ပြီးဆုံးခဲ့ပြီးပြီဆိုပေမဲ့ မနေ့တစ်နေ့ကအတိုင်းပဲ
ဆုံးရှုံးခဲ့ပြီးပြီးဆိုပေမဲ့ ပိုင်ဆိုင်နေသေးသလိုပဲ
အားပါးတရလဲ လွတ်လပ်စွာ အတူရယ်မောခဲ့ရသလို
ရှိုက်ကြီးတငင်လဲ ဖြေမဆည်နိုင်အောင် ငိုကြွေးခဲ့သေးတယ်
တခါတရံမှာတော့လဲ နာကြင်လွန်းလို့
တိတ်တဆိတ်လဲ ကျိတ်မျက်ရည်ကျခဲ့ရသေးတယ်လေ
အခုချိန်မှာ မြင်တွေးကြည့်တော့
အရိပ်ဆိုပေမဲ့ ထင်းနေပါသေးတယ်
ကံကြမ္မာရယ် နောင်ခါများမှာတော့
ဆောင်ကြဉ်းခွင့်ပြုပါ
ပျော်ရွှင်ခြင်းသာ ……………
အရိပ်သစ်ဆီသို့……………………..
လူရယ်လို့ဖြစ်လာရင် ၀ါသနာက ပါလာပြီးသားပါ။ တချို့ကသိနိုင်ပေမဲ့ တချို့ကျတော့လဲ မသိသာနေဘူးလေ။ဓားသွေးကျောက်ပေါ် တင်သွေးမှ ဓားတွေပိုထက်မြက်လာသလို ဗီဇ၀ါသနာအရင်းခံထားသူတွေဟာ သူဝါသနာပါရာမှာ လုပ်ဆောင်ခွင့်ရရင် ပိုပြီး အရည်အသွေးပေါ်လွင်နေမှာမလွဲ။
ကိုယ့်အတွေးက စကတည်းက ရွေးချယ်မှု့မှားသွားရင် စမ်းတ၀ါးဝါးနဲ့ အောင်မြင်သင့်သလောက် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဖြစ်ချင်တာက ရှေ့နေတစ်ယောက် ။ ကိုယ့်ရွေးချယ်မှု့ထက် သူတပါးစကားနားထောင်ပြီး ရွေးချယ်လိုက်တာက အင်ဂျင်နီယာ။ ပြဒါးတလမ်း သံတလမ်းပါပဲ။ အခုတော့ အင်ဂျင်နီယာလဲမဖြစ်၊ စီမံခန့်ခွဲသူလဲမပီ်၊ အိပ်မက်ထဲက ရှေ့နေဆိုတာ ဝေးလို့.. ရွေးချယ်မှု့မှာ တွေဝေခဲ့လို့ ယောင်ခြာခြာလည်နေတော့ အားမလို အားမရခြင်းများနဲ့သာပါပဲ။
အမှန်တကယ်က လူတိုင်းမှာ အိပ်မက်ဆိုတာ ရှိနေတာပဲ။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေ အခွင့်အလမ်းပေါ် မူတည်ပြီး အိပ်မက်ကို ဘေးဖယ်ပြီး ဖြစ်သင့်တာကို ရွေးချယ်ခဲ့ပြီးမှတော့ ဘာလို့ပြီးမြောက်အောင် မဆောင်ရွက်ခဲ့တာလဲ။ လူတိုင်း ဒီလိုတွေဝေနေခြင်းမဟုတ်ပါ။ ဖြစ်တည်နေတဲ့အပေါ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေကြတဲ့သူတွေ များပြားလှတဲ့ကြားထဲ ဘာလို့ ကိုယ်ကတော့ စကတည်းကနေ ခုချိန်ထိ တွေဝေနေတာလဲ။

ဒီဇင်ဘာ(၂၆)ရက်ဆိုရင် ကန္တာရမိုးစက်များ နှစ်နှစ်ပြည့်ပြီ။ ဒီနှစ်နှစ်အတွင်းမှာ လာရောက်ဖတ်ရှူပြီး အကြံပေးခဲ့ကြ၊ ခင်မင်ပေးခဲ့ကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒူဘိုင်းကန္တာရမြေကနေ ထွက်ခွာလာပြီးနောက်ပိုင်း ပိုစ့်တွေကို မတင်ဖြစ်နေဘူး။ စစချင်းကတော့ မကျော်ခွတတ်နေဘူးလေ။ အရုပ်လေးကို အကူအညီတောင်းလိုက်၊ မအနမ်းကို အပူကပ်လိုက်၊ ဟိုလူမေး၊ ဒီလူမေးနဲ့ ရပြန်တော့လဲ ကောနက်ရှင်ကလည်း ကောင်းတချက် မကောင်းတချက်ဆိုတော့ ပိုစ့်တင်ချင်ပေမဲ့ မဖြစ်နိုင်ခဲ့သလို ရတဲ့အခါလေး ပိုစ့်ပြေးတင်ထားလို့ ၃ပုဒ်လောက်တော့တင်ဖြစ်ခဲ့တယ်။

Cboxမှာ လာရောက်မေးမြန်းနေကြတဲ့ မငုံ ဘယ်ရောက်နေလဲဆိုလို့…အခု မငုံတယောက် ရှမ်းပြည်မှာပါ။ မိဘစီးပွားရေးကိုပဲ ကူညီရင်း ပျော်ရွှင်စွာနေထိုင်နေပါတယ်။ မိုးစက်အိမ် လာရောက် ဆုတောင်းပေးသလိုပေါ့ "ရောက်ရာနေရာလေးမှာ ပျော်ရွှင်နေပါစေ" ဆိုတဲ့ဆုနဲ့ ပြည့်နေပါတယ်။ အားလုံးကိုလဲ သတိရပြီး ဘလော့ဂ်အိမ်တွေကို လည်ပတ်ပြီး စာတွေဖတ်ချင်ပေမဲ့ သုံးတဲ့proxy ကြောင့်တဲ့ မြန်မာဖောင့်က မမြင်ရတော့ (ကောမန့်တောင် ကူးပြီးအပြင်မှာ ပြန်ပြန်ဖတ်နေရပါတယ် ) ဘယ်လိုမှမတတ်နိုင်နေပြန်ဘူးလေ။ နားလည်ပေးကြပါနော့။

နှစ်နှစ်တာအချိန်လေးအတွင်းမှာ အားပေးခဲကြတဲ့ အခုချိန်ထိ ပိုစ့်အသစ်တွေမတင်ဖြစ်နေတဲ့ အိမ်လေးကို လာရောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်လို့ပဲ ဒုတိယနှစ်ပတ်လည် အမှတ်တ၇အဖြစ် ထပ်ဆင့်ပြောပါရစေ။ အဆင်ပြေရင် ပြေသလို ပိုစ့်တွေတင်ဖြစ်နေမှာမို့ အားလုံးပဲ ဆက်အားပေးကြပါဦးလို့….

ညှို့မှိုင်းမှိုင်းတောင်တန်းတွေမှာ
မြူခိုးတွေဆိုင်းနေတာက
စာတပုဒ်ဖြစ်တည်ဖို့လား…

အရိုင်းနေကြာပန်းရွှေဝါတွေ
ဆောင်းလေကြားမှာ ယိမ်းနွှဲ့နေတာက
ကဗျာတပုဒ်စပ်ဆိုဖို့လား…

