ကျွန်မတစ်ယောက် စာမရေး ပိုစ့်မတင်တာ တစ်လတောင် ရှိသွားပြီ။ ဒီနေ့ကတော့ အမှတ်တရပိုစ့်လေးတင်နေကျ ကျွန်မတို့ရဲ့ အမှတ်တရနေ့စွဲလေးဖြစ်တဲ့အတိုင်း ပိုစ့်တစ်ပုဒ်ကို ရအောင် တင်မယ်ဆိုပြီး စာရေးဖို့ ကြိုးစားချိန်မှာတော့ စိတ်ထဲမှာရှိနေတာက အခုချိန်မှာ စိတ်ရှုပ်နေလို့ နောက်မှ အေးအေးဆေးဆေး ကျေးဇူးတင်စကားပြောမယ်လို့ ရည်ရွယ်ထားတာလေး ရှိနေတော့ ဒီတစ်လ ကျွန်မရဲ့ အမှတ်တရပိုစ့်လေးနဲ့ အားပေးကြတဲ့ သူတိုင်းကို ကျေးဇူးတင်စကား ပြောလိုက်ချင်တယ်။ ချစ်သူတယောက်နားလည်ပေးမှာပါနော့။

ကျွန်မ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီက ဒီလကုန်ရင် ပိတ်တော့မယ်လေ။ ၀န်ထမ်းတွေကိုတော့ Termination လုပ်ပြီးသွားပြီ။ ကျွန်မပဲ ကျန်တော့တယ်။ ဘယ်သူ့မှ မရှိတဲ့ ရုံးကို ဒီလကုန်အထိ သွားရမှာ ဖြစ်ပြီး customers တွေရဲ့ Complantsဆိုတာတွေကို ဖြေရှင်းနေရဆဲပေါ့။ သူဌေးတွေကတော့ အလုပ်အသစ်ရှာဖို့ အခွင့်အရေးပေးတယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၀က်ကတည်းက ကျွန်မတစ်ယောက် အလုပ်တွေရှာပါတော့တယ်။ အခုချိန်မှာ အလုပ်တစ်ခုကို သည်းကြီးမည်းကြီး လိုက်လံရှာဖွေနေကြတဲ့ လူပေါင်းများစွာထဲမှာ ကျွန်မ Second Interview အဆင့်ထိ ပါလိုက် ၊ အင်တာဗျူးတော့ အောင်ပါရဲ့ လစာလဲ ကောင်းပါရဲ့ အလုပ်ရှင်ရဲ့ စိတ်ဓာတ် သိက္ခာမရှိဘူးလို့ ယူဆရလို့ မလုပ်ဖြစ်တာတွေနဲ့ လုံးချာလည်လိုက်နေပါတော့တယ်။

သူများတိုင်းပြည်မှာ အလုပ်လာလုပ်တယ် ဆိုပေမဲ့ မိန်းကလေးဆိုတော့ ကိုယ့်အတွက် အန္တာရယ်ကင်းတဲ့အလုပ်ကို တအားေ၇ွးပါတယ်။ ဂျီးများတယ်ပဲ ပြောပြော ၊ ကျွန်မစကားပြောကြည့်လိုက်ချိန်မှာ စိတ်ထဲက မသိုးမသန့်နဲ့ ထင့်နေရင် ဘယ်တော့မှ အဲဒီအလုပ်ကို မလုပ်ပါဘူး။ မိသားစုက ဒီလကုန်ရင် ကုမ္ပဏီပိတ်မယ်ဆိုတာ သိတာနဲ့ ပြန်လာစေချင်ကြတယ်။ ကျွန်မကလဲ မရဘူး။ ရှာဦးမယ်ဆိုပြီး ကိုယ့်စိတ်ကိုယ်တင်းပြီး ရှာနေရတာ အဆင်မပြေနေပါဘူး။ အဆင်မပြေချင်ရင် ဆက်တိုက်ဆိုသလိုပေါ့ ။ တစ်ခုပြီးတစ်ခု ဆက်တိုက်ကို ဖြစ်နေပါတော့တယ်။

