။ ဒီအတိုင်းလေးပဲ ဆက်ရေးနေမှာပါပဲ ။ ကဲ သူငယ်ချင်းတို့ရေ နားလည်ပေးပါကွာ ။
ဒီစကားလုံးက လူတိုင်းနဲ့ မကင်းကွာလှပါဘူးနော် ။ သက်ရှိမှန်သမျှမှာ.မျှော်လင့်ချက်ကိုယ်စီရှိတတ် / ရှိကြပါတယ် ။ မျှော်လင့်ချက်နဲ့ ရှင်သန်နေကြရတာပါ ။ ကျွန်မသူငယ်ချင်း လေလွင့်သူ ( http://tamoeoutkabar.ning.com ) ရေးတဲ့ စဉ်းစားစရာ( ၁ ) မှာ ဒီမျှော်လင့်ခြင်းနဲ့ ပက်သက်ပြီး ရေးထားတာကို ဖတ်ပြီးကတည်း ရေးချင်နေတာ ။ လေလွင့်သူရေးသလိုပါပဲ
" လူတွေကို သူတို့မျှော်လင့်ထားတာထက် ပိုပေးလိုက်စမ်းပါ ။ ပေးတဲ့အခါလည်း ကြည်ကြည်ဖြူဖြူရှိနေပါစေနော် " တဲ့ ။
သိပ်ကောင်းတဲ့ စာကြောင်းလေးပါ ။ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ ဆိုတာကို မငြင်းနိုင်ပါဘူး ။ ဖက်တွယ်လို့ရသမျှ မျှော်လင့်မှု့ကို တောင့်တနေကြတာပါပဲ ။ ဒီလိုပဲ ရရှိသွားတဲ့အခါမှာ ခံစားရတဲ့ ပျော်ရွင်မှု့ဟာ ဘယ်အရာမှ မနှိုင်းယှဉ်နိုင်ပါဘူး ။ အဆုံးစွန်ထိ / နောက်ဆုံးချိန်ထိ မျှော်လင့်နေကြဆဲသူတွေလည်း လောကမှာ အများကြီးပါ ။ ကမ္ဘာပေါ်တွင် နေရာဒေသအသီးသီးမှာ အစာရေစာအတွက် နေရာထိုင်ခင်းအတွက် မျှော်လင့်ချက်များစွာနဲ့ အသက်ကိုခဲယဉ်းစွာ ရှင်သန်နေသောသူတွေ အများကြီးပါလားနော်။
တခါတရံ ကျွန်မ မျှော်လင့်နေတာတွေ ဖြစ်မလာရင် ၀မ်းနည်းရမှု့တွေဟာ သူတို့မျှော်လင့်နေတာတွေနဲ့ နှိုင်းယှဉ်ရင် တကယ့် ဘာမှမဟုတ်တဲ့ သေးမွှားတဲ့မျှော်လင့်မှု့တစ်ခုပါလား ဆိုတာတွေးမိတယ် ။ သက်ရှိတိုင်း ကိုယ်မျှော်လင့်နေတဲ့. အရာလေးဖြစ်မလာဘူးဆိုရင် သိပ်မ၀မ်းနည်းကြပါနဲ့နော် ။ ကျွန်မတို့ထက် မရှိမဖြစ်လိုအပ်တဲ့ မျှော်လင့်မှု့ကို ရယူသွားနိုင်သူတွေရဲ့ ပျော်ရွှင်မှု့ကို ဝေမျှခံယူကြရအောင် / ဒီလိုပဲ မရှိမဖြစ်လိုအပ်မှု့ကို မမျှော်လင့်နိုင်တော့တဲ့ သူတွေကိုလဲ ကိုယ်ချင်းစာကြရအောင် ။ လူတိုင်းကို မျှော်လင့်ချက်မဲ့ မသွားစေချင်ပါဘူး။ ဒါပေမဲ့ ကံတရားကပေးသလောက်ပေါ့နော် ။ ကျွန်မဆိုရင်လဲ မျှော်လင့်ချက်ထားလိုက်တိုင်း ဇြစ်မလာတတ်တော့ ဖြစ်မလာတဲ့အခါ စိတ်ပျက်သွားမိပေမဲ့ ဇြေသိမ့်နိုင်လာတယ် ။ မထိုက်တန်သေးလို့ ချိန်မကျရောက်သေးလို့ပဲ တွေးမိလိုက်ပါတော့ ။ သူတပါးလိုချင်တယ်ဆိုရင် တတ်နိုင်သလောက်လေး ကူညီဖြည့်ဆည်းပေးလိုက်ရင်းပဲ ရရှိသွားတဲ့အခါမှာ သူတို့ရဲ့ပျော်ရွှင်မှု့ကလဲ ကိုယ်ပျော်ရွှင်မှု့လေပဲပေါ့ ။ ကျွန်မအတွက်ကတော့ မျှော်လင့်မှု့ဆိုတာ ကျွန်မသူငယ်ချင်းတစ်ယောက် ပြောဖူးသလိုပါပဲ မျှော်ရင်လင့်တတ်တဲ့ မျှော်လင့်မှု့လေးတစ်ခုပါပဲ ။။။။။။

(ဟဲဟဲ သူတို့ရိုးရာဝတ်စုံနဲ့သူတို့ကျတော့လည်း ဘယ်လိုကြည့်ကြည့်.ချောနေလို့ ရိုက်ထားတာ)

(ရိုးရာမုန့်လုပ်နေတာလေ မြင်ရတာတော့ မြန်မာကရေမုန့်နဲ့ တူတယ် ။ )


(ဒီဆိုင်ကမစားလိုက်ရတဲ့.ကြိုက်လှပါတယ်ဆိုတဲ့ Shawama ဆိုင်လေးပါ)




ံ၂၀၀၉ခုနှစ်မှာ အားလုံးပဲစိတ်ချမ်းသာကြပါစေ ။ အောင်မြင်မှု့တွေဆထက်တပိုးရကြပါစေလို့ ဆုတောင်းပေးပါတယ် ။
၂၀၀၈ခုနှစ်တော့ကျန်ခဲ့ပြီ ။ ပျော်ရလိုက် စိတ်ညစ်ရလိုက်နဲ့ ငိုတလှည့် ရယ်တစ်ခါကျော်ဖြတ်ခဲ့ပြီးပြီ ။
၂၀၀၉ခုနှစ်အတွက်လိုအပ်တဲ့ အားနည်းချက်တွေကိုပြင်ဆင်ထားပါတယ် ။ အဲ.ဒါပေမဲ့ဒီဇင်ဘာ၃၁ ရက်ညကိုတော့ ထုံးစံအတိုင်း တစ်လွဲတစ်ချော်ကိုးယို့ကားယားနဲ့ဖြတ်ကျော်ခဲ့ပါတော့တယ် ။ အစကတော့ new year ညကိုဘယ်မှမသွားဘူး ။ အိမ်မှာပဲနေမယ်စိတ်ကူးတယ်လေ ။ သူငယ်ချင်းကိုလဲဘယ်မှမသွားပါနဲ့လားလို့ ကိုယ်ကပြောထားလိုက်သေးတယ် ။ :)
ရုံးမှာရှိနေတုန်း အဒေါ်ကဖုန်းဆက်လာတယ် Global Village သွားရအောင်တဲ့ ။ အိုကေပေါ့  ဘလော့ဂ်အတွက်ရေးစရာရတာပေါ့လို့တောင် တွေးမိလိုက်သေးတယ် (တကယ်လဲရေးလိုက်တယ်နော်) သူငယ်ချင်းကိုတော့ ညအမှီပြန်လာမယ်လို့ သွားစကားခံလိုက်သေးတယ် ။
မြူတွေတအားကျနေတာပဲ ၊ အေးကလဲအေးနဲ့ မောင်နှမလေးယောက်သွားကြတာပေါ့ ။ ရောက်ပါပြီ global village
ပွဲဈေးတန်းကို ရောက်သွားသလိုပဲ ။ ကစားကွင်းနဲ့ နိုင်ငံပေါင်းစုံတွေရဲ့ဈေးဆိုင်တန်းလေးတွေက ကွင်းပြင်ကျယ်ကြီးမှာလုပ်ထားကိုး။ (နာမည်တော့ကြီးသား.အခုမှရောက်ဖူး/မြင်ဖူးတာ.မြင်ရတာ.တောင်ကြီးတန်ဆောင်တိုင်လိုပဲ.တောင်ကြီးကိုတောငိ သတိရမိသေးတယ်) စတွေ့တာကတော့ ချက်ကရီလို့ခေါ်တဲ့စက်ဘီးယာဉ်လေးတွေပါပဲ တစ်ယောက်ကိုAED.5ပေးရပါတယ် ။
