ကျွန်မတို့ မောင်နှမတွေ တစ်ခုခုဖြစ်ရင် စိတ်ညစ်နေရင်ဖြစ်ဖြစ်၊ နေမကောင်းရင်ဖြစ်ဖြစ် အဖေနဲ့ အမေတို့ အိပ်မက်မက်တယ်။ အိပ်မက်မကောင်းဘူး။ တစ်မြို့တစ်ရွာရောက်နေရင် ချက်ချင်း လိုက်လာတယ်။ စိတ်ပူလို့ပေါ့။ သြော်.မိဘဟာ မိဘပဲနော်။ ဘယ်လိုမှ လိမ်လို့မရတာ။ သိနေတယ်။ မိဘမေတ္တာနဲ့ကို သားသမီးတွေ ဘာဖြစ်နေတယ်ဆိုတာကို သိနေတယ်။

ဒီနေ့ သောကြာနေ့လေးဆိုတော့ ထုံးစံအတိုင်း အိမ်က လိုင်းပေါ်တက်လာနေကျ။ အရင်ရက်ကတည်းတွေ ကျွန်မ စိတ်မကြည်တာတွေကော ၊တခြား စိတ်ရှု့ပ်စရာအပြင် နေမကောင်းဖြစ်လိုက်တယ်။ အဲဒီအတွက် ကျွန်မအဖေ အိပ်မက်မက်တယ်လေ။ နေကောင်းရဲ့လားလို့ လိုင်းပေါ်တက်တာနဲ့ call တောင် မခေါ်ရသေးဘူး။ မေးတော့တာပဲ။ ကျွန်မ အမှန်ဆို နေမကောင်းဖြစ်နေပေမဲ့ ညာလိုက်တယ်။ ဒီအတွက် ကျွန်မ လိပ်ပြာမလုံပေမဲ့ မိဘကို စိတ်မပူစေချင်တဲ့ ရည်ရွယ်ရင်းလေးမို့ပါ။ ဒါပေမဲ့ သိနေတယ်။ အိပ်မက် မကောင်းနေဘူးတဲ့။ မပျော်နေဘူးလား။ နေမကောင်း ဖြစ်နေတယ်မလားတဲ့။ ကျွန်မစိတ်မကောင်း ဖြစ်ရတယ်။ ကျွန်မလဲ အိမ်ကို လွမ်းနေတာပဲ။ အခုလို နေမကောင်းချိန်ဆို ပိုဆိုးတယ်။ တွေးမိလိုက်တိုင်း အိမ်အကြောင်းတွေချည်းပဲ။ ဒါကြောင့် ကျွန်မ အရင်ရေးထားတဲ့ အိမ်ဆိုတာလေးကို ပြန်တင်မိတယ်။ ရမလား???

အိမ်ဆိုတဲ့စကားလုံးကို တွေ့တာနဲ့တင် အလိုလိုနွေးထွေးလာတယ်.အိမ်နဲအဝေးရောက်လေ ပိုပြီး အိမ်ရဲ့အရသာကို သိလေဖြစ်လာတယ်။ အိမ်လွမ်းတိုင်း မျက်ရည်ကျခဲ့ရတဲ့ နေ့ညတွေကို ဖြတ်ကျော်နေရ တာမုန်းလာတယ် ။ ရှမ်းတောင်တန်းရဲ့ တစ်နေရာမှာရှိနေတဲ့ အိမ်လေးထံကို ပြန်သွားချင်တယ်။ ဒီအိမ်လေးမှာအဖေ ၊ အမေ၊အမနှစ်ယောက်နဲ့ မောင်လေးရှိနေတယ်။ သူတို့လဲ ကျွန်မကိုသတိရနေကြတယ်။

ဒီမိသားစုလေးကနေပြီး ပျော်ရွှင်ဝမ်းနည်းမှု့တွေကို မျှဝေခံစားကြတယ်။ မိသားစုလောက် ကိုယ့်အပေါ် နားလည်ပေးနိုင်တာမရှိဘူး ။ အိမ်ကထွက်ပြီး အပြင်လောကမှာ အလုပ်လုပ်ကတည်းက ကြုံတွေ့ရတဲ့ ခါးသီးမှု့တွေကို စိတ်ပျက်မိတယ်။ ဒီအချိန်တိုင်း မိသားစုက ကိုယ့်အနားမှာ ရှိနေပေးတာ သိပ်ကျေးဇူးတင်တယ်။ အိမ်ကပေးတဲ့ နွေးထွေးမှု့က ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတာ အားလုံးသိကြပါတယ်။ အိမ်ကဖြည့်ပေးတဲ့ လိုအပ်မှု့က ကန္တာရမှာရွာတဲ့ မိုးလိုပေါ့ ပိုတန်ဖိုးရှိ၊ ပိုချစ်ဖို့ကောင်းတယ်။ ဒါကြောင့် အိမ်လေးကို မပျက်စီးစေပဲ ပိုတန်ဖိုးထားကြရအောင်နော်။။။။
ကြယ်တွေဆီ မော့ကြည့်ရင်း တောင်းဆုတစ်ခု တိုးတိုးလေး ရွတ်ဆိုမိတယ်။ ကြယ်တစ်ပွင့်တိုင်းအတွက် တောင်းဆုတစ်ခု မဟုတ်ခဲ့ပါ။ တောင်းဆုတစ်ခုအတွက် ကြယ်ပွင့်တိုင်းစီမှာပါ။ အဲဒီအချိန်မှာ ကြယ်လေးတွေ တစ်ပွင့်စီ တစ်ပွင့်စီ ကြွေကျသွားတာများ ကြယ်မိုးတွေ ရွာချလိုက်သလိုပဲ။ ပြီးတော့ မကြွေခင် အချင်းချင်း ပြောကြသေးတယ်။ ငါ့တောင်းဆုကို ပြည့်စေချင်လို့တဲ့။။။
ကျွန်မ ဒီနေ့ ရောက်တတ်ရာရာ တွေးရင် တောင်ငူမှာ ဂျီတီအိုင် တက်တုန်းက အဖြစ်လေးကို ပြန်သတိရမိတယ်။ ကျွန်မ ဒုတိယနှစ်မှာပေါ့။ ကျွန်မတို့ အုပ်စုက ကျောင်းမှာ တကယ့် ဗရုတ်သုတ်ခ အုပ်စုလေ။ တနေရာရာ သွားမယ်ဆို ငြင်းတယ်လို့ကို မရှိဘူး။ ညီကြတယ်။ တစ်နေ့ နေ့လည်ခင်းမှာ သူငယ်ချင်းတွေ ကျောင်းမတက်ပဲ ရေတာရှည်မြို့နယ်မှာ ရှိတဲ့ ရှေးဟောင်း သမိုင်းဝင် မယ်ဒက်မယ်ကယ် ဘုရားကို သွားဖူးဖို့ ပြင်ကြတယ်။ ရေတာရှည်မြို့ကနေ ကျောင်းလာတက်တဲ့ သူငယ်ချင်း နဲ့ အုပ်စုလိုက် ကျောင်းလစ်ကြတာပေါ့။ ဘုရားကိုရောက်တော့ မြို့ခံ သူငယ်ချင်းက ပြောပါတယ်။ ဒီဘုရားက နတ်ကြီးတယ်။ အပြောအဆိုမှားလို့ မရဘူး။ အပြုအမူတွေလဲ ဆင်ခြင်ကြဖို့ပေါ့။ ကျွန်မတို့ကို ဒေသခံ ပြောပြတဲ့ ဘုရားသမိုင်းလေးက…

အမှန်က စေတီက နှစ်ဆူပါ။ မယ်ဒက်နဲ့ မယ်ကယ်ဆိုတဲ့ ညီအမနှစ်ဦး မိကျောင်းက ပါးစပ်နဲ့ ကိုက်ချီလာတဲ့ ဓာတ်တော်ကို ဌာပနာထားတာပါတဲ့။ အဲဒီမှာ ညီမဖြစ်သူ မယ်ကယ် က သူ့ရဲ့စေတီတော်ကိုတော့ ပါရမီရေစက်ရှိသူများသာ ဖူးမြော်နိုင်ရန် အဓိဌာန်နဲ့ တည်ထားတော်မူထားတယ်လို့ သိရပါတယ်။ ကျွန်မတို့ အခုသွားဖူးတာကတော့ မယ်ဒက်ဘုရားပေါ့။

ကျွန်မကတော့ သူငယ်ချင်းပြောတဲ့အတိုင်း ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ့်ဘက်ကနေ မချွတ်ယွင်းရအောင် ဘုရားရောက်သည်နှင့် လုံးဝ စကားမပြောတော့ဘူး။ လူငယ်ဆိုတော့ ပြောမှားဆိုမှား ဖြစ်သွားမှာစိုးတယ်လေ။ သတိထားတာပေါ့။ အဲဒီမှာ သတိမထားလိုက်မိသူကတော့ မဝေ ဆိုတဲ့ သူငယ်ချင်းပါပဲ။ ကျွန်မတို့ ဘုရားရှိခိုးပြီးတာနဲ့ လှည့်ပတ်ကြည့်ကြတုန်း ဓာတ်တော် ပင့်ချီလာတဲ့ မိကျောင်းကန်သို့အရောက်မှာ သူက မုန့်စားထားလို့ လက်ပေနေတာကို အဲဒီကန်ထဲ လက်နှိပ်ပြီး ဆေးလိုက်တယ်လေ။ အားလုံးက မလုပ်နဲ့လေလို့ အော်တာ မမီလိုက်ဘူး။

နောက်ကျွန်မတို့ တောင်ငူပြန်တော့ စီးလာတဲ့လိုင်းကား ရေတာရှည်မြို့အထွက်မှာတင် တိမ်းမှောက်ပါလေရော။ တော်သေးတယ်။ ကျွန်မတို့ ဘာမှမဖြစ်တာ။ နောက်တစ်စီး ပြောင်းစီးတော့ ကျွန်မက ရသမျှဘုရားစာကို ရွတ်တော့တာပဲ။ ဂျီတီအိုင် ကျောင်းရှေ့မှာပဲ ကျွန်မဆင်းလိုက်တယ်လေ။ ကျွန်မ က ကျောင်းကနေလစ်ပြီး သွားတာကိုး။ အိမ်က အကြိုအပို့ရှိတော့ ကျောင်းပဲ ပြန်လာမှ ရမယ်လေ။ လာကြိုတဲ့သူတောင် ကြိုရောက်နေပြီ။ ကျွန်မလဲ ကားမှောက်လာတဲ့ အကြောင်းမပြောမိအောင် နေရတာပေါ့။ (ကျွန်မ အကျင့်တစ်ခုရှိတာက အိမ်က မသိအောင် တခုခု လုပ်ပြီးရင် ဘယ်သူမှ စစ်စရာမလိုဘူး။ မနေနိုင်မထိုင်နိုင် ပြန်ပြောတတ်တယ်။ )

နောက်ရက် ကျောင်းလာတော့ တူတူသွားကြတဲ့အထဲ ကျွန်မနဲ့ နောက် နယ်က ကျောင်းလာတက်လို့ ကျောင်းနားက ကန်ရိုးရွာမှာ နေတဲ့ သူငယ်ချင်းတွေပဲ ကျောင်းလာပြီး မြို့ထဲ ပြန်တဲ့သူတွေ မလာကြဘူး။ နေ့လည်ပိုင်းရောက်မှ သူငယ်ချင်းဗညား ကျောင်းရောက်လာပါလေရော။ ခေါင်းမှာ ပလာစတာကြီးနဲ့။ ခေါင်းကွဲသွားလို့ ချုပ်ရတာတဲ့။ အားလုံးက တစ်အံတသြနဲ့ ဘာဖြစ်တာလဲ ၀ိုင်းမေးတော့

ကျွန်မတို့ ဆင်းသွားပြီး တောင်ငူမြို့ထဲ အ၀င် ကွေ့လေးမှာ ခဏက ကျွန်မပြောတဲ့ မဝေဆိုတဲ့ သူငယ်ချင်းမလေးက ဒီတခါ ကားတိုက်ရင် တည့်တည့်တိုက်မှာလို့ ပြောပြီး စက္ကန့်ပိုင်းမှာတင် ရှေ့က ပေါ်တော်မူဘုရား အုတ်တံတိုင်းကြီးကို ၀င်တိုက်ပါတော့တယ်တဲ့။ ကျန်သူငယ်ချင်းတွေလဲ ပွန်းပဲကျတာမျိုး ရှိတဲ့အကြောင်း ၊ မဝေကတော့ ခေါင်းနဲ့ လက်အထိများလို့ ဆေးရုံတင်ထားရတဲ့ အကြောင်းပြောတော့ စိတ်မကောင်းဖြစ်ကြရတယ်။ နောက် ဆေးရုံကို သတင်းမေး ပြေးကြတာပေါ့။

အဲဒီနောက်ပိုင်း ကျွန်မတို့ အုပ်စုတော်တော် ခြေငြိမ်သွားပါတယ်။ မဝေလဲ စိတ်မကောင်းတွေ ဖြစ်ပြီး သူ ဆေးရုံက ဆင်းတော့ အဲဒီဘုရားကို သူ့အိမ်နဲ့ တခေါက်ပြန်သွားပြီး သွားကန်တော့ တောင်းပန်တယ်တဲ့။ ကျွန်မလဲ သူငယ်ချင်းတွေ ဆေးရုံတက်ရတဲ့ အကြောင်းကို ပြောရင်း ကျောင်းလစ်ပြီး တစ်ခြားမြို့က ဘုရားသွားဖူးရင်း ကားမှောက်တဲ့ အကြောင်း ပြောမိပါတော့တယ်။ မသေကောင်း မပျောက်ကောင်း ဆိုပြီးတော့ အဆူလေးတော့ နည်းနည်းခံလိုက်ရပါတယ်။

ဒီဖြစ်ရပ်မှာကို ကြည်ြ့ပီး ဘာကြောင့် ဖြစ်ဖြစ်ပါ။ ကိုယ်မယုံကြည်ရင် မဝေဖန်၊ မပြစ်မှားလိုက်ပါနဲ့နော်။ ကျွန်မတို့တော့ သင်ခန်းစာ ကောင်းကောင်းရ သွားပါတယ်။
အမှတ်မထင် လက်တစ်စုံကို
ဆုပ်ကိုင်မိတော့ ငါထင်ခဲ့တယ်
နွေးထွေးမှု့က အမြဲတမ်းပေါ့ ။