ကျွန်မကို အခုရက်ပိုင်းအတွင်း အများကြီး အကူအညီပေးခဲ့ကြတဲ့ ဒူဘိုင်းရှိ မြန်မာဘလော့ဂ်ဂါများ ၊ သူငယ်ချင်းအသိများအားလုံးကလဲ အများကြီး ကျေးဇူးတင်ပါတယ်။ ဒူဘိုင်းဘလော့ဂါတွေ ဘယ်လောက် အကူအညီကောင်းသလဲဆိုရင် ပြည်နယ်နှစ်ခုလောက် ဖြတ်ပြီးသွားရတဲ့ အင်တာဗျူးကို အဖော်လိုက်ပေးကြပြီး အိမ်အရောက်ပြန်ပို့ပေးလိုက်တာ နောက်နေ့ နေမကောင်းဖြစ်တဲ့အထိပါပဲ။ ကျေးဇူးပါ ကိုပီတာ နဲ့ သမီးပျိုရေ…

အဘူဒါဘီမြို့တော်မှာ အင်တာဗျူးဖြေဖို့ သွားတော့လဲ ဟိုမှာညအိပ်မှ အဆင်ပြေမှာမို့ နေရေးစားရေး အဆင်ပြေအောင် စီစဉ်ပေးတဲ့ မနှင်းနဲ့ ဂရုစိုက်ပေးခဲ့ကြတဲ့ မဖြူ တို့ သူငယ်ချင်းတစ်စု ၊ တစ်ယောက်တည်း လမ်းခရီးမှာ မပျင်းရအောင် ဖုန်းဆက်ပြီး စကားပြောပေးတဲ့ ညီမငယ် ဇော် ၊ ပြီးတော့ အသိအေးဂျင့်နဲ့ ဆက်တိုက် အကူအညီပေး ၊ လိုအပ်တာပြောပေးတဲ့ ကိုဖြိုး(လင်းကြယ်ဖြူ)၊စိတ်ဓာတ်မကျအောင် အားပေးကြတဲ့ ဒူဘိုင်းရွှေရောင်စဉ်မဂ္ဂဇင်းမှ ကိုမိုးဇော်လွင်နဲ့ ကိုကျော်သာယာမြင့်၊ နောက် အမ ဒေါက်တာစုလှိုင်ဝင်း၊ အလုပ်အသစ်ရှာနေရ အဆင်မပြေဖြစ်နေတာကို သိပြိး အားပေးကြ ၊ အလုပ်ဝိုင်းရှာပေးမယ်ဆိုပြီး ပြောကြတဲ့ အိန်ဂျယ် ၊ ရေတမာ ၊ ကိုဖိုးစိန် ၊ မကြီးကီ ၊ ကိုရဲ ၊ ခွန်ဖ ၊ မကြီးကောင်းကင်ပြာ ၊ ကိုမြစ်ကျိုးအင်း နဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပိုစ့်အသစ်မရှိပေမဲ့ လာလည်ပေးကြတဲ့ မောင်နှမများကို ကျေးဇူးနော်။ စာတွေ ဆက်ရေးနေဦးမှာပါ။

