အသားညိုညို အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ဆရာကြီးအထာနဲ့ သူငယ်ချင်းလေးတစ်ယောက် ကိုယ်ရခဲ့ဖူးတယ်။စကားကို ကွေ့ဝိုက်ပြီး မပြောတတ်ဘူး ဒဲ့ပြော ဒဲ့ရှင်းတတ်တယ်။ စိတ်ရင်းကောင်းပေမဲ့ မှန်တယ်ထင် ဇွတ်လုပ်တတ်တဲ့သူ ရိုးရိုးရှင်းရှင်းကြီးပေါ့။ ကိုယ်တွေ ပထမဦးဆုံး စတွေ့ခင်မင်ခဲ့တာ ခုထိ အမှတ်ရနေဆဲ။ လူအများကြီးတွေထဲမှ ကိုယ့်ကို မိတ်ဆက်ပြီး စကားလာပြောတယ်။ သူ့ကို မိတ်ဆက်ချင်သူ သတိထားမိစေချင်သူ ခင်ချင်တဲ့သူတွေ အများကြီးကြားထဲက သူ့ကို သတိမထားမိတဲ့ကိုယ့်ကို ဘာလို့ခင်တာလဲမေးမိတော့ ရယ်ပြီး နင်က အူကြောင်ကြားမို့ပေါ့တဲ့။ စိတ်ကူးပေါက်လာချိန်ကျရင်တော့ - နင့်ကိုစတွေ့ချိန်တည်းက နင်ဟာ အဖြူ ရောင်ပဲ။ လူတွေ နင့်အပေါ်လိမ်ညာလှည့်စားသွားမှာစိုးလို့ ငါစောင့်ရှောက်ပေးရမယ်လို့ သိလိုက်ရတဲ့ အဖြေတပုဒ်ကြောင့်တဲ့။ 
အဲဒီလိုနဲ့ ကိုယ်တွေ သိပ်ခင်ကြတဲ့သူငယ်ချင်း ဖြစ်သွားကြတယ်။ သူက ကိုယ့်ကို ကူးကူး တဲ့။ ဟဲ့ အဲဒါ ငါ့နာမည်မှ မဟုတ်တာဆိုတော့ ငါခေါ်ချင်သလိုခေါ်မယ်ဆိုပြီး သူ့တစ်ယောက်တည်းအတွက် မူပိုင်နာမည်ပေးခဲ့တယ်။ နောက်ပိုင်းနှစ်တွေကြာလာတော့ သူဟာ ကိုယ့်ကိုစောင့်ရှောက်တဲ့ နတ်သား တကယ်ဖြစ်လာတော့တယ်။ 
ကိုယ့်ကို အတည်ပေါက်နဲ့ စနောက်လိုက် စိတ်ဆိုးအောင်လုပ်လိုက် ပြန်ချော့လိုက်နဲ့ ကိုယ့်အတွက်က သူဟာ သူငယ်ချင်းဆိုတာထက် အကိုတယောက်ပါပဲ။
ဘယ်လောက်ထိ ကိုယ့်ကို သူခင်သလဲဆို ဘယ်သူ့နဲ့မှ ပေးမတွေ့ တဲ့ သူ့ချစ်သူကို ကိုယ်နဲ့တွေ့ပေးခဲ့တယ်။ သိပ်လှတဲ့သူ့ချစ်သူကို ပုန်းထားတဲ့သူတစ်ယောက်ပေါ့။ 
နေရာအသစ်မှာ အလုပ်လုပ်ဖို့ သူစိမ်းတွေအလယ်ရောက်သွားချိန်ကိုယ့်ကို ကူးကူး နင်ဟာ ကလေးတစ်ယောက်မို့ ငါတကယ်စိတ်ပူတယ်နဲ့ ဆရာကြီးက လုပ်မြဲပေါ့။ ဘယ်ဟာက အန္တရာယ်များတယ်။ ဘယ်ဟာကဖြင့် ဘယ်လိုလုပ်နဲ့ အဝေးကနေ ညွှန်ကြားချက်တွေ ထုတ်နေတော့တယ်။ ကိုယ့်ကလဲ သူကိုယ့်အနားမှာရှိသလို ခံစားရပြီး လုံခြုံနေတယ်။ 
သူ့ချစ်သူနဲ့ လမ်းခွဲကြတော့ အဆင်မှပြေပါ့မလားတွေးပူပေမဲ့ သူကတော့ မခန့်မှန်းနိုင်အောင် တည်ငြိမ်လွန်းနေတယ်။ နင်ဟာ အသဲနှလုံးမရှိ မချစ်တတ်သူပဲလို့ပြောတော့ ... နင် ငါ့ကိုနားမလည်ပါဘူး. အခုလိုဖြစ်မယ်ဆိုတာ ငါကြိုသိပြီးသား အဖြေတပုဒ်လို့ ပြောခဲ့တယ်။  
ဒီနှစ်တွေကြာလာချိန်အတွင်း တစ်ယောက်တစ်နေရာစီပေမဲ့ သူဘာလုပ်နေတယ် ကိုယ်ဘာလုပ်နေတယ်ဆိုတာ အမြဲအသိပေး စောင့်ရှောက်နေဆဲ။ တခါတရံ အလုပ်တွေကြား စိတ်ဖိစီးမှု့တွေကြား အဆက်အသွယ်ပြတ်သွားချိန်တွေရှိခဲ့ပေမဲ့ မပြောင်းလဲခဲ့ကြဘူး။ကိုယ်တို့နှစ်ယောက်ခင်မင်မှု့ကို အရောင်ဝင်ဆိုးတဲ့သူတွေနဲ့လဲ ကြုံခဲ့ရတယ်။ ဒါမဲ့ ကိုယ်တွေရဲ့ ဖြူ စင်မှု့ကို မတားနိုင်ခဲ့ကြဘူး။ ဘယ်တော့မှမပြောင်းလဲပဲ ကိုယ့်ကိုအမြဲစောင့်ရှောက်မဲ့ ထာဝရသူငယ်ချင်းဆိုပြီး အထင်ရှိခဲ့တာ။  ဒါမဲ့ မတည်မြဲဘူးဆိုတာ မသိခဲ့ဘူး။ 