အမှတ်မထင် လက်တစ်စုံကို
ပိုတင်းကျပ်ချိန် ငါထင်ခဲ့တယ်
ဘယ်တော့ခါမှ မလွှတ်ဘူးပေါ့ ။

အမှတ်မထင် လက်တစ်စုံက
လွတ်ထွက်သွားတော့ ရွတ်ဆိုမိတယ်
nothing left..empty တဲ့ ။
မောင်နှမများကို အခု ကျွန်မဒီလိုလေး တွေးနေမိတယ်ဆိုတာ ပြောပြချင်တယ်။

၁)ရှေးရှေးက ကုသိုလ်ကံလေးကြောင်း လူဖြစ်ခွင့်ရတာ ကံကောင်းတယ်။

၂)မိဘနှစ်ပါးက ကောင်းကောင်းမွန်မွန် မွေးဖွားပေးလို့ ၀မ်းမြောက်တယ်။

၃)ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ရတာ ကျေးဇူးတင်တယ်။

၎)မြန်မာပြည်မှာ လူတစ်ယောက်ဖြစ်ရတာ ကျေနပ်တယ်။

၅)အဲဒီ မြန်မာပြည်ထဲမှ သစ္စာရှိတဲ့ ရှမ်းတောင်တန်းကြီးရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ်။
ဒီပိုစ့်လေးကိုရေးမယ်လို့ စဉ်းစားမိတာကတော့ အခုတလော ကျွန်မတစ်ယောက် ဘာတွေဖြစ်နေတယ် မသိပါဘူး ။ သူတပါးကို ပြောထဲ့လိုက်ဖို့ ၀န်မလေးနေဘူး။ ဒီနေ့ သောကြာနေ့ဆိုတော့ တရားတစ်ပုဒ်လောက်တော့ နာဖြစ်အောင် နာတတ်တော့ တရားနာမယ်ဆိုပြီး ကျေးဇူးရှင်ဆရာတော် ဓမ္မစတီဆရာတော် ဦးကောသလ္လရဲ့ ဆိုဒ်ကို ၀င်တော့ ဒီနေ့ ဘာတရားနာရင်ကောင်းမလဲ ရွေးနေတုန်း ။အရင်ကလဲ နာဖူးပြီးသားဆိုပေမဲ့ အခုတလောဖြစ်နေတဲ့ ကိုယ့်စရိုက်ကို သိနားလည်အောင်ဆိုပြီး " ဝေသာလီ လှဧကရီ ဘ၀ဆည်းဆာ " ဆိုတဲ့ တရားကို ထပ်မံနာဇြစ်သွားပါတယ် ။ ဒီလိုနာနေရင်း ဒီပိုစ့်လေးကိုရေးမယ် ဖြစ်သွားပါတယ်။

"ဝေသာလီလှ ဧကရီ အမ္ဗပါလီ " တဲ့ ။ သိပ်ချောသိပ်လှတဲ့ ဘုရင်သမီးတော်လေး ။ ဒါပေမဲ့ ဘ၀တစ်ခုမှာ ဘိက္ခူနီမတစ်ပါးဖြစ်စဉ် ဘုရားစေတီမှာ သွားရောက်တံမြက်စည်း သန့်ရှင်းလှည်းကျဉ်းနေစဉ် ရဟန္တာထေရီမတစ်ပါးက ချောင်းဟန့်လိုက်တယ် ။ အဲဒီချိန်မှာတံတွေးက ရင်ပြင်တော်ပေါ် ကျရောက်သွားပါတယ် အဲဒါကိုမြင်တော့ ဆေးကြောသိမ်းပေးလိုက်ရင် ကုသိုလ်ရလို့ ပြီးသွားမဲ့ကိစ္စလေးကို " ဘယ်ပြည်တန်ဆာမကများ ဘုရားရင်ြ့ပင်တော်မှာ တံတွေးထွေးခဲ့တာလဲ ၊ ကိုယ်ဘာသာကိုယ် မသန့်ရှင်းသွားတာလဲ"လို့ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းကြောင့် ဘ၀ပေါင်းတစ်သောင်း ကာလပတ်လုံး ပြည်တန်ဆာမ ဖြစ်ရသလို နောက်ဆုံးဘ၀ ကျွတ်တန်းဝင်ရမဲ့ ကျွန်မတို့ ဘုရားရှင် ဂေါတမဘုရားရှုင်လက်ထက် မှာတောင် ဘုရင်သမီးတော်ဘ၀ရတာတောင် ပြည်တန်ဆာမ ဖြစ်ရပါသေးတယ် ။ ကြည့်စမ်း ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါလိမ့်နော် ။
စကားလေးတစ်ခွန်းထဲနော် ။

ကျွန်မတို့လူ့လောကမှာ ဒေါသမောဟတွေနဲ့ အပြည့်ဖုံးလွှမ်းနေတာနော် ။ ဒေါသကြောင့် ၊မောဟကြောင့် ကိုယ်ထိရောက်ကျူးလွန်မှု့မပြုခင် ဒီနှုတ်ခမ်းကနေ စကားတွေက လွှတ်ထွက်သွားပြီးသား ။ ဘာမှမမြင်တော့ဘူး ။ သတိထားမိလိုက်ချိန်မှာတော့ ပြောဆိုပြီးသွားပြီ ။ လူတိုင်း သက်ရှိတိုင်းမှာ မြင့်မြတ်မှု့ တစ်ခုစီရှိနေပါ့မယ် ။သူတို့ဆီမှာ စောင့်ထိန်းနေတဲ့ သီလတွေတည်နေ မြဲနေမှာပါ။ ဒါကြောင့် ဆရာတော်ဘုရားက မသိရင် မပြောနဲ့ မဝေဖန်လိုက်ပါနဲ့ တဲ့ ။ အရိယာသူတော်ကောင်းတွေကို ပြစ်မှားမိလိုက်လို့ ကမ္ဘာနဲ့ချည်းပြီ ငရဲခံရသလို ၊ အပြစ်ဒဏ်ဆယ်ပါးလဲခံရနိုင်တယ်တဲ့ ။ အဲဒီပြစ်ဒဏ်ဆယ်ပါးကိုဖော်ပြလိုက်ပါတယ် ။

၁)သွေးအန်ဖြစ်လွယ် ၊ ၂) ရောင်းဝယ်ရှုံးခြင်း ၊ ၃) ချွတ်ယွင်းအင်္ဂါ ၊ ၄)ကုဠာနူနာ ၊ ၅) ရူးကြဖောက်ပြန် ၊ ၆) မင်းဒဏ်သင့်ခံ ၊ ၇) ကြမ်းတမ်းစွပ်စွဲ ၊ ၈) သေကွဲသားချင်း ၊ ၉) ပျက်ယွင်းစည်းစိမ် ၊ ၁၀) နေအိမ်မီးလောင် ။

တကယ်ပဲနော် ။ စကားလေးတစ်ခွန်းကနေ ဒီလောက်ထိကြောက်မက်ဖွယ် ဇြစ်သွားရတယ်လို့ ။ ကျွန်မတို့လဲ ဆင်ခြင်ကြရအောင်နော် ။ ပုထုစဉ်ဆိုတော့လဲ ပြောမိဆိုမိမှာပဲလေ ။ တတ်နိုင်သလောက် ကနေ နောက်ဆုံး ဆရာတော်ဘုရားပြောသလိုပေါ့ မပြောနဲ့ မဝေဖန်နဲ့ ဆိုတဲ့ အထိ ထိန်းကြရအောင် ။ ကိုယ်က ဘာမှမဟုတ် ( တချို့ကိစ္စဆို စိတ်ထဲကတောင် မပါဘူး။ ) ပြောလိုက်မိတာလေး တစ်ခုထဲပါပဲ ။ ကျွန်မလဲ တော်တော်လေးပြင်ရမယ် ။ ပါးစပ်ကနေ လွှတ်ခနဲ ထွက်ထွက်သွားတတ်တဲ့ အကျင့်လေး ရှိတယ် ။ အဲဒီအတွက် စိတ်အနှောက်အယှက် ဖြစ်ဖြစ်သွားရတယ်ဆိုရင်လဲ တောင်းပန်ပါတယ်နော်လို့ ဒီကနေ ပြောချင်ပါတယ် ။

(ကျွန်မ တကယ်အားနာပါတယ်။ အဟောင်းတွေချည်းပဲ ပြန်တင်နေမိလို့ပါ။ ကျွန်မ ပိုစ့်အသစ်ရေးတင်ချင်တယ်။ ဒါပေမဲ့ ဘာရေးရင်ကောင်းမလဲ စဉ်းစားတာ မရသလို၊ လူကလဲ နည်းနည်းစိတ်ရှုပ်နေတာ အမှန်ပဲလေ။ အိမ်ကို လာလည်ကြတဲ့ မောင်နှမများကိုလဲ ပိုစ့်အသစ်မရှိပဲ လာလည်ပြီး ပြန်သွားရတာ အားနာတယ်။ ဒါကြောင့် ကျွန်မ ဒီဘလော့ဂ်လေးကို စရေးစမှ ရေးသားခဲ့တဲ့ ပိုစ့်အဟောင်းလေးတွေထဲက တရားနဲ့ပက်သက်တာလေးတွေကို မျှဝေချင်ပါတယ်။ ကျေနပ်နိုင်ပါစေနော်။)
အကုသိုလ်ရှောင် ကုသိုလ်ဆောင်
ဖြူအောင်စိတ်ကိုထား
ခုလည်းချမ်းသာ နောင်ချမ်းသာ
မြတ်စွာဗုဒ္ဓမိန့်မှာကြား။

ဒီလင်္ကာလေးကိုတော့ ဇွန်လ ၁၀ရက်နေ့ ညနေ ၆ နာရီခွဲ ဒူဘိုင်းမြို့ သီရိလင်္ကာကောင်စစ်ဝန်ရုံးမှာ မြန်မာညီအကိုမောင်နှမတွေ စီစဉ်ကျင်းပတဲ့ တတိယအကြိမ်မြောက် ဓမ္မသဘင်မှာ ဆရာတော်ဟောကြားမဲ့ တရားကို လင်္ကာလေးနဲ့ တသက်မမေ့အောင် သင်ပေးခဲ့တာပါ။ ပါဠိလိုလည်း ရွတ်ဆိုရပေမဲ့ နှုတ်တက်ရွတ်ရတာဆိုတော့ ကျွန်မ အမှားအယွင်းပါမှာစိုးလို့ မြန်မာလို ဆရာတော်ကြီးများဖွဲ့သီထားတဲ့ လင်္ကာလေးကို ဝေမျှလိုက်ပါတယ်။




A smile is the light in your window that tells others that there is a caring, sharing person inside.

ဒီပိုစ့်ကို ရေးဖြစ်ရတဲ့ အကြောင်းရင်းလေးကတော့ ကျွန်မမောင်ဝမ်းကွဲ စိုင်းကနေပြီး Forward လုပ်လာတဲ့မေလ်းကနေ စိတ်ကူးရမိတာပါ ။

ပြုံးရယ်နေတဲ့သူကိုတွေ့ရရင် သိပ်စိတ်ချမ်းသာတာပါပဲနော် ။ ပြုံးတယ်ဆိုတဲ့နေရာမှာလဲ တကယ့်ကို နှစ်နှစ်ကာကာ ပြုံးတတ်ဖို့ လိုပါတယ် ။ ဒါဆိုရင် ပြုံးပြခြင်းခံရတဲ့သူလဲ စိတ်ချမ်းသာသွားမယ်လေ ။
ကျွန်မလဲ အစကပြုံးရယ်မနေတတ်ဘူး ။ ငယ်ငယ်ကဆို မျက်နှာစူပုတ်ပုတ်နဲ့ တလောကလုံးကို တင်ကျွေးထားရတဲ့ အတိုင်းပေါ့ ။ အဲဒီလိုနေတော့ တွေ့တဲ့သူတိုင်းက ဘာများစိတ်ဆိုးလာသလဲလို့ တွေးထင်ကြတယ် ။ သူတို့လဲအနေခက် ကိုယ်လဲ မပျော်ဖြစ်တာပေါ့ ။ ကျောင်းမှာဆိုလဲ ကျောင်းမှာမို့လို့ စူပုတ်နေတော့ သူငယ်ချင်းတွေက အနေရခက် ။ သူတို့ ဘာအမှားများလုပ်မိလဲလို့ တွေးကြပေါ့ ။ အလုပ်ထဲရောက်တော့လဲ မျက်နှာထားက စူပုတ်တင်းနေတော့ လုပ်ဖော်ကိုင်ဖက်တွေက ပြောရမဲ့ကိစ္စတွေ ရှိရင်တောင် မပြောရဲကြတော့ဘူး ။ စိတ်ညစ်တာပေါ့ ။ ကျွန်မမျက်နှာ ပြုံးရယ်နေရင် သူတို့လဲ ပျော်တယ် စိတ်ချမ်းသာတယ်လို့ ပြောတဲ့အထိဖြစ်လာတော့တာပါပဲ ။ အဲဒါကြောင့် အမြဲအဲဒီလိုလေး ပြုံးနေပါလားလို့ ပြောလာကြတော့ ကျွန်မတော်တော် စိတ်မကောင်းဖြစ်သွားတယ် ။

ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်မိတယ် ။ သူတို့ပြောတာ မှန်နေတယ် ။ မျက်နှာက မသာမယာ စူပုတ်နေမှတော့ အောင်မြင်အောင်လုပ်ရမဲ့ ကိစ္စက တ၀က်ရှုံးသွားပြီလေ ။
နောက်ပိုင်း ကျွန်မပြောင်းလဲကြည့်လိုက်တယ် ။ လူတွေကို စိတ်ထဲကနေ နှစ်နှစ်ကာကာကို ပြုံးပြတော့ အောင်မြင်တယ် ။ ကိုယ့်ကိုပိုခင်လာကြ ၊ ပိုချစ်လာကြတယ်လို့ ခံစားရလာတယ် ။ ကျွန်မက Bus stop မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် သိသိမသိသိ ရယ်ပြပြုံးပြလိုက်တတ်တယ် ။ ( အဲ.. ..အဲ မိန်းကလေးတွေကို ပြောတာနော် ) ။ အဲဒီခါကျတော့ သူတို့က ကိုယ့်ကို နှုတ်ဆက်ပြီး ဘယ်နိုင်ငံကလဲ စသည်ဖြင့် မေးတတ်ကြ နောက်ပိုင်း ဘယ်နေရာတွေ့တွေ့ မှတ်မိပြီး နှုတ်ဆက်တတ်ကြတယ် ။ (ဆိုးတာက ကျွန်မအကျင့်ပေါ့ ။ တခါနှစ်ခါလောက် မြင်ဖူးတဲ့သူကို မမှတ်မိတတ်ဘူး ။ ဘယ်နားမှာများ သိခဲ့တာပါလိမ့်လို့ ပြန်ပြန်စဉ်းစားနေရတယ် ။ အားနာစရာကောင်းတယ် ။

ကျွန်မပြောချင်တာက ဒီလိုနှစ်နှစ်ကာကာပြုံးပြလိုက်တော့ မိတ်ဆွေအပေါင်းအသင်းတိုးလာသလို ရန်သူ မုန်းသူဆိုတာလဲ နည်းသွားတာပေါ့ ။ ကျေးဇူးတင်ပါတယ် လို့ပဲ ပြောတဲ့အခါမှာ ဖြစ်ဖြစ် ၊ တောင်းပန်စကားဆိုတဲ့ အခါမှာ ဖြစ်ဖြစ် စိတ်ထဲကနေ စိတ်ပါဝင်စားစွာ ပြောဆို ပြုံးလိုက်တော့ ပိုကောင်းသွားမလားလို့ပါ ။ကျွန်မလဲ ကြိုးစားနေဆဲပါ ။ တခုခု အလိုမကျတိုင်း သက်ဆိုင်သူကော မသက်ဆိုင်သူတွေကိုပါ ရောပြီး စိတ်ဆိုးတတ် ၊ မျက်နှာစူပုတ်ပြီးနေတတ်ဆဲပါ ။

အဲဒီFwd မေလ်းထဲမှာ ရေးသားထားတာက....
ကလေးတယောက်ဟာ တနေ့ကို အကြိမ်လေးရာပြုံးတယ်
လူကြီးတယောက်အနေနဲ့ကတော့ တနေ့မှ ဆယ့်ငါးကြိမ်လောက်ပြုံးတယ်တဲ့ ။

အင်းပေါ့နော် ။ လူကြီးတစ်ယောက်အနေနဲ့ဖြင့် ကျောင်း အလုပ် အိမ်မှု့ကိစ္စ တခြား အဆင်မပြေမှု့ မျိုးစုံကိုကြုံတွေ့ခံစားရတော့ ကြာလာ အရယ်အပြုံးနည်းကုန်တာပေါ့ ။ ဒါပေမဲ့ ပြုံးရယ်လိုက်ခြင်းဇြင့် စိတ်ဖိစီးမှု့ဒဏ်တွေကို အနည်းနဲ့အများတော့ လျော့ပါးစေပါလိမ့်မယ် ။

ဒါကြောင့် ပိုပြီးနှစ်နှစ်ကာကာ ပြုံးပြရယ်ပြရအောင်လားနော် ။။။။။

(ကျွန်မ ပိုစ့်အသစ်တင်မယ်လို့ စဉ်းစားပေမဲ့ ဘယ်လိုမှ ခေါင်းထဲမှာ ရေးစရာထွက်မလာဘူး ဖြစ်နေတယ်လေ။ ဒါကြောင့် ကျွန်မ အရင်ပိုစ့်အဟောင်းလေးတွေ ပြန်ဖတ်ရင်း ဒီပိုစ့်လေးကို အရောက်မှာတော့ ပြန်လည်မျှဝေချင်တဲ့ စိတ်ဖြစ်လာတယ်။ ဒါပေမဲ့ အသစ်မဟုတ်ပဲ အဟောင်းလေးကိုပဲ ပြန်မျှဝေလိုက်ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ကျေနပ်ပေးကြပါနော်။)
ဒီတခါရေးလိုက်မှာကတော့ ရိုးရာဓလေ့မဟုတ်ပါဘူး။ အခုလို မိုးရာသီမှာ ကျွန်မတို့မြို့ရဲ့ မိုးရွာသွန်းပုံလေးကို ပြောပြချင်တာ။ ကျွန်မရဲ့ မွေးရပ်မြေလေးဟာ ရှမ်းပြည်တောင်ပိုင်းမှာ အအေးဆုံးမြို့ရယ်လို့ ဆိုရင်မမှားပါဘူး။ နွေရာသီမှာတောင် မနက်နဲ့ ညနေစောင်းချိန်ဆိုရင် အနွေးထည်ဝတ်ထားရတယ်။ အခုတော့ ပြီးခဲ့တဲ့နွေက ပိုပူလာတယ်လို့ ကြားရတော့ အင်းးပေါ့လေ။ရာသီဥတုဖောက်ပြန်နေတာကိုးနော့။ ချယ်ရီပွင့်တဲ့ ဆောင်တွင်းဆို ခိုက်ခိုက်တုန်အောင် ချမ်းသမှ စိမ့်နေတာပါပဲ။ မနက်မိုးလင်းလာရင် အေးခဲနေတဲ့ ရေလေးတွေကို ကစားဖို့လောက်တော့ စိတ်ဝင်စားတယ်။ အချပ်လိုက်ကလေး ဖြစ်အောင် ရေခဲကို ခွာထုတ်ပြီး ကစားတာ ဘာမှလဲမဟုတ်ပေမဲ့ အခုချိန်မှာ ပြန်တွေးတော့ သိပ်ပျော်စရာကောင်းတာပဲ။ မနက်မိုးလင်းလို့ မျက်နှာသစ်ဖို့ ရေနွေးချထားပေးတာတောင် မျက်နှာမသစ်သေးပဲ ဒီလောက်အေးနေတာကို အဲဒီရေခဲချပ်သွားခွာခွာကစားနေလို့ ခဏခဏအအော်ခံရတာလဲ မမှတ်ဘူး။ (အားးးးးလွမ်းလိုက်တာနော်..)

အခုလို မိုးရာသီဆို ရွာပါလိုက်မယ်.မိုး.သင်္ကြန်အပြီးဆိုတာနဲ့ ၇ွာလိုက်တဲ့မိုးက သီတင်းကျွတ်မှပဲ တိတ်တော့တယ်။ တစိမ့်စိမ့်နဲ့ ရွာနေလိုက်တာ တနေကုန် တနေခမ်း။ ဆိုတော့ ဒီလိုမိုးစိမ့်စိမ့်နဲ့ ရွာနေတော့ အပြင်ထွက်ရမှာ ပျင်းတယ်။ မိုးကိုကြည့်ပြီးတော့ အလုပ်မဖြစ်ဘာမဖြစ်နဲ့။ ဒါကြောင့် ကျွန်မတို့ မြို့ခံလူတွေ ပြောစမှတ်ရှိတာက မြို့လေးရဲ့မိုးရွာသွန်းမှု့ကို လူပျင်းမိုးတဲ့။ အ၀တ်တွေလဲ မခြောက်၊ စိုထိုင်းထိုင်းနဲ့ နောက်ဆုံး.နေကလေး တချက်ပွငိ့တာနဲ့ ကမန်းကတန်းနေရောင်ပြ.အဲ သိပ်တောင်မကြာလိုက်ဘူး။ မိုးက ပြန်ရွာနဲ့ ဘယ်နားလာ ခြောက်တော့မှာလဲ။ ဒီတော့ မီးအပူပေးပြီးပဲ ခြောက်အောင် လုပ်ရတော့တယ်။ ကလေးသေးသေးလေး ရှိတဲ့အိမ်ဆိုပိုဆိုးတာပေါ့။ အနှီးလေးတွေ မခြောက်နိုင်တော့ နောက်ဆုံး ခြင်းပေါ် တထပ်ချင်းခင်း ပြီး မီးဖိုဘေးထားတာတို့ မီးအပူပေးတာတို့လုပ်ရတာပါပဲ။ ဒီလိုချိန်မှာ လက်ဘက်ခြောက်တွေ သိပ်မကောင်းဘူး။ ကျက်ခိုးနံ့နံတယ်လေ။ သိတယ်မလား။ လက်ဘက်ခြောက်ဆို ရွှေဖီမိုးလွတ်မှ အကောင်းဆုံးပါပဲ။ ဒီမိုးခြောက်ကတော့ မိုးတွင်းမှာ နေမထွက်တော့ မခြောက်နိုင်တာနဲ့ ကျက်ခိုးတင်ရတော့တာပါပဲ။ မီးခိုးနံ့နဲ့ဆိုတော့ သိပ်မကောင်းဘူးပေါ့။

ကျွန်မသူငယ်ချင်းတစ်ယောက် မြို့ကိုအလည်လာတော့ ဘာပြောသွားတယ်မှတ်လဲ။ သူလာလည်တဲ့ချိန်က သီတင်းကျွတ်နားနီးချိန်ဆိုတော့ မိုးမပျက်သေးဘူးလေ။ ဘယ်နေရာကြည့်ကြည့် တောင်တွေပဲတွေ့တယ်။ မိုးကလဲရွာလိုက်တာ တနေကုန်၊ ဘယ်မှမသွားချင်ပဲ စာအုပ်တအုပ်နဲ့ မီးဖိုဘေး နှပ်နေတာ ထကိုမထချင်ဘူးတဲ့။ ကောင်းရော။ တကယ်လဲ ဘယ်မှမရောက်ဘူး။ ဘယ်မှလဲမသွားဘူး။ အိမ်မှာပဲနေသွားတယ်။ ကျွန်မလဲ တော်တော် အိမ်ရှင်ပီသလိုက်တာများ လူပျင်းမိုးနဲ့အတူ လိုက်ရောရောင်ပျင်းနေတာလေ။:))

ဒါကြောင့်ကြိုပြောထားတယ်နော်။ လာလည်ရင် မိုးတွင်းလာမလည်နဲ့။ ဘယ်မှ လိုက်မပို့ဘူးနော်။။။
ချစ်သူရေ..ငါတို့နှစ်ယောက်ဟာ မျဥ်းနှစ်ကြောင်း ဆိုရင်တောင် ငါတွေးထင်ခဲ့တယ်လေ။ တနေရာရာမှာ ဆုံမှတ် တစ်ခုရှိလိမ့်မယ်လို့ပေါ့။ ဒါပေမဲ့…

ချစ်သူရေ.. ငါမျှော်လင့်ထားတဲ့ ဆုံမှတ်မရောက်ခင် ဘာကြောင့်များ နားလည်မှု့တွေ အယူအဆကွာဟမှု့တွေ ဒီလောက်တောင် များနေကြရတာလဲ။ ဒါပေမဲ့…

ချစ်သူရေ..ငါတို့ရဲ့ ဖြတ်မရတဲ့ သံဃောဇဉ်ကြိုးမျှင်လေးက ဒီကွဲလွဲမှု့တွေနဲ့ အခန့်မသင့် ရန်ဖြစ်နေကြတဲ့ ငါတို့နှစ်ဦးကို တစ်ယောက် တစ်လမ်းစီ ဆန့်ကျင်ဘက် ထွက်မသွားအောင် တင်းတင်းပြန်ဆွဲ ထားစေတယ်နော်။ဒါပေမဲ့..

ချစ်သူရေ..ငါလေ တခါတရံ စိတ်ပျက်မှု့တွေ၊ မာနတရားတွေကြောင့် မင်းကိုထားပြီးထွက်သွားဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့…

ချစ်သူရေ.. ငါ့နှလုံးသားရဲ့စေညွှန်ရာက မင်းဖြစ်နေလေတော့ ထွက်မသွားနိုင်ပြန်ဘူး။ မင်းအနားမှာပဲ ၀ဲလည်နေတယ်ကွာ။ငါလေ မင်းရင်ခွင်မှာ မှေးစက်ချင်နေခဲ့တာ ချစ်မိသွားချိန်ကတည်းကပေါ့။ ဒါပေမဲ့…

ချစ်သူရေ..ငါ့အိပ်မက်လေးထဲမှာ မင်းရင်ခွင်ထံပါး မမှေးစက်နိုင်လိုက်ခင် လန့်နိုးခဲ့ရတယ်။

သြော် ချစ်သူရေ..ငါတို့နှစ်ဦး အိပ်မက်ထဲမှာတောင် ဆုံနိုင်ခွင့်မရှိတဲ့ မျဉ်းနှစ်ကြောင်းဖြစ်နေပြီလား။

နိုးထလာတဲ့ မနက်ခင်းနဲ့အတူ ငါ့ပါးပြင်က မျက်ရည်စများက မင်းနဲ့ ဆုံနိုင်ခွင့် မရှိခြင်းရဲ့သက်သေတွေတဲ့လေ။။

အခုတလော တဂ်ကြွေးတွေချည်း ဆပ်နေတာလေ။ လာပြန်ပေါ့..မနှင်း ( အပြင်မှာ တော်တော်ချောတယ်.သိလား.:) ဖောက်သည်ချလိုက်ဦးမယ်)။ ငုံရေ.တဂ်ထားတယ်နော်တဲ့။ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတဲ့။

မှန်ပါတယ်။ လူ့လောကမှာ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ လိုအပ်ပါတယ်။ ကလျာဏမိတ္တဆိုတာ လောကီစီးပွားရေးတင်မကပါဘူး။ သံသရာလွတ်ကြောင်းထိမှာပါ အဓိကနေရာမှ ပါဝင်နေတယ်လေ။

