ဒီနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ဆိုရင် ကန္တာရမှာ မိုးစက်လေးတွေ ရွာသွန်းနေတာ တစ်နှစ်ပြည့်ပြီ။ ဒီတစ်နှစ်တာအတွင်းမှာ ဘယ်လောက်များ စာဖတ်သူတို့အတွက် မိုးရွာသွန်းပေးနိုင်ခဲ့သလဲ???

အစက ဘလော့ဂ်ဆိုတာ ဘာမှန်းတောင် မသိခဲ့ပါဘူး။ ဂျူးဝတ္တုတွေကို ဖတ်ရတာ ကြိုက်လို့
မမေရဲ့ဆိုဒ်လေးမှာ သွားဒေါင်းပြီး ဖတ်ဖြစ်တယ်။ ဒါပေမဲ့ မသိခဲ့ပါဘူး။ နောက်မနိုင်းနိုင်းစနေရဲ့ ဘလောဂ်အိမ်လေးမှ စာတွေကို အဒေါ်ကနေပြီး Forward လုပ်ပေးတယ်။ အဲဒီမှာ စာဖတ်ရတာ ၀ါသနာပါတဲ့ ကျွန်မတစ်ယောက် စာတွေဖတ်ရင်းကနေ ကိုယ်တိုင် ရေးချင်လာခဲ့တယ်။ ဖြစ်ချင်တော့ ဘယ်လိုရေးရမယ်မှန်း သိတောင် မသိခဲ့ပါဘူး။ မောင်အရင်းလို ဖြစ်နေတဲ့ ကိုရဲမှ သူ့ရဲ့ တစ်မိုးအောက် ကမ္ဘာငယ်ဆိုတဲ့ နိုင်ဆိုဒ်လေးမှာ ရေးဖို့ အကြံပေးတယ်။ ဒါပေမဲ့ ကိုယ်ပိုင်အိမ်လေး ဆောက်ချင်တာနဲ့ သိလဲမသိပဲ ဘယ်သူ့မှ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုယ် ဒီ blogspot မှာ စရေးတော့တယ်။ ပထမဆုံးတပုဒ်ရေးပြီးတာနဲ့ တန်းတင်ပြီး ကိုရဲကို link ပေးလိုက်တော့ မောင်နှမအချင်းချင်းမို့ ညှာညှာတာတာ ပြောရှာပါတယ်။ နင့်အိမ်ကလဲ အိမ်နဲ့မတူဘူး။ အိမ်ဆိုတာ ဘာတွေရှိရတယ်။ ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံရတယ်ဆိုတာ နင်မသိဘူးတဲ့။ မြည်တွန်တောက်တီးသံကို နားဆင်ရင်း ဒီကန္တာရမိုးစက်များ အိမ်ကို လက်သမားအဖြစ်ငှားပြီး တည်ဆောက်ခိုင်းလိုက်ပါတော့တယ်။ မှတ်မှတ်ရရပါပဲ။ ကိုရဲ ၊ အိုက်ခိလောက်တို့ကလဲ သူတို့ရဲ့ အိမ်လေးကို ဒီကန္တာရမိုးစက်လေးနဲ့အတူ တူတူဆောက်ခဲ့ကြတယ်။ အလုပ်အရှုပ်ဆုံးက ကိုရဲဖြစ်ပြီး မအိပ်ခဲ့ရပါဘူး။ သူ့ဆိုဒ်ပြေးလိုက် ၊ အိုက်ခိလောက်ဆိုဒ်ပြေးလိုက် ၊ ကန္တာရမှာ မိုးရွာလိုက်နဲ့ တယောက်တည်း ပျားတစ်ကောင်လို အလုပ်ရှုပ်နေချိန် ကျန်ကျေးဇူးရှင်နှစ်ယောက်ကတော့ အိပ်ကောင်းခြင်းနဲ့ အိပ်နေပါတော့တယ်။

ကဲ အိမ်လေးတော့ ပြီးသွားပြီ။ ကိုယ်ရေးချင်တာပဲ ရေးနေတယ်။ ကိုယ့်အိမ်ကို ဘယ်သူ့မှလဲ မလာဘူး။ အော်နေလွန်းလို့သာ နားငြီးမခံနိုင်လို့ လာပေးကြတဲ့
ကိုရဲ ၊ အိုက်ခိလောက် ၊ ကိုကြီးနေလင်း ၊ မျိုး ၊ လင်းလင်း ၊ စိမ်းလဲ့ ၊ ရဲတိုက် ၊ အောင်ဦး နဲ့ ကျွန်မအဒေါ်နဲ့မောင်ဝမ်းကွဲ ဘလက် တို့ကို အများကြီး ကျေးဇူးတင်ပါတယ်။ စရေးစမှာတော့ ဘယ်သူ့မှ မသိတဲ့ ရေးချင်တာ လျှောက်ရေးနေ စာလုံးပေါင်းမမှန် ၊ ပုဒ်ထီး ပုဒ်မ ဘယ်လိုချရမယ် မသိ ၊ စာပိုဒ် ဘယ်လိုခွဲရမယ် မသိပဲ ရေးနေတာကို နေ့တိုင်းနီးပါး လာအားပေးရင်း ၊ ပြုပြင်ပေးကြတယ်။ တစ်ဥိးတည်း ဒိုင်ခံ စီဘောက်မှာ အော်သူဆိုလို့ အိုက်ခိလောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီလိုဆိုတော့ ၀မ်းနည်းလာတယ်။ ဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်မိတယ်။

သူများအိမ်တွေ စာသွားဖတ်ရင်း ကိုယ့်ဘလော့ဂ်လင့်လေး ချန်ထားခဲ့ ၊ ပြောပြခဲ့တာတွေ မရှိခဲ့တော့ ကိုယ်ဂျီတိုက်လွန်းလို့သာ ၊ ကိုယ့်ကို ခင်လွန်းလို့သာ ရောက်လာကြပေးကြတဲ့ သူငယ်ချင်းအပြင် တခြား စာဖတ်သူ အားပေးသူကို မျှော်နေမိတာပေါ့။ ဒီလိုနဲ့ ပိုစ့်ပေါင်း ကိုးပုဒ်ရေးးအပြီးမှာတော့ ကျွန်မရဲ့ အချစ်တော် လက်တော့လေး ကလိလွန်ပြီး ပျက်နေတဲ့အချိန်လေးမှာပေါ့…

ကိုယ့်ရဲ့ဘလော့ဂ်အိမ်လေးကို တစ်နေ့တစ်နေ့ ၀င်ကြည့်ရတာ အမောဖြစ်နေတဲ့ ကျွန်မတစ်ယောက် အပြင်က နက်ကဖေးလေးကနေ ဖွင့်လိုက်တော့ welcome ဆိုပြီး စီဘောက်မှာ တစ်စုံတစ်ယောက်က လာအားပေးထားတာကို တွေ့ရပါတော့တယ်။ ဘယ်လိုဝမ်းသာသွားမှန်းမသိဘူး။ ဒါပေမဲ့ နက်ကဖေးကမို့ မြန်မာစာဖောင့်ကို မမြင်ရတော့ ကျွန်မတစ်ယောက် မျောက်မီးခဲကိုင်မိနေပါတော့။ ကြည့်ချင်လိုက်တာ ပြောမနေနဲ့။ နောက်နှစ်ရက်လောက်နေမှ လက်တော့လဲ ပြန်ရရော အဲဒီ ပထမဆုံး ကျွန်မရဲ့ အားပေးသူကို အပြေးကျေးဇူးတင်စကားဆိုရပါတယ်။ ကျွန်မက ဦးချစ်ဖေလို့ ခေါ်တဲ့
ကိုဝင်းဇော် ( welcome) ကို အများကြီး ကျေးဇူးတင်ပါတယ်။ ဒီကန္တာရလေးရဲ့ ပထမဆုံးသော မိုးစက်ပွင့်ပါ။ အများကြီးကျေးဇူးတင်ပါတယ်ရှင့်။

အဲဒီနောက်ပိုင်း ကျွန်မ ပိုအားရှိလာခဲ့ရတယ်။ ကျွန်မကို ၀ိုင်းဝန်းပြီး ပြောပေးကြ ၊ ပြင်ပေးကြတဲ့ မောင်နှမများကို ရ၇ှိလာပါတော့တယ်။ ရှမ်းပြည်နယ်သားတွေ စုပေါင်းပြီး ရှမ်းပြည်နယ်နဲ့ ပက်သက်တဲ့ ဒေသဆိုင်ရာ ရိုးရာတွေ ၊ ကဗျာတွေ နောက် လူမှု့ရေး ကိစ္စ တွေပါလုပ်နိုင်အောင် ဆိုဒ်လေးတစ်ခုလုပ်ကြမယ်ဆိုပြီး တိုင်ပင်ကြတော့ ကျွန်မကို အချွန်နဲ့အမြဲမဖို့ ချောင်းနေတဲ့ အိုက်ခိလောက်မှ မငုံကိုပါ ထဲ့ရေးခိုင်းရင် မကောင်းဘူးလားတဲ့။ ဒီလိုနဲ
တောင်ပေါ်သား ၊ ကိုကြယ်စင်မင်း ၊ စနေသား ၊ ကိုအနေမင်း ၊ မကြီးကတို့ကိုပါ သိကျွမ်းခဲ့ရပြီး သူတို့တွေရဲ့ အားပေးမှု့ကိုလဲ ရရှိခဲ့တယ်။ ကျေးဇူးတင်ပါတယ် မော(၀ိ)မောင်နှမများတို့ရယ်.

