မွေးရပ်မြေ..............တဲ့။
လူတိုင်း လူတိုင်း မွေးရပ်မြေဆိုတာကို လက်ရှိနေထိုင်သည်ဖြစ်စေ၊ ရေကြည်ရာမြက်နုရာမို့ တနယ်တကျေး ရောက်နေပစေ မွေးရပ်မြေကိုတော့ လွမ်းတတ်ကြ၊ အလည်တခေါက်တော့ အရောက်ပြန်လာချင်ကြ၊ မမေ့တတ်ကြပါဘူး။ ကိုယ့်ကိုမွေးဖွားပေးလိုက်တဲ့မြေ၊ ကိုယ့်ကို တဆင့်မြင့်တက်သွားအောင် ထောက်ပံ့ပေးတဲ့မြေ..မမေ့အပ်ဘူးလေ။
ကျွန်မရဲ့မွေးရပ်မြေလေး  အကြောင်းပြောပြမယ်နော်။
မြေပြန့်ကနေ တောင်စဉ်တွေ ဝေ့၀ိုက်ပြီး တရိပ်ရိပ်တက်လာလိုက်တာ. ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှ ကြိုဆိုလိုက်တာနဲ့ ထင်းရှူးနံ့လေး သင်းနေမှာပါ။ ကလောမြို့လေးကနေ ရှေ့ဆက်လာရင် တောင်ကြီးသို့ သွားမဲ့လမ်းလေးရယ်၊ ငွေတောင်ပြည် ကယားတို့ဋ္ဌာနီကိုလှမ်းမဲ့လမ်းလေးရယ် တစ်လမ်းစီခွဲကြတယ်။ 
ရှမ်းပြည်နယ်နဲ့ငွေတောင်ပြည်ကိုဆက်ထားတဲ့ ပြည်ထောင်စုလမ်းမကနေ လာခဲ့ရင်.....
တောင်နံရံကြောကို တချက်ကွေ့လိုက်တာနဲ့ ရုတ်တရက်ပေါ်ထွက်လာတဲ့ မြို့ငယ်လေးတစ်မြို့။ ကုန်းထိပ်ကနေ စီးမြင်နေရတဲ့ မြို့သေးသေးလေးတစ်မြို့။ သိပ်ကြည့်လို့ကောင်းတဲ့ ရှု့ခင်းသာလေးပေါ့။
ဘယ်နေရာကြည့်ကြည့် တောင်တန်းတွေကာရံထားလိုက်တာ...ငယ်ငယ်တုန်းက စာသင်ကြရတာက.
ဒယ်အိုးပုံသဏ္ဏန်တဲ့။ 
ကုန်ုးနီတောင်ဆိုတဲ့ မတ်စောက်တဲ့ကုန်းလေးကနေ သတိထားကြီးစွာနဲ့ ဆင်းလာတော့ မြို့ငယ်လေးက သပ်ရပ်စွာ ကြိုနေမယ်။ မြို့လေးက သေးသေးလေးပါ။ ဒါမဲ့ သပ်သပ်ရပ်ရပ်လေးနဲ့ ချစ်စရာကောင်းတယ်။ ဒီမြို့လေးမှာ ရှမ်း၊ ပအိုဝ့်လူမျိုးတွေ အများဆုံးနေထိုင်ကြတယ်။
မြို့ထဲဝင်တာနဲ့ ဘုရင့်နောင်ကန်လေးရယ် မွေတော်ဆုတောင်းပြည့်ဘုရားရယ်က ပနာရလိုက်တာ။ အင်မတန်သပ္ပာယ်လှတယ်။ 
မြို့ငယ်လေးထုံးစံအတိုင်း တစ်ယောက်အကြောင်း တစ်ယောက်နဲ့တစ်ယောက် မသိသူမရှိ၊ အားလုံးဆွေမျိုးရင်းခြာတွေချည်းပဲပေါ့။
ဒီမြို့လေးမှာ ငါးရက်တစ်ဈေးဆိုတဲ့ဓလေ့နဲ့ ဈေးလေးရှိတယ်။ ဈေးနေ့မှာ အနီးအနားပတ်ဝန်းကျင်ရွာတွေ မှ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေ လာရောင်းကြတယ်။ ဈေးနေ့မှာ လူသိပ်စည်ကားတယ်။ တို့ဖူးသုတ်၊ တို့ဖူးကြော်၊ ငါးထမင်းချဉ်၊ ဟင်းထုတ်၊ ခေါက်ဆွမ့်ပြား၊ ခေါက်မူ့ခွေ ဆိုတဲ့ ရှမ်းအစားအစာတွေ စားလို့ကောင်းမှကောင်း။
ဒီမြို့လေးရဲ့အဓိကထွက်ကုန်က လက်ဖက်ခြောက်ပေါ့။ ပင်လောင်းလက်ဖက်ခြောက် ဆိုသောက်လို့ကောင်းတယ်။ လှတယ်ဆိုတဲ့ နာမည်ကောင်းလေးရှိတယ်။ ဘာအနံ့ဆိုးဆေးမပါ သဘာဝ ခြောက်သွေ့အောင်လှမ်းထားတဲ့ လက်ဖက်ခြောက်မွှေးမွှေးလေးရယ်ပေါ့။
ရိုးရာပွဲတော်တွေကလဲ များလှတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ ဒီမြို့လေးမှာ အလှူအဒါန်းဆို ရက်ရောတယ်။ တစ်မူးရှိလို့တစ်ပဲလှူ..တို့ရှမ်းတောင်သူ တုနိုင်ရိုးလား ဆိုတဲ့စကားအတိုင်း အလှူပေးပြီဆို၊ အထူးသဖြင့် ရှင်ပြုပွဲတွေမှာပေါ့. ထမင်းရည်ချောင်းစီး လှူကြတယ်။ တခြားပွဲတော်တွေမှာလဲ ယုတ်လတ်မြတ်မရွေး ကျွေးမွေးကြတယ်။