ကျွန်မတို့ မြန်မာစကားပုံမှာတောင် ရှိတယ်လေ။ “တံငါးနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး “တဲ့။ ပတ်ဝန်းကျင်ကြောင့် အများကြီး ပြောင်းလဲသွားနိုင်တယ်။ စိတ်ဓာတ်ရေးရာမှာလည်း ကြီးပြင်းရာ ပတ်ဝန်းကျင်ဒေသအလိုက် အကျင့်စရိုက်တွေ ပြောင်းလဲသွားကြတယ်မဟုတ်လား။ ကျွန်မတို့ ငယ်ငယ်ကသင်ဖူးတဲ့ ကျေးညီနောင်လိုပေါ့။ ဒီတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ မိတ်ဆွေကောင်း၊ ၀န်းကျင်ကောင်းတွေ လိုကို လိုအပ်ပါတယ်။ သူတို့ကနေမှတဆင့် ကိုယ်မသိတာ၊ ကိုယ်မှားယွင်းနေတာကို သိရှိပြီး တဖြည်းဖြည်းနဲ့ သူတို့နဲ့အတူ လိုက်လံ ပြောင်းလဲမိသွားတယ်လေ။ ဘယ်လောက်ပဲ ဆိုးမိုက်တေလွင့်နေသူပဲဖြစ်ဖြစ် တကယ့် မိတ်ဆွေစစ်မှန်သူ၊နဲ့ တွေ့တော့ မယုံနိုင်အောင် ပြောင်းလဲသွားတတ်ကြပါတယ်။ တချို့ကျတော့လဲ ပတ်ဝန်းကျင်က နားလည်မပေးတတ်တော့ သိပ်မဆိုးခင် အခြေအနေကနေ အရွဲ့တိုက်မှု့တွေ ဖြစ်ပေါ်လာပြီး နောက်ဆုံး ပြုပြင်ပြောင်းလဲလို့ မရတာတွေ အများကြီး ဖြစ်လာရပါတော့တယ်။ တချို့တချို့တွေ ရှိပါတယ်။ စိတ်ထားလေးတော့ ကောင်းပါရဲ့။သူငယ်ချင်းက မြှောက်ပင့်စားနေသူတွေ၊ ရှေ့မှာတမျိုး နောက်ကွယ်တမျိုးနဲ့ စိတ်ထားမမှန်တဲ့သူတွေနဲ့ မိတ်ဆွေပေါင်းသင်းဖြစ်ရတော့ ကိုယ့်အတွက် ဒီဘ၀တင်မကဘူး။ နောင်သံသရာအတွက်ပါ အကျိုးမရှိတတ်တာမျိုး ဖြစ်သွားတာတွေ အများကြီးတွေ့ဖူးပါတယ်။

ဒါကြောင့် ပတ်ဝန်းကျင်ဆိုတာက လူတယောက်ကို ပြောင်းလဲရာမှာ အများကြီး ပါဝင်နေတယ်။ မိတ်ဆွေကောင်း ၊ ၀န်းကျင်ကောင်း ရှိရက်နဲ့ ပါဝင်မှု့မရှိလာတာတွေလဲ အများကြီးပါပဲ။ ဘယ်တတ်နိုင်မှာလဲ။ တတ်နိုင်သလောက် ကိုယ်ပြောဆိုပေးပြီးပြီပဲ။ ကျွန်မကို လူတယောက် ပြောဖူးသလိုပေါ့။ ကိုယ်က တရားပြောပေမဲ့ သူ့က မလိုက်နာနိုင်ရင် မကြိုက်ရင် မတရားဆိုတာ ဖြစ်လာတော့ သူ့အတွက် ပိုအကုသိုလ်ဖြစ်တာပေါ့တဲ့။

ကျွန်မဆိုလဲ ဘာပြောပြော သူငယ်ချင်းအပေါင်းအသင်း တော်တော်များတယ်။ တချို့တလေ စိတ်ထားမမှန်သူတွေနဲ့ ဆုံဆည်းဖူးပေမဲ့လည်း ခဏပဲပေါ့။ ဒါကိုလဲ ကိုယ့်အတွက် သင်ခန်းစာပေးတယ်လို့ပဲ မှတ်ယူတယ်။ ကံကောင်းပါတယ်။ ကျွန်မရရှိခဲ့တဲ့၊ ရရှိထားတဲ့ သူငယ်ချင်း အပေါင်း အသင်းများက ကျွန်မကို ကောင်းစေချင်လို့ ပြောဆိုဆုံးမနေသူတွေချည်း။ ဆိုးနေတာ ကျွန်မပေါ့။ ဟုတ်လား??? :))

ကျွန်မကတော့ ရှင်းပါတယ်။ ကျွန်မလူတစ်ယောက်ကိုခင်ရင် ကျွန်မရဲ့ စိတ်ခံစားချက်အတိုင်းပဲ ခင်တတ်တယ်။ ခင်ချင်ရင်ခင်တယ်။ မခင်ချင်ရင် ဘယ်လောက်ကောင်းပြပြ မခင်တတ်ဘူး။ ဒီတော့ ကျွန်မက မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတယောက်လားဆိုတာ မသိပေမဲ့ ကျွန်မရဲ့စိတ်အတိုင်း ဟန်မဆောင်ပဲ နေတတ်လို့ တခါတရံ စိတ်ပျက်မှု့တွေရှိလာရင် တောင်းပန်ပါတယ်။ တမင်တကာ ရည်ရွယ်လုပ်ဆောင်လိုက်တာ တစ်ခုမှမရှိပါဘူး။ ပတ်ဝန်းကျင်မိတ်ဆွေတွေအတွက် မိတ်ဆွေကောင်းတစ်ယောက် မဖြစ်လာနိုင်ရင်တောင် အဆိုးတွေ ပေးမဲ့သူတယောက်အနေနဲ့တော့ မနေချင်ပါဘူး။ ကြိုးစားနေဆဲသူတစ်ယောက်ပါပဲ။

အမှန်က ကျွန်မဒီခေါင်းစဉ်လေးကို ကျွန်မနာယူဖူးတဲ့ တရားတွေနဲ့ ပြောပြချင်တာ။ ဒါပေမဲ့ ကျွန်မ သိတာနည်းတဲ့အတွက် မပြည့်စုံမှု့တွေ၊ အမှားအယွင်းတွေရှိလာမှာစိုးတယ်လေ။ အခုတော့ ဒီလောက်နဲ့ ကျေနပ်မယ်ထင်ပါတယ်။ ကဲ မနှင်းရေ..ကျေနပ်တယ်မလား..
ကဲ နောက်ထပ်အကြွေးလေး တပုဒ်။ ဒီတခါအလှည့်ကျသူကတော့ တုနန်လို့ ခေါ်တဲ့ မွန်မင်းသား တလနွန်ပါပဲ။ သူတဂ်ထားတာလေးက အို့မိုင်ဂရမ်းမား…အို့မိုင် ဂရမ်းဖားတို့ …တဲ့။ ရေးလို့ကောင်းလိုက်မဲ့ ပိုစ့်လေးပေါ့။ အဘိုးအဘွားဆိုတာ မြေးတွေရဲ့ အဖေအမေဆူရင် ကာကွယ်ပေးရာ အိပ်ရာဝင်ပုံပြင်ကို မညီးမညူးပြောပေးသူ၊ အလိုလိုက်တတ်သူများမို့ မြေးတွေအတွက် အားထားရာပေါ့။ ကျွန်မချစ်တဲ့ အဘိုးအဘွားများကတော့ ဒီလိုလေးရှိတယ်။။

ဘိုးဘိုး
ကျွန်မအဖေဘက်က အဘိုးပါ။ ကျွန်မတို့ ဘိုးဘိုးကတော့ ငယ်ငယ်က လူချော၇ှမ်းမင်းသား ဖြစ်ခဲ့ပုံရတယ်။ ဓာတ်ပုံတွေ ကြည့်ရတာလဲ အတော်ချောခဲ့သလို၊ စိတ်လဲကြီးပုံရတယ်။ သူ့ခေတ်သူ့ခါမှာတော့ လေးစားမှု့ခံရသူပေါ့။ မနက်တိုင်း ဒုတ်ကောက်ကြီးနဲ့ လမ်းလျှောက်ထွက်ပြန်လာတဲ့ အချိန်မှာ ကျွန်မ မှတ်မိနေပါသေးတယ်။ ဘိုးဘိုးက သိပ်ကြည့်ကောင်းတာပဲ။ လူချစ်လူခင်များတဲ့ ဘိုးဘိုးက ဘွားဘွားထက် ခုနှစ်နှစ်ငယ်တော့ တခါတလေ ကျွန်မတို့ အမြင်မှာ သိပ်ဗိုလ်ကျတာပဲလို့ထင်မိတာပဲ။ (ဒါပေမဲ့ သူကတော့ ချစ်လို့ ဆိုးတာနေမှာပေါ့နော်။ )
ဘွားဘွားဆုံးပြီးနောက်ပိုင်း ဘိုးဘိုးက ထမင်းစားချိန်မှသာ အိမ်အောက်ထပ်ဆင်းသလို ဘယ်နေရာမှလဲ မသွားတော့ပါဘူး။ သူ့ဆီ လာလည်ကြတဲ့ ဧည့်သည်တွေကိုလဲ အိမ်အပေါ်ထပ်မှာပဲ ဧည့်ခံစကားပြောတယ်လေ။
စုစုပေါင်း မြေးကိုးယောက်ရှိတဲ့အထဲမှာမှ ကျွန်မကိုဆို ဘိုးဘိုးက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး စကားပြောတတ်တယ်။ ကျွန်မကို “တူးတူတစ်ယောက်ပဲ လာတယ်။ ဘိုးဘိုးကို နားလည်ပေးတယ်။ ရှမ်းပြည်ပြန်ရောက်တိုင်း လာဖို့ ပြောတယ်လေ။ ( ကျွန်မကို အဖေဘက် တူးတူလို့ခေါ်တယ်လေ။ ဗမာလိုအဓိပ္ပာယ်တော့ မသိဘူး)အမှန်က ကျန်သူများကလဲ သူ့စီးပွားရေးနဲ့သူ၊ ကျောင်းတက်တဲ့သူတက်ဆိုတော့ သွားပါတယ်။ ခဏတဖြုတ်ပဲ ဖြစ်ဖြစ် ဘိုးဘိုးနားနေပြီး ဒေါ်လေးနဲ့ သွားစကားပြောပြောနေတတ်တော့ သူ့ကို အလေးမထားဘူးလို့ ထင်နေပုံရတယ်လေ။ ကျွန်မက ထုံးစံအတိုင်း ချွဲဖို့လောက်တတ်တာ၊ စကားကလဲ အင်မတန်များဆိုတော့ ဘိုးဘိုးနားရောက်ရင် တွေ့ကြုံရသမျှကို မမောတန်း ပြောနေတော့တာကိုး။ ဒါကြောင့် ပြောကြတာနေမှာ လူကြီးတွေ စိတ်အားငယ်ရင် ကလေးတွေတောင် လိုက်မမှီဘူးဆိုတာလေ။ အသက်ကြီးလာသူတိုင်း ပိုပြီးနွေးထွေးမှု့ကို လိုလားကြတယ်နော်။

ဘွားဘွား

အဖေဘက်က အဘွားက တအားအေးဆေး သိမ်မွေ့တဲ့ ရှမ်းအမျိုးသမီးတယောက်ပေါ့။ ဘွားဘွားလေး သိပ်အေးချမ်းတာပဲ။ ခင်ပွန်း သားသမီး မြေးတွေကို သူ့မှာ ချစ်လိုက်ရတာ။မနက်မိုးလင်းလာတာနဲ့ ဘုရားဆွမ်းတော်ကပ်ရင်း နေ့တိုင်းမပြတ် လုပ်ဆောင်တာရှိတာလေးက ခင်ပွန်းသားသမီးမြေးတွေ အတွက်ပါ ရေလှူတယ်။ နောက် ဘိုးဘိုးအတွက် မနက်စာကို ပြင်ဆင်ပေးတယ်။ ဘွားဘွားက အိမ်မှု့ ကိစ္စကို သူကိုယ်တိုင်လုပ်ရကျေနပ်တယ်လေ။ နောက် ဘွားဘွားက စိုက်ပျိုးရတာကိုလဲ တအား ၀ါသနာထုံတယ်။ ခြံထဲမှာဆို ဘွားဘွားလက်ရာတွေချည်း. ကျွန်မတို့ကတော့ ကူညီဖို့ထက် ပြေးလွှားကစားဖို့လောက်သာ တတ်ခဲ့တယ်လို့ အခုချိန်မှာ ပြန်တွေးမိတယ်။ ဒူဘိုင်းမလာခင် ရှမ်းပြည်တခေါက် ပြန်ရောက်တော့ ဘွားဘွားရဲ့ စတော်ဘယ်ရီခင်းလေး ဆီသို့ သွားခူးစားရင်း ဘွားဘွားရဲ့ စိတ်ရှည်သည်းခံတတ် အေးချမ်းတာလေးကို တွေးမိ သတိရမိတယ်။ ဘွားဘွားက ကျွန်မဆယ်တန်းအောင်တဲ့နှစ်မှာ ဆုံးသွားတယ်လေ။ အခုဆို ဆယ့်သုံးနှစ်ရှိသွားပြီပေါ့။ တရက်မှ မမေ့ခဲ့ပါဘူး။ ချစ်တဲ့ ဘွားဘွား နာမည်လေးနဲ့လိုက်တဲ့ ငြိမ်းအေးစွာ အိပ်စက်နေမယ်ဆိုတာ ယုံကြည်တယ်။