ငါ့ရင်ထဲမှာတော့……

ကဗျာလဲ မမှီရပါဘူး။
စာလဲမပီသပါဘူး။
ဒါပေမဲ့………
လွမ်းနေတာတော့အချိန်တိုင်းပါပဲ။

နေ့ရက်ချိန်ကြားရွေ့ဆိုင်းကာသွားတိုင်း
လက်ချိုးရေတွက်ထားတယ်
ချစ်သူ………
မင်းပြန်လာရက်လေးကိုပေါ့။
ဆောင်းရိပ်ကိုခိုဖို့ ချိန်တန်လေတော့ တောင်ပတ်လည်ဝိုင်းနေတဲ့ ကျွန်မရဲ့ မြို့ငယ်လေးမှာ မြူခိုးတွေ ဆိုင်းနေလိုက်တာများ ဘယ်ကြည့်ကြည့် အဖြူရောင်သန်းနေတယ်။ ချမ်းအေးတုန်လို့ခြုံစောင်ထဲက မခွာချင်နေဘူးလေ။ နေထွက်ချိန်တန်ပေမဲ့ တောင်နံရံတွေမှာ မြူမှုံဆိုင်းဆဲလေ။နိုဝင်ဘာလ ဆောင်းရိပ်ဝင်စမို့ထင်ပ ပန်းရောင်သန်းတဲ့ ချယ်ရီပန်းများ မပွင့်လန်းသေးပဲပွင့်အာသန်ရန် ရည်မျှော်ဆဲမို့ ချယ်ရီပင်များ ရွက်နုနီစိမ်းလေးတွေ ထင်းနေပြီလေ။ ချယ်ရီမမြင်ရတာ ငါးနှစ်ကျော်ပြီမို့ ဒီတစ်ဆောင်းရဲ့ ချယ်ရီပန်းကို စောင့်မျှော်လင့်နေပါရဲ့လို့ မြန်မြန်ပွင့်စေချင်နေပြီလေ။ နေ့လည်ခင်းပေမဲ့ အနွေးထည်ကိုယ်စီနဲ့...နေမင်းရောင်က ခပ်ဖျော့ဖျော့သာရယ်မို့ အအေးဓာတ်ကို မစိုးမိုးနိုင်ဘူးလေ။ ညနေခင်းများရောက်ရင် မီးဖိုနံဘေးမှာပေမဲ့ အချမ်းမပြေနိုင်ဘူး။ ညဉ့်နက်လေ ချမ်းစိမ့်လေမို့ "ချမ်းလိုက်တာ ချမ်းလိုက်တာ"နဲ့ ငြီးကာ ငြီးကာနေရတော့တယ်။ နှင်းမှုံဖွေးဖွေးတွေကလဲ ညဉ့်နက်လေ ကျရောက်လိုက်တာများ ကြယ်ရောင်မလင်းတဲ့ညကို ကြယ်ဖြူလေးတွေကိုယ်စားကြဲပက်နေတာလားလို့ ပြောလိုက်ချင်ရဲ့။ ဒါတောင် ဆောင်းရိပ်ခိုစနော်။ ဒါကြောင့်ရယ်မို့ရှမ်းပြည် (တောင်ပိုင်း)မှာ အအေးဆုံးမြို့ရယ်လို့ ပြောကြတာပေါ့။
အဖြူထည်


စံပယ် ဇွန်ငယ် မြတ်လေးနွယ်မှ
အဆင်းကဖြူ ရနံ့ ကကျူ
ငြိမ်းအေးစေရန် သင်ပေးဆပ်သည်
အဖြူထည်ပင်တည်း။

နှလုံးသားဖြူဖြူ ရောင်စဉ်ကင်းမဲ့
ပြစ်မျိုးမှဲ့ မထင် ရယ်ရွှင်ခြင်းဖြင့်
ကလေးငယ်လေး သင်ပေးဆပ်သည်
အဖြူထည်ပင်တည်း။

အဖြူရောင်လွှမ်း ငြိမ်းချမ်းရာလမ်း
မျှော်လင့်ရင်းနဲ့ တောင့်တလှသည်
နှလုံးသားငယ် ပေးဆပ်နိုင်စွမ်း
အဖြူထည်ပင်တည်း။
မငုံတစ်ယောက် ကန္တာရမြေမှ အမိမြန်မာပြည်သို့ ဧပြီလ ၁၁ရက်နေ့ ည ၈နာရီ စင်္ကာပူအဲလိုင်းနဲ့ အပြီးပြန်ပါတော့မယ်။ ဒါပေမဲ့ ဒီကန္တာရ မှာ ရွာခဲ့တဲ့ ကျရောက်ခဲ့တဲ့ မိုးစက်များကတော့ ဆက်လက် ရွာသွန်းနေပါဦးမယ်။ စာအရေးကြဲသွားပေမဲ့ ဆက်လက်ပြီး ရေးဦးမှာ ဖြစ်လို့ အားပေးကြဦးနော်။

ဒီရှမ်းသင်္ကြန်သီချင်းလေးနဲ့ အားလုံးကို နှုတ်ဆက်ခဲ့တယ်နော်။ မြန်မာနှစ်သစ်အခါသမယမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။ အောင်မြင် ပျော်ရွှင်ကြပါစေနော့။


မျှော်လင့်ခြင်း ဆိုတဲ့ ဒီစကားစုလေးက လူတိုင်းနဲ့မကင်းကွာလှပါဘူး။ လူရယ်မှ မဟုတ်ပါဘူး။ သက်ရှိတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ဒါကိုမှားတယ်လို့ ယူဆမယ်လို့ မထင်ပါဘူး။ သက်ရှိမှန်သမျှ မျှော်လင့်ချက် ရှိတတ် /ရှိကြပါတယ်။ မိမိ တတ်နိုင်သမျှလေးနဲ့ ရနိုင်သလောက်လေးကို မျှော်လင့်တောင့်တနေကြတာပါ။ ဒီမျှော်လင့်ချက်လေးကို အဆုံးစွန်အထိ ၊ နောက်ဆုံးအချိန်ထိ ဖက်တွယ်ထားတတ်ကြပါတယ်။ ရရှိချိန်မှာတော့ ခံစားလိုက်ရတဲ့ ပျော်ရွှင်မှု့က နှိုင်းဆလို့ မရနိုင်ပါဘူး။ ဒီလိုပဲ မျှော်လင်ချက်မဲ့သွားရင် အရုပ်ကြိုးပျက်ပဲဆိုတာ …..

ကမ္ဘာပေါ်မှာ အစာရေစာအတွက် ၊ နေရာထိုင်ခင်းအတွက် မျှော်လင့်ချက်တွေနဲ့ ခဲယဉ်းစွာ အသက်ရှင်နေကြသူတွေ အများကြီးပါ။ ဒီတော့ တစ်ခါတစ်ရံ ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ရရှိလိုက်တဲ့ ၀မ်းနည်းမှု့တွေက အဲဒီလို မျှော်လင့်ချက်ကြီးစွာနဲ့ နေထိုင်နေကြသူများနဲ့ ယှဉ်လိုက်ရင် ဘာဆိုဘာမှ မဟုတ်တော့တာ တွေးမိတယ်။ ဒီတော့ ကိုယ်မျှော်လင့်လိုက်လို့ မဖြစ်လာတဲ့အခါ သိပ်ပြီး ၀မ်းမနည်းကြပါနဲ့။ ကျွန်မတို့ထက် မရှိမဖြစ် လိုအပ်နေတဲ့သူတွေရဲ့ သူတို့ ရရှိသွားတဲ့ ပျော်ရွှင်မှု့ကို ဝေမျှကြမယ်။ မရရှိလိုက်ကြတဲ့သူများရဲ့ ၀မ်းနည်းမှု့ကိုလဲ ကိုယ်ချင်းစာကြရအောင်လား။ လူတိုင်းကို မျှော်လင့်ချက် မမဲ့စေချင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ကံပါသလောက်ပဲပေါ့။ ကံကိုချည်း ပုံချနေတာမဟုတ်ပေမဲ့ ကံတရားဆိုတာကလဲ ရှိသေးတယ်လေ။ ရှေးရှေးဘ၀က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ အကျိုးဆက်ကြောင့်လဲ နှောင့်နှေးကြန့်ကြာတာတွေ အချိန်မတန်သေးတာတွေ ရှိပါသေးတယ်။ ဒီတော့ သူတပါး မျှော်လင့်ချက်အတွက် ကိုယ့်ဘက်က ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် ပေးလိုက်ပါ။ ကူညီလိုက်ပါ။ ကျွန်မသူငယ်ချင်း ကိုရဲက ပိုစ့်လေးတစ်ပုဒ်မှာ ဒီလိုလေးရေးခဲ့တယ်။“လူတွေကို သူတို့မျှော်လင့်နေတာထက် ပိုပေးလိုက်ပါ။ ပေးတဲ့အခါမှာလဲ ကြည်ကြည်ဖြူဖြူရှိနေပါစေ “ တဲ့။

တဆက်တည်း ငယ်ငယ်တုန်းက ကြားဖူးတဲ့ ဂရိပုံပြင်လေးကို ဝေမျှလိုက်ပါတယ်။ ဒီပုံပြင်လေးကိုဒီနေရာမှာ ဖတ်ရူ့ပြီး တတ်သလောက်လေး ဘာသာပြန်လိုက်ပါတယ်။Titanလို့ခေါ်တဲ့ နတ်သားက တိရစ္ဆာန်တွေကို ကောင်းမွန်တဲ့ အသိစိတ်ပေးဖို့ တာဝန်ယူရတယ်။ Prometheusဆိုတဲ့ နတ်သားက ဒီလိုတွေးတယ်လေ။ လူဆိုတာ တိရစ္ဆာန်ထက် ပိုပြီးအသိဥာဏ်မြင့်တယ်လို့တွေးတယ်။ ဒီတော့ လူတွေက တိရစ္ဆာန်မလုပ်နိုင်တာကို ပိုလုပ်နိုင်ရမယ်လို့ တွေးမိပြီး မီးဘယ်လို အသုံးပြုရတယ်ဆိုတာကို လူတွေကို သင်ကြားပေးဖို့ Zeusနတ်မင်းကြီးဆီကနေ ခိုးယူပြီး လူတွေကို ပေးအပ်လိုက်ပါတော့တယ်။ နတ်မင်းကြီးက သိရှိသွားတော့ အဲဒီ Prometheusနတ်သားကို အပြစ်ဒဏ်ပေးခဲ့ပါတယ်။ သူ့ရဲ့ အသဲနှလုံးကို လင်းယုန်အစာအဖြစ် နေ့တိုင်းကျွေးပါတယ်။ သူက အတိုင်းမတိ သက်ရှည်တဲ့နတ်ဖြစ်လို့ သူ့အသဲနှလုံးက နေ့တိုင်းပြန်လည် ကြီးထွားပါတယ်။ ဒါပေမဲ့ နာကျင်မှု့ကိုတော့ နေ့တိုင်းခံစားရတာပေါ့။ Zeusနတ်မင်းကြီးက လူတွေအပေါ် ဒီလိုယူဆချက်ထားပါတယ်။ လူတွေက အမြဲကောင်းမွန်မနေသင့်ဘူးပေါ့။ အဆင်ပြေပြေ မနေသင့်ဘူးပေါ့။ ဒါကြောင့် လူတွေကိုလဲ ဒဏ်ခတ်ဖို့ သူ့သားသမီးတွေနဲ့တိုင်ပင်ပြီး လုပ်ဆောင်ပါတော့တယ်။

