ကျွန်မတစ်ယောက် စာမရေး ပိုစ့်မတင်တာ တစ်လတောင် ရှိသွားပြီ။ ဒီနေ့ကတော့ အမှတ်တရပိုစ့်လေးတင်နေကျ ကျွန်မတို့ရဲ့ အမှတ်တရနေ့စွဲလေးဖြစ်တဲ့အတိုင်း ပိုစ့်တစ်ပုဒ်ကို ရအောင် တင်မယ်ဆိုပြီး စာရေးဖို့ ကြိုးစားချိန်မှာတော့ စိတ်ထဲမှာရှိနေတာက အခုချိန်မှာ စိတ်ရှုပ်နေလို့ နောက်မှ အေးအေးဆေးဆေး ကျေးဇူးတင်စကားပြောမယ်လို့ ရည်ရွယ်ထားတာလေး ရှိနေတော့ ဒီတစ်လ ကျွန်မရဲ့ အမှတ်တရပိုစ့်လေးနဲ့ အားပေးကြတဲ့ သူတိုင်းကို ကျေးဇူးတင်စကား ပြောလိုက်ချင်တယ်။ ချစ်သူတယောက်နားလည်ပေးမှာပါနော့။
ကျွန်မ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီက ဒီလကုန်ရင် ပိတ်တော့မယ်လေ။ ၀န်ထမ်းတွေကိုတော့ Termination လုပ်ပြီးသွားပြီ။ ကျွန်မပဲ ကျန်တော့တယ်။ ဘယ်သူ့မှ မရှိတဲ့ ရုံးကို ဒီလကုန်အထိ သွားရမှာ ဖြစ်ပြီး customers တွေရဲ့ Complantsဆိုတာတွေကို ဖြေရှင်းနေရဆဲပေါ့။ သူဌေးတွေကတော့ အလုပ်အသစ်ရှာဖို့ အခွင့်အရေးပေးတယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၀က်ကတည်းက ကျွန်မတစ်ယောက် အလုပ်တွေရှာပါတော့တယ်။ အခုချိန်မှာ အလုပ်တစ်ခုကို သည်းကြီးမည်းကြီး လိုက်လံရှာဖွေနေကြတဲ့ လူပေါင်းများစွာထဲမှာ ကျွန်မ Second Interview အဆင့်ထိ ပါလိုက် ၊ အင်တာဗျူးတော့ အောင်ပါရဲ့ လစာလဲ ကောင်းပါရဲ့ အလုပ်ရှင်ရဲ့ စိတ်ဓာတ် သိက္ခာမရှိဘူးလို့ ယူဆရလို့ မလုပ်ဖြစ်တာတွေနဲ့ လုံးချာလည်လိုက်နေပါတော့တယ်။
သူများတိုင်းပြည်မှာ အလုပ်လာလုပ်တယ် ဆိုပေမဲ့ မိန်းကလေးဆိုတော့ ကိုယ့်အတွက် အန္တာရယ်ကင်းတဲ့အလုပ်ကို တအားေ၇ွးပါတယ်။ ဂျီးများတယ်ပဲ ပြောပြော ၊ ကျွန်မစကားပြောကြည့်လိုက်ချိန်မှာ စိတ်ထဲက မသိုးမသန့်နဲ့ ထင့်နေရင် ဘယ်တော့မှ အဲဒီအလုပ်ကို မလုပ်ပါဘူး။ မိသားစုက ဒီလကုန်ရင် ကုမ္ပဏီပိတ်မယ်ဆိုတာ သိတာနဲ့ ပြန်လာစေချင်ကြတယ်။ ကျွန်မကလဲ မရဘူး။ ရှာဦးမယ်ဆိုပြီး ကိုယ့်စိတ်ကိုယ်တင်းပြီး ရှာနေရတာ အဆင်မပြေနေပါဘူး။ အဆင်မပြေချင်ရင် ဆက်တိုက်ဆိုသလိုပေါ့ ။ တစ်ခုပြီးတစ်ခု ဆက်တိုက်ကို ဖြစ်နေပါတော့တယ်။