ဒီလိုနဲ့စာတွေကို ချီတက်ရေးသားရင်း
ကိုဖိုးစိနက ကိုရဲ ၊ အိုက်ခိလောက်တို့နဲ့ပေါင်းပြီး လာလာအားပေး ၊ ပျော်ပေးလို့ အခုဆိုရင် မောင်နှမတွေလို ခင်မင်နေရပါတယ်။ ကျွန်မအိမ်က ကြက်ပေါက်လေးကို အမြဲလာတောင်းရင်း ခင်မင်သွားတဲ့ ရေတမာ ၊ အဲနောက်မှာတော့ ကျွန်မအိမ်လေးကို အမြဲလာအားပေးတဲကိုသုနြေပါပဲ။ အစက သုနြေ္ဒဆိုတော့ မိန်းကလေးမှတ်ပြီး ညီမလေးတွေ ဘာတွေ လုပ်လိုက်သေးတယ်။ အားနာဖို့ ကောင်းတယ်။ ကိုသုနြေ္ဒလိုပဲ မိန်းကလေးမှတ်ပြီး အခေါ်မှားလိုက်သူကတောသက်တန့်ချိုပါ။ တောင်းပန်ရင်း ကျေးဇူးတင်စကားဆိုပါတယ်။

ကိုနေးတစ် ၊ ဦးရှင်ကြီး ၊ ဂျပန်ကောင်လေး ၊ အဆိပ်ခွက် ၊ ကိုနွယ်ရိုး ( မော(၀်)ရှမ်းမြေမှာလဲ အမြဲ နယ်သားတွေကို လာအားပေးတယ်လေ ) ၊ ချီခန့် (ငပျင်းလေး) စတဲ့ နယ်သားတွေနဲ့ရဲ့ အားပေးမှု့ကိုလဲ ရရှိခဲ့တယ်။ ကျေးဇူးတင်ပါတယ်။

ကိုဘိုဘို( မိုးကုတ်သား) ၊ ကိုမင်းအိမ်ဖြူ ၊ ကိုမိုးသောက် ၊ ကိုနေညိုရင့် ၊ ကိုနေဒေးသစ် ။လဂွန်းအိမ် ၊ ခမ်းကီး ၊ ကိုပြည်စုံ၊ ကိုမြစ်ကျိုးအင်း ၊ ငချမ်းတောင် ၊ ကိုမိုးစက် (စိမ့်စမ်းရေ) ၊ TnT ၊ ကိုယုယ ၊ တလနွန် ၊ ရွှေပြည်ဦး ၊ ရီနိုမာန် ၊ ကိုသီဟသစ် ၊ ကလောသား ၊ ဧရာဝတီသား ၊ ဂျေဂျူပိုင် ၊ မနောသား တို့ရဲ့ လာရောက် အားပေးမှု့ ခင်မင်မှု့တို့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

ကဗျာတွေ ရေးကြတဲကိုဗညားရှိန် ၊ အရုပ်လေး ၊ နွေဆူးလင်္ကာ ၊ မိုးစက်အိမ် ၊ ၊ ကိုဇောင်း ၊ နေမင်းသံစဉ် တို့ရဲ့ အမြဲလာရောက်အားပေးမှု့တွေကို ကျေးဇူးတင်လျက်ပါ။

ထူးထူးခြားခြားကတော့ သူငယ်ချင်းတစ်ယောက်နဲ့ နက်ကဖေးမှာ ဘလော့ဂ်လည်ရင်း ရောက်ရှိသွားတာကတော
ဦးလူထွေးရဲ့အိမ်ပါပဲ။ ဦးလူထွေးက သတိပေးစကားဆိုထားပါတယ်။ သူ့ပိုစ့်ကို စာသင်ခန်း ၊ အလုပ်တွေမှာ ဖတ်ရင် အကျယ်ကြီး မရယ်မိဖို့ပါ။ ဒါပေမဲ့ ကျွန်မနဲ့ သူငယ်ချင်းကတော့ ဆိုင်ရှင်ရဲ့ မျက်မှောင်ကြုတ်အကြည့်နဲ့ ဘာတွေ သဘောကျြ့ပီး ရယ်နေမှန်းမသိလို့ လိုက်ကြည့်နေကြတဲ့ ကုလားတွေကြား အကျယ်ကြီး ရယ်ခဲ့မိတယ် ဦးလူထွေးရေ။

ညီအမတွေဖြစ်တဲ့
မကြီးရောင်ပြန် ၊ မကြီးကောင်းကင်ပြာ ၊ မခင်ဦးမေ ၊ ကြယ်ပြာ ၊ မက်မက် ၊ မိုးခါး ၊ ခြင် ၊ မနမ်း ၊ မေလေး ၊ စိတ်၏ဖြေရာ ၊ မသီတာ ၊ Waing ၊ ဇူးဇူး ၊ မေဇင် ၊ မြူးသျှရီ ၊ အမရာတို့ရဲ့ အားပေးမှု့ ၊ ခင်မင်ခွင့်ရခဲ့တာတွေကို တအား ကျေးဇူးလဲတင်တယ်။ ပျော်လဲပျော်တယ်။

ကျောပိုးအိတ် ၊ နွေမိုးတိမ် ၊ lonely၊ စိုင်းစိုင်း ၊ ဏီကင်(န်)း ၊ သဒ္ဒါလှိုင်း ၊ ဒဏ္ဌာရီလေး ၊ သားပျိုတို့ရဲ့ လာရောက်အားပေးမှု့ကိုလဲ ကျေးဇူးတင်စကားဆိုချင်တယ်။

နောက် ကျွန်မရဲ့ ဒဒွေးဘော်ဒါတွေပါ။ တစ်ခါတစ်ခါစုမိရင် တော်တော်နဲ့ အချိန်မှန်အောင် ရောက်မလာကြ ၊ လူစုပြန်ခွဲဖို့ ကြာတတ် ၊ စားသောက်တဲ့နေရာမှာ ဗိုလ်မထားကြ (ရှင်းရတဲ့သူအလှည့်ကျတိုင်း
မျက်လုံးပြူးပါတယ် )တဲ့ ဇော် ၊ မနှင်း ၊ သမီးပျို ၊ အိန်ဂျယ်၊ ကိုချမ်း နဲ့ ဇနီး မဖြူ ကိုပီတာ ၊ ကိုဗျက်ဇနဲ့ ဇနီး မမေသူ ၊ မောင်ဝေယံ ၊ ကိုဖြိုး (လင်းကြယ်ဖြူ) ၊ ကိုဟန် နောက် ရွှေရောင်စဉ်မဂ္ဂဇင်းမှာ ရေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဒူဘိုင်းမြန်မာအဖွဲမှ အယ်ဒီတာကြီးတွေဖြစ်တဲ့ ကိုမိုးဇော်လွင် ၊ ကိုကျော်သာယာမြင့် တို့ကို အများကြီး ကျေးဇူးတင်တယ်။ တော်တော်လေးလဲ ပျော်ရတယ်။