အဲဒီပုံပြင်ထဲမှာ အစဦးကာလမှာ ကမ္ဘာလောကမှာ ယောကျာ်းများသာ ရှိပြီး မိန်းမသားမရှိပါဘူး။ ဒီတော့ နတ်မင်းကြီးရဲ့ သားသမီးတွေက ပြည့်စုံတဲ့မိန်းမတစ်ဦး ဖန်ဆင်းပြီး ကမ္ဘာလောကဆီသို့ ပို့လိုက်ပါတော့တယ်။ အဲဒီမိန်းမပျိုလေးကို ပန်ဒိုရာ (ပန်ဒိုရာဆိုတာ လက်ဆောင်လို့ အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်)လို့ အမည်ခေါ်ပြီး သူ့ကို နတ်မင်းကြီးက လူ့လောကသို့ မပို့ခင် သေတ္တာတစ်လုံးပေးလိုက်ပါသတဲ့။ ပြီးတော့ ဒီသေတ္တာကို မဖွင့်ကြည့်ဖို့ ၊ ဖွင့်မိရင် သေတ္တာထဲက အရာတွေ အားလုံးထွက်လာပြီး နောက်ဆုံး သင်နဲ့အတူ လောကမှာရှိတဲ့သူတွေ အားလုံး ရှင်သန်ခြင်း ဆိတ်သုန်းသွားမယ်လို့ မှာကြားလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီဖန်ဆင်းထားတဲ့ မိန်းမ နဲ့ လူယောကျာ်းတစ်ယောက်တို့ အိမ်ထောင်ကျပြီး သားသမီးများစွာနဲ့ ပျော်ရွှင်စွာ နေထိုင်ကြပါတော့တယ်။ တစ်နေ့မှာ အဲဒီမိန်းမက နတ်မင်းကြီးပေးလိုက်တဲ့ သေတ္တာလေးကို သတိရသွားပြီး ဖွင့်ကြည့်ချင်လာပါတော့တယ်။ ဒါနဲ့ ဖွင့်ကြည့်လိုက်ချိန်မှာတော့ အဆင်ပြေပျော်ရွှင်မှု့တွေနဲ့ ပြည့်ဝနေတဲ့ လောကကြီးဆီသို့ ၀မ်းနည်းခြင်း ၊ စိတ်သောကပူပန်ခြင်း ၊ ဒုက္ခတွေ လောဘ ၊ ဒေါသ ၊ မောဟ စတဲ့အရာ ကံဆိုးမှု့တွေ မကောင်းတာချည်း တစ်ခုပြီးတစ်ခုထွက်လာလိုက်တာ နောက်ဆုံး ကြောက်လန့်တကြားနဲ့ အဲဒီသေတ္တာလေးကို ပိတ်လိုက်ပါတယ်။ အဲဒီသေတ္တာလေးထဲမှာ အရာလေးတစ်ခု ကျန်ရစ်ခဲ့ပါသေးတယ်။ အဲဒါလေးကတော့ မျှော်လင့်ခြင်းလေးပါတဲ့။ ဒီသေတ္တာလေးထဲမှာ ကျန်နေတဲ့ အဲဒီမျှော်လင့်ခြင်းလေးနဲ့ လူတွေအခုချိန်ထိ နေထိုင်နေကြတာပေါ့။
ကျွန်မတစ်ယောက် စာမရေး ပိုစ့်မတင်တာ တစ်လတောင် ရှိသွားပြီ။ ဒီနေ့ကတော့ အမှတ်တရပိုစ့်လေးတင်နေကျ ကျွန်မတို့ရဲ့ အမှတ်တရနေ့စွဲလေးဖြစ်တဲ့အတိုင်း ပိုစ့်တစ်ပုဒ်ကို ရအောင် တင်မယ်ဆိုပြီး စာရေးဖို့ ကြိုးစားချိန်မှာတော့ စိတ်ထဲမှာရှိနေတာက အခုချိန်မှာ စိတ်ရှုပ်နေလို့ နောက်မှ အေးအေးဆေးဆေး ကျေးဇူးတင်စကားပြောမယ်လို့ ရည်ရွယ်ထားတာလေး ရှိနေတော့ ဒီတစ်လ ကျွန်မရဲ့ အမှတ်တရပိုစ့်လေးနဲ့ အားပေးကြတဲ့ သူတိုင်းကို ကျေးဇူးတင်စကား ပြောလိုက်ချင်တယ်။ ချစ်သူတယောက်နားလည်ပေးမှာပါနော့။

ကျွန်မ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီက ဒီလကုန်ရင် ပိတ်တော့မယ်လေ။ ၀န်ထမ်းတွေကိုတော့ Termination လုပ်ပြီးသွားပြီ။ ကျွန်မပဲ ကျန်တော့တယ်။ ဘယ်သူ့မှ မရှိတဲ့ ရုံးကို ဒီလကုန်အထိ သွားရမှာ ဖြစ်ပြီး customers တွေရဲ့ Complantsဆိုတာတွေကို ဖြေရှင်းနေရဆဲပေါ့။ သူဌေးတွေကတော့ အလုပ်အသစ်ရှာဖို့ အခွင့်အရေးပေးတယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၀က်ကတည်းက ကျွန်မတစ်ယောက် အလုပ်တွေရှာပါတော့တယ်။ အခုချိန်မှာ အလုပ်တစ်ခုကို သည်းကြီးမည်းကြီး လိုက်လံရှာဖွေနေကြတဲ့ လူပေါင်းများစွာထဲမှာ ကျွန်မ Second Interview အဆင့်ထိ ပါလိုက် ၊ အင်တာဗျူးတော့ အောင်ပါရဲ့ လစာလဲ ကောင်းပါရဲ့ အလုပ်ရှင်ရဲ့ စိတ်ဓာတ် သိက္ခာမရှိဘူးလို့ ယူဆရလို့ မလုပ်ဖြစ်တာတွေနဲ့ လုံးချာလည်လိုက်နေပါတော့တယ်။

သူများတိုင်းပြည်မှာ အလုပ်လာလုပ်တယ် ဆိုပေမဲ့ မိန်းကလေးဆိုတော့ ကိုယ့်အတွက် အန္တာရယ်ကင်းတဲ့အလုပ်ကို တအားေ၇ွးပါတယ်။ ဂျီးများတယ်ပဲ ပြောပြော ၊ ကျွန်မစကားပြောကြည့်လိုက်ချိန်မှာ စိတ်ထဲက မသိုးမသန့်နဲ့ ထင့်နေရင် ဘယ်တော့မှ အဲဒီအလုပ်ကို မလုပ်ပါဘူး။ မိသားစုက ဒီလကုန်ရင် ကုမ္ပဏီပိတ်မယ်ဆိုတာ သိတာနဲ့ ပြန်လာစေချင်ကြတယ်။ ကျွန်မကလဲ မရဘူး။ ရှာဦးမယ်ဆိုပြီး ကိုယ့်စိတ်ကိုယ်တင်းပြီး ရှာနေရတာ အဆင်မပြေနေပါဘူး။ အဆင်မပြေချင်ရင် ဆက်တိုက်ဆိုသလိုပေါ့ ။ တစ်ခုပြီးတစ်ခု ဆက်တိုက်ကို ဖြစ်နေပါတော့တယ်။