အဘိုး
အမေဘက်က အဘိုးကတော့ ရှမ်းလူမျိုးဆိုပေမဲ့ မြန်မာဆန်တဲ့ ရုပ်ရည်ရှိတဲ့သူပေါ့။ စနေသားပီသတဲ့ အဘိုးက အင်မတန် ဒေါသကြီးသတဲ့။ သားသမီးတွေကိုလဲ ချစ်လိုက်တာမှ လွန်ရော။ အဲဒီထဲမှာမှ ကျွန်မ အမေကို အတော်လေးချစ်တယ်လို့ သိရတယ်။ ကျွန်မအမေရဲ့ ရုပ်ကလဲ အဘိုးနဲ့ အတော်တူတယ်။ ရှမ်းသာပြောတယ်။ ဗမာရုပ်ထွက်နေတယ်။ စိတ်ဓာတ်က အစတူတဲ့အမေ့ကို အဘိုးက အတော်လေးချစ်တယ်တဲ့။ အဘိုးကိုတော့ သိပ်မမှတ်မိလိုက်ဘူး။ ကျွန်မ သုံးနှစ်သမီးလောက်မှာ ဆုံးသွားတယ်လို့ သိရတယ်။ နှလုံးရောဂါသည် အဘိုးက အိပ်ရာထဲလဲနေတာတောင် သူ့သြဇာချည်းပဲတဲ့။ ကျွန်မမောင်လေး ကို အဘိုး ၀င်စားသူရယ်လို့ အားလုံးက ယုံကြည်ကြတယ်။ ကျွန်မတို့သားသမီးမြေးတွေ အားလုံးနီးပါး အဘိုးဆီက ရတဲ့ ဘယ်တော့မှမပျောက်ပျက်တဲ့ အမွေလေးကတော့ နှုတ်ခမ်းလေးပါပဲ။ အားလုံးနှုတ်ခမ်းတစ်ပုံစံတည်းပဲ။ မသိတဲ့သူတောင် နှုတ်ခမ်းကြည့်ပြီး မောင်နှမတော်တယ်ဆိုတာ တန်းပြောနိုင်တဲ့အထိပါပဲ။

မေ့မြိုင်

ကျွန်မအမေရဲ့အမေပေါ့။ အဘွားလို့ မခေါ်ပဲ အားလုံးက မေ့မြိုင်လို့ ခေါ်တဲ့ ကျွန်မအဘွားကတော့ ဓနုအမျိုးသမီးတစ်ယောက်ပါ။ ရှမ်းလူမျိုး အဘိုးနဲ့ အကြောင်းပါးမှ ရှမ်းစကားကို တတ်တဲ့အဘွားပါ။ ကျွန်မတို့ မြို့လေးမှာက ရှမ်းစကားမပြောရင် “မန့်”( ဗမာ)ရယ်လို့ ပြောကြတယ်လေ။ ဒီလိုထဲ့ရေးတာလူမျိုးခွဲတာ မဟုတ်ဘူးနော်။ အားလုံးကပြည်ထောင်စု တိုင်းရင်းသား မြန်မာနိုင်ငံသူ/သားတွေပါပဲ။ ဆိုတော့ မေ့မြိုင်က ရှမ်းစကားကို သင်တာ ရှမ်းလူမျိုးတွေတောင် အရှဲုံးပေးရအောင် ပြောဆိုနိုင်ခဲ့တယ်။ မေ့မြိုင်က အတော်ထက်တဲ့ အမျိုးသမီးတစ်ဦးပေါ့။ အဘိုးနဲ့ အကြောင်းပါကတည်းက စီးပွားရေးကို ဦးဆောင်နိုင်တယ်။ နောက်အဘိုးဆုံးပြီးနောက်လဲ ဆက်လက်တည်မြဲအောင် ဦးဆောင်ခဲ့တယ်။ အဟဲ..မြေးတွေထဲမှာ ကျွန်မက မေ့မြိုင်ရဲ့ အချစ်ဆုံးမြေးပါ။ ငယ်လေးကတည်းက မေ့မြိုင်နားမှာပဲနေတယ်။ အိမ်မှာမနေဘူး။ ဒါကြောင့် ကျွန်မကို တခါတလေ အိမ်ပြန်သွားရင် အိမ်မှာလာရောက်ကြတဲ့ တခြားမြို့မှ ကုန်သည်တွေက သမီးအငယ်မှန်း မသိကြဘူး။ ပြန်မိတ်ဆက်ပေးနေရတယ်။ အခုချိန်ထိ ကျွန်မကို စိတ်ပူနေ၊ သတိရနေ၊ ကျွန်မအသံကြားတိုင်း ငိုနေဆဲပါပဲ။ ကျွန်မ vacationပြန်ရင် အပျော်ဆုံး လူသားက မေ့မြိုင်ဖြစ်ပါလိမ့်မယ်။
-
ကဲ.ကျွန်မချစ်တဲ့ အဘိုးအဘွားတွေ အကြောင်းက ဒီလောက်ပါပဲ။ တချို့ ချစ်ခြင်းမေတ္တာတွေက စာဖွဲ့လို့မရတာ အများကြီးပါ။ အဘိုးအဘွားတွေရဲ့ အသက်ကြီးလာရင် မြေးတွေဆီက လိုအပ်တဲ့ နွေးထွေးမှု့လေးတွေကို ပေးကြရအောင်နော်။ ကျွန်မတို့ ငယ်စဉ်ကလေး ဘ၀မှာ သူတို့တွေ နွေးထွေးစွာ ပေးခဲ့ကြတာရဲ့ အပုံ တစ်ရာမှာ တစ်ပုံလောက်ပဲ ပြန်ပေးဆပ်နိုင်ဦးပစေ သူတို့ မျှော်လင့်တောင့်တနေတယ်ဆိုတာ သိစေချင်တယ်။ ပေးစေချင်တယ်။ သူတို့ ပျော်ရွှင်ကြမဲ့ ပုံရိပ်ကို တွေ့ကြရအောင်လား။ ကျွန်မတို့လဲ တရက် အသက်ကြီးရင့်ပြီး အဘိုးအဘွားနေရာ ရောက်လာဦးမှာပဲ။
Kish ပြန်လာပြီးချိန်မှာတော့ သတင်းစာထဲ ကြော်ငြာထပ်ထဲ့လိုက်တယ်။ အပြင်ပန်းသာ ကြည့်ရင် လူက အေးဆေးလို့ထင်၇ပေမဲ့ တကယ်ဆို စိတ်ထဲမှာ ဒီသုံးလအတွင်း အလုပ်ရမှဖြစ်တော့မယ်ဆိုတာ တွေးနေမိတယ်။ နောက်တခါ အိမ်ကို ငွေပြန်တောင်းရအောင် စိတ်ကမရဲတော့သလို၊ အရှုံးနဲ့ အိမ်ပြန်ရမှာကို မလိုချင်ဘူး။ ဒီတခါဆို အိမ်ကလဲ ကိုယ်တိုင်လာခေါ်နိုင်တယ်လေ။ အရင်ကတော့ ဘုရားရှိခိုးတာလောက်တော့ လုပ်တာပေါ့။ အခုကျတော့ အဓိဌာန်တွေပါ ၀င်ပြီး ဆုတွေဘာတွေ တောင်းရတဲ့အဆင့်ဖြစ်ကုန်ပြီ။ လူလဲ ကြိုးစားမှု့ရှိရတယ်လေ။

မတ်လ ၅ရက်နေ့ညမှာ ဒူဘိုင်းပြန်ရောက်တယ်။ ၆ရက်နေ့မှာ သတင်းစာတိုက်သွား ကြော်ငြာထဲ့တာပေါ့။ ကြော်ငြာထဲ့ပြီးတာနဲ့ အင်တာဗျူးတွေလဲ တောက်လျှောက်သွားရတာပဲ။ အဲဒီလိုပဲ ကျွန်မကို တောက်လျှောက်ဖုန်းခေါ်နေတဲ့ ကုမ္ပဏီလဲရှိတယ်။ တနေ့တည်း ငါးခါဆက်တယ်။ အင်တာဗျူးလာဖို့ပဲ ခေါ်နေတယ်။ ကျွန်မနေတဲ့ နေရာနဲ့ နည်းနည်းဝေးတော့ မသွားချင်နေဘူး။ ဒီလောက် အင်တင်တင် လုပ်နေတာကို ညကြီးတောင် ဖုန်းဆက်ခေါ်တော့ အဒေါ်က ကဲ..ဒီလောက်တောင် ခေါ်နေတာ။ ဘယ်လောက် စိတ်ဝင်စားနေသလဲ မသိဘူး။ သွားကြည့်ရအောင် အဲဒီ အင်တာဗျူးဆိုပြီး အဒေါ်ကိုယ်တိုင် လိုက်ပို့တာ။

အမှန်ဆို ကုမ္ပဏီတည်နေရာက လွယ်လွယ်လေး မိန်းလမ်းဘေးမှာတင်။ အဲဒါကို ကျွန်မတို့ ရှာမတွေ့နေဘူး။ နောက်ဆုံးလှည့်ပြန်ဖို့ စိတ်ကူးကြတယ်။ ဒါပေမဲ့ သူဌေးမ ကိုယ်တိုင်လာခေါ်လို့ ရုံးခန်းကို ရောက်ရှိသွားပါတော့တယ်။ တခါမှ မကြုံဖူးတဲ့ အင်တာဗျူးလေးပါ။ ကျွန်မကို meetingခန်းထဲမှာ အင်တာဗျူးတော့ အမှန်ဆို သူတို့ သိချင်တာကို မေးရမယ်။ ကျွန်မက ဖြေရမဲ့သူ မဟုတ်လား။ ပြီးတော့ အရည်အချင်းစစ်၊ ကြိုက်ရင်ခန့် မကြိုက်ရင် နောက်အကြောင်းပြန်လိုက်မယ် ဘာညာတခုခုပြောမှာပေါ့နော်။

အခုကျွန်မကြုံရတဲ့ အင်တာဗျူးကတော့ ကျွန်မကို မြင်ကတည်းက တန်းခန့်ပြီးသားပဲ။ ဘာတခုမှ မမေးဘူး။သူဌေးမကပဲ ကုမ္ပဏီက Real Estate Company ပါ။ Real Estate ဆိုတော့ လုပ်ငန်း သဘောသဘာဝက ဘယ်လိုရှိတယ်။ ကျွန်မကို အတွင်းရေးမှူးအနေနဲ့ ခန့်မယ်။ လစာ ဘယ်လောက်ပေးမယ်။ တခါတည်း တန်းပြောတော့တာပဲ။

ကျွန်မလဲ ကြောင်သွားပြီး မဟုတ်ဘူး။ ကျွန်မ ရုံးပိုင်းဆိုင်ရာလုပ်ချင်တာ မှန်ပါတယ်။ ဒါပေမဲ့ အတွင်းရေးမှူးတော့ မဖြစ်နိုင်ဘူး။ ကျွန်မမှာ အတွေ့အကြုံလုံးဝမရှိဘူးဆိုတာကို ။ရတယ်။ အားလုံးသင်ပေးမယ်ဆိုတာချည်းပဲ။ ဗီဇာလဲ ချက်ချင်းလုပ်ပေးမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မနက်ဖြန်လာပို့ဖို့ ပြောပါလေရော။ဒီလိုနဲ့ အင်တာဗျူးပြီးဆုံးသွားတယ်လေ။ မရွယ်ပဲစော်ကဲ မင်းဖြစ်ဆိုသလိုပေါ့။ ရုံးပိုင်းဆိုင်ရာမှာပဲ လုပ်ချင်တဲ့ ကျွန်မ အတွင်းရေးမှူးရာထူး မမှန်းထားပဲ အလွယ်တကူရလိုက်ပါတယ်။

တကယ်လဲ ကျွန်မကို သူဌေးမက ညီမအရင်းတယောက်လို သဘောထားပါတယ်။ သင်ပေးတယ်။ အခုချိန်ထိ ကျွန်မကို သင်ပေးနေဆဲပါပဲ။ ယုံကြည်ပေးတယ်။ အဲဒီတော့ ကျွန်မအနေနဲ့လည်း ကိုယ်တတ်စွမ်းသမျှနဲ့ ပြန်လုပ်ပေးပါတယ်။

သိတဲ့အတိုင်း ဒီမှာ၇ှိတဲ့ အမျိုးကောင်းသားတွေက မိန်းကလေးဆိုရင် ပြောချင်ဆိုချင်ကြတယ်လေ။ ဒါကို သူဌေးမက မကြောက်နဲ့. တခုခု အဓိပ္ပာယ်မရှိပြောလာတာရှိခဲ့ရင် သူ့ကို အချိန်မရွေးပြောပါ၊ တခုခုပြန်လုပ်ခဲ့လဲ သူဖြေရှင်းပေးမယ်ဆိုတဲ့အထိ ကာကွယ်ပေးထားတာ ကျွန်မကံကောင်းပါတယ်။ တခါတလေ ရုံးမှာ အရေးကြီး ကိစ္စရှိလို့ ညပြန်တာနောက်ကျရင် သူက စိတ်ပူပြီး ဖုန်းဆက်တယ်။ အတင်းပြန်လွှတ်နေတတ်တယ်။ အဲဒီလို ထားခဲ့လို့ဖြစ်မလားတဲ့။ သူဌေးတွေက အလုပ်ရှုပ်နေ၊ အတွင်းရေးမှူးမက အိပ်ပြန်နားနေ ဆိုတာမျိုးကို ကျွန်မ မလုပ်ချင်ဘူး။

ကျွန်မတို့ ကုမ္ပဏီမှာ ကျွန်မနဲ့ သူဌေးမသာ မိန်းကလေးရှိပြီး ကျန်သူများမှာ ယောက်ျားလေးများသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကံကောင်းခွင့်ရပါတယ်။ အားလုံး ကျွန်မကို ရိုးသားစွာနဲ့ ဆက်ဆံကြပြီး ညီမတယောက်၊သမီးတယောက်လို သဘောထားပေးကြတယ်လေ။

ကျွန်မကုမ္ပဏီနဲ့ အိမ်က နည်းနည်းတော့ ဝေးတယ်။ ယာဉ်ကြောပိတ်တဲ့ လမ်းကြောင်းလဲ ဖြစ်နေတော့ တခါတလေများဆို ကားကို နှစ်နာရီနီးပါး စီးရပါတော့တယ်။ အခုတော့ မဆိုးပါဘူး။ ယာဉ်ကြောပိတ်တာတွေ လျော့ကျအောင် တံတားများထိုးခြင်း၊ လှိုဏ်ဂူများ ဖောက်ခြင်း စတာတွေ လုပ်သလို၊ Bus များကိုလဲ လိုင်းတိုးချဲ့ထားတယ်။ အခုဆို metro စနေပါပြီ။ လာမဲ့ စက်တင်ဘာမှာ ဒူဘိုင်းမြို့တခွင်လုံး ပြေးဆွဲပါတော့မယ်။