အခုချိန်ထိ ကျွန်မ ဒီပိုစ့်အပါအ၀င် ၁၁ရ ပုဒ်ရေးပြီးသွားပြီ။ ဒါပေမဲ့ ကျွန်မ စဉ်းစားမိတယ်။ တကယ်တမ်းဆို ကျွန်မစာမရေးတတ်သေးပါဘူး။ ကျွန်မကို ခင်မင်လို့ တဂ်တာမှန်သမျှကိုလဲ ရေးတတ်ပါတယ်။ ဒါကြောင့် ကျွန်မအသိတယောက်တောင် ပြောသွားပါတယ်။ ကျွန်မရဲ့ဘလော့ဂ်အိမ်လေးက တဂ်ပိုစ့်ရေးတဲ့ ဘလော့ဂ်အိမ်လားတဲ့။ အဲဒါလေးကို ဖတ်ရတော့ ကျွန်မစိတ်ညစ်ပြီး (အမှန်ဆို ဘာမှလဲ မဟုတ်ပဲ) ဘလော့ဂ်လေးကို တပတ်လောက် ပိတ်လိုက်သေးတယ်။ ဒါပေမဲ့ ကျွန်မ စာဖတ်ရ ၊ စာရေးရတာကို ပျော်တဲ့ ကြိုက်တဲ့သူတစ်ယောက်ပါ ၊ ဒါကြောင့် ကျွန်မ ပြန်ဖွင့်ခဲ့တယ်။
မကြီးကီနဲ့ ကိုစိုင်းနော်ခမ်းတို့ကလဲ ဒါလေးအပြောခံရတာနဲ့တင် ဘလော့ဂ်ပိတ်မပိတ်ပစ်ဖို့ အားပေးပါတယ်။ တခြား ခင်မင်ရာတွေကလဲ မေလ်းနဲ့ပို့ပြီး ဘလော့ဂ်ပြန်ဖွင့်ဖို့ ပြောခဲ့ကြတယ်။ အဲအတွက်လဲ အားတက်ရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ပြီးတော့ ဘလော့ဂ်လည်တဲ့ အချိန်ကို သပ်သပ်ပေးပြီးကို လည်ပါတယ်။ တစ်ခါတစ်လေ မအားလဲ ခိုးလည်နေတတ်ပါပြီ။ အဲလို သွားရောက်ဖတ်ရာမှာ ခြေရာလေး ချန်ခဲ့တာရှိသလို ၊ တခါတလေ ခြေရာလေးမထားခဲ့မိပါဘူး။ အဲလို ကောမန့်ပေးးခဲ့ရာမှာ ဖြစ်ဖြစ် ၊ စီဘောက်မှာ နှုတ်ဆက်ခဲ့ရာမှာ ဖြစ်ဖြစ် တစုံတခု အမှားအယွင်းများ ရှိခဲ့ရင် တောင်းပန်တယ်နော်။ အခုချိန်ထိ လာရောက်အားပေးကြတဲ့ သူငယ်ချင်း ၊ ကျွန်မ မောင်နှမတွေ နဲ့အတူ ဘလော့ဂ်မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်။ ဒီနာမည်စာရင်းထဲမှာ မေ့ကျန်ခဲ့သူရှိရင်လဲ ခွင့်လွှတ်နော်။ တခြား ခြေရာလေး မချန်ခဲ့ ၊ စာလာဖတ်ကြတဲ့ စာဖတ်သူတွေကိုလဲ "မငုံ " အဖြစ် အသိအမှတ်ပြုပေးကြလို့ အများကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။

လာမဲ့နှစ်တွေမှာ ကြိုးစားပြီးရေးပါဦးမယ်။ ကန္တာရမိုး ဆက်လက်ရွာသွန်းချင်ပါသေးတယ်။
ငယ်ငယ်တုန်းက လက်သံပြောင်အောင် ကစားခဲ့သော ကိုအိမ်မှ ရေးပေးဆိုလို့ ရေးရတာ။ ရှက်တော့ ရှက်သား။ ငယ်တုန်းကတော့ ဒီလိုပဲ ကစားချိန်ကစား ၊ စာကျက်ချိန် စာကျက်နဲ့ ကြီးပြင်းလာတာ။ ပုံမှန်ကလေးတယောက်လိုပါပဲ။ တော်တော်လေး မောင်နှမတတွေ ပျော်ရွှင်စွာ ကစားခဲ့ကြ ၊ စိတ်ကောက်ခဲ့ကြတာတွေကို အမှတ်ရမိပါတယ်။

အဲဒီလို အမှတ်ရနေတဲ့ အဖြစ်အပျက်လေးထဲမှာမှ အမှတ်တရအဖြစ်ဆုံး ဖြစ်နေတာကတော့ ငယ်တုန်းကလို ပြောရအောင် ဂျီတီအိုင် ပထမနှစ် ကျောင်းသူဘ၀ ရောက်နေပြီ။ :)) ဖြစ်ပုံက သီတင်းကျွတ်လပြည့်ညလေးမှာပေါ့။ အိမ်မှာ မောင်နှမလေးယောက်ပဲရှိနေတယ်။ အဖေနဲ့အမေက အဘွားတို့အိမ်မှာ။ အမကြီးဆုံးနဲ့ မောင်လေးက ဧည့်ခံမှာ၊ ကျွန်မနဲ့ အမလတ်က ဘုရားခန်းမှာ။ ဧည့်ခန်းနဲ့ ဘုရားခန်းက တဆက်တည်း မျက်နှာချင်းဆိုင်ပေါ့။ အမလတ်က ဘုရားရှိခိုးနေတယ်။ ကျွန်မက ဘုရားမီးကို လျပ်စစ်မီးတွေနဲ့ ထိန်ထိန်ညီးနေအောင် ထွန်းထားကို အားမရလို့ ဖယောင်းတိုင် တစ်ထုတ်လုံးနဲ့ ထွန်းပါတော့တယ်။ ဘုရားစင်ရဲ့ အနေအထားက ပုလ္လင်နှစ်ဆင့်နဲ့ပါ။ ကျွန်မက ဖယောင်းတိုင်များကို စီတန်းပြီး ထောင်ပြီးသွားတော့ အောက်တဆင့်ကနေ အပေါ်ဆင့်ဆီသို မီးညှိသွားတော့တယ်လေ။ အမှန်က ကလေးသွားမေးတာတောင် သိပါတယ်။ မီးညှိရင် အပေါ်ကနေ အောက်တဆင့်ကို ညှိလာသင့်တယ် ဆိုတာကိုပေါ့။

အဲချိန်မှာ အမလတ်က ဘုရားရှိခိုးရင်း ညှော်နံ့ရလို့ ဘုရာရှိခိုးလျက်က မျက်လုံးဖွင့်ကြည့်တော့ ကျွန်မရဲ့ အင်္ကျီစ မီးစွဲနေတယ်လေ။ ပင်လောင်းမြို့ည အအေးကနက်တော့ အပေါ်က အနွေးထည် သိုးမွေးနဲ့ အနွေးထည်အောက်မှာ နိုင်လွန်သားပါတဲ့ တီရှပ်ဝတ်ထားတော့ လောင်စာဖြစ်နေတာပေါ့။

ကိုယ့်ဘာသာကိုယ် မီးလောင်လို လောင်မှန်းမသိနေတဲ့ကျွန် ရုတ်ရက်လန့်ဖြတ်သွားပြီး ဘာလုပ်ရမယ် မသိဖြစ်နေတော့တော့တယ်။ ကျွန်မလဲ လန့်သွားပြီး အကျီအောက်နားလေးမှာ စွဲနေတဲ့ မီးကို လက်နဲ့ ပုတ်ချလိုက်တာ နိုင်လွန်သားပါတော့ မီးတချို့က ကျမသွားပဲ လက်မှာစွဲပါလေရော။ အမလတ်လဲ ကြောင်ပြီးကြည့်နေချိန် အမကြီးနဲ့ မောင်လေး ပြေးလာပြီး မောင်လေးက ဘုရားစင်ရှိ သောက်တော်ရေပုံးမှ ရေနဲ့ လောင်းချလိုက်ပါတော့တယ်။ ပြီးတော့ ဘာပြောကောင်းမလဲ။ မောင်နှမလေးယောက်သား ထိုင်ငိုရလိုက်ကြတာ။

အဲဒီမီးလောင်တာ ကံကောင်းလို့ တကိုယ်လုံး မီးမစွဲပဲ လက်မှာစွဲတာကလဲ အပေါ်ယံလေးပဲ ဖြစ်သွားလို့ပေါ့ အဲဒီမီးစွဲသွားတဲ့ လက်မှာလဲ အပေါ်ယံလောက်ပဲ စွဲပြီး လက်သန်းအောက်က အိမ်ထောင်ရေးလမ်းကြောင်း စတဲ့ထောင့်လေးမှာတော့ အတော်နက်သွားတယ်လေ။ အခုချိန်ထိ ဒဏ်ရာလေးရှိနေဆဲပေါ့။ လက္ခဏာကြည့်တိုင်း ရှင်းပြရတာ ဒါလဲ အလုပ်တခုမို့ အမှတ်ရနေတယ်လေ။ တွေးမိပါတယ်။ အမလတ်သာ ညှော်နံ့မရရင် ဘယ်လောက်များ ကိုယ့်ဘာသာကိုယ် မီးစွဲနေမှန်းမသိ ဖြစ်နေမှာများနော်.ကြက်သီးတောင်ထတယ်။