ကျွန်မကို အခုရက်ပိုင်းအတွင်း အများကြီး အကူအညီပေးခဲ့ကြတဲ့ ဒူဘိုင်းရှိ မြန်မာဘလော့ဂ်ဂါများ ၊ သူငယ်ချင်းအသိများအားလုံးကလဲ အများကြီး ကျေးဇူးတင်ပါတယ်။ ဒူဘိုင်းဘလော့ဂါတွေ ဘယ်လောက် အကူအညီကောင်းသလဲဆိုရင် ပြည်နယ်နှစ်ခုလောက် ဖြတ်ပြီးသွားရတဲ့ အင်တာဗျူးကို အဖော်လိုက်ပေးကြပြီး အိမ်အရောက်ပြန်ပို့ပေးလိုက်တာ နောက်နေ့ နေမကောင်းဖြစ်တဲ့အထိပါပဲ။ ကျေးဇူးပါ ကိုပီတာ နဲ့ သမီးပျိုရေ…

အဘူဒါဘီမြို့တော်မှာ အင်တာဗျူးဖြေဖို့ သွားတော့လဲ ဟိုမှာညအိပ်မှ အဆင်ပြေမှာမို့ နေရေးစားရေး အဆင်ပြေအောင် စီစဉ်ပေးတဲ့ မနှင်းနဲ့ ဂရုစိုက်ပေးခဲ့ကြတဲ့ မဖြူ တို့ သူငယ်ချင်းတစ်စု ၊ တစ်ယောက်တည်း လမ်းခရီးမှာ မပျင်းရအောင် ဖုန်းဆက်ပြီး စကားပြောပေးတဲ့ ညီမငယ် ဇော် ၊ ပြီးတော့ အသိအေးဂျင့်နဲ့ ဆက်တိုက် အကူအညီပေး ၊ လိုအပ်တာပြောပေးတဲ့ ကိုဖြိုး(လင်းကြယ်ဖြူ)၊စိတ်ဓာတ်မကျအောင် အားပေးကြတဲ့ ဒူဘိုင်းရွှေရောင်စဉ်မဂ္ဂဇင်းမှ ကိုမိုးဇော်လွင်နဲ့ ကိုကျော်သာယာမြင့်၊ နောက် အမ ဒေါက်တာစုလှိုင်ဝင်း၊ အလုပ်အသစ်ရှာနေရ အဆင်မပြေဖြစ်နေတာကို သိပြိး အားပေးကြ ၊ အလုပ်ဝိုင်းရှာပေးမယ်ဆိုပြီး ပြောကြတဲ့ အိန်ဂျယ် ၊ ရေတမာ ၊ ကိုဖိုးစိန် ၊ မကြီးကီ ၊ ကိုရဲ ၊ ခွန်ဖ ၊ မကြီးကောင်းကင်ပြာ ၊ ကိုမြစ်ကျိုးအင်း နဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပိုစ့်အသစ်မရှိပေမဲ့ လာလည်ပေးကြတဲ့ မောင်နှမများကို ကျေးဇူးနော်။ စာတွေ ဆက်ရေးနေဦးမှာပါ။

အထူးသဖြင့် ကျွန်မ စိတ်တအားရှုပ်နေတဲ့ ဒီကာလမှာ တစ်ချက်မှ မငြီးပဲ အားပေးခဲ့တဲ့ စိတ်ပူပေးနေရတဲ့ ချစ်သူ ကိုစိုင်းနော်ခမ်းပေါ့။ ကျွန်မစိတ်တွေ ရှုပ်လာရင် ဒေါသတွေထွက်လာရင် ထွက်ပေါက်အနေနဲ့ အော်လိုက်မိရင် သူ့မှာ ဘာမှမဆိုင်ပဲ မဲပြီး အော်ခံထိလိုက်သေးတယ်။ ငိုလိုက် ရယ်လိုက်နဲ့ စိတ်ဆိုးစိတ်တိုမြန်နေတဲ့ ကျွန်မကို မိသားစုနဲ့အတူရှိနေရင် သူစိတ်ချတယ်။ မိသားစုနဲ့ အနား ပြန်နေခိုင်းလိုက်ပြန်ရင် ချစ်သူဖြစ်တဲ့နေ့ကစပြီး ဘယ်လောက်ပဲ စိတ်ကောက်ကောက် ၊ ရန်ဖြစ်ဖြစ် တစ်ရက်မှ မခွဲဖူးသေးဘူးတဲ့ ကျွန်မတို့နှစ်ယောက် ခဏတာ ခွဲနေကြရမယ်။ မနက်မိုးလင်းလို့ အလုပ်သွားဖို့ နိုးတယ်။ နေ့လည်မှာ အားရင် အားသလို အဖော်လုပ်ပေးတယ်။ ရုံးကပြန်ရောက်လာလို့ စိတ်ညစ်စရာတွေကို ဒိုင်ခံနားထောင်ပေးတယ်။ ညအိပ်ခါနီးတိုင်း “ပိယိင်း မျက်ကပ်မှန်ချွတ်ဦးနော် "ဆိုပြီး တညမပျက် အသိပေးပြောတာတွေကို ကျွန်မတို့နှစ်ယောက် နှစ်နှစ်တာလောက် ရကြတော့မှာ မဟုတ်ဘူးလေ။

ကျွန်မတစ်ယောက် ဘယ်လောက်စိတ်ညစ်နေရတယ်ဆိုတာ သူအသိဆုံး ဖြစ်နေတော့ ကျွန်မအမေနဲ့ သူ စကားပြောတိုင်း အမေ့စိတ်ပူတာသိရရင် သူက ပိုဆိုးတယ်။ ပိုပြန်စေချင်တယ်။ ကျွန်မအမေ ဘယ်လောက်စိတ်ပူတယ်ဆိုတာ တတွတ်တွတ် ပြောနေရော။ အခုလက်ရှိအနေအရဆိုရင်ဖြစ်ဖြစ် ၊ ကျွန်မရဲ့ မတ်လ ၁၅ရက်နေ့မှ အလုပ်မရရင် ထပ်မရှာတော့ဘူး။ အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားတာတွေကြောင့် မကြာခင် အိမ်ပြန်တော့မယ်။ တကယ်လို့ အိမ်ပြန်သွားရင် နွေးထွေးတဲ့ အိမ်အရိပ်အောက်မှာ နှစ်ဘက်မိသားစုမောင်နှမတွေနဲ့ ပျော်ရွှင်နေမဲ့အချိန်မှာ သူတစ်ယောက်တည်းဆိုတာ တွေးမိလိုက်တော့လဲ စိတ်မကောင်းဖြစ်ရပြန်တယ်။ ခွဲရမယ်ဆိုတဲ့အတွေးအသိနဲ့တင် နှစ်ယောက်သား ငိုခဲ့ရတဲ့ဒီရက်တွေ၊ ကျွန်မကို စိတ်ပူပြီး စိတ်ပင်ပန်းခဲ့တာတွေ အတွက် မောင့်ကို ကျေးဇူးတင်တယ်။ မောင်ပြန်အလာကို စောင့်နေမယ်။

“အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူသည် ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူး”ဆိုတဲ့ ကျွန်မလက်ကိုင်စာသားအတိုင်း အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ ဖြစ်မလာတာကို တွေးပြီး ၀မ်းမနည်းတော့ဘူး။ ရှေ့ဆက် လုပ်စရာရှိတာကို အကောင်းဆုံးဆက်လုပ်သွားဖို့ အားမွေးရဦးမယ်။
တစ်နေ့သော ၁ရ ရက်နေ့မှာ လှေငယ်တစ်စီးနဲု့ လူနှစ်ဦး ခရီးတစ်ခုကို အတူတူသွားရန် စိတ်တူကိုယ်တူ ထွက်လာကြတယ်။ ခရီးတစ်လျှောက် လှော်ခတ်သူက ခတ်လိုက် ၊ မီးအိမ်လေးနှင့် လမ်းပြသူက ပြလိုက်နဲ့ပေါ့။ လမ်းခရီးမှာ ငြိမ်သက်ငြိမ့်ညောင်းတဲ့ ရေပြင်အထိအတွေ့ကိုလဲ ပျော်ရွှင်စွာ ခံစားကြတယ်။ သာယာကြည်လင်နေတဲ့ ကောင်းကင်အောက်မှာ ရေပြင်ငြိမ်ငြိမ်လေးပေါ် တူညီစွာ လှော်ခတ်ခဲ့ကြတယ်။ တစ်ခါတစ်ရံ လှိုင်းကြပ်ခွပ်ငယ်လေးတွေ ကျီစယ်တာကို ခံရတယ်။ လှေကလေး လူးလွန့်သွားပေမဲ့ ခရီးသည်နှစ်ဦး ပျော်ရွှင်ခဲ့ကြတယ်။ တစ်ခါတစ်ရံကျတော့လဲ မာယာကြွယ်တဲ့ သဘောတရားတွေကို ကြောက်ရွံ့မိတော့လဲ တစ်ဦးကို တစ်ဦးဖေးမကူပြီး ခရီးဆန့်ခဲ့တယ်။ လှေကလေးကို ကြံ့ခိုင်အောင် တည်ဆောက်ပေးလိုက်ကြတဲ့ သူတို့နှစ်ဦးရဲ့ မိဘညီအကိုများနဲ့ အပေါင်းအသင်းတွေအားလုံးကလဲ ခရီးစဉ်သာယာဖို့ပဲ မျှော်လင့်ကြတယ်။