(AED ဆိုသည်မှာ UAE နိုင်ငံသုံးငွေကြေးဖြစ်ပါသည် ။ ) စီးတော့မစီးခဲ့ဘူး ။
ဝင်ကြေးကတော့ တစ်ယောက်ကို AED. 10 ပေးရပါတယ် ။
(ဖြတ်ပိုင်းလက်မှတ်လေးကိုတောင် အမှတ်တရသိမ်းထားလိုက်တယ် ၀ါသနာအရလေ)
အထဲလဲရောက်ရော အားလုံးလိုလိုကတော့ ဈေးဆိုင်တန်းလေးတွေပဲ ။ နိုင်ငံအလိုက်ရိုးရာပစ္စည်းများတွေ ၊ တခြားအသုံးအဆောင်၊ စားသောက်ဖွယ်ရာတွေကို ရောင်းချကြတာပါ ။ ဈေးတော့ကြီးတယ် ဘယ်လောက်ဈေးကြီးသလဲဆို ကျွန်မသိပ်ကြိုက်တဲ့ အာရပ်အစားစာတစ်ခုဇြစ်တဲ့ Shawama ကို အပြင်မှာဝယ်စားရင် တစ်ခုမှ AED.3 ပါ ။ ဒီမှာတော့ AED.10. တဲ့ တော်ပြီ ၀ယ်မစားတော့ဘူး ။ ဘာမှမ၀ယ်ရဲဘူး ၊ တွေ့သမျှငေးတယ် ၊ဓာတ်ပုံတွေရိုက်တယ် ။ :)
ဆိုင်တော်တော်များများက အမွှေးနံ့သာတွေ ရောင်းချတာများတယ် ။ မွှေးကြိုင်နေတာပဲ မူးတောင်မူးတယ် ။
နောက်ရှိသေးတယ် မောင်နှမတွေချားစီးချင်တဲ့ ကိစ္စပေါ့ ။ ရေးထားတာက Token တစ်စောင်ကို AED.5 ချားစီးလျှင် လေးစောင်ဝယ်ရန် လိုတယ်ဆိုတော့ AED.20 ဇြစ်သွားရော ။(မြန်မာငွေနဲ့တွက်ရင် ခုနှစ်သောင်း ဘုရားရေ တော်ပြီမစီးတော့ဘူး ။ )
ဒါကြောင့်စီးမလာခဲ့ပါဘူး ၊ ချားကြီးကို သွားလည်ပြီး ဓာတ်ပုံသာရိုက်ပြန်လာခဲ့တဲ့ကျွန်မပါ ။
ပြန်လာပါပြီ ည၁၂နာရီကိုတော့ ကားပေါ်မှာပါပဲ ။ လမ်းမှားနေလို့ ပြန်မရောက်ပဲ ကားပေါ်တင် New Year ပေါ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး နှုတ်ဆက်တာမကသေးဘူး ။ ပြောလိုက်သေးတယ် သူ့ရဲ့new year ၁၂ချိန်အမှီ အိမ်ပြန်လာမယ်လို့
အဲဒီလိုပြောမိတဲ့အတွက် ကျွန်မကမ်းခြေကိုသွားမဲ့ မောင်နှမတွေနဲ့ ဆက်မလိုက်သွားတော့ပဲ ။
ည၁၂နာရီကျော်ကျော်မှာ ကမ်းခြေနဲ့ အိမ်အထိ မိနစ်၃၀ကျော်ကျော် လမ်းလျှောက်ပြန်ခဲ့ရပါတယ် ။ အေးလှတဲ့ ဒီဇင်ဘာညမှာ ကျွန်မတယောက်ထဲ ချွေးတွေထွက်နေပါရဲ့ တော်ပါသေးတယ် မှီပေလို့ ။
ကျွန်မရဲ့ ဒီ2009 new year ညကတော့ အမှတ်တရပါပဲ ။