နောက်တခု ကတော့ ၂၀၀၇ခုနှစ် ဖြစ်ခဲ့တာပေါ့။ မောင်နှမတွေနဲ့ ဘောလုံးပစ်တိုင်း ကစားကြတာ ခြေချော်ပြီး ပန်းခုံပေါ်က ပြုတ်ကျတာ ဘယ်သူ့မှ မြင်လိုက်ဘူး။ ၀မ်းလျားမှောက်လေး ကျနေတာများ နာလွန်းလို့ ပြန်တောင်မလှည့်နိုင်ဘူး။ နောက်မှ မောင်ငယ်ဖိုးခွား မြင်လို့ ပြေးလာပြီး ထူတာတောင် မထနိုင်လို့ တခြားမောင်နှမတွေ ပြေးလာရတာ ကြည့်လိုက်တော့ ဒူးနှစ်ဘက်လုံး စုတ်ပြတ်ထွက်သွားတာများ သွေးတွေ ချင်းချင်းနီနေတော့တာပဲ။ ဒဏ်ရာ အနာရင်းချိန်မှာတော့ နာလိုက်တာ ပြောမနနဲ့တော့။ ဒူးခေါင်းလိုနေရာမှာဆိုတော့ ကွေးမရ ပြုမရနဲ့ ပိုဆိုးတာပေါ့။ ဒီလိုနဲ့ နည်းနည်းလေ သက်သာရုံရှိသေးတယ်။ အဲချိန်မှာ RC2မှာ ကျောင်းတက်နေတော့ အပြန်မှာ လိုင်းကားပေါ်စီးတော့ ဘယ်လိုများ ကားပေါ်တက်လိုက်တယ် မသိဘူး။ ခလုတ်တိုက်ပြီး နောက်တဆင့်နဲ့ တိုက်မိသွားတာ နာလွန်းလို့ ကားပေါ်မရောက်ပဲ အပေါက်ဝမှာ မျက်ရည်တောက်တောက် ကျတာများ ရှက်လဲမရှက်နိုင်တော့ပါဘူး။ :)) ဒါပေမဲ့လဲ အခုချိန်ထိလဲ ကစားမယ်ဆိုရင် မကြီးမငယ်နဲ့ ရှေ့က ပါချင်နေသေးတယ်။ :))
နှလုံးသားခိုကိုးရာ ဒီရင်ခွင်ထဲ
အိပ်မက်တို့ ဖန်ဆင်းရာ ဒီရင်ခွင်ထဲ
ကြောက်ရွံ့ တုန်လှုပ်မှု့တွေဝေးရာ ဒီရင်ခွင်ထဲ
ကန္တာရ ရေကြည်စက်တပေါက် ကျဆင်းရာ ဒီရင်ခွင်ထဲ
ထာဝရအိပ်စက် ပြုံးရယ်ချင်တာ ဒီရင်ခွင်ထဲ
ဒီရင်ခွင်ထဲ ဒီတစ်ယောက်တည်းသာ
ငြိမ်းချမ်းစွာ နားခိုခွင့် ရစေသောဝ်.....




ချစ်သူရေ..
ကြည်လင်နေတဲ့ မင့်မျက်ဝန်းနက်အိမ်ရဲ့အရိပ်ကြား
ငါ့ကိုမြတ်နိုးတဲ့ အကြင်နာရိပ်တွေ လွှမ်းနေတယ်။


ချစ်သူရေ...
ပိရိတင်းနေတဲ့ မငိ့နှုတ်ခမ်းပါးလွှာကြား
ငါ့ကိုလွမ်းတဲ့ အလွမ်းတွေ ဖွဲ့သီနေတယ်။


ချစ်သူရေ...
တထိတ်ထိတ်နဲ့ ခုန်နေတဲ့ မင့်ရင်ခုန်စည်းချက်ကြား
ငါ့ကိုချစ်တဲ့အချစ်တွေ ယိမ်းနွဲ့နေတယ်။


ဒီကပွဲလေးမှာ ငါကတော့ တိမ်လွှာစီးပြီး လွင့်မျောနေတယ်။

17ရက်နေ့စွဲရောက်တိုင်း ကပွဲလေး ရောင်စဉ်ဖြာလို့
ကြယ်ရောင်တွေအောက်မှာ ပိုအသက်ဝင်နေတယ်။
အခုချိန်ဆို တောင်ပတ်လည်ဝိုင်းနေတဲ့ မြို့ငယ်လေး မိုးလင်းတာနဲ့ မြူတွေ ဘယ်လောက်တောင်ဆိုင်းနေမလဲ။ မြုတွေအုံဆိုင်းကျတာများ ဘယ်နေရာကြည့်ကြည့် မရှင်းလင်းနေဘူး။ အအေးဓာတ်ကလဲ ပိုကဲလိုက်တာ စိမ့်နေမှာပဲ။

ကျောင်းသားအရွယ် လုငယ်လေးတွေ အနွေးထည်ထူထူ ၊ ခြေအိတ် ၊ ခေါင်းဆောင်းတို့နဲ့ အေးခဲလှတဲ့ ဆောင်းမနက်ခင်း စောစောမှာ ကျူ၇ှင်ဆိုတာကို ပြေးရပေမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လမ်းလျှောက်ရတော့ သူတို့မှာလဲ အေးတယ်မထင်။ ညကကျန်တဲ့ ရေခွက်ရေစည်တွေထဲက ရေတွေလဲ ခဲလို့။ ရေနွေးနဲ့ မျက်နှာမသစ်ရရင် မဖြစ်ချေဘူးလေ။

နေရောင်ကျရောက်လာချိန် မြုဆိုင်းနေဆဲ တောင်တန်းကိုလှမ်းကြည့်လိုက်တော့ ပန်းရောင်ကြွယ်နေတဲ့ ချယ်ရီတွေက ခိုက်ခိုက်တုန်နေတယ်လေ။တောင်ယာတောမှာ မီးခိုငွေ့တွေဝေနေတော့ တောင်ယာသားတို့ရဲ့ မနက်စောစော အေးအေးချမ်းချမ်းမှာ လုပ်ကိုင်နေပုံကလဲ တမျိုး မြင်ကွင်းရယ်ပေါ့။

တောင်ပတ်လည် ၀န်းနေတဲ့ဒီမြို့လေးရဲ့ နေထွက်ချိန်က နောက်ကျလိုက်တာ။ နေရောင်ပြပြ အလင်းရောက်ချိန်မှာတောင် အေးနေဆဲမို့ မီးဖိုနံဘေး ၀ိုင်းထိုင်နေဆဲပဲ။ မြေနီနီလမ်းမထက်မှာတော့ မနက်ခင်းမှာ လူနည်းပါးစွာနဲ့ မီးဖိုနံဘေးမှာပဲ ၀ိုင်းထိုင်နေဆဲပေါ့။နေ့လည် ဆယ့်တစ်နာရီအချိန်လောက်မှ နေရောင်ကောင်းကောင်း ကျရောက်လာချိန်မှာလဲ အနွေးထည်များ ချွတ်မထားရဲပဲ နေပူစာလှုံတယ်လေ။ညနေ နေ၀င်ချိန်ကဆောင်းတွင်းဆိုတော့ မှောင်ရိပ်စောသလို အအေးဓာတကလဲ ပိုပိုနက်လာတယ်။ မြို့ငယ်လေးမှာတော့ စောစီးစွာပဲ လူခြေတိတ်လို့ ကိုယ့်အိမ်ကိုယ်ယာမှာပဲ မီးဖို နံဘေးဝိုင်းထိုင်နေဆဲပေါ့။ အခါးရည်ပူပူကို ခေါက်ပုတ်ကြော်လေးနဲ့ ပူပူနွေးနွေး အစားစာကိုသာ ၀ိုင်းဖွဲ့စားသောက်ရင်း မိသားစု စကားဝိုင်းလေး ဖွဲ့နေကြတယ်လေ။

လွမ်းလိုက်တာ မြို့ငယ်လေးရယ်။။။။







( အဖြူရောင်သံစဉ် ရေဒီယိုကနေပြီး မွေးနေ့သီချင်း တောင်းပြီး လက်ဆောင်ပေးတဲ့ မောင်ငယ်အဆိပ်ခွက်အတွက် စပယ်ရှယ် ငရုတ်သီးများများနဲ့ :)) )


မွေးနေ့ အထိမ်းအမှတ်လေးအဖြစ် မောင်နှမသူငယ်ချင်းတွေကို ကျွန်မ တစ်ခုခု ကိုယ်တိုင်လုပ်ကျွေးချင်တာနဲ့ ကျွန်မအကြိုက်ဆုံး အစားအစာကို ကိုယ်တိုင် လုပ်ကျွေးခဲ့တယ်။ ဒီအာလူးထမင်းနယ်ကို ကျွန်မအဖေ ခဏခဏ လုပ်ကျွေးပါတယ်။ ရှမ်းထမင်းနယ် ပါပဲ။ ဒါပေမဲ့ ကျွန်မက အာလူးထဲ့နယ်လိုက်လို့ပါ။ ရှမ်းထမင်း အစစ်ကျတော့ ထမင်းနဲ့ ခရမ်းချဉ်သီးအနှစ်သာ ထဲ့နယ်တာပါ။ အင်းသားများ လုပ်နည်းကတော့ ငါးကိုဆီသတ်ပြီး အပေါ်မှာ ဖြူးလိုက်ပါသေးတယ်။

လုပ်နည်းလေးက လွယ်လွယ်လေး...
ထမင်းခပ်ပျော့ပျော့လေးချက်ထားတယ် ( နယ်ရတာ လွယ်အောင်လို့ပါ)။ ပြီးတော့ အာလူးပြုတ် ၊ ခရမ်းချဉ်သီးကို အရောင်တင်မှုန့် ၊ ဆနွင်းတို့နဲ့ ဆီနည်းနည်းလေးပဲ ထဲ့ပြီး ရေနဲ့ပဲ ပြုတ်ပြီး အနှစ်ချက်လိုက်တယ်လေ။