ဒူဘိုင်းရာသီဥတုကလဲ ကန္တာရဆိုတဲ့အတိုင်း ဆယ့်နှစ်လမှာ သုံးလလောက်သာ အေးပြီး ကျန်လများ ပူပြင်းနေပါတော့တယ်။ အေးရင်လဲ မနက်ပိုင်းနဲ့ ညပိုင်းဆိုရင် အတော်အေးတာပဲ။ စိမ့်နေအောင် အေးတာ။ အဲ.ပူလိုက်တော့လဲ စကားလုံးရှာမတွေ့ဘူး။ မိုးရာသီမရှိတဲ့ တိုင်းပြည်လေးက နွေအကုန် ဆောင်းအကူးလို အချိန်မှာ ကန္တာရမှာ ရွာတဲ့မိုးများက နှစ်ရက်သုံးရက်သာ ရွာပါတော့တယ်။ ကျွန်မကြုံရတဲ့ နှစ်နှစ်အတွင်းမိုးရွာသွန်းတာကတော့ တော်တော်လေး သည်းပါတယ်။ ကျွန်မ သူဌေးဆိုရင် မိုးရွာတာကို ထိုင်ကြည့်တယ်။ ကျွန်မကို လာကြည့်ဖို့ခေါ်တော့ ကျွန်မက မိုးရွာတာထက် လျပ်စီးလျှပ်တာ၊ မိုးချုံးတာတို့ကို တအားကြောက်တတ်သူဆိုတော့ မကြည့်ဘူးဆိုရင် ကန္တာရမှာရွာတဲ့မိုး တနှစ်မှာ တခါ၊နှစ်ခါပဲ ရွာတာဆိုပြီး သူတို့ကတော့ သဘောကျစွာ မိုးရွာတာကို ထိုင်ကြည့်နေတော့တာပါပဲ။

ဒူဘိုင်းကို မလာခင်ကရော လာပြီးတော့ရော ကြားရတာက တော်တော်များများ မလာချင်ကြဘူး။ မလာစေချင်ကြဘူး။ ဘာသာတရားကြောင့်ရော၊ နောက် သိတဲ့အတိုင်း ခေါတောကုလားများအကြောင်းပေါ့။ မိန်းကလေးတွေကို မြင်လိုက်ရင် ကြည့်လိုက်တာ တကယ်ကြောက်စရာကောင်းတာ အမှန်ပါပဲ။ အခုလက်ရှိအချိန်ထိ ဒူဘိုင်းမှာက တည်ဆောက်ဆဲ နေရာတွေ အများကြီးရှိနေသေးတယ်လေ။ ဒီတော့ လူပေါင်းစုံ၊ နိုင်ငံပေါင်းစုံက လူအစုံရှိတယ်။ စိတ်ဓာတ်ရေးရာတွေမှာ မိန်းကလေးတစ်ယောက်ကို ဘယ်လို သဘောထားတယ်မသိဘူး။ အတော်များများ တွေ့ရတာက မိန်းကလေးတယောက်ကို ပြူးပြဲကြည့်တယ်။ နောက် ပေါ်တင်ပဲ ခေါ်တယ်။ တွဲဖို့ခေါ်တယ်။ တခုခုပေါ့။ တအားစိတ်ဆိုးဖို့ကောင်းတယ်။ တသက်နဲ့ တကိုယ် ဒီလို အပြောခံရလိုက်မယ်လို့ မတွေးမိဖူးဘူး။ သိပ်ဒေါသထွက်စရာကောင်းပါတယ်။ ( ကုလားအကြည့်ကို ကြောက်လို့ အပြင်ကိုထွက်ရမှာ ကြောက်တယ်ဆိုတဲ့သူရဲ့ စကားကလဲ မမှားပေဘူးနော့။ဟုတ်လား နှင်း.)

ဒီဒူဘိုင်းမှာက အရင်ကဆို အလုပ်ရှာရန် visit visaနဲ့လာရင်လဲ အလုပ်ရနိုင်ချေက ရှိပါသေးတယ်။ အခုလက်ရှိအနေအထားအရတော့ အာမှမခံနိုင်ပါဘူး။ နောက် ဒူဘိုင်းမှာ အဓိကက နေရေးပါပဲ။ နေစရာရှားတယ် မဟုတ်ပေမဲ့ ခက်ခဲတာတော့ အမှန်ပါပဲ။ စားသောက်စရိတ်ကတော့ ပုံမှန်ပါပဲ။ နောက် ရာသီဥတု ပူတဲ့ဒဏ်ကလဲ မသေးလှတဲ့ဒုက္ခလေးတခုပေါ့။ နေရာတကာ အဲကွန်းဆင်ထားတယ်ဆိုပေမဲ့ အပြင်ထွက်ဖို့ ခြေလှမ်းပြင်တာနဲ့ မီးပြင်းလှတဲ့ နေရှိန်မှု့ကြောင့် တွန့်သွားရတယ်။

ဒီလိုပါပဲလေ။ နိုင်ငံခြားရောက်သွားတာနဲ့ အစက မလာခင်မှာ ကိုယ်ထင်မြင်ယူဆတာတွေနဲ့ ကွာတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှ သိမှာမို့လို့ ညည်းသာညည်းနေရတယ်။ ပိုဆိုးတာက အထီးကျန်ဆန်စွာခံစားရမှု့၊ အိမ်လွမ်းတာကို ခံနိုင်ရည်ရှိမှ ဖြစ်မယ်နော်။ လွမ်းတိုင်း မျက်ရည်ကျရတာတွေ၊ အလုပ်၊လုပ်ဖော်ကိုင်ဖက်နောက် တခြားသော အကြောင်းအရာများနဲ့ ရင်ဆိုင်လာရတော့ ကိုယ့်နံဘေးမှာ ချစ်တဲ့ မိသားစု မရှိတော့ ပိုခံစားရတယ်။ ပိုနာကျင်ရတယ်။ ပြေးပြန်ချင်စိတ် ခဏခဏဖြစ်မိတယ်။ မျက်ရည်နဲ့ အဖော်ပြုရတဲ့နေ့ရက်တွေ အများကြီးပဲ။ ဒါတောင် ကျွန်မက ဒီမှာ တယောက်တည်း မဟုတ်ဘူးနော်။ တခြားသူတွေအတွက် ဒါတွေကို ဘယ်လို စာစီချရေးပြမယ်ဆိုတာ မသိပေမဲ့ ထပ်တူနားလည်ပါတယ်လို့ပဲ ပြောချင်ပါတယ်။။။။
ကဲ ဒုတိယအကြိမ် kish island လေးကို သွားရတာကတော့ မတ်လ.၃ရက်နေ့လေးမှာပေါ့။ ဒီတခါသွားရတာ အရင်တခါလို ကြောက်မနေတော့ပါဘူး။ စိတ်ညစ်တာလေးပဲရှိတယ်။ မသွားခင်လေး စိတ်လေးနေတာပဲရှိတယ်။ ဘာဖြစ်မှန်းမသိဘူး။ ဒါနဲ့ ဘုရားစာကို အရင်ကထက် ပိုရွတ်နေမိတယ်။ နေ့လည်တစ်နာရီကျော်မှာတော့ အဒေါ်က လေဆိပ်လိုက်ပို့တော့ မောင်ဝမ်းကွဲ အစိုင်းနဲ့ အဒေါ်သူငယ်ချင်း မဦးတို့ပါ လိုက်ပို့ပေးကြတယ်လေ။

အင်းးပြောမပြောချင်တော့ပါဘူး။ Rambo-4 အကျိုးပေးလိုက်ပုံက ကားပေါ်မှာ မဦးနဲ့ အစိုင်းက Ramboအကြောင်းပြောတာ အားရပါးရနဲ့ပေါ့။ ကျွန်မနဲ့ အဒေါ်ကလဲ မကြည့်ရသေးတော့ နားထောင်လိုက်တာ သူတို့အပြောထဲမျောသွားတာ့ပါပဲ။ အဲဒီချိန်မှာ မီးပွိုင့်ခမ်းလှမ်းလှမ်းအရောက်မှာ မီးစိမ်းကနေ အ၀ါပြောင်းရန် အချက်ပြတော့ အဒေါ်က ကျွန်မကို “ ဖူး.ပွိုင့်လွတ်နိုင်သလား” တဲ့။ ကျွန်မကလဲ တချက်ပဲကြည့်လိုက်ပြီး လွတ်တယ်ပေါ့။ အမှန်လဲ မီပါတယ်။ ဒါနဲ့ အဒေါ်က အရှိန်မြှင့်လိုက်ရော.ရှေ့က ကားက ၀ါတောင် မ၀ါသေးဘူး။ ရုတ်တရက် ရပ်လိုက်တော့ သွားပြီဆိုတာပဲ သိလိုက်တယ်။ အရှိန်က တအားပြင်းနေတော့ ဘရိတ်အုပ်လဲ မမီတော့ဘူး။ မျက်စိကို စုံသာမှိတ်ချပြီး ဘုရားသာတလိုက်တော့တယ်။ ၀ုန်းကနဲ့ တချက်ကြားပြီ ခဏငြိမ်သွားမှ မျက်စိဖွင့်တော့ ကိုယ်ဘာသာကိုယ်အရင်ကြည့်တော့ ဘာမှမဖြစ်ဘူး။ နည်းနည်းလေး ဆောင့်မိတာပဲရှိတယ်။ နောက် အဒေါ်ကို ကမန်းကတန်းကြည့်လိုက်တော့လဲ စီယာတိုင်ကို တင်းနေအောင် ဆုပ်ထားပြီး ခေါင်းငုံ့ထားတယ်။ နောက်မော့လာတော့ ဘာမှမဖြစ်၊ နောက်မှာ ထိုင်နေတဲ့ မဦးနဲ့ အစိုင်းလဲံ ဘာမှမဖြစ်နဲ့ဗျာ။ ကံတော်တော်ကြီးပေလို့ပဲနော်။ ကားရှေ့ပိုင်းကတော့ ရစရာမရှိ ပျက်စီးသွားတာ ကားထဲပါတဲ့သူတွေ တစ်ယောက်မှ ဘာမှမဖြစ်တာ အံ့သြလို့မဆုံးဘူး။

အဲဒီလို ကားမတိုက်ခင်လေး မဦးနဲ့ အစိုင်း လုပြောနေတာက ရမ်ဘိုကွာတဲ့ ဘယ်လောက်များ အမြင်ကတ်တယ်မသိ။ ပစ်လိုက်တဲ့မျှားတိုင်းက နဖူးကို ရွှီးးးးးးးဆိုပြီး အထိပဲ ရောက်လိုက်တယ်။ ကားလဲ ၀ုန်းကနဲ့ တိုက်တော့တာပါပဲ။ သူတို့ အားရပါးရပြောနေလိုက်တဲ့ ရမ်ဘိုအကြောင်း မျောသွားလိုက်တာ kish မရောက်ပဲ ဆေးရုံရောက်ကိန်းဖြစ်ပါပဲ။

ကျွန်မကလဲ မသွားလို့မဖြစ်ဘူး။ အမှန်ဆို ကျွန်မရှိနေတော့ ဘာပြောပြော တူအရီးနှစ်ယောက် တိုင်ပင်လို့ရတာပေါ့နော်။ အခုတော့ အဒေါ်ပဲ ဖြေရှင်းရတာဆိုတော့ စိတ်လဲမကောင်းဘူး။ စိတ်ထဲမှာလဲ တွေးလိုက်ပါတယ်။ စိတ်လေးနေတာ ဒီလောက်နဲ့ပဲ တန့်သွားလို့ပေါ့။ kish မှာ ဘာမှမဖြစ်ရင် ပြီးတာပဲလေလို့ ဖြေတွေးတာ သရဲခြောက်တဲ့ အခန်းမှာ နေရတော့တာပါပဲ။

ဒီတခေါက်မှာတော့ ကျွန်မတူတူနေရတဲ့ ဖီလစ်ပိုင်တွေက သဘောကောင်း ၊ ကူညီတတ်သလို၊ အားလုံးက အေးဆေးသမားတွေချည်းပဲဆိုတော့ အဆင်ပြေတာပေါ့။ ကျွန်မကတော့ ထုံးစံအတိုင်း လေဆိပ်မှာ ခင်လာတာလေ။ အဒေါ်ကြီးနှစ်ယောက်ပေါ့။ ရောက်တဲ့ညမှာ ကြိုရောက်နေတဲ့ ဖီလစ်ပိုင်မလေး နှစ်ယောက်က ကျွန်မတို့ရောက်လာတာ တအားဝမ်းသာတဲ့ပုံစံနဲ့ပေါ့။ နောက် သူတို့ဘာသာစကားနဲ့ သူတို့ပြောနေတော့ ကျွန်မတယောက်တည်း ဘာမှမသိပဲ အိပ်ချင်တာနဲ့ အခန်းထဲမှာ အိပ်နေတယ်။ တရေးနိုးလာတော့ အားလုံးက ဧည့်ခံမှာစုထိုင်ပြီး စကားပြောနေကြတယ်။ ကျွန်မလဲ ထပြီး မအိပ်ကြဘူးလား လို့မေးတော့ သူတို့က မအိပ်ချင်ဘူး။ အိပ်ပျော်နေလား။ဘာညာနဲ့မေးတော့။ ကျွန်မလဲ ဟုတ်ကဲ့ ၊ အိပ်လို့ကောင်းတယ်ပေါ့။