ဒီလိုနဲ့... သူလဲ သူ့အလုပ်မှာနှစ်မြှပ်နေသလို ကိုယ်ဟာလဲ ကိုယ့်ကို သိပ်ချစ်တဲ့ချစ်သူတစ်ယောက်က စောင့်ရှောက်ပေးချိန်မှာတော့ သူနဲ့ကိုယ်ဟာ မသိလိုက်ပဲ သူစိမ်းဆန်သွားတယ်။ သိပ်သတိရလွန်းမှ နှုတ်ဆက်တတ်တော့တယ်။ 
တခါတရံ သတိရနေပေမဲ့ သူအဆင်ပြေနေပါတယ်လေဆိုပြီး သတင်းစကားမမေးမိ ခပ်ပေါ့ပေါ့နေခဲ့မိခဲ့သလို သူကလဲ ကိုယ့်ကိုမြင်နေရက်နဲ့ မသိချင်ဟန်ဆောင်လာခဲ့တယ်လို့ ခံစားရလာတယ်။ ဒါပေမဲ့ ကိုယ့်ကိုသူသတိရနေတယ် .  အဝေးကနေ ကိုယ့်ကိုစောင့်ကြည့်နေတယ်ဆိုတာသိရချိန် .... 
သို့ပေမဲ့ ( 4-8-2019).. ကိုယ့်ကိုနှုတ်မဆက်ပဲ အနိုင်ပိုင်း ထွက်သွားနှင့်ပြီ။ နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက်မတတ်ဖြစ်ရပြီ။ တင်းကြပ်လွန်းလို့ မယုံကြည်နိုင်လွန်းလို့ မျက်ရည်ကျမလာခဲ့ဘူးဟာ။ လိုက်ပို့ခွင့်မရတောင် အနည်းဆုံးတော့ ငါ့ကို မျက်ရည်ကျခွင့်ပေးပါဟယ် လို့ အရူးတစ်ယောက်လို တောင်းဆိုနေမိတယ်။ 
သူ့ကို အသဲနှလုံးမရှိတဲ့သူ မျက်ရည်မရှိတဲ့သူလို့ စွပ်စွဲမိတာ မှားသွားပြီ။ သူ လုပ်နေတဲ့အလုပ်နဲ့ ကိုယ်ရွေးချယ်တဲ့ဘဝက ဆန့်ကျင်ဖက်ဖြစ်နေလို့ ကိုယ့်ကိုထိခိုက်မှာစိုးလို့ တမင်မေ့ဖျောက်ထားခဲ့တယ်ဆိုတာ နားမလည်ပေးခဲ့မိဘူး။  သူတန်ဖိုးထားတဲ့လူတွေအတွက်ပုစ္ဆာမမေးပဲ မထိခိုက်အောင် သူ့ဘာသာသူ လှပတဲ့အဖြေထုတ်နေတတ်တဲ့သူဆိုတာ မေ့သွားခဲ့တယ်။ 
ကိုယ့်ကိုနှုတ်မဆက်ပဲ ထွက်သွားတာကို မကျေနပ်တာများ သိလို့လား? ဒါမှမဟုတ် သူအဆင်ပြေနေတယ်ဆိုတာ သိစေချင်လို့လား? လက်ရှိငြိမ်းအေးနေတဲ့ကမ္ဘာလေးကနေ လာတွေ့ပြီး ဘာစကားမှမပြောပဲ ကိုယ့်ကိုငေးကြည့်နေတယ်။ ကိုယ့်ရဲ့လှုပ်ရှားမှု့တွေကို ပြုံးကြည့်ပြီး နောက်ဆုံးတော့ နှုတ်ဆက်သွားခဲ့တယ်။
အိပ်မက်က လန့်နိုးလာချိန်မှာ ကျေနပ်မှု့အပြည့်နဲ့ပါ။ သူအဆင်ပြေနေတယ်လေ။ ကိုယ်ကိုမမေ့ကြောင်း သက်သေပြသွားတယ်လေ။   
" နင့်ကို အမြဲသတိရနေမယ်လို့ ကတိမပေးနိုင်ဘူး။ အရင်လိုပဲ ငါ့ဘဝမှာ ပျော်နေချိန် နင့်ကိုမေ့နေနိုင်ပေမဲ့ ဝမ်းနည်းချိန်ကျရင် ငါ နင့်ကို သတိရမိနေဦးမှာပါ။ နင့်ကိုမမေ့ပါဘူး ငါ့ဘဝမှတ်တမ်းမှာ နင့်ကိုသိမ်းထားမှာပါ။  နောက်ဆုံးတွေ့ချိန်က ငါ့ကိုပြောခဲ့တဲ့ , nomatter what, don't forget me! ဆိုတာကို ငါဖြည့်ဆည်းပေးပါ့မယ်" သူသိပါစေတော့လေ....