အဲဒါတွေ အားလုံး အဆင်သင့်ဖြစ်တာနဲ့ အားလုံးကို ဆား ၊ ဟင်းချိုမှုန့် ၊ ကြက်သွန်ဖြု ဆီချက်တို့နဲ့ ရောသမနယ်လိုက်ပါတော့တယ်။ ခပ်နာနာလေး နယ်လိုက်ပါတော့တယ်။ လက်တော့ အတော်ညောင်းတယ်။ :)

26.11.2009 ည open beach မှာ လုပ်တဲ့ ပွဲလေးကို အမ်စီယူုပြီး လာပါဆိုတာ မလာနိုင်ခဲ့ကြတဲ့ (ဖုန်းနဲ့ပဲ သူများပျော်တာ ပျော်နိုင်တဲ့ )ကိုဖြိုး ( လင်းကြယ်ဖြူ) ၊ မောင်ဝေယံ ၊ ကိုပီတာ ၊ အဝေးရောက် သမီးပျို နဲ့ အိန်ဂျယ် တို့နဲ့ မွေးနေ့ အကျွေးအမွေးအဖြစ် ဘလော့ဂ်ဂါ မောင်နှမတွေကိုဧည့်ခံလိုက်တယ်နော်။ မနှင်း(နှင်းနဲ့မာယာ)ရဲ့ တို့ဟူးကြော်းလေးအတွက် ကျေးဇူးပါ။ မွေးနေ့ဆုတောင်းများအတွက် မောင်နှမများအားလုံး ကျေးဇူးတင်ပါတယ်။


( မောင်နှမများရဲ့ မွေးနေ့လက်ဆောင်လေးတွေပေါ့ )




Myy,Suung Pi Mai Tai - 2104 !!!

နိုဝင်ဘာ ၁၉ ရက် ည ၈:၃၀အချိန်တွင် ဒူဘိုင်းရှိ open beach မှာ ရှမ်းနှစ်ကူးပွဲလေးကို ဒူဘိုင်းရောက် ရှမ်းမောင်နှမများက ကျင်းပဲ့ကြတယ်။ ဒူဘိုင်းရောက် ရှမ်းများအနေနဲ့ လူအနည်းအကျဉ်းမျှသာရှိသည်က တစ်ကြောင်း ၊ ရှမ်းဝတ်စုံများ ပါလာခြင်းမရှိလို့ အမျိုးသားများလောက်သာ ရှမ်းဘောင်းဘီကို ၀တ်ဆင်ပြီး အထိမ်းအမှတ် ပိုစ့်ရှပ်များကိုသာ ဆင်တူဝတ်ဆင်ကြပါတယ်။ ရှမ်းမောင်နှမများ စုံစုံညီညီ လာရောက်ကြသလို နီးစပ်ရာ မြန်မာများမှလဲ ဒီပွဲကိုလာရောက်ကြပါတယ်။


အမှတ်တရ အကျီင်္လေးပေါ်မှာ ရေးထားတဲ့ ကဗျာလေးကတော့ "လူကသာ သဲကန္တာရတိုင်းပြည်မှာ ဝမ်းစာရှာနေပေမယ့် ကျားစိတ်ဓါတ်ကတော့ ရှမ်းတောင်တန်းမှာပဲ မွေ့ပျော်တယ် "တဲ့။ ဘယ်လောက် အဓိပ္ပာယ်ရှိလိုက်လဲ။ လူမျိုးအသီးသီးမှာ ကိုယ်စားပြု သင်္ကေတလေးတွေ ရှိကြပါတယ်။ ကျွန်မတို့ ရှမ်းဆိုတာနဲ့ အားမာန်ပြည့်တဲ့ ကျား သင်္ကေတလေးကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျားဆိုသော သဘောသဘာဝက တောကြီးမျက်မည်းထဲမှာပဲ ကျင်လည်ကျက်စားတတ်ပေမဲ့ အခြေအနေ အကြောင်းကြောင့် နေရင်းတောတောင်ရေမြေနဲ့ ဝေးလံတဲ့ သဲကန္တာရပင်လယ်လေးမှာ ၀မ်းစာရေးအတွက် လာရောက် ရှာဖွေစားသောက်ရတဲ့ ဘ၀ ၊ ဒါပေမဲ့ ဒီခန္ဓာကိုယ်က သဲကန္တရပင်လယ်ကမ်းစပ်မှာ ကျက်စားနေပေမဲ့ ၀ိညာဉ်နဲ့ အိမ်မက်များကတော့ နေရင်းတောတောင် ( ရှမ်းတောင်တန်းကြီး)ကို တမ်းတနေတယ်လေ။

ရှမ်းရိုးရာ ကိုယ်ပိုင်ပြက္ခဒိန်တွက်ကိန်းများအရတော့ ရှမ်းနှစ်သစ်ကူးရက်ဟာ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ ပုံမှန်ကျရောက်လေ့ရှိပါတယ်။ ရှမ်းပြက္ခဒိန်အရ ရှမ်းလူမျိုးများဟာ နှစ်တစ်နှစ်ကို စတင်ရေတွက်တဲ့နေရာမှာ တန်ခူးလမှာ စတင်ပြီး မရေတွက်ပါဘူး။ နတ်တော်လမှာ အမြဲစတင် ရေတွက်ပါတယ်။ ရှမ်းဘာသာနဲ့ဆိုရင် နတ်တော်လဟာ “လိန်စိန်”(ပထမဦးဆုံးလ)လို့ ခေါ်ပါတယ်။ အဲဒါကြောင့် ရှမ်းရိုးရာ ပြက္ခဒိန်ကိန်းခန်းအရ နှစ်တစ်နှစ်ရဲ့အစကို မြန်မာလို နတ်တော်လမှာ စတင်ရေတွက်ရခြင်းဖြစ်ပါတယ်။

အခုရောက်ဆဲ့ ရှမ်းနှစ်သစ်အရကတော့ ၂၁၀၄ ခုနှစ်ဖြစ်ပါတယ်။ တစ်ချို့တွေက မသိလို့ မေးကြတယ်။ ဘာဖြစ်လို့ ရှမ်းခုနှစ်သက္ကရာဇ်က မြန်မာကောဇာသက္ကရာဇ်ထက် ပိုများနေတာလဲ-ဆိုပြီး မေးကြတယ်။ အကျဉ်းချုပ်အနေနဲ့ ဖြေရရင်တော့ မြန်မာသက္ကရာဇ်ကို မြန်မာဘုရင်များက ရာဇ၀င်သမိုင်းတစ်လျှောက်မှာ သုံးကြိမ်သုံးခါ သက္ကရာဇ်တွေ ဖြိုခဲ့ကြတယ်။ ရှမ်းသက္ကရာဇ်ကတော့ စတင်ရေတွက်သည်မှစပြီး ဘယ်ဘုရင် ဘယ်စော်ဘွား ဘယ်အုပ်ချုပ်သူလူတန်းစားကမှ မဖြိုခဲ့လို့ အခုလို အရေအတွက်အားဖြင့် ပိုများနေတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ရှမ်းသက္ကရာဇ်ဟာ သာသနာတော်သက္ကရာဇ်က အရင်းခံခဲ့လို့ဖြစ်ပါတယ်။ ရှမ်းများ မိုင်းမောပြည်ထောင်(ယခု တရုတ်နိုင်ငံ ယူနန်ပြည်နယ်)ခေတ်မှာ စ၀်ခွန်ဟောင်လို့ ဘွဲ့တော်တွင်ခဲ့တဲ့ ရှမ်းရဟန်းတော်တစ်ပါးဟာ နောက်လိုက်နောက်ပါများနဲ့အတူ အိန္ဒိယ သီဟိုဠ်နိုင်ငံများသို့ ပိကျပဋကတ်သုံးပုံကျမ်းများ သွားရောက်လေ့လာ ပင့်ဆောင်ခဲ့တယ်လို့ သမိုင်းများက ဆိုပါတယ်။ စ၀်ခွန်ဟောင်နဲ့သာသနာပြုအဖွဲ့များ နေရင်းမိုင်းမောပြည်ထောင်သို့ ပြန်လည်ရောက်လာသော ခုနှစ်မှာ သာသနာသက္ကရာဇ် ၄၅၀ ဖြစ်တယ်လို့ ဆိုပါတယ်။ စ၀်ခွန်ဟောင်နဲ့အဖွဲ့သားများ ပိဋကတ်သုံးပုံကျမ်းမြတ်များပင့်ဆောင်လာသောခုနှစ်ကို အထွဋ်အမြတ်ခုနှစ်အဖြစ်သတ်မှတ်ပြီး မိုင်းမောဘုရင်နဲ့ သာသနာတော်ကို ကြည်ညိုလေးစားသူများက သာသနာသက္ကရာဇ် ၄၅၀ မှာ ရှမ်းသက္ကရာဇ်ကို စတင်ရေတွက်ခဲ့ပါတယ်။ ဒါကြောင့် သည် သာသနာတော်နှစ် ၄၅၀ သည် ရှမ်းများရဲ့သက္ကရာဇ်အစဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းသက္ကရာဇ်ကို သိချင်ရင် ရောက်ဆဲသာသနာသက္ကရာဇ်ကိုတည် ၄၅၀ နုတ်လိုက်ရင် အဲဒါ ရှမ်းသက္ကရာဇ်ပါပဲ။