အထူးသဖြင့် ကျွန်မ စိတ်တအားရှုပ်နေတဲ့ ဒီကာလမှာ တစ်ချက်မှ မငြီးပဲ အားပေးခဲ့တဲ့ စိတ်ပူပေးနေရတဲ့ ချစ်သူ ကိုစိုင်းနော်ခမ်းပေါ့။ ကျွန်မစိတ်တွေ ရှုပ်လာရင် ဒေါသတွေထွက်လာရင် ထွက်ပေါက်အနေနဲ့ အော်လိုက်မိရင် သူ့မှာ ဘာမှမဆိုင်ပဲ မဲပြီး အော်ခံထိလိုက်သေးတယ်။ ငိုလိုက် ရယ်လိုက်နဲ့ စိတ်ဆိုးစိတ်တိုမြန်နေတဲ့ ကျွန်မကို မိသားစုနဲ့အတူရှိနေရင် သူစိတ်ချတယ်။ မိသားစုနဲ့ အနား ပြန်နေခိုင်းလိုက်ပြန်ရင် ချစ်သူဖြစ်တဲ့နေ့ကစပြီး ဘယ်လောက်ပဲ စိတ်ကောက်ကောက် ၊ ရန်ဖြစ်ဖြစ် တစ်ရက်မှ မခွဲဖူးသေးဘူးတဲ့ ကျွန်မတို့နှစ်ယောက် ခဏတာ ခွဲနေကြရမယ်။ မနက်မိုးလင်းလို့ အလုပ်သွားဖို့ နိုးတယ်။ နေ့လည်မှာ အားရင် အားသလို အဖော်လုပ်ပေးတယ်။ ရုံးကပြန်ရောက်လာလို့ စိတ်ညစ်စရာတွေကို ဒိုင်ခံနားထောင်ပေးတယ်။ ညအိပ်ခါနီးတိုင်း “ပိယိင်း မျက်ကပ်မှန်ချွတ်ဦးနော် "ဆိုပြီး တညမပျက် အသိပေးပြောတာတွေကို ကျွန်မတို့နှစ်ယောက် နှစ်နှစ်တာလောက် ရကြတော့မှာ မဟုတ်ဘူးလေ။

ကျွန်မတစ်ယောက် ဘယ်လောက်စိတ်ညစ်နေရတယ်ဆိုတာ သူအသိဆုံး ဖြစ်နေတော့ ကျွန်မအမေနဲ့ သူ စကားပြောတိုင်း အမေ့စိတ်ပူတာသိရရင် သူက ပိုဆိုးတယ်။ ပိုပြန်စေချင်တယ်။ ကျွန်မအမေ ဘယ်လောက်စိတ်ပူတယ်ဆိုတာ တတွတ်တွတ် ပြောနေရော။ အခုလက်ရှိအနေအရဆိုရင်ဖြစ်ဖြစ် ၊ ကျွန်မရဲ့ မတ်လ ၁၅ရက်နေ့မှ အလုပ်မရရင် ထပ်မရှာတော့ဘူး။ အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားတာတွေကြောင့် မကြာခင် အိမ်ပြန်တော့မယ်။ တကယ်လို့ အိမ်ပြန်သွားရင် နွေးထွေးတဲ့ အိမ်အရိပ်အောက်မှာ နှစ်ဘက်မိသားစုမောင်နှမတွေနဲ့ ပျော်ရွှင်နေမဲ့အချိန်မှာ သူတစ်ယောက်တည်းဆိုတာ တွေးမိလိုက်တော့လဲ စိတ်မကောင်းဖြစ်ရပြန်တယ်။ ခွဲရမယ်ဆိုတဲ့အတွေးအသိနဲ့တင် နှစ်ယောက်သား ငိုခဲ့ရတဲ့ဒီရက်တွေ၊ ကျွန်မကို စိတ်ပူပြီး စိတ်ပင်ပန်းခဲ့တာတွေ အတွက် မောင့်ကို ကျေးဇူးတင်တယ်။ မောင်ပြန်အလာကို စောင့်နေမယ်။

“အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူသည် ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူး”ဆိုတဲ့ ကျွန်မလက်ကိုင်စာသားအတိုင်း အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ ဖြစ်မလာတာကို တွေးပြီး ၀မ်းမနည်းတော့ဘူး။ ရှေ့ဆက် လုပ်စရာရှိတာကို အကောင်းဆုံးဆက်လုပ်သွားဖို့ အားမွေးရဦးမယ်။

14 comments:

နော်ခမ်း said...