ကြီးမားတဲ့အားတခုက ထင်မှတ်မထားချိန်လဲမဟုတ် မျှော်လင့်နေတဲ့အချိန်မဟုတ်မှာ ဘဝထဲကို ဝင်ရောက်လာခဲ့တယ်။ ညစဉ် အိပ်မက်ထဲမှာ ဆံပင်အုပ်အုပ် အသားဖြူ ဝင်းဝင်း မျက်လုံးနက်နက်လေးနဲ့ ကလေးလေးတစ်ယောက် လာလာကြည့်နေခဲ့တာ တစ်လနီးပါးရှိနေပြီဆိုတာတော့ သတိထားမိနေတယ်။ ဒါမဲ့ နေမကောင်းဖြစ်နေတော့ သိပ်အမှတ်မထားလိုက်မိဘူးပေါ့။ 
ဆေးခန်းကအပြန် တွေဝေမှု့တွေအပြည့်ပဲ။ ဖြစ်နိုင်ရင် အမြန်ခွဲစိတ်မှု့ ခံယူလိုက်ပါတဲ့။ ကြောက်ရွံ့နေတာလား ဟင်းအင်း တွေဝေနေတာပါ။ ဦးနှောက်ထဲမှာရော နှလုံးသားထဲမှာပါ မျက်လုံးနက်နက်နဲ့ကြည့်နေတဲ့ ကလေးလေး ကို တမ်းတမ်းတတ သတိရလာမိတယ်။ ဒီလိုနဲ့ သေချာအောင် စမ်းသပ်မိတော့.....ဟာ ...ငါ့ကိုယ်လေးထဲမှာ ကလေးသေးသေးလေး ရှိနေတယ်တဲ့။ ဖြစ်ပေါ်လာတဲ့ ခံစားမှု့က လှိုက်ခနဲပဲ .ငိုချင်သလို ရယ်ချင်သလိုနဲ့ပေါ့။
ချက်ချင်းဆိုသလိုပဲ ဘာမှမစဉ်းစားပဲ ငြင်းဆန်ပစ်တယ်။ ငါ ဘာခွဲစိတ်မှု့မှ မလုပ်ဘူး။ နောက်ဆုံးအချိန်ထိ ငါ့အသက်နဲ့လဲပြီး ကာကွယ်ပေးမယ်လို့ ကလေးလေးက ဘာမှမတောင်းဆိုပေမဲ့ ကတိတွေ အထပ်ထပ် ပေးနေလိုက်တော့တယ်။ 
ဆရာဝန်ရဲ့စကားအကုန်နားထောင်ပြီး ငြိမ်ငြိမ်သက်သက်လေး နေခဲ့တယ်။ ထိခိုက်သွားမှာစိုးလွန်းလို့ပေါ့။ ဒီလိုငြိမ်သက်နေရာကနေ, တနေ့မှာ ငါလေ အရူးတယောက်လိုပဲ သွေးစက်သွေးခဲတွေကို မရွံမရှာကိုင်ကြည့်မိရင်း ကလေးလေးလား?  ဒါ မင်းအသက်လေးလား? ထားမသွားပါနဲ့။ ထွက်မသွားပါနဲ့။ ငါ ကာကွယ်ပေးမယ်လေလို့ အကြိမ်ကြိမ်တောင်းပန်ခဲ့တယ်။ စစ်ဆေးမှု့တွေ လုပ်နေတဲ့တစ်လျှောက်လဲ ငါနာကျင်မှာမကြောက်နေဘူး ကလေးလေး ထွက်မသွားဖို့ပဲ တားနေမိတယ်။ 
မရှိနိုင်လောက်တော့ဘူးလို့ အားလုံးက လက်ခံနေ အားပေးနေပေမဲ့ ... ကလေးလေးက ငါ့ကို ယုံကြည်ပြီး အတင်းဖက်တွယ်ထားခဲ့တာ အံ့သြစရာပေါ့။ ဒါဟာ ငါ့ရဲ့ပြင်းပြလွန်းတဲ့တောင်းဆိုမှု့တွေကြောင့်လား? ဒို့နှစ်ယောက်အတွက် ကံတရားလား?
ကျေးဇူးပါ ထွက်မသွားရအောင် ဖက်တွယ်ထားပေးလို့ပေါ့။ ဒီထက်ပိုဂရုစိုက်ပါ့မယ်။ 
တနေ့ထက် တနေ့ ကျန်းကျန်းမာမာနဲ့ လောကထဲရောက်လာမဲ့နေ့ကို မျှော်ရင်း ပျော်ခဲ့ရပြီပေါ့။ ဒါမဲ့ လောကထဲကို ပြီးပြည့်စုံတဲ့ ဘဝလေးနဲ့ ရောက်စေချင်မိတော့ ဆေးဒဏ်တွေ ခံနေရတဲ့အတွက် တစုံတခု ထိခိုက်မှု့ရှိနေမှာကိုတော့ စိုးရိမ်စိတ်လေးတွေ အပြည့်ပါပဲ။ 
ခြောက်လအရွယ်မှာ " သား "ဆိုတာ အားလုံးက သေချာသိခဲ့ပေမဲ့ ကိုယ့်မှာ သား ဆိုတာ စတင်ချိန်တည်းက သေသေချာချာကို ကြိုသိနှင့်နေပြီးသားပါ။ 
အောက်တိုဘာလ ၁၉ရက်နေ့လေးဟာ ပျော်ရွှင်ရင်ခုန်ရတဲ့နေ့လေးတစ်ရက်ပေါ့။ 
ကလေးလေးရေ မင်းလေးကို မြင်ရတော့မဲ့နေ့အထိ နေမကောင်းဖြစ်မိတာ အားနာတယ်။ 
ဆေးထိုးအပ်သေးသေးလေးကိုတောင် ကြောက်တတ်တဲ့သူက ခွဲစိတ်ကုတင်ပေါ်မှာ ရင်ခုန်ပျော်ရွှင်နေမိတယ်။ 
ဟော.... အေးခနဲ.. လျပ်ခနဲ တခုခုလစ်ဟာသွားသလိုခံစားရပြီး စက္ကန့်ပိုင်းတင်မှာ ငိုသံတစာစာနဲ့ အားရပါးရ ငိုသံလေး...
စတင်ချိန်ကနေ မွေးဖွားချိန်ထိ နေမကောင်းဖြစ်နေတဲ့ ကိုယ့်ကြောင့် ဆေးဒဏ်တွေခံခဲ့ရပေမဲ့ ကျေးဇူးတင်စရာကောင်းလောက်အောင် လောကကြီးထဲကို ပြီးပြည့်စုံစွာ အားမာန်အပြည့်နဲ့ ကိုယ့်အတွက် အားတခုဖြစ်ပေးရအောင် အရောက်လာပေးခဲ့တဲ့အတွက် ကျေးဇူးပါ။ အရာရာအားလုံးထက် သိပ်ချစ်ပါတယ်။
( ဒီစာစုလေးက သိပ်ချစ်ရတဲ့ သား စိုင်းအွမ်ဟန်ခေး အတွက် အမှတ်တရပေါ့။)
ကန္တာရမှာ မိုးစက်ပွင့်များနဲ့ အေးချမ်းစေခဲ့ဖူးတဲ့နေ့ရက်များ လွမ်းဆွတ်မိလို့ ပျောက်ဆုံးနေတဲ့ ကန္တာရမိုးလေး ရွာကျစေသတည်း။
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးက
အမြဲတမ်းပဲ နှုတ်ဆိတ်နေတတ်တာ အခုထိပဲ။
ဒါပေမဲ့...ငါသိနေတယ်။
အညိုရောင်ချယ်တဲ့ မျက်ဝန်းတွေက
သံဃောဇဉ်ဖြတ်မရဘူးဆိုတာ ညွှန်းနေတယ်။
ကျစ်နေအောင် ဆုပ်ထားတဲ့လက်သီးများက
လက်လွှတ်သွားမှာကို ကြောက်နေတာသက်သေပဲ။
ဒါမဲ့ ..........ချစ်သူ
ဆက်ထုံးဆိုတာ ရှိဖူးထားသလို
သံသယတွေကြား နေရတာကြာလာတော့...
ငါ.....ကြောက်တယ်။
ငါ....မယုံရဲဘူး။
နင်....ငါ့ကို အရမ်းချစ်တယ်ဆိုတာကိုပေါ့။




တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးက
အမြဲတမ်းပဲ နှုတ်ဆိတ်နေတတ်တာ အခုထိပဲ။
ဒါပေမဲ့...ငါသိနေတယ်။
အညိုရောင်ချယ်တဲ့ မျက်ဝန်းတွေက
သံဃောဇဉ်ဖြတ်မရဘူးဆိုတာ ညွှန်းနေတယ်။
ကျစ်နေအောင် ဆုပ်ထားတဲ့လက်သီးများက
လက်လွှတ်သွားမှာကို ကြောက်နေတာသက်သေပဲ။
ဒါမဲ့ ..........ချစ်သူ
ဆက်ထုံးဆိုတာ ရှိဖူးထားသလို
သံသယတွေကြား နေရတာကြာလာတော့...
ငါ.....ကြောက်တယ်။
ငါ....မယုံရဲဘူး။
နင်....ငါ့ကို အရမ်းချစ်တယ်ဆိုတာကိုပေါ့။



မနက်စောစော ဒီနေ့ လခထုတ်ရက်နေ့ပါလား ဆိုတဲ့အသိစိတ်နဲ့ နိုးလာပေမဲ့ လူက မထချင်နေသေးဘူး။ တနေကုန် တနေခမ်း တဖွဲဖွဲရွာနေတာ တပတ်ကျော်နေပြီဖြစ်တဲ့  ပင်လောင်းမိုးကြောင့် စောင်ခြုံကာ ကွေးချင်သေးတယ်။ ဟင်းးးးးးးးးးးးးးးးးးးးး မဖြစ်သေးပါဘူး။ အောက်ထပ်မှာ အသံဗလံစုံလင်နေပြီ။ အဘ့ နဲ့ မမတို့ ဆရာ၊ ဆရာမကြား မြှပ်နေရောပေါ့။ 
မငုံတို့က အိမ်အောက်ထပ်မှာ မိတ္တူ၊ ရုံးသုံးကျောင်းသုံး စာရေးကရိယာဆိုင်လေး ဖွင့်ထားတော့ ဒီနေ့လို လခထုတ်ရက်ဆို အင်မတန်လူစည်ကားတာ။ အခုလို ကျောင်းဖွင့်ချိန်ရောက်စဆို ၀ယ်မဆုံးနိုင်နေဘူးလေ။ ပညာရေးရုံးနဲ့ကပ်လျက်ရှိနေတော့ လခထုတ်ရက်ဆို မနက်မိုးလင်းတာနဲ့ စည်ကားနေပြီ။ ဆရာတွေထက် ဆရာမအသံတွေက ဆူညံနေတော့တာပဲ။ တခါတလေများဆို ပညာရေးရုံးလို့ထင်ရတယ်။ အလုပ်လုပ်နေလိုက်ကြတာ။ အိမ်မှာရှိသမျှ ခုံတွေပေါ် ထိုင်ခုံပေါ် စားပွဲပေါ် တင်ရေးလို့ရတဲ့နေရာလွတ်မှန်သမျှ  တခါတလေများ ကြမ်းပြင်ပေါ် ပြားပြားထိုင်ပြီး ရေးနေကြတာ အလုပ်ကိုရှုပ်နေတာပါပဲ။ ကိုယ်တွေတောင် နေရာမရတော့ဘူး။ :) 
အောက်ထပ်ဆင်းလာတော့ အလုပ်လုပ်ကူတာနဲ့ မနားရတော့ဘူး။ သူတို့အစည်းအဝေး စချိန်ကျမှ တချက်ရှင်းလင်းသွားတုန်း အပြေးအလွှား မနက်စာလိုလို နေ့လည်စာလိုလို စားသောက်ရတယ်။ အဲအချိန် တခြားအလုပ်အပ်တဲ့သူလာရင် တောင်းပန်ရတယ်။ ဒီနေ့ လခထုတ်ရက်မို့ မနက်မှလာယူလို့ရမရ မေးမြန်းရ၊ လက်ခံထားရနဲ့ ထမင်းဖြောင့်ဖြောင့်မစားရပြန်ဘူး။ 
သိပ်မကြာခင်..အစည်းအဝေးပြီးလို့လာလိုက်ကြတာ အိမ်မှာ အဖြူ အစိမ်းများထပ်သွားလိုက်တာ အလုပ်အပ်ဖို့ရောက်နေတဲ့သူက “ ဟ...လူဝိုင်းခံရပြီ..လူဝိုင်းခံရပြီ ” ဆိုပြီး စနောက်နေသေးတယ်။ ဆူညံပွက်လောရိုက်စွာနဲ့ ပြောနေ လုပ်ပေးနေရတာ ခြေထောက်တွေ တောင့်တင်းပြီး ပါးစပ်လဲ အတော်အာပေါက်တော့တာပါပဲ။ 
သူတို့ခမျာလဲ သနားပါတယ်။ ရုံးက ချက်ချင်းလုပ်ခိုင်းသမျှကို အပြေးအလွှားလုပ်ရ အနီးနားမှာ ဒီဆိုင်ပဲရှိတော့ စုပြုံပြီးတိုးဝှေ့နေကြနဲ့။ လစာမြန်မြန်ထုတ်ချင်.မြန်မြန်ပြန်ချင်နဲ့.အမြန်လိုသူတွေချည်း။ သူတို့အတွက် လုပ်ပေးနေရတဲ့ မငုံတို့မှာလဲ မလွယ်လှဘူး။ တယောက်က..ဒါလိုချင်တယ် တယောက်က.. ဟိုဟာမရှိဘူးလားနဲ့ ရှုပ်ယက်ခတ်နေတာ ညနေ ၅နာရီထိုးခါနီးမှ လုံးလုံးနားရတော့တယ်။
လူလဲကုန် မငုံတို့လဲ မောပြီး ညစာကို မောမောနဲ့ သိပ်မစားဖြစ်ပြန်ဘူး။ ဆိုင်အစောပိတ်ပြီး နားရတော့တာပဲ။ ဆရာ ၊ ဆရာမတွေလဲ သူတို့တာဝန်ကျတဲ့ တောရွာလေးတွေကို ဆိုင်ကယ်တွေ ကားကြုံတွေနဲ့ ရောက်သလောက်နေရာလေးထိ အကြုံလိုက်ပြီး  ပြန်ကြပြီလေ။ 
ဒီလို မိုးတွင်းဆို ပင်လောင်းမိုးက တစိမ့်စိမ့်နဲ့ တနေကုန်တနေခမ်း ရွာတာ နေကို မမြင်ရဘူး။ မိုးတွင်းမကုန်မချင်းပေါ့။ တချို့ တော်တော်လေးဝေးခေါင်တဲ့ကျောင်းမှာ တာဝန်ကျသူတွေဆို မိုးရွာလို့ လမ်းအခြေအနေမပေးရင် မလာနိုင်ပြန်ဘူး။ တကယ်ဝေးလံခေါင်တဲ့နေရာမှာ တာဝန်ကျသူတွေဟာ မလွယ်ကူလှဘူး။ မိဝေးဖဝေးနဲ့ လာလုပ်ကြရတာ။ သွားလာရေးခက်ခဲ၊ ဆက်သွယ်ရေးခက်ခဲနဲ့ပေါ့။  လခထုတ်ရက် မြို့ပေါ်ရောက်တော့မှ အိမ်ကိုဖုန်းဆက်သူနဲ့ လိုအပ်တာဝယ်ရသူနဲ့ပေါ့. အခုတော့ ဆက်သွယ်ရေးက အရင်ကထက် ကောင်းလာတော့ ရွာတွေမှာလဲ CDMA 450 လိုင်းတွေရတော့ မဆိုးလှတော့ပါဘူးပေါ့။ 
မလွယ်ပါဘူး။ ဘယ်အလုပ်မဆို..ဘယ်နေရာမဆိုပါပဲ။ ဘာပြောပြော ဒီလိုဝေးလံတဲ့ရွာလေးတွေမှာလာပြီး  ကျောင်းဆရာ၊ ဆရာမလာလုပ်ကြတဲ့သူတွေကို ချီးကျူးမိပါတယ်။ ကိုယ်တွေ အိမ်မှာနွေးနွေးထွေးထွေးနဲ့နေရ၊ စားရနဲ့..သူတို့လို မလုပ်နိုင်ဘူးလေ။ 