နောက်ကျွန်မလဲ ဆက်မအိပ်ချင်တာနဲ့ သူတို့နဲ့ထိုင်စကားပြောနေတုန်း အခန်းထဲကနေ ညီးသံလိုလို၊ ဟောက်သံလိုလို ကြားလိုက်တယ်။ရုတ်တရက် လူက တအားလန့်သွားတယ်။ ဘာလို့လဲဆိုတော့ ခဏက ကျွန်မတယောက်ထဲ အခန်းထဲမှာရှိနေတာလေ။ အဲဒီမှာ ကျွန်မနဲ့ လေဆိပ်မှာ ခင်လာတဲ့ အန်တီကြီးက ဘာမှမဖြစ်ဘူး။ ဘာမှမဟုတ်ဘူးဆိုပြီး ကျွန်မကို ဖက်ထားလိုက်တဲ့ အချိန်မှာ သဘောပေါက်သွားတယ်။ တခါမှလဲ မကြုံဖူးတော့ ကြောက်တာပေါ့လို့။ ထုံးစံအတိုင်း မျက်ရည်က ကျလာပါရော။ တညလုံးဘယ်သူမှ မအိပ်ကြဘူး။ ကျွန်မကပြောတယ်။ အခန်းပြောင်းရအောင်။ သွားပြောပြီးပြောင်းရအောင် ဆိုတော့ အရင်ကြိုရောက်နေတဲ့သူတွေက ပြောပြီးပြီတဲ့။ သူတို့ဘာသာအရ ယုံကြည်မှု့မရှိဘူးတဲ့။ နောက်အခန်းတွေကလဲ ပြည့်နေပြီတဲ့။

ကျွန်မကို သူတို့မပြောတာက ရောက်ကတည်းက အိပ်ချင်နေတာဆိုတော့ သိသွားရင် ကြောက်ပြီး အိပ်မရမှာစိုးလို့မပြောတာတဲ့။ တော်သေးတာပေါ့။ ကျွန်မတယောက်တည်း အခန်းမှာ အိပ်နေတုန်း လာမခြောက်တာပဲ ကျေးဇူးတင်ရမယ်။

ဒီဒုတိယအခေါက်မှာတော့ ဗီဇာရတာကလဲ မြန်လို့ နှစ်ရက်ပဲနေခဲ့ရတယ်။ အတူတူလာတဲ့ အန်တီတို့နဲ့ပဲ တူတူပြန်ရတော့ အဆင်ပြေတာပေါ့။ အရင်ကြိုရောက်နေတဲ့ ကောင်မလေးကတော့ ဗီဇာမရောက်လာသေးတော့ ကျွန်မတို့ ပြန်တော့ ငိုပြီးကျန်ခဲ့တယ်။ သနားပါတယ်။ စိတ်ထဲမှာ ဘယ်လောက်များ အားငယ်ကျန်ခဲ့လိုက်မလဲနော်။ သူတပါးတိုင်းပြည် ရောက်သွားရင် မိန်းကလေးတယောက်အတွက် ဘယ်လောက် သတ္တိရှိပါတယ် ပြောပြော အဆင်မပြေနိုင်ပါဘူး။ တအား သတိနဲ့ နေ၊စား၊ သွားမှ တော်ခါကျတာပေါ့နော်။

ဒီတခေါက် kish အသွားမှာ ကံကောင်းလို့ သေကံမရောက် သက်မပျောက်သလို ရောက်ပြန်တော့လဲ နှစ်ရက်လုံးလုံး ဧည့်ခန်းမှာပဲ ထိုင်နေရ။ အိပ်ချင်ရင်တော့ ခဏလေး လူမှီပြီး မှေးခဲ့ရတယ်။

Kish ကိုသွားဖူးတဲ့သူနဲ့ တွေ့တိုင်း သိရတာက ထပ်မသွားချင်ဘူး။ စိတ်ညစ်ဖို့ကောင်းတယ်။ Kish ထွက်ရမှာ ကြောက်တဲ့သူချည်းပဲ။ ကျွန်မကတော့ ဒီလောက်ပဲကြုံတွေ့ရတာ ကံကောင်းတယ်လို့ တွေးမှတ်ပါတယ်။ ဘုရားတရားနဲ့ မိဘမေတ္တာပို့သမှု့တွေကြောင့်လို့ အမြဲမှတ်ယူတယ်။

ကဲ.ကျွန်မရဲ့ Kish Island အကြောင်းလေးက ဒီလောက်ပါပဲ။ နောက်အပိုင်းမှာ အခုလက်ရှိအလုပ်ရဲ့ထူးဆန်းတဲ့အင်တာဗျူး၊ ဒူဘိုင်းရာသီဥတုနဲ့ တခြားအကြောင်းလေးကို ကြုံတွေ့ခဲ့ရသလောက်လေး ပြောပြချင်ပါတယ်။။

ဆက်ရန်..
ဖေဖော်ဝါရီလ၁၅ရက်နေ့မှာ kish island ကိုထွက်ဖို့ ပြင်ဆင်ရင်း အဒေါ်နဲ့ အသိမိတ်ဆွေတွေက မှာကြားလိုက်တာကိုလဲ မှတ်ထားရပါတယ်။ အိမ်ကလဲ စိတ်ပူနေတယ်။ ဖြစ်နိုင်ရင် မသွားစေချင်ဘူး။ ပြန်လာခိုင်းတယ်။ ကိုယ်ကလဲ လုပ်ချင်တာကိုတာ စွတ်လုပ်နေတာ စိတ်ထဲမှာတော့ ခပ်ကြောက်ကြောက်ပါပဲ။ အဲဒီချိန်တုန်းက ဒူဘိုင်းမှာ visit visa နဲ့ အလုပ်လုပ်နေသူတွေ အများကြီးပါ။ တချို့ ကုမ္ပဏီကလဲ ဗီဇာမချိန်းပေးပဲ ဒီလို သုံးလတကြိမ် ချိန်းဖို့ သွားသွားနေရတဲ့သူတွေလဲ အများကြီးပါပဲ။ တနေ့တနေ့ လူထောင်ချီပြီး kish ထွက်နေကြတာပေါ့။ ဒီတော့ လူစုံ၊ ပြသနာပေါင်းစုံပေါ့။ တချို့ကလဲ ကုမ္ပဏီက ဗီဇာချိန်းပေးမယ်ဆိုပြီး kish လွှတ်လိုက်တယ်။ အချိန်ဆွဲနေတာနဲ့၊ တခြားအကြောင်းအရာတွေနဲ့ ဗီဇာရောက်မလာတာတွေ ရှိတော့ သတ်မှတ်ခွင့်ပြုထားတဲ့ ၁၄ရက်အတွင်း မှမရရင် အီရန်နိုင်ငံရဲ့ ဗီဇာကို ၀ယ်ရတော့မယ်လေ။ ပြီးတော့ နေဖို့ စားဖို့က၇ှိတော့ နောက်ဆုံး KISHမှာပဲ အချိန်ပိုင်း အလုပ်လုပ်တဲ့သူနဲ့၊ နောက်သိတဲ့အတိုင်း လူချင်းအတူတူ နှမချင်း စာနာမှု့မရှိတဲ့သူတွေနောက် ပါသွားကြတာတွေ များတယ်လို့ ပြောပြလို့ သိလိုက်ရတော့ ကြောက်စိတ်က အထွက်အထိပ်ပါပဲ။ ဒါကြောင့် KISH ရောက်ရင် ဘယ်သူ့ကိုမှ မယုံဖို့၊ ကိုယ့်ပိုက်ဆံအိတ်ကို သတိထားဖို့ အားလုံးမှာပါတော့တယ်။ စိတ်လဲမချကြဘူး။ အဲဒီစိတ်ကြောင့် ထင်ပါရဲ့ ။မသွားခင်ညက အိပ်မက်ဆိုးတွေ မက်ပါတော့တယ်။ နောက်နေ့လဲ မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။

လေဆိပ်မှာ ဖီလစ်ပိုင်မလေးတယောက်နဲ့ ခင်ပါတော့တယ်။ DICAY တဲ့ ။ ခင်ဖို့ကောင်းတယ်။ခဏအတွင်း အတော်လေးခင်မိသွားကြပြီး ကျွန်မအတွက် အဖော်ရသွားတာပေါ့။

ရောက်ပါပြီ KISH ISLAND ကိုး။ ပါးရှန်ပင်လယ်ကွေ့မှာ တည်ရှိပြီး ခရီးသွားလုပ်ငန်းကို အဓိကထားတဲ့ မြို့လေးပေါ့။ဒီ KISH ISLAND လေးက အရှေ့အလယ်ပိုင်းဒေသမှာ တတိယ လာရောက်လည်ပတ်ဆုံးနိုင်ငံလေးပါ။ SHAM EL-SHEIK နဲ့ DUBAI တို့က ပထမနဲ့ ဒုတိယနေ၇ာယူထားကြပါတယ်။အီ၇န်နိုင်ငံက ငွေကြေးဖောင်းပွတဲ့ နိုင်ငံလေးတစ်ခုပါပဲ။ ပါ၇ှန်းဆိုတာ ကျွန်မတို့ ငယ်ငယ်က ပုံပြင်လေးတွေမှာ ကြားဖူးနေကျအတိုင်း ပါ၇ှန်းမင်းသမီးလေးတွေ ချောမောလှပပုံအတိုင်းပါပဲ။ တော်တော်ချောလှကြပါတယ်။ နိုင်ငံလေးကလဲ သပ်သပ်ရပ်ရ့ပ်နဲ့ ချစ်စရာကောင်းပါတယ်။မြို့လေးက ချစ်စရာကောင်းပေမဲ့ လာရောက်ကြတဲ့ လူတချို့ကြောင့် ဒီလိုနာမည်ပျက်နေတာလို့ ကျွန်မတော့ မြင်မိပါတယ်။


ပုံလေးကို တော့ GOOGLE မှရှာပြီး တင်ပေးလိုက်ပါတယ်။

လေယာဉ်ပေါ်က ဆင်းတာနဲ့ အမျိုးသမီးများအားလုံး သူတို့နိုင်ငံ ဘာသာရေးဥပဒေအရ လုံလုံခြုံခြုံရှိရန် သူတို့ ၀တ်စုံကို လဲလှယ်ဝတ်ဆင်ရပါတော့တယ်။ အကျီင်္ရှည်( ဂါဝန် လိုလို ဘာလိုလိုနဲ့) နဲ့ ပ၀ါကို အဆင်သင့်ထားပေးတယ်။ ၀တ်စုံလဲ လဲပြီးရော ကိုယ်ဘာသာကိုယ် မှန်ထဲကြည့်မိတော့ တွေးမိပါတယ်။ ဆေးရုံက ခွဲစိတ်ခန်းဝင်မဲ့သူ ကျနေတာပဲလို့ပေါ့:)
နောက် လေဆိပ်အပြင်မှာတော့ ဟိုတယ်က အဆင်သင့်စောင့်နေပြီးသား ။ ကြိုတင်ဘွတ်ကင် လုပ်စရာမလိုဘူးပေါ့။ အဒေါ်တို့မှာလိုက်သလိုပဲ FARABI ဟိုတယ် ကားနဲ့ လိုက်သွားလိုက်တယ်။ အဲဒီဟိုတယ်က သန့်တယ်။ ကောင်းတယ်တဲ့။ လေယာဉ်လက်မှတ်ဝယ်မဲ့ နေရာနဲ့ နီးတယ်ပေါ့။ ကျွန်မရှေ့မှာ မောင်ဝမ်းကွဲ အစိုင်းလဲ ရောက်ဖူးတယ်။ အဒေါ်သူငယ်ချင်းလဲ ရောက်ဖူးတော့ သိပ်တော့မကြောင်ပါဘူး။ ဟိုတယ်ရောက်တော့ လူမျိုးတူရာနေရာချထားပေးတော့ မြန်မာဆိုတာ မရှိတော့ ဘယ်လူမျိုးနဲ့ နေချင်ပါသလဲတဲ့။ ကျွန်မက နဂိုကတည်းက လေဆပ်မှာခင်လာတဲ့ DICAY နဲ့ပဲ တူတူနေမယ်လို့ ပြောထားပြီးသားဆိုတော့ သူနဲ့ တခန်းတည်းနေမယ်လို့ ပြောလိုက်တယ်။ အခန်းကျယ်ကြီး တခန်းမှာ ခြောက်ယောက်နေရာချထားပါတယ်။ ယောက်ျားလေးက သပ်သပ် ၊ မိန်းကလေးက သပ်သပ်ပေါ့။ မိန်းကလေး အဆောင်ပေါ်ကို သူတို့ ၀န်ထမ်းမှလွဲ တက်ခွင့်မရပါဘူး။ တော်သေးတယ် တက်ခွင့်မရပေလို့ပဲ။ တညလုံး အိပ်လို့မရအောင် ဖုန်းလာနေတယ်။ အခန်းနံပါတ်နဲ့ ဖုန်းတကာ လျှောက်ခေါ်နေတာလေ။ အင်းလေ.. အားလုံးက သန့်တဲ့သူချည်းမှ မဟုတ်တာ။ ကျွန်မနေတဲ့ အခန်းမှာ အမျိုးသမီးတယောက်ဆို လာသမျှဖုန်းကို ဒိုင်ခံဖြေတယ်။ ရယ်မောနေတယ်။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဖုန်းကို ဘေးချထားလိုက်ရင် ဘာမှမဖြစ်တာကို ပြန်ဖြေနေတာကိုက အလုပ်မဟုတ်တာလို့ မြင်တယ်။ မတတ်နိုင်ဘူး။ ကိုယ်နေတတ်ဖို့က အဓိကလေ။ အဲဒီအမျိုးသမီးလက်ချက်နဲ့ ကျွန်မလဲ မျက်စိနာပါတော့တယ်။ ဆေးလိပ်တွေ တအားသောက်တော့ အခန်းလေးထဲမှာ ဆေးလိပ်ငွေ့တွေနဲ့ နောက်ဆုံး ကျွန်မမျက်လုံး ဆေးလိပ်ငွေ့ခံရဖန်များတော့ နာလာပါတော့တယ်။ ကျွန်မကတော့ ကြောက်လို့ ဘယ်မှမသွားဘူး။ အခန်းထဲကအပြင်ကို မထွက်တာ။ BUILDING ရဲ့အ၀ိုင်းပတ်လေးတွေမှာ အီရန်ရိုးရာလို သီချင်းဖွင့်၊ ထိုင်နေကြ။တ၀ါးဝါးတဟားဟားနဲ့ ရယ်မောနေသံတွေကို ကြားတာနဲ့တင် ကြောက်နေတယ်။ ဗီဇာအမြန်ပို့လာဖို့ကိုပဲ စိတ်ကစောနေတယ်။ မနေချင်ဘူး။ ကျွန်မထွက်လာတာက သောကြာနေ့ဆိုတော့ နည်းနည်းတော့ စောင့်ရမဲ့ သဘောရှိနေတာပေါ့။