ကျွန်မကို အခုရက်ပိုင်းအတွင်း အများကြီး အကူအညီပေးခဲ့ကြတဲ့ ဒူဘိုင်းရှိ မြန်မာဘလော့ဂ်ဂါများ ၊ သူငယ်ချင်းအသိများအားလုံးကလဲ အများကြီး ကျေးဇူးတင်ပါတယ်။ ဒူဘိုင်းဘလော့ဂါတွေ ဘယ်လောက် အကူအညီကောင်းသလဲဆိုရင် ပြည်နယ်နှစ်ခုလောက် ဖြတ်ပြီးသွားရတဲ့ အင်တာဗျူးကို အဖော်လိုက်ပေးကြပြီး အိမ်အရောက်ပြန်ပို့ပေးလိုက်တာ နောက်နေ့ နေမကောင်းဖြစ်တဲ့အထိပါပဲ။ ကျေးဇူးပါ ကိုပီတာ နဲ့ သမီးပျိုရေ…
အဘူဒါဘီမြို့တော်မှာ အင်တာဗျူးဖြေဖို့ သွားတော့လဲ ဟိုမှာညအိပ်မှ အဆင်ပြေမှာမို့ နေရေးစားရေး အဆင်ပြေအောင် စီစဉ်ပေးတဲ့ မနှင်းနဲ့ ဂရုစိုက်ပေးခဲ့ကြတဲ့ မဖြူ တို့ သူငယ်ချင်းတစ်စု ၊ တစ်ယောက်တည်း လမ်းခရီးမှာ မပျင်းရအောင် ဖုန်းဆက်ပြီး စကားပြောပေးတဲ့ ညီမငယ် ဇော် ၊ ပြီးတော့ အသိအေးဂျင့်နဲ့ ဆက်တိုက် အကူအညီပေး ၊ လိုအပ်တာပြောပေးတဲ့ ကိုဖြိုး(လင်းကြယ်ဖြူ)၊စိတ်ဓာတ်မကျအောင် အားပေးကြတဲ့ ဒူဘိုင်းရွှေရောင်စဉ်မဂ္ဂဇင်းမှ ကိုမိုးဇော်လွင်နဲ့ ကိုကျော်သာယာမြင့်၊ နောက် အမ ဒေါက်တာစုလှိုင်ဝင်း၊ အလုပ်အသစ်ရှာနေရ အဆင်မပြေဖြစ်နေတာကို သိပြိး အားပေးကြ ၊ အလုပ်ဝိုင်းရှာပေးမယ်ဆိုပြီး ပြောကြတဲ့ အိန်ဂျယ် ၊ ရေတမာ ၊ ကိုဖိုးစိန် ၊ မကြီးကီ ၊ ကိုရဲ ၊ ခွန်ဖ ၊ မကြီးကောင်းကင်ပြာ ၊ ကိုမြစ်ကျိုးအင်း နဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပိုစ့်အသစ်မရှိပေမဲ့ လာလည်ပေးကြတဲ့ မောင်နှမများကို ကျေးဇူးနော်။ စာတွေ ဆက်ရေးနေဦးမှာပါ။
အထူးသဖြင့် ကျွန်မ စိတ်တအားရှုပ်နေတဲ့ ဒီကာလမှာ တစ်ချက်မှ မငြီးပဲ အားပေးခဲ့တဲ့ စိတ်ပူပေးနေရတဲ့ ချစ်သူ ကိုစိုင်းနော်ခမ်းပေါ့။ ကျွန်မစိတ်တွေ ရှုပ်လာရင် ဒေါသတွေထွက်လာရင် ထွက်ပေါက်အနေနဲ့ အော်လိုက်မိရင် သူ့မှာ ဘာမှမဆိုင်ပဲ မဲပြီး အော်ခံထိလိုက်သေးတယ်။ ငိုလိုက် ရယ်လိုက်နဲ့ စိတ်ဆိုးစိတ်တိုမြန်နေတဲ့ ကျွန်မကို မိသားစုနဲ့အတူရှိနေရင် သူစိတ်ချတယ်။ မိသားစုနဲ့ အနား ပြန်နေခိုင်းလိုက်ပြန်ရင် ချစ်သူဖြစ်တဲ့နေ့ကစပြီး ဘယ်လောက်ပဲ စိတ်ကောက်ကောက် ၊ ရန်ဖြစ်ဖြစ် တစ်ရက်မှ မခွဲဖူးသေးဘူးတဲ့ ကျွန်မတို့နှစ်ယောက် ခဏတာ ခွဲနေကြရမယ်။ မနက်မိုးလင်းလို့ အလုပ်သွားဖို့ နိုးတယ်။ နေ့လည်မှာ အားရင် အားသလို အဖော်လုပ်ပေးတယ်။ ရုံးကပြန်ရောက်လာလို့ စိတ်ညစ်စရာတွေကို ဒိုင်ခံနားထောင်ပေးတယ်။ ညအိပ်ခါနီးတိုင်း “ပိယိင်း မျက်ကပ်မှန်ချွတ်ဦးနော် "ဆိုပြီး တညမပျက် အသိပေးပြောတာတွေကို ကျွန်မတို့နှစ်ယောက် နှစ်နှစ်တာလောက် ရကြတော့မှာ မဟုတ်ဘူးလေ။
ကျွန်မတစ်ယောက် ဘယ်လောက်စိတ်ညစ်နေရတယ်ဆိုတာ သူအသိဆုံး ဖြစ်နေတော့ ကျွန်မအမေနဲ့ သူ စကားပြောတိုင်း အမေ့စိတ်ပူတာသိရရင် သူက ပိုဆိုးတယ်။ ပိုပြန်စေချင်တယ်။ ကျွန်မအမေ ဘယ်လောက်စိတ်ပူတယ်ဆိုတာ တတွတ်တွတ် ပြောနေရော။ အခုလက်ရှိအနေအရဆိုရင်ဖြစ်ဖြစ် ၊ ကျွန်မရဲ့ မတ်လ ၁၅ရက်နေ့မှ အလုပ်မရရင် ထပ်မရှာတော့ဘူး။ အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားတာတွေကြောင့် မကြာခင် အိမ်ပြန်တော့မယ်။ တကယ်လို့ အိမ်ပြန်သွားရင် နွေးထွေးတဲ့ အိမ်အရိပ်အောက်မှာ နှစ်ဘက်မိသားစုမောင်နှမတွေနဲ့ ပျော်ရွှင်နေမဲ့အချိန်မှာ သူတစ်ယောက်တည်းဆိုတာ တွေးမိလိုက်တော့လဲ စိတ်မကောင်းဖြစ်ရပြန်တယ်။ ခွဲရမယ်ဆိုတဲ့အတွေးအသိနဲ့တင် နှစ်ယောက်သား ငိုခဲ့ရတဲ့ဒီရက်တွေ၊ ကျွန်မကို စိတ်ပူပြီး စိတ်ပင်ပန်းခဲ့တာတွေ အတွက် မောင့်ကို ကျေးဇူးတင်တယ်။ မောင်ပြန်အလာကို စောင့်နေမယ်။
“အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူသည် ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူး”ဆိုတဲ့ ကျွန်မလက်ကိုင်စာသားအတိုင်း အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ ဖြစ်မလာတာကို တွေးပြီး ၀မ်းမနည်းတော့ဘူး။ ရှေ့ဆက် လုပ်စရာရှိတာကို အကောင်းဆုံးဆက်လုပ်သွားဖို့ အားမွေးရဦးမယ်။