ပျော်ရွှင်ခဲ့သော ဘလော့ဂါမောင်နှမတွေနဲ့တဂ်ကြ၊ ရေးကြ၊ c box မှာ အော်ကြနဲ့...တကယ်ပျော်ခဲ့ပါတယ်။ အခုတလော စာတွေပြန်ရေးနေပေမဲ့ အရင်လို မသွက်လက်နေတော့ဘူး။ ရေးချင်တာရှိပေမဲ့.. ချရေးမရဖြစ်ပြီး ပိုစ့်မတင်ဖြစ်လိုက်တာတွေ အများကြီးပါ။ ပိုစ့်ဟောင်းလေးတွေ ကောမန့်လေးတွေပြန်ဖတ်. ပြုံးမိတယ်။ လိုအပ်ချက်ရှိတဲ့စာပိုဒ်လေးတွေ တွေ့ရင် အဲတုန်းက ဒီနေရာလေးမှာ ဒီလိုလေးရေးခဲ့ရမှာဆိုပြီး မချင့်မရဲဖြစ်မိတယ်။ မငုံ.. တအားသဘောကျတဲ့ပိုစ့်ထဲက “ ခုတလော ” ဆိုတဲ့ပိုစ့်လေးကို ခံစားချက်အသစ်နဲ့ ယှဉ်ပြီးရေးကြည့်ရအောင်။ ဟိုတလောက ကိုဖိုးစိန်တို့ FB မှာ အခုတလောလေးတွေ ပြန်ရေးနေတာ ဖတ်လိုက်ရသေးတယ်။ ကဲ မငုံရဲ့ အခုတလော က..........ဒီလိုပါ။ ၂၀၀၉ က မငုံ နဲ့ ၂၀၁၃ မှာရှိနေတဲ့ မငုံ ကို ယှဉ်ကြည့်ရအောင်.