 ဒီလိုနဲ့ လှေကလေး တစ်နေ့မှာ မုန်တိုင်းကြီး ကျရောက်လို့ လှေမှောက်မဲ့အနေအထား ဖြစ်သွားခဲ့တယ်။ မှောင်မည်နေးတဲ့ ရေပြင်အလယ် မုန်တိုင်းထန်လို့ လှေငယ်လေး မတိမ်းခင်မှာ ခရီးသည်နှစ်ဦး သတိအပြည်နဲ့နဲ့ မီးအိမ်ပြသူက နေရာမှန်ပြသကဲ့သလို လှော်ခတ်သူကလဲ ကြိုးစားပြီး ဖြတ်ကျော်ခဲ့လို့ လှိုင်းကြီးလှေအောက်ရောက်ကာ အမြင့်ဆုံးနေရာမှ ပြန်အကျမှာတေ့ တည်ငြိမ်နေဆဲ ရေပြင်အထိကို ခံစားသွားကြရလို့ နှစ်ဦးသား ရင်မောစွာ ဒီကံကောင်းခြင်းကို ဆုပ်ကိုင်နိုင်ခဲ့ကြတယ်လေ။ မုန်တိုင်းထန်ပစေ လေကြမ်းတိုက်ပစေ ။ လှေငယ်လေးမမှောက်အောင် ထိန်းနိုင်ခဲ့တဲ့ ဒီခရီးသည်နှစ်ဦး ဆက်လက်ပြီး အရင်လိုပဲ တေးတကြော်ကြော် ၊ ဘေးဘယာကင်းစွာနဲ့ လိုရာခရီးကို လှော်ခတ်နေဆဲပါ။
တစိမ့်စိမ့်လေး ကြည့်နေတယ်
ပါးပြင်ထက်က သနပ်ခါးကို၊
နှစ်နှစ်ကာကာလေး ပြုံးနေတယ်
မြတ်နိုးမှု့တွေနဲ့ ၊
ဟော...
သူအနားတိုးလာတယ်
တရှိုက်မက်မက်နမ်းသွားလေရဲ့။
ဆောင်းရိပ်ခိုသည့် ဇန်န၀ါရီ မနက်ခင်း
ချယ်ရီဝေချိန် လင်းရောင်သင်းခိုက်
ကမ္ဘာမြေသို့ သတို့သားငယ်
ခြေချဝင်ခဲ့.....

" စိုင်းနော်ခမ်း "ဟု ခေါ်တွင်လေသည့်
သတို့ငယ်လေး စနေမာန်ထင်း
သူ့ရုပ်သွင်၌ တည်ငြိမ်ခြင်းဖြင့်
စိတ်နှလုံးရင်း နူးညံ့လှသည်
မွေးရာပါတည်း.....

သမားဇာနည် ကြင်နာခြင်းဖြင့်
ဂရုဏာထား ဖြူစင်အားနှင့်
လူသားဇီဝ ကယ်တင်ပ့လို့
အကျိုးပြုလူသားဖြစ်ပါစေ။။။။
ဒီနေ့ ဇန်န၀ါရီ (၂၈)ရက်နေ့မှာ ကျရောက်တဲ့ ချစ်ရတဲ့ မောင်ရဲ့ မွေးနေ့လေးမှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘ၀တလျှောက်လုံး ပျော်ရွှင်မှု့တွေ ၊ အောင်မြင်မှု့တွေကို သိမ်းပိုက်နိုင်ပါစေ။ မောင့်လက်နဲ့ထိတိုင်း ဆေးဖက်ဝင်လို့ အသက်ကယ်တင် ယုံကြည်အားကိုးရတဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ပါစေ။။ မောင်ချစ်တဲ့ ပိယိင်းလက်ကို ခိုင်မြဲစွာတွဲလို့ မွေးနေ့ပေါင်းများစွာ ဖြတ်ကျော်ကြရအောင်လား။
ကျွန်မရဲ့ပိုစ့်ဟောင်းလေး တပုဒ်ပါ။ အခုတလော ကွန်ပျူတာ ဗိုင်းရပ်အကိုက်ခံထိလို့ ၊ ရုံးမှာ ကိုးရိုးကားယားဖြစ်နေတာတွေကြောင့် နဲ့ အင်တာနက်မရတာနဲ့တာတွေကော ပေါင်းပြီး ဘလော့ဂ်တကာအိမ်တွေတောင် ရောက်ဖြစ်ပါဘူး။ ဒီကြားထဲ ပိုက်ဆံချေးလိုက်တာ (အမှန်က ပြောင်ဓားပြတိုက်ခံရတာပါ) ပြန်ပေးမယ် ဒီနေ့ ဟိုနေ့နဲ့ အခုဆို အတော်ကြာလို့ ကျွန်မတစ်ယောက် အသုံးစရိတ်ပြတ်လပ်နေတာတောင် သိရက်နဲ့ ပြန်မပေးပဲ ( တောင်းရတဲ့သူတောင် ရှက်လာပါတယ်။) နေနေတာ ခံရတော့ စိတ်ထဲအတော် ကတိကအောက် ဖြစ်မိပါတယ်။ စိတ်လဲအတော်ပျက်မိသွားတယ်။ ကိုယ်ကူညီလိုက်တာကို အလွဲသုံးစားလုပ်တာလောက် မုန်းတာ မရှိဘူး။ အရင့်အရင်ကလဲ ချေးလိုက်တိုင်း တခါမှ ပြန်မရတတ်တဲ့ ကျွန်မရဲ့ ပိုက်ဆံချေးပေးတတ်မှု့ကလဲ မလွယ်လှဘူး။ ဒီတော့ တောင်တွေးမြောက်တွေး တွေးမိရင်းက အရင်တုန်းက ရေးခဲ့တဲ့ ပိုစ့်လေးကို ပြန်ဝေမျှလိုက်တယ်။ (ဆားချက်တယ်ပေါ့နော့ :)) )

ကျွန်မမှာ တော်တော်ဆိုးတဲ့ အကျင့် တစ်ခုရှိတယ်။ တစ်ယောက်ယောက်က လိုအပ်တာရှိရင် မနေနိုင်ဘူး။ လာအကူအညီတောင်းရင် ပေးလိုက်ချင်တယ်။ အဲ..ပိုက်ဆံချေးလိုက်တိုင်း အဆုံးပဲ။ အခုတော့ သင်ခန်းစာ ကောင်းကောင်းယူပြီး ချေးတော့ဘူးနော်။ အဲဒါလေးကို ပြောပြတာ။ :P

ကျွန်မ အသိအမျိုးသမီးက ပေးလိုက်တဲ့ သင်ခန်းစာလေးပါပဲ။ အဲဒီ အမျိုးသမီးက လူမျိုးလဲ မတူပါဘူး။ ရုံးက Building တစ်ခုထဲမှာ တူတူဆိုတော့ နေတာကလဲ တစ်မြို့နယ်ထဲဆိုတော့ ကားစောင့်ရင်း သူက စကားလာလာပြောတော့ ရင်းနှီးသွားတာ။ စိတ်သဘောထားလဲ ကောင်းပါတယ်။ ကျွန်မကို တော်တော်လေး ခင်ပါတယ်။ Bus လာလို့ မ်န်းကလေးတစ်ယောက်ပဲ လိုက်လို့ ရမယ် ဆိုရင် မလိုက်ပဲ ကျွန်မနဲ့ တူတူစောင့်ပေးတယ်။ ကျွန်မက ရုံးဝတ်စုံကို အကျီင်္အဖြူပဲ ၀တ်တာများတယ်။ တစ်နေ့ သူက တစ်ခြား အလုပ်လျှောက်ထားတာ အင်တာဗျူး သွားစရာရှိတယ်. အကျီအဖြူရောင် ၀တ်သွားရမှာမို့ သူ့ကို ငှားပါတဲ့။ ( ငှားပါလားလို့ ပြောတာ မဟုတ်ဘူးနော်။)။ ကျွန်မ ကလဲ ရပါတယ်လို့ ပြောပြီးသား။ အဲ..ကျွန်မတစ်ခုခု မလုပ်ခင် မိသားစုကို ပြောပြနေကျလေ။ ထုံးစံအတိုင်း အဒေါ်ပဲရှိနေတော့ သူ့ကို ပြောပြလိုက်တယ်။ နောက် အတူနေ ညီအမလို ဖြစ်နေတဲ့ မြန်မာမ သူငယ်ချင်းတစ်ယောက်လဲ သိတာပေါ့။ သူတို့က အဓိပ္ပာယ်မရှိဘူးတဲ့။ မပေးရဘူးတဲ့။ သူများနိုင်ငံမှာ အချင်းချင်း မဟုတ်ပဲ ဘာမှ ပေးစရာမလိုဘူးတဲ့။ ကျွန်မလဲ " အင်းအင်း" ပေါ့။ အဲဒီ အမျိုးသမီးးက ညသန်းခေါင် ၂နာရ်ီကြီး မက်ဆ့လဲပို့လာတယ်။ မနက်ရုံးမသွားခင်ထိ miss call ကိုးခါလဲ ပေးထားတယ်။ စိတ်ထဲမှာ သနားသွားတယ်။