နောက် အစီအစဉ်များကိုစတင်တော့ ကိုစိုင်းမြထွန်းမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပြီး ကိုစိုင်းခွန်ဆစ်မှ နှုတ်ဆက်စကားပြောပေးပါတယ်။ အဲဒီနောက် ကိုစိုင်းမြထွန်းမှ ရှမ်းနှစ်သစ်ကူးနဲ့ ပက်သက်ပြီး သိကောင်းစရာ ရာဇ၀င်ကို ပြောပြပြီးနောက် တက်ရောက်လာကြတဲ့ မောင်နှမများမှ တစ်ဦးချင်း တစ်ယောက်ချင်း မိတ်ဆက်ပေးကြတယ်လေ။

ညသန်းခေါင် ၁၂နာရီအရောက်မှာတော့ ကိုစိုင်းစံထွန်းမှ ရှမ်းနှစ်ကူးဆုတောင်းကို ပြောကြားပေးပြီး ရှမ်းအမျိုးသားအလံတော် သီချင်းကို သီဆိုကြပါတယ်။ Gwamm Zom Bi Nawng သီချင်းကို စုပေါင်းဆိုပြီး လပ်တီးသီချင်းဖြင့် ၀ိုင်းဖွဲ့ကကြတော့ ဘေးမှာ ကြည့်နေကြသော ကမ်းခြေကိုရောက်နေကြတဲ့ အပန်းဖြေလူများမှလဲ ပျော်ရွှင်စွာ ကြည့်ကြသလို ၀င်ရောက်လဲ ကကြပါတယ်။

အဲဒီနောက်မှာတော့ စုပေါင်းဓာတ်ပုံရှိုက်ကြပြီး အကျွေးအမွေးများနဲ့ စုပေါင်းဝိုင်းဖွဲ့စားသောက်ကြပါတယ်။ ပြီးနောက် လက်ဆောင်ပစ္စည်းများ လဲလှယ်ကြပြီး တညလုံး စုပေါင်းသီဆိုကကြခြင်းဖြင့် ကမ်းခြေလေးမှာ ရှမ်းနှစ်ကူးကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။

ဒူဘိုင်းရောက် ရှမ်းတိုင်းရင်းသားများမှာ အနည်းအကျဉ်းသာရှိလို့ အခုလိုပဲ ကျင်းပကြိုဆိုနိုင်ပေမဲ့ နောင်နှစ်များမှာ ဒီထက်ပိုပြီး ကောင်းအောင် နောက် အခြားသူများပါ လာရောက် ကြည့်ရူ့လေ့လာနိုင်အောင် ကျင်းပကြမယ်လို့ ပြောဆိုကြပါတယ်။ တခြားအဝေးရောက် ရှမ်းမောင်နှမများလဲ စည်းစည်းကားကား ကျင်းပကြတာကို တွေ့မြင်ရတယ်လေ။ ကြားသိရသလောက်က

ကယ်ရီဖိုးနီးယား, LA, စင်္ကာပူ…နိုဝင်ဘာလ 14 ရက်နေ့ ၊
ထိုင်းနိုင်ငံ ချင်းမိုင်....နိုဝင်ဘာလ 16 ရက်နေ့ ၊
မလေးရှား….နိုဝင်ဘာလ 17 ရက်နေ့ ၊
ယူကေ …..နိုဝင်ဘာလ 20 ရက်နေ့ ၊
ကိုးရီးယား...နိုဝင်ဘာ 22 ရက်နေ့

ဘယ်လိုပဲ ကျင်းပခွင့်ရပစေ။ ရှမ်းတိုင်းရင်းသားများအနေနဲ့ ကိုယ့်နှစ်သစ်လေးကို ပျော်ရွှင်စွာ ကျင်းပတာ မြင်ရတော့ ၀မ်းသာတယ်။ မနှစ် ၂၁၀၃ခုနှစ် ရှမ်းနှစ်ကူးမှာ ထုတ်တဲ့ အကျီင်္ဒီဇိုင်းပေါ်မှာ ရေးတဲ့ စာသားလေးအတိုင်းပေါ့။ " ရေခြားမြေခြား ရောက်နေလဲ ရှမ်းဟာ ရှမ်းပါပဲ"တဲ့။ ရှမ်းပြည်နယ်မှာလဲ ရှမ်းနှစ်ကူးပွဲလေးကို ဆောင်းရာသီရဲ့ အေးမြမှု့တွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနေကြတာကို သတိရမိတယ်။ ဒူဘိုင်းဆောင်းရာသီလေးကတော့ မအေးသေးပါဘူး။ ဒါပေမဲ့ ဒီပွဲကိုရောက်လာတဲ့ ရှမ်းမောင်နှမတိုင်းရဲ့ ရင်ထဲမှာတော့ ချစ်တဲ့ ရှမ်းတောင်တန်းကြီးရဲ့ အေးမြမှု့နဲ့ ချယ်ရီတွေကို ခံစားနေရတယ်။

ဒီရှမ်းနှစ်သစ်ကူးပွဲဖြစ်မြောက်အောင် အကောင်အထည် ဖေါ်ဆောင်သူများ ဖြစ်ကြသော ကိုစိုင်းမိုင်းစင်၊ ကိုစိုင်းမြထွန်း နှင့် ကိုစိုင်းစံထွန်းတို့အား၎င်း၊အကျီင်္ ဒီဇိုင်းဆွဲပေးသူ ကိုစိုင်းဆိုင်မွန် ( ပွဲစဉ်တလျှောက်လုံးမှာလဲ ကင်မရာမန်း တာဝန်ယူပါတယ်) ၊ အကျီင်္မှာယူပေးသော မဦး အား၎င်း၊ အချက်အပြုတ် နှင့် နေရာထိုင်ခင်း အတွက် တာဝန်ယူ စီစဉ်ပေးသော ကိုစိုင်းမိုင်းစင် နှင့် မမျိုးသီရိအောင် တို့အား ၄င်း၊ တာဝန်ယူချက်ပြုတ် ပေးကြသော ကိုစောလွင်အောင်၊ ကိုစိုင်းဥာဏ်ဝင်း၊ ကိုစိုင်းမိုးဝင်း၊ ကိုစိုင်းဝင်းဦး၊ ကိုနန်းထိုက် တို့အား၎င်း၊ လက်ဆောင်မွန်များကို တာဝန်ယူစီစဉ်ပေးကြသော duty free မှ ညီမငယ် အာလူး၊ စိုးစိုး၊ ထူးရော် တို့အား၎င်း၊ ဂီတာဖြင့်ဖျော်ဖြေပေးကြသောကိုရဲနှင့်ကိုနိုင်မျိုးတို့အား၎င်း၊ မအားမလပ်သည့်ကြားမှ လာရောက်အားပေးချီးမြင့်ကြသော ဧည့်သည်တော်များနှင့်ညီအစ်ကိုမောင်နှမများ အားလုံးကို (tai youth အဖွဲ့)ကိုယ်စားကျေးဇူးအထူးတင်ရှိပါသည်၊။ ပြီးတော့ ဒီနှစ်ကူးပိုစ့်အတွက် ပြင်ဆင်စရာလိုအပ်သည့် အချက်အလက်များကို ကူညီပေးသော ကိုစိုင်းမြထွန်းကို ကျေးဇူးတင်ပါတယ်ရှင်။

နိုဝင်ဘာ ၂၄ရက် စနေနေ့ ညနေစောင်းမှာ ကောင်မလေးတယောက် လောကထဲရောက်လာတယ်။ အတော်ဂျီကျတတ်တဲ့ ၊ ကြံဖန်ဆိုးတတ်တဲ့သူ တစ်ယောက်အဖြစ်နဲ့ပေါ့။ ငယ်ငယ်တုန်းက ဆိုးလိုက်တာများ ညဆိုရင် ကောင်းကောင်းမအိပ်ရဘူး။ ဘယ်လိုမှ ချော့သိပ်လို့မရဘူးးတဲ့။ အိမ်ပေါ်ထပ်မှာ ရှိနေရင် အောက်ထပ်ဆင်းမယ် အောက်ထပ်ဆင်းမယ်နဲ့ အော်နေ ၊ အောက်ထပ်ရောက်တော့ အိမ်ပေါ်တက်မယ် အိမ်ပေါ်တက်မယ်နဲ့ သောင်းကျန်း၊ ညကြီးအချိန်မတော် ထမင်းစားမယ် ထအော်တယ်။ ဒီသမီးအကျင့်ဆိုးကို သိတဲ့ မိဘကလဲ နောက်နေ့ညတွေမှာလဲ နားပူနာဆာ လုပ်ဦးမယ်ဆိုတာ သိတော့ ကြိုတင်ပြီး အိပ်ရာဘေးချထားပေမဲ့ တကယ်လဲ တောင်းရော မီးဖိုခန်းက ထမင်းမှတဲ့။ ရိုက်သာရိုက်ပစ်လိုက်ဖို့ ကောင်းတယ် ။