တွေးနေမိတာက.............
 ဘာတွေများ သေချာလုပ်ပြီးပြီလဲ။ ( ဟိုတစ်စ ဒီတစ်စ နဲ့ ဖွထားတာတွေ အများကြီးပဲ  )

သံသရာဆိုတဲ့အကြောင်း.( သံသရာပေါင်းများစွာကို ဘယ်လိုများ လည်ပတ်ရဦးမလဲ)


ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက..........
 စိတ်အလိုတအားလိုက်နေတယ်။ 
 ( စိတ်ထဲရှိတာ လျှောက်လုပ်ဖြစ်နေတယ်။ ကိုယ်ဘာသာကိုယ်တောင် စိတ်ပျက်လာတယ်)

ငါ.... နောင်ဘ၀အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ????
 ( သံသရာဆိုတာကို တွေးမိတော့ သေဖို့အဆင့်သင့်မဖြစ်နေသေးဘူး။)


ကျန်းမာရေး..........
 ၂၀၀၉ နှစ်စကတည်းက ချူချာလိုက်တာ ဆေး နဲ့ ဆရာဝန် ရဲ့ မျက်နှာတောင် မကြည့်ချင်တော့ဘူး။ :P

မဆိုးပါဘူး။ ကျန်းမာရေးအောင် နေတတ်ထိုင်တတ်နေပါပြီ။ ဆင်ခြင်ပြီးနေရတာပေါ့။


ဖတ်ဖြစ်တဲ့ စာအုပ်တွေက......