' အင်း..ငါမယူသွားရင် သူဝတ်စရာမရှိရင် ဒုက္ခ" ဆိုပြီး ဘယ်သူ့မှမပြောပဲ ယူသွားလိုက်တယ်။ ပေးတာတောင် အိမ်အထိ သွားပေးတာဗျ။ အဲဒီနေ့က အိပ်ရာထ နောက်ကျတာနဲ့ ရုံးကို taxi နဲ့သွားမလို့ ကားစောင့်နေတုန်း သူကဖုန်းဆကိလာတယ်။ အကျီင်္ပါမပါ သိချင်လို့ ။ သူလဲမသွားရသေးဘူးတဲ့ လာခေါ်ပါဆိုလို့ လမ်းကြုံနေတာပဲဆိုပြီး သွားတောင်ခေါ်လိုက်သေးတယ်။

ဇာတ်လမ်းက မပြီးသေးဘူး။ နောက်တစ်နေ့ သူက အရေးတစ်ကြီးလိုလို့ ပိုက်ဆံ ၅၀၀ ချေးပါလို့ ပြောလာပြန်တယ်။ ၅၀၀ ဆိုတော့ အများကြီးလေ။ အဲဒါကျတော့ အဒေါ့်ကို ပြောပြတော့ လုံးဝမပေးရဘူးလို့ ပြောတယ်။ သူက ရုံးခန်းအထိ လာပြီးယူတော့ တော်တော်လိုနေမှာပဲလို့ တွေးမိတယ်။ အားလဲနာတာနဲ့ ၂၀၀တော့ ပေးလိုက်မိတယ်။ သူက နှစ်ရက်သုံးရက်နေ သူလခထုတ်တာနဲ့ ပေးမယ်လို့ ပြောသွားပါတယ်။ တစ်ပတ်ကြာတဲ့ အထိ ပြန်မရဘူး။ အိမ်ကလဲ သိကုန်ပြီ။ ဆူခံထိတာပေါ့။ ရေစက်သာချလိုက်တော့လို့ ပြောကြတော့တာပါပဲ။ သူလာတောင်းလို့ ပေးတာပါလို့ ပြောတာကို မရဘူး။ ကိုယ့် ဗီရိုထဲက အကျီင်္ ၊ ကိုယ့်အိတ်ထဲက ငွေက ကိုယ်ကိုယ်တိုင် မပေးပဲ ထွက်သွားမလားတဲ့။ တောင်းဖို့ ပြောကြပေမဲ့ ကျွန်မက ကိုယ်ပိုက်ဆံ ကိုယ်ပြန်တောင်းရမှာကို အားနာတာနဲ့ မပြောဘူး။ သွားတောင်းရင် သူရှက်သွားမှာပဲလို့ တွေးမိတာလဲပါတယ်။ ဆက်စောင့်လိုက်တာ တစ်လသာ ကြာသွားတယ် ပြန်မရဘူး။ အဲဒီ အမျိုးသမီးကလဲ ကျွန်မကို တွေ့ရင် တဲ့တဲ့တွေ့နေရင်တောင် ရအောင်ရှောင်သွားတယ်။ စိတ်ထဲမှာ " ငါလဲ ဘာမှမတောင်းရပဲ ဒီလို လုပ်လုပ်သွားတော့ မခံချိဖြစ်သွားတာတော့ အမှန်ပဲ " ။

အခုချိန်ထိပါပဲ ဘာတစ်ခုမှ ပြန်မရတာ။ ပြီးတော့ ကျွန်မကို အခုချိန်ထိ ရှောင်နေဆဲ။ တွေးမိသွားတယ်။ ချေးငှားခြင်းက ခင်မင်ရင်းနှီးတဲ့ သူတွေကို ရန်သူတောင်ဖြစ်စေ။ အခင်အမင်ပျက်စေတတ်တယ်နော်လို့ပေါ့။ အဲဒီနောက်ပိုင်း ကျွန်မလဲ ဒီသင်ခန်းစာကို ယူပြီး ဘယ်သူ့ကိုမှ မပေးတော့ပါဘူး။ ရင်းနှီးမှု့ ပျက်တာမကောင်းဘူးနော်။ စိတ်ထဲ သနားလာရင်တောင် ပြန်ပြန်တင်းထားတတ်နေပြီ။ အမှန်ဆို သူပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ကျွန်မကလဲ လိုက်တောင်းနေတာမှ မဟုတ်တာ။ ထားတတ်ရင် ကုသိုလ်တောင် ဖြစ်သေးတာပဲနော်။ အခုတော့ အခင်အမင်ပျက်တာပဲ အဖတ်တင်တယ်။

ပြောချင်တာက ငွေကြောင့် ရင်းနှီးမှု့ပျက်တတ်တယ် ဆိုတာပါပဲ။ ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း ပြောပြ အကူအညီတောင်းရင်၊ အခက်အခဲလေး ပြောပြရင် ဘာမှမဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်မှတ်ပါတယ်။ လူတိုင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို ပြန်ပေးဖို့ အခက်အခဲ ရှိနေသူတွေက ဘာမှမပြောတော့ ဘာမှမဟုတ်ပဲ ရင်းနှီးမှု့ ပျက်သွားတတ်တာလေးကို ပြောပါတယ်။

ကဲ ..ပိုက်ဆံချေးခြင်း သည်းခံပါ။။။။

ထုံးစံအတိုင်း ဖြစ်ပြီးသွားမှ ကျွန်မ ပြောလေ့ရှိတဲ့ စကားလေးကတော့ " မှတ်သွားတာပါပဲ။။ " ပြီးတော့ တကယ်တမ်းကျ မမှတ်သေးပါဘူး။ ပေးချင်နေတုန်းပဲ။:P
The smile on your lips makes my heart skip a beat,
When you love at me the way you do.
I lose myself in love.
Every moment with you is like a walk on the clouds.
Your thoughts make me float in a fantasy world,
My dreams have become reality…
My life has become complete…
I have become yours....
Now... Forever! I Love You.


ကဗျာလေးကို Googleမှ ရှာဖွေတွေ့ရှိခဲ့ပြီးတော့ နှစ်သက်မိလို့ အမှတ်တရပိုစ့်လေးအဖြစ် ဝေမျှလိုက်တယ်နော်။ ပြီးခဲ့တဲ့ တစ်ပါတ်လုံး ဗိုင်းရပ်စ်တိုက်ခိုက်မှုကြောင့် WiFi system ထိခိုက်ပြီး connect လုပ်လို့မရခဲ့ဘူး။ အခု connect လုပ်လို့ရသွားတဲ့အချိန်မှာကျတော့လည်း မြန်မာစာဖောင့်တွေ့ကို မြင်ရပြီးတော့ type လို့မရနေဘူး။ အဲဒါကြောင့် ပိုစ့်အသစ်တွေကို မတင်နိုင်ခဲ့ဘူးလေ။အခု ၁၇ ရက်နေ့ အမှတ်တရပိုစ့်လေးကို ချစ်သူစိုင်းနော်ခမ်း အကူအညီနဲ့ တင်လိုက်တာပါ။ အိပ်လေးကို အလည်လာကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးတင်တယ်နော်။
နိုင်ငံခြားရောက် အလုပ်သမားဘ၀၊၊ ၅နာရီထ အိမ်သာရေချိုးခန်းလု မျက်နှာသစ် ferry ကားပေါ်လုတက် ၁နာရီကားစီး အလုပ်လုပ်။ ညနေ ၆နာရီ ferryကားပေါ်လုတက် ၁နာရီကားစီး အဆောင်ရောက် ကားပေါ်ပြေးဆင်း အိမ်သာရေချိုးခန်းလု

ကျွန်မ အဒေါ်ရဲ့ gtalk custom message မှာ တင်ထားတဲ့ ဒီစာသားလေးကြောင့် ကျွန်မက မေးတော့ အဒေါ်က သူ တမနက်ခင်းမှာ တွေ့လိုက်ရတဲ့ အလုပ်သမားတွေရဲ့ အဖြစ်အပျက်ကို သနားလို့ ရေးထားတာတဲံ့။ ကျွန်မနဲ့အဒေါ်တို့ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ဒီထဲမှာ ရှိနေတဲ့ အဖြစ်အပျက်လေးကို ပြောဆိုဖြစ်ခဲ့ကြတယ်လေ။ ပြီးတော့ ကျွန်မရဲ့အမြင်လေးတွေကို ခံစားပြီး ရေးချင်လာတာနဲ့ သူတို့ဘ၀ဆိုပြီး ရေးသားလိုက်တယ်။ ဒီပိုစ့်လေးက ကျွန်မတယောက်တည်းရဲ့ အမြင်သက်သက်ပါ။