ဒီအရှေ့အလယ်ပိုင်းမှာက ရုံးပိတ်က သောကြာနေ့လေ။ သူတို့ဘုရားရှိခိုးရက်ပေါ့။စနေလဲ အစိုးရရုံးနဲ့ တချို့ကုမ္ပဏီပိတ်တယ်လေ။ ဆိုတော့ ကျွန်မက သောကြာ၊စနေ နှစ်ရက်ခံသွားတယ်။ ဘာမှလုပ်လို့မရဘူးလေ။ တနင်္ဂနွေမှ ဗီဇာတင်တာဆိုတော့ တနင်္လာနေ့မှ ရတယ်။ ဒါတောင် မြန်ဦးမှလေ။ လူလဲ ပြန်ချင်လို့ လိမ့်ပိန့်နေပြီ။ မနေချင်ဘူး။ ညတိုင်းမျက်ရည်ကျရတယ်။ ကြောက်လို့ပေါ့။ ခင်လာတဲ့ DICAY ဗီဇာရောက်လာပြီး သူအရင်ပြန်သွားမှာကို စိုးရိမ်လာတယ်။ တယောက်တည်းဆို ပိုဆိုးမယ်လေ။ ဟိုအမျိုးသမီးကိုလဲ ကြောက်တာပါတာပေါ့။

ဒီလိုနဲ့ တနင်္လာနေ့ မနက်ပိုင်းမှာ DICAYရဲ့ ဗီဇာရောက်လာတယ်။ သူကလဲ ကျွန်မကို စိတ်မချတာနဲ့ လေယာဉ်လက်မှတ်ကို ဘွတ်ကင်သွားမတင်ပဲ စောင့်နေပေးပါတယ်။ ရောက်လာမှ တူတူပြန်မယ်ပေါ့။ ဖြစ်ချင်တော့ တနင်္လာနေ့ ကျွန်မဗီဇာမရောက်လာပါဘူး။ သူ့ကုမ္ပဏီက ဗီဇာပို့လိုက်ပြီ ဘာလို့ ပြန်မလာသေးတာလဲလို့ လှမ်းမက်ဆေ့ပို့တော့ ကျွန်မလဲ အားနာတာနဲ့ ပြန်လိုက်ဖို့ပြောရပါတော့တယ်။ သူလဲရပါတယ်လို့ ပြောပေမဲ့ မကောင်းဘူးလေ။ နောက်ဆုံးသူလဲ အင်္ဂါနေ့မနက်အစောကြီး ပြန်သွားပါတော့တယ်။

ကျွန်မရဲ့ဗီဇာလေးကတော့ အင်္ဂါနေ့ မနက်ပိုင်းလောက်မှာ အဒေါ်က ပို့လိုက်ပြီလို့ မက်ဆေ့ပို့လာမှ ၀မ်းသာအားရဖြစ်သွားတယ်။ ဒါပေမဲ့..အဒေါ်က စိတ်မကောင်းဖြစ်မှာစိုးတာနဲ့ ကိုယ်တိုင် ဖုန်းခေါ်ပြီးမှ ပြောလိုက်တဲ့ စကားအကြားမှာတော့ ကျွန်မထိုင်ငိုရတော့တာပါပဲ။

ဗီဇာသွားဝယ်တဲ့သူက ကျွန်မကို VISIT VISA သုံးလအစား Transit visa ၁၄ရက် နဲ့ မှားဝယ်လာသတဲ့။ ကောင်းရော။။ဘာမှလုပ်လို့မရတော့ဘူး။ ၁၄ရက်ကြာရင် ဒီနေရာကြီးကို တခါပြန်လာရမဲ့သဘာပေါ့။ကျွန်မ စိတ်ပျက်စွာနဲ့ လေယာဉ်လက်မှတ်သွားတင်တော့ အဲဒီနေ့အတွက် ပြည့်နေပြီဖြစ်တဲ့အတွက် ကျွန်မ ဗုဒ္ဓဟူးနေ့ နေ့လည် ပိုင်းမှ ပြန်ခွင့်ကြီးရပါတယ်။

ကဲ.. ၁၄ရက်နေပြီးတော့ တခါ ချစ်လှစွာသော KISH ISLAND လေးဆီသို့ အရောက်ပြန်သွားရပေဦးမပေါ့။ သရဲခြောက်ခံရတဲ့ ဒုတိယအခေါက်ကတော့ မမေ့နိုင်ပါဘူး။

ဆက်ရန်…
မော(၀်)မောင်နှမများကို ချစ်ရှာလွန်းလို့ ခဏခဏတဂ်တဲ့ ရှပ်ပြာစိန် အဲ.တောင်ပေါ် စီဘောက်မှာ လာအော်သွားတယ်။ မရေးမနေရ တချက်လွှတ်အမိန့်တဲ့။ ကိုသုနြေ္ဒကို ပေးထားတဲ့ ကတိနဲ့ အတူတူပဲရေးလိုက်မယ်။ နိုင်ငံခြားပြန် မြန်မာတစ်ယောက်ငြီးချင်းတော့ ဟုတ်ပါဘူး။ နိုင်ငံခြားရောက် မြန်မာတစ်ယောက် ငြီးချင်းပါ။ အပိုင်းခွဲရေးမယ်နော်။ အတွေ့အကြုံတစ်ခုချင်းစီ ခွဲရေးသွားမယ်လေနော်။ အခုတော့ ဗီဇာနဲ့ အလုပ်ရှာရပုံလေး ဝေမျှထားပါတယ်။

အမှန်တော့ ဒီဒူဘိုင်းကို လာမိတဲ့ကျွန်မ ကိုယ်ဘာသာကိုယ် အမြဲပဲပြောနေတာက " သေချင်တဲ့ကျား တောပြောင်းလာတာကိုး"လို့ပေါ့။ ဘယ်သူမှ ရိုက်မောင်းလွှတ်လိုက်လို့ ဒီရောက်လာတာလဲ မဟုတ်။ ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ နောက်ဆုံး ၂၀၀၇ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာပေါ့။ ဒူဘိုင်းရောက်ရင် အဒေါ်နဲ့ပဲ တူတူနေပါ့မယ်။ တစ်ယောက်တည်းမနေပါဘူး။ အဒေါ်စကားနားထောင်ပါ့မယ်။ မပျော်ရင်၊ စိတ်ညစ်ရင် ပြန်လာပါ့မယ်ဆိုတဲ့ ကတိတွေကို အထပ်ထပ်ပေးပြီး လှည့်မကြည့်တမ်း ထွက်လာခဲ့တော့ အသည်းမာလိုက်တာလို့ ကင်ပွန်းတပ်ခံရပါသေးတယ်။ မိဘတွေရင်ထဲ ဘယ်လိုဖြစ်ကျန်ခဲ့မယ်ဆိုတာ မတွေးပဲ ကိုယ်ဖြစ်ချင်တာကို လုပ်ဖို့ ထွက်လာခဲ့တာပါ။

သုံးလသက်တမ်းရှိတဲ့ visit visa လေးကိုင်ပြီး ကုမ္ပဏီတစ်ခုမှာ ရုံးဝန်ထမ်း ( office staff)လုပ်ချင်လို့တဲ့။ ဒူဘိုင်းရောက်တော့ စတွေ့တာပါပဲ။ များသေားအားဖြင့် ဒီမှာ ဖီလစ်ပိုင်၊ အိန္ဒိယနဲ့ ပါကစ္စတန်လူမျိုးတွေ အတော်များတာကို တွေ့ရပါတယ်။ ဖီလစ်ပိုင်တွေကို ဘာသာစကားနေရာမှာ မယှဉ်နိုင်သလို၊ သွက်လက်ချက်ချာမှု့မှာလည်း မယှဉ်နိုင်ခဲ့လို့ အင်တာဗျူးတိုင်း လှည့်ပြန်ခဲ့ရတာချည်းပါပဲ။ ရုံးပိုင်းဆိုင်ရာ အလုပ်မှာ ၀င်တိုးဖို့ လုံးဝမလွယ်သလို ဖြစ်နေခဲ့ပါတယ်။ ဒူဘိုင်းရောက်ပြီး တစ်လကျော်ကျော်အထိ အလုပ်မရပဲ မိုးလင်းတာနဲ့ သတင်းစာဖတ်၊အင်တာနက်ကကြည့်နဲ့ တနေ့တနေ့ CV တွေ မေလ်းပို့လိုက်၊ Faxပို့လိုက်နဲ့ အိမ်လွမ်းနာကျနေတော့တာပါပဲ။ တစ်လကျော်တော့ financial investment ကုမ္ပဏီတခုမှာ marketing executiveနဲ့ ရပါတော့တယ်။ ကုမ္ပဏီကလဲ ကောင်းတယ်။ ကမ္ဘာဈေးကွက်မှာ နံပါတ်တစ်နေရာကို လေးကြိမ်ရထားဖူးတဲ့ ကုမ္ပဏီလေးပါ။ ကိုယ့်ကိုအင်တာဗျူးတဲ့ မန်နေဂျာက ဗုဒ္ဓဘာသာဝင်လေ။ ဆိုတော့ ကျွန်မကို လက်တွဲခေါ်လိုက်တဲ့ သဘောပါပဲ။ တစ်လ သင်တန်းတက်ရပါတော့တယ်။ ဒီကုမ္ပဏီက ဗီဇာမချိန်းပေးဘူး၊ လစာမပေးဘူး။ ကော်မရှင်ပေးတယ်ဆိုတဲ့ သဘောပေါ့။ အနည်းဆုံး investလုပ်ရမဲ့ ငွေက ဒေါ်လာ နှစ်သောင်းတဲ့ ။ စဉ်းစားတာကြည့်ပေတော့။ ဒူဘိုင်းဈေးကွက်ကို ဘာမှမသိသေးတဲ့ ကျွန်မအဖို့ မဟာအခက်အခဲတစ်ခုပေါ့။ ဗီဇာချိန်းပေးတယ်ဆို တော်သေးတယ်။ အခုတော့ ကိုယ့်ရဲ့ သုံးလသက်တမ်းပဲ ရှိတဲ့ visit visa လေးနဲ့ဆိုတော့ မလွယ်ဘူး။ အခုချိန်မှာ အရေးကြီးနေတာက ဗီဇာဖြစ်နေတယ်။ ဆိုတော့ သင်တန်းတလတက်လိုက်ရတဲ့ အကျိုးအမြတ်လေး တခုတော့ ရသွားပါတော့တယ်။ မန်နေဂျာမကြီးလဲ စိတ်မကောင်းဖြစ်ကျန်ခဲ့တာပါပဲ။ မတတ်နိုင်ဘူးကွယ်ပေါ့။

အဲဒီနောက်မှ သိလိုက်ရတာက သတင်းစာထဲ အလုပ်အလိုရှိကြောင်း ကြော်ငြာထဲ့ရင် ရပါသတဲ့။ ပိုအခွင့်အလမ်းပိုများပါသတဲ့။ အဲဒီလို အလုပ်ရှာလို့ ရမှန်း အဒေါ်လဲ မသိ၊ တူမလုပ်သူကလဲ မသိဆိုတော့ အချိန်တလသာကျန်တဲ့အတွင်းမှာ အလုပ်ရအောင် ကြိုးစားရပြန်တာပါပဲ။ သတင်းစာထဲ ထဲ့ကြော်ငြာရတော့တာပေါ့။ မဆိုးဘူးသိလား။ တော်တော်ထိရောက်တဲ့ ကြော်ငြာမှု့လေးပါပဲ။ နောက်တနေ့ မိုးလင်းတာနဲ့ လာလိုက်တဲ့ ဖုန်းခေါ် အဆက်မပြတ်ပါပဲ။ ကျွန်မက အင်တာဗျူးလာနိုင်တဲ့ အချိန်လေးတွေကို ခွာချိန်းပြီး တနေ့ လေးငါးခုလောက် သွားခဲ့ရပါတယ်။

ဘယ်နေရာရောက်ရောက် မိန်းကလေးတစ်ဦးဖြစ်တဲ့အတွက် အန္တာရယ်ကင်းဖို့ အဓိကကြည့်ရပါတယ်။ ဒီနိုင်ငံမှာ မိန်းကလေးတွေကို မြင်ရင် ကြည့်နေလိုက်ကြတာ ကျွန်မတွေးမိပါတယ်။ ပရုပ်လုံးသာဆို အဲဒီနေရာမှာတင် လုံးပါးပါးတယ်လို့ပေါ့။ ကျွန်မက အစကတည်းက အလုပ်မရချင်နေ ကိုယ်အတွက် အန္တာရယ်ကင်းကင်းနဲ့ အလုပ်လုပ်ရဖို့လိုတယ် ဆိုတဲ့အတွေးမျိုးနဲ့ အလုပ်ရှာတာဆိုတော့ တချို့ အလုပ်ရှင်အပြုအမူတွေနဲ့ မကြိုက်တာနဲ့ အင်တာဗျူးအောင်ပေမဲ့ အလုပ်မဆင်းခဲ့ဘူး။

့ :) သုံးလပြည့်သွားပြီ။ အလုပ်မရှိဘာမရှိနဲ့ ကဲ...ဘာဆက်လုပ်မလဲ ဒေါ်ဖူးဖူးပေါ့။ အိမ်ကထွက်လာကတည်းက အရှုံးနဲ့ ပြန်ဖို့ ထွက်လာတာ မဟုတ်ဘူးလေ။ အိမ်က ပြန်လာဖို့ ခေါ်ပေမဲ့ ကိုယ်စတဲ့ ဇာတ်ကိုယ်ဆုံးအောင်တော့ ကမယ်ဆိုပြီး ဗီဇာထပ်ဝယ်ဖို့ အိမ်ကို ငွေထပ်မံတောင်းပြီး ဗီဇာချိန်းရန် လူပေါင်းစုံ ပြသနာပေါင်းစုံတို့ ပေါများတဲ့ အီရန်နိုင်ငံ kish Island လေးကို မတ်လ ၁၅ရက်နေ့မှာ ထွက်ခွာခဲ့ရပါတော့တယ်။

ဆက်ရန်...