ကြီးမားတဲ့အားတခုက ထင်မှတ်မထားချိန်လဲမဟုတ် မျှော်လင့်နေတဲ့အချိန်မဟုတ်မှာ ဘဝထဲကို ဝင်ရောက်လာခဲ့တယ်။ ညစဉ် အိပ်မက်ထဲမှာ ဆံပင်အုပ်အုပ် အသားဖြူ ဝင်းဝင်း မျက်လုံးနက်နက်လေးနဲ့ ကလေးလေးတစ်ယောက် လာလာကြည့်နေခဲ့တာ တစ်လနီးပါးရှိနေပြီဆိုတာတော့ သတိထားမိနေတယ်။ ဒါမဲ့ နေမကောင်းဖြစ်နေတော့ သိပ်အမှတ်မထားလိုက်မိဘူးပေါ့။ 
ဆေးခန်းကအပြန် တွေဝေမှု့တွေအပြည့်ပဲ။ ဖြစ်နိုင်ရင် အမြန်ခွဲစိတ်မှု့ ခံယူလိုက်ပါတဲ့။ ကြောက်ရွံ့နေတာလား ဟင်းအင်း တွေဝေနေတာပါ။ ဦးနှောက်ထဲမှာရော နှလုံးသားထဲမှာပါ မျက်လုံးနက်နက်နဲ့ကြည့်နေတဲ့ ကလေးလေး ကို တမ်းတမ်းတတ သတိရလာမိတယ်။ ဒီလိုနဲ့ သေချာအောင် စမ်းသပ်မိတော့.....ဟာ ...ငါ့ကိုယ်လေးထဲမှာ ကလေးသေးသေးလေး ရှိနေတယ်တဲ့။ ဖြစ်ပေါ်လာတဲ့ ခံစားမှု့က လှိုက်ခနဲပဲ .ငိုချင်သလို ရယ်ချင်သလိုနဲ့ပေါ့။
ချက်ချင်းဆိုသလိုပဲ ဘာမှမစဉ်းစားပဲ ငြင်းဆန်ပစ်တယ်။ ငါ ဘာခွဲစိတ်မှု့မှ မလုပ်ဘူး။ နောက်ဆုံးအချိန်ထိ ငါ့အသက်နဲ့လဲပြီး ကာကွယ်ပေးမယ်လို့ ကလေးလေးက ဘာမှမတောင်းဆိုပေမဲ့ ကတိတွေ အထပ်ထပ် ပေးနေလိုက်တော့တယ်။ 
ဆရာဝန်ရဲ့စကားအကုန်နားထောင်ပြီး ငြိမ်ငြိမ်သက်သက်လေး နေခဲ့တယ်။ ထိခိုက်သွားမှာစိုးလွန်းလို့ပေါ့။ ဒီလိုငြိမ်သက်နေရာကနေ, တနေ့မှာ ငါလေ အရူးတယောက်လိုပဲ သွေးစက်သွေးခဲတွေကို မရွံမရှာကိုင်ကြည့်မိရင်း ကလေးလေးလား?  ဒါ မင်းအသက်လေးလား? ထားမသွားပါနဲ့။ ထွက်မသွားပါနဲ့။ ငါ ကာကွယ်ပေးမယ်လေလို့ အကြိမ်ကြိမ်တောင်းပန်ခဲ့တယ်။ စစ်ဆေးမှု့တွေ လုပ်နေတဲ့တစ်လျှောက်လဲ ငါနာကျင်မှာမကြောက်နေဘူး ကလေးလေး ထွက်မသွားဖို့ပဲ တားနေမိတယ်။ 
မရှိနိုင်လောက်တော့ဘူးလို့ အားလုံးက လက်ခံနေ အားပေးနေပေမဲ့ ... ကလေးလေးက ငါ့ကို ယုံကြည်ပြီး အတင်းဖက်တွယ်ထားခဲ့တာ အံ့သြစရာပေါ့။ ဒါဟာ ငါ့ရဲ့ပြင်းပြလွန်းတဲ့တောင်းဆိုမှု့တွေကြောင့်လား? ဒို့နှစ်ယောက်အတွက် ကံတရားလား?
ကျေးဇူးပါ ထွက်မသွားရအောင် ဖက်တွယ်ထားပေးလို့ပေါ့။ ဒီထက်ပိုဂရုစိုက်ပါ့မယ်။ 
တနေ့ထက် တနေ့ ကျန်းကျန်းမာမာနဲ့ လောကထဲရောက်လာမဲ့နေ့ကို မျှော်ရင်း ပျော်ခဲ့ရပြီပေါ့။ ဒါမဲ့ လောကထဲကို ပြီးပြည့်စုံတဲ့ ဘဝလေးနဲ့ ရောက်စေချင်မိတော့ ဆေးဒဏ်တွေ ခံနေရတဲ့အတွက် တစုံတခု ထိခိုက်မှု့ရှိနေမှာကိုတော့ စိုးရိမ်စိတ်လေးတွေ အပြည့်ပါပဲ။ 
ခြောက်လအရွယ်မှာ " သား "ဆိုတာ အားလုံးက သေချာသိခဲ့ပေမဲ့ ကိုယ့်မှာ သား ဆိုတာ စတင်ချိန်တည်းက သေသေချာချာကို ကြိုသိနှင့်နေပြီးသားပါ။ 
အောက်တိုဘာလ ၁၉ရက်နေ့လေးဟာ ပျော်ရွှင်ရင်ခုန်ရတဲ့နေ့လေးတစ်ရက်ပေါ့။ 
ကလေးလေးရေ မင်းလေးကို မြင်ရတော့မဲ့နေ့အထိ နေမကောင်းဖြစ်မိတာ အားနာတယ်။ 
ဆေးထိုးအပ်သေးသေးလေးကိုတောင် ကြောက်တတ်တဲ့သူက ခွဲစိတ်ကုတင်ပေါ်မှာ ရင်ခုန်ပျော်ရွှင်နေမိတယ်။ 
ဟော.... အေးခနဲ.. လျပ်ခနဲ တခုခုလစ်ဟာသွားသလိုခံစားရပြီး စက္ကန့်ပိုင်းတင်မှာ ငိုသံတစာစာနဲ့ အားရပါးရ ငိုသံလေး...
စတင်ချိန်ကနေ မွေးဖွားချိန်ထိ နေမကောင်းဖြစ်နေတဲ့ ကိုယ့်ကြောင့် ဆေးဒဏ်တွေခံခဲ့ရပေမဲ့ ကျေးဇူးတင်စရာကောင်းလောက်အောင် လောကကြီးထဲကို ပြီးပြည့်စုံစွာ အားမာန်အပြည့်နဲ့ ကိုယ့်အတွက် အားတခုဖြစ်ပေးရအောင် အရောက်လာပေးခဲ့တဲ့အတွက် ကျေးဇူးပါ။ အရာရာအားလုံးထက် သိပ်ချစ်ပါတယ်။
( ဒီစာစုလေးက သိပ်ချစ်ရတဲ့ သား စိုင်းအွမ်ဟန်ခေး အတွက် အမှတ်တရပေါ့။)
ကန္တာရမှာ မိုးစက်ပွင့်များနဲ့ အေးချမ်းစေခဲ့ဖူးတဲ့နေ့ရက်များ လွမ်းဆွတ်မိလို့ ပျောက်ဆုံးနေတဲ့ ကန္တာရမိုးလေး ရွာကျစေသတည်း။