တခြားနိုင်ငံမှာတော့ ကျွန်မ မသိဘူးလေ။ ကျွန်မရောက်ရှိနေတဲ့ ဒီဒူဘိုင်းမှာ တွေ့ရတဲ့ အလုပ်သမားဘ၀ကို မြင်ရတာကတော့ မသက်သာလှပါဘူး။ ဒူဘိုင်းဆိုတာ ဆယ်စုနှစ်တစ်ခုတောင်မရှိသေးပါဘူး။ တိုးတက်မှု့နှုန်းလျင်မြန်စွာနဲ့ တရှိန်ထိုး တက်လာပြီး တည်ဆောက်ရေး လုပ်ငန်းတွေ အများကြီး တည်ဆောက်နေဆဲပါ။ နောက်အနှစ်ငယ်ကြာရင် ဒူဘိုင်းကို ခရီးသွားလုပ်ငန်းကို အဓိကထားပြီး လုပ်ဆောင်မဲ့ အစီအစဉ်ရှိတော့ ဆန်းပြားလှပတဲ့ တည်ဆောက်ရေး စီမံကိန်းတွေ အများကြီး ဆောင်ရွက်နေတယ်လေ။ ဒီတော့ ဆောက်လုပ်ရေး အလုပ်သမားတွေ အင်မတန်မှ များလှတဲ့ ဒီဒူဘိုင်းရောက် အလုပ်သမားတွေရဲ့ နေ့စဉ် နေထိုင်ချွေတာပုံလေးကို ကြည့်ရတာ စိတ်မသက်သာလှဘူး။

ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်သမားတွေကို နေထိုင်ရေးနဲ့ ပို့ဆောင်ရေးအပြီးအစီး လစာကို ဒဟမ်း 600 ခန့်ပေးပါတယ်။ ဒါက အောက်ခြေအလုပ်သမားလစာကို ပြောတာပါ။ 1ဒေါ်လာမှာ 3.65 ဒဟမ်းဆိုတော့ သူတို့လစာက တစ်လမှာ နေစရိတ် လမ်းခရီးစရိတ်အပြီးကို 165ဒေါ်လာခန့်ပဲရကြတယ်။ ကျွန်မတွေ့ရသလောက်က အလုပ်သမားတော်တော်များများက ပါကစ္စတန် နဲ့ အိန္ဒိယ လူမျိုးတွေများပါတယ်။

ဟုတ်ပြီ။ ကုမ္ပဏီက အလုပ်သမားတွေအတွက် စီစဉ်ပေးတဲ့ အခန်းဆိုတာကို labour camp လို့ ခေါ်တယ်။ အလုပ်သမားတန်းလျားပေါ့။ ကျွန်မလုပ်နေတဲ့ ကုမ္ပဏီက real estate ဖြစ်ပြီး အဓိက labour camp ကို လုပ်တာဖြစ်လို့ ကျွန်မရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီးရေးသားပါ့မယ်။

labour camp ဆိုတဲ့ သဘောတရားက ပုံမှန်အားဖြင့် G + 2 တော့ အနည်းဆုံးရှိကြပါတယ်။ အဲဒီ G+ 2 တိုက်လေးထဲမှာ အခန်းပေါင်း ရာချီရင်တော့ ဒီ camp လေးက ကြီးပါတယ်။ တချို့ camp ငယ်လေးတွေကတော့ အခန်း ၃၀ ၊ ၄၀ ပတ်ဝန်းကျင်တွေလဲရှိပါတယ်။ အခန်းတခန်းရဲ့ အကျယ်ကတော့ နှစ်ထပ်ကုတင် ၃လုံးစာအကျယ် (124Sq.ft)ပါပဲ။ အကျယ်ဆုံးက နှစ်ထပ်ကုတင် ၄လုံးပေါ့။ ကုတင် ထဲ့အပြီးမှာတော့ ခြေချစရာမရှိပါဘူး။ ဒီလို အခန်းကျဉ်းလေးမှာ ဒီနောက်ပိုင်း camp အတော်များများကတော့ central AC တွေ ဖြစ်လာပါပြီ။ အပူရှိန်ကြီးလှတဲ့ ဒူဘိုင်းလို နေရာမှာ AC က အရမ်းအရေးပါတဲ့ အရာတခုပါ။

ဒါပေမဲ့ ဒီနိုင်ငံဥပဒေအရ တခန်းမှာ လူ၆ဦးပဲ နေထိုင်ခွင့်ရတယ်ဆိုပေမဲ့ များသေားအဖြင့် တွေ့ရတာက တခန်းကို ၈ယောက်လောက်နေကြတယ်။ ဒါက အခန်းကိုငှားထားတဲ့ companyဘက်က စရိတ်ကို သက်သာအောက် လုပ်သလို real estate company ဘက်ကလဲံ အကယ်လို့ municipality လာစစ်လို့ fine တပ်ရင် ငှားတဲ့companyကို ပြန်တောင်းနိုင်တာဆိုတော့ သိပ်မပြောကြပါဘူး။ မသိသလိုနေကြပါတယ်။ municipality ကလဲ အမြဲ လာစစ်ပါတယ်။ အများအားဖြင့် gas cylinder လာစစ်တာပါ။ စံချိန်စံညွှန်းနဲ့ မမှီဆိုပြီး လဲခိုင်း၊ စစ်တော့စစ်တယ်။ အပေါ်ယံပေါ့။

နောက် ထမင်းစားခန်း နဲ့ မီးဖိုခန်းအကြောင်း အရင်ပြောချင်တယ်။ မီးဖိုခန်းနဲ့ ထမင်းစားခန်းဆိုကတော့ hall type ပါပဲ။ ဒီထဲမှာ လူပေါင်းရာချီပြီး ချက်ပြုတ်စားသောက်ကြပါတယ်။ ဥပမာ camp တခု၊ အခု ကျွန်မလက်ရှိငှားလိုက်တဲ့ G+2camp ကိုပဲ အဓိကထားပြီး ပြောရရင် အခန်းပေါင်း ၁၂၂ ခန်းရှိတယ်။ မီးဖိုခန်းနဲ့ ထမင်းစားခန်း ၂ခန်းပါတယ်။ ဒါတောင် camp ကြီးတယ်နော်။ အဲဒီ camp ထဲမှာ company ပေါင်း ၂၀ကျော်က ငှားထားတယ်။ ဆိုတော့ တခန်းမှာ လူ ၆ယောက်ပဲထား. camp တခုလုံး လူပေါင်းခုနှစ်ရာကျော် ရှိသွားပြီ။ ဒီခုနှစ်ရာကျော် ဒီမီးဖိုးခန်း ဒီထမင်းစားခန်းမှာ မဆုံဘူးဆိုရင် အနည်းဆုံး ၃၀၀လောက်က ဆုံနေမှာပဲလို့ ယူဆပါတယ်။

ပြီးတော့ အိမ်တအိမ်မှာ အရေးပါးဆုံးနေရာက အိမ်သာ ရေချိုးခန်း။ အိမ်သာတွေ တည်ဆောက်ပုံကတော့ တန်းစီပြီးဆောက်ထားပါတယ်။ ကျဉ်းကျဉ်းလေးပါပဲ။ အိမ်သာခန်းတွေ တန်းစီးပြီးတော့ wash room ကျတော့ကော တန်းစီးနေတာပဲ။ အဲဒီ အခန်းတွေရဲ့ ဘောင်ကို ဆောက်ထားရာမှာ မမြင့်တော့ အထဲက ရေချိုးရင် ၊ အ၀တ်လျှော်လိုက်ရင် ရေတွေက အပြင်ကို စီးထွက်လာရော။ ကဲ..လူတယောက်နှစ်ယောက်လဲမဟုတ်။ လူရာချီနေတော့ တယောက်စရိုက်တမျိုးနဲ့ တယောက်က ဘယ်လောက် ဂရုစိုက်ပြီး လုပ်ကိုင်ပေမဲ့ တယောက်က ဂရုမစိုက်ဘူးဆိုရင်တော့ ကျွန်မတွေးကြည့်တာနဲ့တင် စိတ်မသက်သာလှဘူး။