ရှမ်းယဉ်ကျေးမှု့သမိုင်း ( တူတော်မောင်ချီခန့် ပေးထားတာလေ။ ဖတ်လဲ ဖတ်သင့်နေတယ် )

အစုံပါပဲ။ 
( အခုတလော တအားဖတ်ချင်နေတာက The Lost of River On The Footstep  ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတာလေးရယ်၊ မြန်မာပြန်.. ခြေရာပျောက်မြစ် ဆိုတာလေးကို ဖတ်ချင်နေတာ ။ ရန်ကုန်ရောက်မှ ရှာဝယ်ရမှာလေ။ )


ရောက်နေဖြစ်တာက.....
လမ်းထိပ်က ကလေးကစားကွင်း ( ဒန်းစီးရတာကို ကြိုက်လို့်)

ဘယ်မှမရောက်ဖြစ်ပါဘူး။ အိမ်မှာပဲ အလုပ်တွေရှုပ်နေတယ်၊ ဒန်းကတော့ အိမ်မှာလဲ စီးနေတုန်းပါပဲ :))


ရေးဖြစ်နေတာက......
တဂ်ကြွေးတွေဆပ်နေတယ်။ ( ဒီတပုဒ်နောက်ဆုံးပဲ )

ရေးဖြစ်ပါတယ်။ ( ချရေးလိုက်ပေမဲ့ စာမျက်နှာပေါ်ရောက်မလာခဲ့ပါဘူး )


နားထောင်ဖြစ်နေတာက
cry on my shoulder ( ကိုယ်ဘာသာကိုယ် နှစ်သိမ့်နေတာပါ )

အရှင်နန္ဒမာလာဘိဝံသရဲ့တရားတော်တွေပါ။ 


ရွတ်နေမိတဲ့ ကဗျာက......
မရွတ်ဖြစ်ပါဘူး။ ( သီချင်းတော့ လိုက်အော်နေမိတယ်)

အရင်ကတည်းက ကဗျာတွေဖတ်တတ်၊ ခံစားတတ်ပေမဲ့ မရွတ်တတ်နေဘူး။ 
( သီချင်းတော့ ညည်းဖြစ်နေသေးတယ်)


ဖြစ်ချင်နေတာက......
အိမ်စောင့်နတ် ( ဒါဆို ကိုယ်ချစ်တဲ့အိမ်မှာ အမြဲနေရမယ်နော်)

မိသားစု စုံစုံလင်လင်ဘ၀လေး ( လွန်ခဲ့တဲ့ခြောက်လက တစ်ဦးတည်းသောမောင်လေး ဆုံးသွားတယ်လေ )


စားဖြစ်နေတတ်တာက....
မစားချင်လဲစား ၊ စားချင်လဲစားနေရတဲ့ မိသားစုမပါ ထမင်းဟင်းပွဲ

ကော်ဖီစွဲနေပြီ။ (အရင်ကဆို ကော်ဖီမကြိုက်ဘူး)


သနားနေမိတာက.....
သူဌေးအပါအ၀င် ၀န်ထမ်းတယောက်မှ မရှိတဲ့ ရုံးခန်းမှာ ထိုင်နေတဲ့ မိန်းကလေးတယောက် 

အမေ နဲ့ အမလတ် ( မောင်လေးကို သူတို့ရဲ့အသက်ထက် တအားချစ်ကြတော့ အခုထိ ခံစားနေဆဲမို့ )


လွမ်းနေမိတာက.......
မိသားစု ( တအားကိုလွမ်းနေတာ)

ချစ်သူပေါ့ ( မရီကြေးနော့)


မေ့လျော့ပစ်မိနေတာက......
အသက်ကို ကံ တင်မကဘူး။ ဥာဏ်ပါစောင့်တယ်ဆိုတဲ့ စကား 
( အခုချိန်ထိတော့ ကံကောင်းနေသေးတယ်။ ဘာမှမဖြစ်သေးဘူး )

အသက်လေ။ ( တဖြည်းဖြည်းအသက်ကြီးလာတာကို မေ့နေတယ်။ တခါတလေ ကိုယ့်ဘာသာကိုယ် ကလေးလိုထင်နေမိတယ် :P )


ခါးသက်နေမိတာက......
နွေးထွေးမှု့မရှိတဲ့ အရပ်ဒေသမှာ နေနေရတာ ( ဘာတခုမှ မက်မောစရာမရှိပဲ နေနေတာ အံ့သြလာပြီ)

( တခါတလေပေါ့နော်..) ချစ်သူထားမိတာကို

တမ်းတနေမိတာက.......
နွေးထွေးတဲ့ ရင်ခွင် (အမေ ၊ အမတွေကို ဖက်ပြီး အားရပါးရ ငိုချင်နေတယ်)