ကိုယ်ချစ်တဲ့ မိဘ မောင်နှမတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေပေါ့... ကိုယ်ချစ်ရတဲ့သူစိတ်ချမ်းသာနေရင် ကိုယ်လည်းပျော်ရွှင်နေမှာပါ... အခုချိန်ကစပြီးတော့ စိတ်ဆင်းရဲမှုတွေနဲ့ ကင်းဝေးပါစေနော်...

Angel Shaper said...

ဟုတ်တယ်........ မကြီးငုံ...
ညနေက ဆိုပြတဲ့ လေးဖြူသီချင်းစာသားလေးလိုပဲနော်။
မငိုပါနဲ့။။။ ချစ်တဲ့မိသားစုနဲ့ ပျော်ပျော်ပါးပါးနေရမယ်လေနော့်။
ပျော်ရမှာလေ....
ရှေ့ဆက်လုပ်စရာလေးတွေကို အကောင်းဆုံး အသေသပ်ဆုံးလုပ်ဆောင်သွားနိုင်ဖို့သာ အဓိကပါနော့်။
ဖိုက်တင်းးးးးးးး မကြီးရေ.....
အဆင်ပြေပျော်ရွှင်လို့ အောင်မြင်ပါစေနော်။

လင်းကြယ်ဖြူ said...

အကောင်းဆုံးလုပ်ဆောင်နေတာပဲ
ဘယ်တော့မှ မကျရှုံးပါဘူး.....
ကျွန်တော် Challenge တစ်ခုကိုကြုံလာတိုင်း
အမြဲ လက်ကိုင်ထားတဲ့ စာစုလေးတစ်ခုရှိတယ်...
အရမ်းကြိုက်လို့ ပါ..ဒီလိုလေး...
Life is not about waiting for the storms to pass by but it is all about learning how to dance under the heavy rains.....ပါတဲ့...
အစ်မရေ

ပျော်ပါစေ ....

*.*.*

အင်ကြင်းသန့် said...

ဟယ်...မကြီးငုံရေ...ညီမလေးက အဲဒါတွေ မသိခဲ့ဘူး...မကြီးငုံ ပျောက်နေတာပဲ သိတာ...စိတ်မညစ်ပါနဲ့ မမ...ဘ၀ဆိုတာ ဒီလိုပါပဲ...မမ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးပြီပဲ...ကိုယ်ချစ်တဲ့ မိသားစုနဲ့ အတူတူပြန်နေရမှာပဲဟာကိုနော်...

ရှေ့ဆက်ရမယ့် လမ်းမှာလည်း မကြီးငုံ အဆင်ပြေပါစေ...မကြီးငုံရဲ့ ချစ်သူနဲ့ လည်းအတူတကွအမြန်ဆုံး ပြန်လည်နေထိုင်ရပါစေလို့နော်...

ညီမလေး
အင်ကြင်း

မြစ်ကျိုးအင်း said...

ရှာလို့ အဆင်ပြေရင်လည်း မငုံတို့ အတွက် ကောင်းပြီး အဆင်မပြေခဲ့ရင်လည်း မိသားစုတွေ ပြန်ဆုံနိင်မှာ မို့လို့ ဘယ်အရာပဲ ဖြစ်လာဖြစ်လာ အကောင်းပါပဲ။

တစ်သက်တာနီးဖို့ ခဏတာ ခွဲရတယ်ပဲ မှတ်ပေါ့ တစ်ယောက်ရင်ထဲ တစ်ယောက်ရှိနေရင် နေ့တွေ တိုင်းမှာ နီးနီးလေးပါ။

အဆင်ပြေပျော်ရွှင်ပါစေ

Khyl said...

ငုံရေ တို့လဲ ပတ်လည်လိုက်ပီး ငုံဘာတွေ ဖြစ်နေမှန်း မသိခဲ့ရဘူး.... သူငယ်ချင်းရေ.... သူငယ်ချင်းကို အမြဲပျော်ရွှင်စေချင်တယ်...

khin oo may said...