ကျောင်းနေရမဲ့ အရွယ် လေးနှစ်ကျော် ငါးနှစ်အရောက်မှာလဲ ကျောင်းမသွားချင်ဘူး။ ပေတီးလုပ်လိုက်တာ ခြောက်နှစ်ကျော်မှ သူငယ်တန်း စတက်တယ်လေ။ ချော့တခါ ခြောက်တလှည့်နဲ့ အားလုံးရဲ့ ၀ိုင်းဝန်းကြီးကြပ်မှု့ကြောင့်သာ စာတော်တယ်ပေါ့။ စာသာတော်တယ်။ အူကြောင်ကြောင်ပါ။ ကျောင်းပြေးတယ်ဆိုတာ ဘာမှန်းမသိ။ ဆရာ ဆရာမတွေ ပြောပြောနေတဲ့ ကျောင်းပြေးတယ်ဆိုတဲ့ စကားလုံးကို သဘောကျပြီး ကျောင်းပြေးတယ်လေ။ ဘယ်လိုပြေးတာလဲဆိုတော့ အိမ်ကနေ ကျောင်းသွားချိန်ရောက်တော့ အမတွေက လွယ်အိတ်ယူပြီး သွားမယ်လုပ်တော့ ပေကပ်ကပ်နဲ့ထိုင်နေတယ်။ ဘာဖြစ်တာလဲလို့ စိတ်ပူပြီးမေးတော့ ကျောင်းပြေးပါမယ်ဆို ကျောင်းပြေးမယ်ဆို အော်အော်ပြီး ပတ်ပြေးနေတာလေ။ အဲ ကျောင်းတက်ချင်တော့လဲ သူ့လောက် တက်ချင်တဲ့သူမရှိဘူး. ကျောင်းသွားချင် လွန်တာများ လွယ်အိတ်မယူ ဘာမယူနဲ့ ကျောင်းဝတ်စုံလဲပြီး ကျောင်းကို မော့ကော့ပြီးထွက်သွားလိုက်တာ နောက်က လိုက်ပို့ရတဲ့အထိပဲပေါ့။

အရွယ်လေး နည်းနည်းပိုရောက်လာလေ ပေကပ်ကပ် ပိုလုပ်လာလေပဲ။ မျက်စိပါဝါအားက ပုလင်းဖင်လောက်ရှိနေပြီ။ မျက်မှန်မတပ်ပဲ ပေတေနေတယ်။ ဘယ်သူမှ ပြောမရတဲ့အဆုံး အားလုံးလက်လျော့ထားလိုက်ရတာများ ကျောင်အုပ်ဆရာမကြီအးပါအ၀င်ပေါ့။

ဒီကြားထဲ မရဏဖွားပီသစွာနဲ့ သေရင်မြေကြီး ရှင်ရင်ရွှေထီး လုပ်လိုက်သေးတယ်။ သေတော့ မသေခဲ့ဘူး။ ရွှေထီးလဲ မဆောင်းရသေးပါဘူး။( ဘယ်တော့ ဆောင်းရမယ်မသိ)။ သေလုမတတ်ဖြစ်နေတာကို ဆရာဝန်က အရည်လေးပဲ သောက်စေချင်တာကို ထမင်းမှထမင်း တခြားအချိန်ကျတော့ ထမင်းစားဆို မုန့်စားတယ်။ အခုလို ကျတော့ ထမင်းတဲ့။ ထမင်းမစားရရင်ပဲ မဖြစ်မဲ့ပုံအသွင်နဲ့ ကောက်တော်မူနေလိုက်တာ အဖေ့ခမျာ သနားလွန်းလို့ ချစ်လွန်းလို့ ထမင်းလေး နည်းနည်းကျွေးလိုက်မိတယ်။ ဆေးရုံကို တန်းပြေးရတော့တာပဲ။ အဲဒီကိစ္စက မပြီးပြတ်တာများ. မိဘနှစ်ပါးကို ရန်တိုက်ပေးသလိုဖြစ်သွားတယ်။

ဘ၀အတွက် အရေးကြီးတဲ့ အဆုံးအဖြတ် ဆယ်တန်းကျောင်းသူဘ၀မှာလဲ ငါတကောကော လိုက်တာများ.ကံကောင်းလို့ အောင်လာတာပေါ့။ အဲဒီနောက်ပိုင်းမှာ နည်းနည်း အကြောက်တရားပိုသွားပြီး ခင်းပေးတဲ့လမ်းကို အသာမျောပြီး လျှောက်လာလိုက်တာ ၂၅နှစ်ပြည့်အထိပဲ။ အဲဒီနောက်ပိုင်းကနေ အခုချိန်ထိ အများအမြင်မှာ သိပ်လိမ္မာတယ် ထင်ရ ၊ ပြောခံရပြီး အမှန်က လုပ်ချင်ရာစွတ်လုပ်နေဆဲ စိတ်ပူအောင်လုပ်နေဆဲပဲ။

ဒီလိုမွေးနေ့ရောက်တိုင်း လက်အုပ်ချီ ကန်တော့တာ ပိုကြာနေတတ်တယ်။ အပြစ်တွေ များလွန်းနေတယ်လေ။ ဘယ်တော့ခါမှများ ရင့်ကျပ်လာလေမလဲ ၊ စိတ်ပူတာလျော့မလဲလို့ မိဘနဲ့ အဘွား တွေးနေမလဲနာ်။ ကိုယ့်မွေးနေ့တောင် ကိုယ်မေ့နေပြီး ပြက္ခဒိန်ကြည့်မှ မြန်မာမွေးနေ့ရက်လေးကို ကြည့်မိလို့ ဒါကြောင့် ညက မိသားစုဝင်တွေ အားလုံးကို အိပ်မက်မက်တာကိုးဆိုပြီး ကိုယ့်မွေးနေ့ကို အမှတ်ရနေတဲ့ အဝေးက မိသာစုကိုတော့ တအားလွမ်းမိသွားတယ်။ ပြီးတော့ အခုအသက်အရွယ်အထိ ဘာလုပ်ပြီးပြီးလဲ ။ ဘာအကျိုးကိစ္စဆောင်ရွက်ပေးဖူးလဲ။ အသက်သာ တနှစ်ကြီးသွားတယ်။ ဒီအချိုးတွေ မပြောင်းသေးပါလား။။ ဒီနှစ်လဲ ကိုယ်ဘာသာကိုယ်ဆန်းစစ်ပြီး ထုံးစံအတိုင်း SWOT Analysis လေး ချရေးပြီး တလွဲလုပ်ဦးမယ်ထင်တယ်။

မွေးနေ့လေးမှာ ကျေးဇူးတင်စကားလေးလဲ ပြောချင်တယ်။ ကိုးလလွယ် ဆယ်လဖွားပြီး ဒီနေ့အချိန်ထိ ကြီးပြင်းလာအောင် မွေးပေးတဲ့ မိဘနှစ်ပါး ၊ အမကြီးအမိအရာတွေ ပီသကြတဲ့ အမနှစ်ယောက် ၊ တစ်ဦးတည်းသော မောင်လေး ၊ မြေးတွေထဲမှာ အချစ်ဆုံးအဖြစ် ရွေးခဲ့တဲ့ ဘွား ၊ တူမဆိုပေမဲ့ သမီးအကြီးဆုံးတယောက်လို ယနေ့ထက်ထိ အချစ်ပိုပေးတဲ့ ပါးပါးနဲ့ မိုးမိုး ၊ နောက် စုစုစည်းစည်းနဲ့ ဘာဖြစ်ဖြစ် ၊ ဘယ်သွားသွား ၊ ဘာလုပ်လုပ် တအုပ်တမကြီး သွားကြ သိပ်ပြီး စည်းရုံးစရာမလိုတဲ့ ချစ်ရတဲ့ မောင်နှမတွေ ၊ စိတ်ကောက်တဲ့ ဆိုးနွဲ့တဲ့ဒဏ်တွေကို အများကြီး ခံပေးတဲ့ သူငယ်ချင်းတွေ ၊ အမြဲနားလည်ပေးတဲ့ ချစ်သူ ကိုစိုင်းနော်ခမ်း၊ နောက် ကျွန်မရဲ့ မိသားစုဝင်တွေရဲ့ မွေးနေ့ရက်လေးတွေမှာ တင်တဲ့ပိုစ့်တွေကို လာရောက်ပြီး ဆုတောင်းပေးကြတဲ့ ဘလော့ဂ်မောင်နှမများ ၊ ကြိုးစားပြီး ရေးသားဆဲ ပိုစ့်များကို လာရောက်ပြီးဖတ်ပေး၊ အိမ်လေးကို လာလည်ပေးကြတဲ့ မောင်နှမများ အားလုံး အားလုံး (ကျန်ခဲ့တာ ရှိရင် ခွင့်လွှတ်နော်) ကျေးဇူး တအားတင်ပါတယ်။ မွေးနေ့လေးမှာ ဘာနဲ့မှလဲ ဧည့်မခံရဘူး။ ကျွန်မရဲ့ ပြောင်မြောက်လှတဲ့ ငယ်ရုပ်ဘ၀ကို လာရောက် အားပေးကြတဲ့ မောင်နှမများကို ဧည့်ခံချင်သေးတယ်။ ဒီတော့ ပိတ်ရက်လေးမှာ မွေးနေ့အတွက် ပြင်ဆင်ပြီး မောင်နှမတွေကို ဧည့်ခံပါဦးမယ်။