ငါ့မောင်လေး ပြန်ရောက်လာရင် ကောင်းမှာပဲလို့


ကြိတ်ပြီးချီးကျူးနေမိတာက......
မေတ္တာတရားနဲ့ နေနိုင်တဲ့သူတွေ ( ကိုယ်က မေတ္တာထက် အတ္တတွေများနေတယ်)

မေတ္တာတရားနဲ့နေနိုင်တဲ့သူတွေ ( ကိုယ်က မေတ္တာထက် အတ္တတွေများနေတယ်။ အခုချိန်ထိပါပဲ )


ကြိတ်ပြီးအထင်သေးနေမိတာက.....
အကြင်နာကင်းပြီး ငါမှငါသမားများ ၊ ကိုယ့်အကျိုးပဲကြည့်တဲ့လူစားများ
 ( ကိုယ်တောင် ပါဝင်နေသလားလို့ အလန့်တကြား ပြန်တွေးနေမိတယ် :D )

ဒါလဲ အတူတူပဲ။။ အကြင်နာကင်းပြီး ငါမှငါသမားတွေ၊ ကိုယ့်အကျိုးပဲကြည့်တဲ့လူစားတွေကိုပေါ့။


ဆန္ဒမရှိတဲ့နေရာ......
ဒူဘိုင်း ( မရှိလဲ နေနေရတယ် )

ဆန္ဒရှိတယ် မရှိဘူး မဖြစ်တော့ပါဘူး။ ( အိမ်မှာနေနေရလို့လဲ ဖြစ်မယ်ထင်တယ်နော့ )


ဆန္ဒရှိနေတဲ့ ကိစ္စ.......
ပင်လောင်းပြန်ပြီး အိမ်မှာ မိသားစုနဲ့ အားရပါးရရယ်မောချင်တယ် 
( ဟက်ဟက်ပက်ပက်မရယ်ရတာကြာနေပြီ။ လူကစက်ရုပ်ဖြစ်နေပြီ)

အတင်းပြောတတ်၊ လိုက်ကြည့်ပြီး ဝေဖန်အပြစ်ပြောနေတတ်တဲ့ ပတ်ဝန်းကျင်ကို  ပြောင်းလဲပေးလို့ရ ပြောင်းလဲပေးလိုက်ချင်တယ်။


ချစ်နေတာက......
Laptop ပိစိကွေးလေး နဲ့ Wireless Network ( အဲဒါတွေရှိနေလို့ ကိုယ်ချစ်တဲ့သူတွေနဲ့ တွေ့နေရတာ)

Stitch လေးပေါ့။ ရုပ်ဆိုးဆိုးလေးနဲ့ချစ်ဖို့ကောင်းတဲ့အရုပ်လေး

စိတ်ပျက်နေမိတာက.......
ပြန်လာတိုင်း ကြိုဆိုနေတဲ့ နှစ်ထပ်ကုတင် ( အိမ်ထဲဝင်ရမှာတောင် ကြောက်လာတယ်)

ကိုယ့်ဘာသာကိုယ် ( လောဘတွေ တအားကြီးတတ်နေတယ် )


စွဲလန်းနေမိတာက......
Facebook က Farm Ville နဲ့ တခြားဂိမ်းတွေထဲပဲ စိတ်ရောက်နေတယ်။ 
( စိတ်ကြိုက်ကို ချယ်လှယ်စိုက်ပျိုးနေပါတယ်)

သတင်းတွေဖတ်ရတာ၊  နောက်  Fruit Ninja ( သစ်သီးလေးတွေခုတ်နေရတော့ စိတ်ငြိမ်သား )


လိုအပ်နေတာက.....
နွေးထွေးမှု့ ( အသက်မပါတဲ့ လူတွေမျက်နှာကို ကြည့်ရတာများလာလို့ တအားလိုအပ်နေတယ်)

မှီတွယ်စရာ :P 

တောင်းနေမိတဲ့ဆု......
၂၀၁၀ ဧပြီ မြန်မြန်ရောက်ပါစေ ( ခွင့်နှစ်လ ရမှာမို့လေ)

သိန်းထီဆုကြီးပေါက်ပါစေ။ 


ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက....
အားးးးးးးးးးးးးးးးးးး 

အရူးးးးးးးးးးးးးးမ  ( ကိုယ့်ဘာသာကိုယ်ပြောတာပါ )

ဝန်ခံချင်တာက.......
ဘာတခုမှ ဖြစ်မြောက်အောင် မလုပ်သေးဘူး။ ချမှတ်ထားပြီး မလိုက်နာနိုင်သေးဘူး။ 
( တခြား ၀န်ခံစရာတွေ အများကြီးရှိသေးတယ် :D )


လုပ်ချင်တာတွေများပြီး ဆုံးဖြတ်ထားတာတွေရှိပြီး အကုန်လိုက်မလုပ်နိုင်သေးဘူး။၊ ဇွဲမရှိသေးဘူး။

ကဲ.... မငုံတစ်ယောက် အခုတလော အသက်ပိုကြီးလာတယ်မလား။။