စိတ်မရှော့ပါနဲ့ဦးလေ. အချိန်ကျန်ပေါသေးတယ်။ ကြိုးစားပါဦး။

khin oo may said...

မတ်လ ၁ရတောင်ရှိသွားပြီ။

နိုင်ငံခြားမှာလုပ်မှ ကြီးပွါားတာမဟုတ်ပါဘူးလေ. တော်ပြီးသားလူကရောက်ရာအ့ရပ်မှာတော်ပါလိမ့်မယ်။ ပတစ်မြားနွံနစ်..ခနပေါ့။

kiki said...

“ဘဝ” ဆိုတာ ဒီလိုပဲပေါ့ ငုံလေး ရေ ..
ပျော်ရာမှာ မနေရ ၊ တော်ရာမှာ နေရ၏ ။

တော်တဲ့ အရပ်မှာ ပျော်အောင် နေလို့ လည်းရပါတယ် ။
ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားခဲ့  ပြီးပြီဆိုတော့ ဘာမှ နောင်တရစရာ မလိုတော့ပါဘူးလေ ။

မိသားစု နဲ့  အတူ ပျော်ပျော်ရွှင်ရွှင် နေဖို့  ကံကြမ္မာ ဖန်လာပေးတယ် လို့ ပဲ ယူဆ လေ ။ ချစ်တဲ့ မောင် နဲ့ လည်း နောင် အတူတွဲရဖို့  ခဏတာလေး ခွဲနေရသေးတယ် လို့  မှတ်ပါလေ။

တို့ တတွေ ပြန်တွေ့ ကြမယ် ...တနေ့ နေ့  တချိန်ချိန် တနေရာရာ မှာ ပေါ့..နော်..

စိတ်၏ဖြေရာ said...

အစစအဆင်ပြေပျော်ရွင်ပြီးချစ်တဲ့သူနဲ့အမြန်ဆုံး
ပြန်လည်ဆုံဆည်းပါစေလိုဆုတောင်းလိုက်ပါတယ်
ညီမရေ။

ရေတမာ said...

မကြီးရေ စိတ်မကောင်းဖြစ်ရပါတယ်။ မကြီးနှစ်ယောက် အမြန်ဆုံးပြန်လည် စုံစည်းနိုင်ပါစေ

Ree Noe Mann said...

ဒီလိုပါပဲ မငုံရေ။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ လုပ်နေရတာပါ။

ချစ်တဲ့ သူ နှစ်ဦး အမြန်ဆုံး ပြန်ဆုံကြပါစေဗျာ

ကိုလူထွေး said...

ဝေးနေတုန်းမှာလည်း တဦးနဲ့တဦး သစ္စာတရားကို စောင့်စည်းလို့ ပြန်ဆုံမယ့်တနေ့ကို ဦးတည်လျှောက်လှမ်းကြမယ်ဆို အဲဒီတနေ့က မလွဲမသွေရောက်လာမှာပါ ညီမရယ်...

ဆက်လုပ်စရာတွေကို အကောင်းဆုံး ဆက်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ ဘဝမှာ အရေးတကြီးလိုတယ်...

ဘယ်လိုဘဝရောက်ရောက် စိတ်ဓာတ်ကို ယိုင်လဲမသွားအောင် ထိန်းထားနိုင်ရင် ဘယ်တော့မှ မကျရှုံးဘူးလေ...

မငုံပြောသလိုပဲ အခပ်မသင့်လို့ ကျရှုံးသွားခဲ့ရင်တောင် ဝမ်းမနည်းဘဲ ရှေ့ကိုသာ ဆက်လျှောက်ဖြစ်အောင် လျှောက်လှမ်းပါ...

ပန်းတိုင်က တနေ့မှာ ရောက်လာပါလိမ့်မယ်...

(ကိုလူထွေး ပွားသွားသည်)

းဝ)

sonata-cantata said...

ပြန်လည် ဆုံစည်းကြမယ်နော်