တချို့ campဆို သိပ်စိတ်ပျက်ဖို့ ကောင်းပါတယ်။ sewerageလို့ခေါ်တဲ့ ရေညစ်တွေ စီးထွက်လာတော့ ကော်ရစ်ဒါတလျှောက် ရေတွေအိုင်နေ လျှံနေတာပဲ။ အနံဘယ်လောက်ဆိုးလိမ့်မလဲ။ အမှိုက်ကန်ကိုလဲ အမြဲ လာရောက်ပြီး သိမ်းဖို့ မပြောနိုင်ရင် ဒီအမှိုက်နံ့ကလဲ နံပါဦးမယ်။ တခါတရံ့ real estate ဘက်မှ ရေမီးဖိုး ပေးဆောင်ရန်လစ်ဟင်းသွားပါကလဲ ရေမီးအဖြတ်ခံရတော့ ဘယ်လိုလုပ်မလဲ။ ပူလောင်စွာနဲ့ မှောင်မှောင်မှာ အိပ်ရမယ်။ ရေမလာလို့ အိမ်သာရေချိုးခန်း ဘယ်လိုသုံးမလဲ။ တည်ဆောက်ထားတဲ့ camp အရကိုက အိပ်ခန်း ၃ခန်းကို အိမ်သာ ရေချိုးခန်း ၁လုံး အချိုး ဆိုတော့ လူ ၁၈ယောက်မှာ အိမ်သာရေချိုးခန်း တခန်းပဲရမယ်။ ဒါက camp ကြီးလို့ ဒီလောက်ပေးနိုင်တာ။
များသေားအားဖြင့် camp တွေကို ကျွန်မမြင်ရသလောက်က တည်ဆောက်ရာမှာ သုံးထားတဲ့ ပစ္စည်းတွေက အရည်အသွေး မကောင်းတာများတယ်။ တော်ကြာနေ တံခါးပျက်ပြန်ပြီ ၊ တော်ကြာနေ ရေပိုက်ခေါင်းကျိုးပြန်ပြီနဲ့ စသည်ဖြင့် ခဏခဏ ကြားရပါတယ်။
ဆိုတော့ တွေးသာကြည့်လိုက်ကြပါတော့..

မနက် ၅နာရီဆို ဆောက်လုပ်ရေးခွင်သို့ သွားဖို့ ထရပြီ။ တချို့ companyက siteနဲ့ ပေးထားတဲ့ accommodation တအားဝေးရင် ဒီထက်စောစောထရပါတယ်။ မနက်က ၅နာရီဆို ထပြီ။ အိမ်သာရေချိုးခန်း ဦးရာလူစနစ်နဲ့ ပြေးပြီး ကိစ္စရှင်းကြရတယ်။ တရုန်းရုန်းနဲ့ ဘယ်လောက်များ နေရခက်လိုက်မလဲနော်။

site သွားဖို့ ရောက်တော့ ကြိုပို့ယာဉ်ပေါ် အလုအယက်တက်ကြရပြန်ပြီ။ တနေကုန်ပင်ပန်းမှာတွေ ပြီးတော့ မနက်စောစောထပြီး ရေချိုခန်း အိမ်သာလုနေရတာနဲ့တင်မပြီးသေးဘူး။ ကားပေါ်မှာ နေရာကောင်းကောင်းလေးရမှ သက်တောင့်သက်သာလေး ထိုင်ခွင့်ရဖို့ ပြေးရပြန်တယ်။ အတန်းလိုက် ၅ယောက် တစ်တန်းနှုန်းနဲ့ လုပ်ထားတဲ့နေရာဆိုတော့ ပြတင်းပေါက်ဘေးနားလေး ထိုင်ရရင်ပဲ သူတို့အဖို့ သက်သာတယ်လေ။ ကားပုံစံကိုလဲ ကျွန်မမြင်ဖူးတယ်။ လေအေးစက်မတပ်ထားပဲ ပန်ကာငယ်လေးတွေ အများကြီးတပ်ထားတယ်။တစ်နာရီလောက် ကားစီးပြီး site ရောက်တာနဲ့ အလုပ်လုပ်ကြ။ နေ့လည် ထမင်းစားချိန်လေးမှာ အမြန်စားသောက်ပြီး ကျန်တဲ့အချိန်လေးမှာ လဲလျောင်းအနားယူရတယ်။ နောက် အလုပ်ဆက်လုပ်။ ည ၆နာရီမှာ ကားလာကြိုတော့ အလုအယက်ပြန်တက်၊ နေတဲ့နေရာလဲရောက်ရော အပြေးအလွှားဆင်းပြေးပြီး အိမ်သာရေချိုးခန်း လု။ ကဲ.တနေ့တာ သူတို့ဘ၀ ဘယ်လောက်သနားစရာကောင်းလိုက်သလဲ။

စားသောက်တာကြတော့ တချို့ companyကတော့ သူတို့အလုပ်သမားတွေကို ချက်ပြုတ်ကျွေးပါတယ်။ စားစရိတ်ပါငြိမ်းတာပေါ့။ ဒါကလဲ companyကြီးလောက်ပဲ လုပ်တာပါ။ များသောအားဖြင့် စားစရိတ်ကို ကိုယ့်လစာထဲကပဲစားရတော့ သူတို့မို့လို့ပဲ စားနိုင်ကြ စားတတ်ကြပါပေတယ်။ အမှန်က စားနိုင်လို့ စားတတ်ကြလို့ ဟုတ်မယ်မထင်ပါဘူး။ သူတို့အတွက် saving saving ဆိုတာက ပိုအရေးကြီးတယ်လေ။ အင်မတန်မှ ခြစ်ကုတ်ပြီးစားသောက်ကြတယ်။ သူတို့အတွက် တကျပ် တပြားဆိုတာကလဲ အင်မတန်အရေးပါတယ်လေ။

သောကြာတရက်လေး ပိတ်ရက်ရတယ်။ ပိတ်ရက်လေး ဒီအခန်းကျဉ်းလေးထဲမှာ ဘယ်လိုနေမလဲ။ ဒီတော့ ပန်းခြံဆိုတာကလဲ ပိုက်ဆံပေးဝင်ရတာ ၊ ဒီတော့ ပိုက်ဆံမပေးရတဲ့ လမ်းဘေးက မြက်ခင်းတွေမှာ ၊ ကုန်းလေးတွေမှာ နေရာအတော်များများပါ ထိုင်ကြ စုပေါင်းစကားပြောကြနဲ့ သောကြာနေ့ဆို အင်မတန်မှ စည်ကားပါတယ်။

လုပ်ငန်းခွင် အမြန်ပြီးဖို့လိုတယ် အိုဗာတိုင်ဆင်း ဆိုရင်သွားရော။ သောကြာနေ့လိုတောင် နေ့တ၀က်ဆင်းရတဲ့ site တွေရှိပါတယ်။ နေ့ဆိုင်းသမားလဲ ဒီဒုက္ခ ၊ ညဆိုင်းသမားလဲ ဒီဒုက္ခ ဘယ်လိုပြောပြော မလွယ်လှပါဘူး။

အခုလို စီးပွားရေးကျချိန် လူလျော့တယ်။ ရှိတဲ့လူအင်အားနဲ့ ဖြစ်အောင်လုပ်မယ်ဆိုပြီး လျော့တော့ ပြန်ကြရတာပဲ မဟုတ်လား။ complaintတက်ခွင့်ရှိလို့လဲ။ အလုပ်သမားအတွက် ဆိုပေမဲ့ အလုပ်ရှင်ကို ဦးစားပေးထားတဲ့ ဥပဒေအရ ဘာလုပ်နိုင်မှာလဲ???
"၂၀၀၉"တော့ ကျန်ခဲ့ပြီ။ တစ်နှစ်တာလုံး လုံချာလည်လိုက်ပြီး ပျော်ရွှင်လိုက် ၊ ၀မ်းနည်းလိုက် ၊ ပေါက်ကွဲလိုက် ၊ အသာလေး ရေစီးမျောလိုက်နဲ့ ဖြတ်သန်းခဲ့ရပြီးပြီ။ အကျိုးရှိခဲ့သလို ၊ အကျိုးမရှိပဲ ကုန်ဆုံးခဲ့တဲ့အချိန်တွေလည်း ဖြစ်ခဲ့တယ်လေ။ "၂၀၀၉"မှာ အားလုံးအတွက် အထူးသဖြင့် အလုပ်လုပ်နေကြသူများ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်နော်။ ကိုယ်ရပ်တည်နေတဲ့ နေရာလေးမှာ တည်မြဲပြီး ရပ်တည်နေနိုင်တာကိုက ကံကောင်းတယ်လို့ ဆိုခဲ့ရမှာပါ။
ကဲ အခုတော့ "၂၀၁၀"နှစ်သစ်လေးကို ရောက်လာပြီ။ နှစ်သစ်မှာတော့ အတိတ်က ဖြစ်ခဲ့တာကို နမူနာယူပြီး အနာဂတ်အတွက် ကြိုးစားဖို့ ပ္ပစ္စုပ္ပန်မှာ အကောင်းဆုံး ဆောင်ရွက်ကြရအောင်လားနော်။ ဘလော့ဂ်မောင်နှမများနဲ့ စာဖတ်သူများအားလုံး "၂၀၁၀"မှာ အားလုံး ပျော်ရွှင်စွာနဲ့ အောင်မြင်မှု့တွေ ဆွတ်ခူးနိုင်ပါစေနော်။