ဒီနေ့ နိုဝင်ဘာ ၁၈ရက်နေ့ဟာ ကျွန်မချစ်တဲ့ မေ့မွေးနေ့ပါပဲ။ မေ့ ရဲ့ မွေးနေ့လေးအတွက် အဝေးကနေ ကုသိုလ်ကောင်းမှု့ပြုပြီး ဆုတောင်းပေးပါတယ်။ မေ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ သာသနာအကျိုးကို ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေနော်။ အဓိက ကျန်းမာရေးကို ဂရုစိုက်ပါနော်။ အခုတလော အမေ့ ကျန်းမာရေး မကောင်းဘူးလို့ ကြားနေရတယ်လေ။

မေ့ရေ...ပြီးတော့လေ သားသမီးတွေကို တအားစိတ်ပူတတ်တာလေး လျော့ပေးပါနော်။ သူ့ကံနဲ့သူ ၊ ဖြစ်ချိန်တန်ဖြစ်လာမှာပါ။ မေ့ အမြဲပြောတတ်တဲ့စကားလေးက အမေ့သားသမီးတွေကို ယုံတယ်တဲ့။ အဲဒီစကားတစ်ခွန်းကြောင့် ကျွန်မတို့ မောင်နှမတတွေ အမေ့နောက်ကွယ်မှာ အမေ့ယုံကြည်မှု့ကို အလွဲသုံးစားမလုပ်ရဲဘူး။ ကိုယ့်ကို အမေ က ယုံနေတယ်လေ။

အမြဲထူးဆန်းတာလေးက ကျွန်မတို့မောင်နှမတွေ အဝေးရောက်နေပြီး အိမ်ကိုလွမ်းဆွတ်လို့ ၊ အဆင်မပြေကြုံလို့ တအားဝမ်းနည်းခံစားရချိန်တွေမှာ အမေ့ အိမ်မက်မက်တတ်တယ်လေ။ အဲဒီခါဆို အမေ့မှာ ဘယ်လောက် စိုးရိမ်ပူပန်ရတယ်ဆိုတာ သိရက်နဲ့ အခုချိန်ထိ ကိုယ့်အတ္တအတွက် ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ရွက်လွှင့်နေတယ်။

မိသားစုအတွက် မွေးနေ့အမှတ်တရပိုစ့်လေးကို ရေးမယ်လို့ စိတ်ကူးခဲ့တာ ဒီဘလော့ဂ်အိမ်လေး စတည်ကတည်းကပေါ့။ မိခင်မေတ္တာနဲ့ပက်သက်ပြီး ရေးပြလို့ မကုန်နိုင်တာတွေ အများကြီးပေါ့။ စိတ်ထဲမှာ ရေးချင်တာ များပေမဲ့ စကားလုံးတွေက ထွက်မလာဘူးလေ။ ကျွန်မရဲ့အစ်ကို ကိုနေလင်း( ချယ်ရီလန်း) က တောင်ပေါ်သားတို့ဆုံဆည်းရာ ( တောင်ပိုင်းရှမ်း)မှာ ရေးတဲ့ ပိုစ့်လေးတပုဒ်ကို တအားသဘောကျခဲ့တယ်။ မနိုင်းနိုင်းစနေရဲ့ ဘလော့ဂ်မှ ရရှိကြောင်း သိရပါတယ်။ အဲဒီကတည်းက ကျွန်မ ကိုကြီးကို အမေ့မွေးနေ့ကျရင် ဒီစာသားလေး ဝေမျှခွင့်၊ မွေးနေ့အမှတ်တရပေးခွင့် တောင်းခဲ့ပါတယ်။ ခွင့်ပြုပေးခဲ့တဲ့ ကိုကြီးနေလင်းကိုလဲ ကျေးဇူးတင်ပါတယ်။ ဒီစာပုဒ်လေးကို ကြိုက်လွန်းလို့ ခဏခဏဖတ်ဖြစ်နေတယ်လေ။ အခုလဲ ဒီပိုစ့်မရေးခင် တစ်ခေါက်သွားဖတ်ပြီး ကောမန့်ထပ်ရေးခဲ့သေးတယ်။ ကိုကြီးရဲ့ ပိုစ့်မှာ ရေးထားတာလေးက...

အမေ…..“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်မ ဒီပိုစ့်ကို ဖတ်ချိန်မှာ မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ဒါပေမယ့် ကျွန်မ မျက်ရည်ကျခဲ့ပါတယ်….

အမေတွေရဲ့အသက်အရွယ်ကြီးလာတဲ့အခါ သားသမီးအပေါ်ကနေ လိုချင်တာ ဒီအချက်လေးတွေပါ။ ကျွန်မလဲ ဒီအချက်လေးတွေကို ထပ်တူနားလည်ပေးနိုင်တဲ့ သမီးဖြစ်လာပါ့မလား အမေ..
မောင်ရေ… နွယ်ပင်လိုပဲ တစ်ရစ်ပြီး တစ်ရစ် တိုးလို့ နှောင်ဖွဲ့လာလိုက်တာ ဒီကြိုးလေး ဖြတ်မရတော့ဘူးနော်။ ကံကောင်းခြင်းတွေ စုဝေးခြင်း ခံရလို့ ဒီကြိုးမျှင်လေးကို ဖြတ်မဲ့သူ မပေါ်လာဘူး။ ပျော်ရွှင်ခြင်းအတိ ပြီးမြောက်စေဖို့ ပေးလိုက်တဲ့ ကံကောင်းခြင်းတွေကို ကျေးဇူးတင်ရမယ်နော်။

မောင်ရေ… ပိယိင်းတို့နှစ်ယောက် ဘယ်လောက်ပဲ စိတ်အခန့်မသင့် စိတ်ဆိုးစိတ်ကောက်ပစေဦးတော့ အမြဲပြောနေကျ စကားလေးအတိုင်းပဲနော်။

Hao Har Saung Kaw Am Phat Kan Kwa Naw, Hak Kwa Taw Soe Taw Pan
( မခွဲကြေး .. ရာသက်ပန်ချစ်မယ်နော့)



(vedio လေးကို googleမှ ရှာဖွေတင်ပြထားပါသည်။)
မိုင်ဆွန်ခ...
ရှမ်းနှစ်ကူးမှာ ရှမ်းမောင်နှမသားချင်းများအတွက် ပျော်စရာသီချင်းလေးတစ်ပုဒ်နဲ့ နှုတ်ဆက်ချင်တယ်။

မပီဝိုးတ၀ါး လင်းရောင်အောက်ကြား
ငေးမောနေတဲ့ မျက်ဝန်းနက်တစ်စုံ
ချစ်ခြင်းဖြင့်သာ ထုံမွှမ်းခြုံသည်။
ကြယ်ရောင်အောက်မှ နေရောင်ရောက်ချိန်တိုင်
ဘေးရန်သီကွာ လုံခြုံခြင်းငှာ
မှေးစက်နေသော ချစ်သူ့မျက်နှာ ငေးကြည့်ရင်းသာ
အခမဲ့ပင် တာဝန်ယူသည်။
ဖြူစင်နေတဲ့ မျက်ဝန်းအိမ်ကြား နွမ်းနယ်လို့ပင်နေလေပြီ။
ဒီတနေ့လုံး အိပ်ဖန်စောင့်ငယ်နွမ်းနေရော့မယ်။

စက္ကန့်လေးတွေ တိုက်စားသွားတိုင်း
အလွမ်းတွေ ကိုယ်စားပြုသွားတယ်။
မျက်တောင်လေး တစ်ချက်ခတ်လိုက်တိုင်း
အလွမ်းတွေ ဆင့်သွားတယ်။
နှလုံးခုန်သံ တထိတ်ထိတ်ကြား
အလွမ်းတွေ ပိုသွားတယ်။
ငုံ့မိုးကြည့်နေတဲ့ မင်းမျက်ဝန်းအိမ်ကြား
ငါ့နှလုံးသားလေး အလွမ်းတွေ ဝေသွားတယ်။
အိုးးးးးးးးးကမ္ဘာကြီးပျက်တော့မယ်ဆိုပါလား..ဘယ်တော့လဲ ကြည့်လိုက်တော့ ၂၀၁၂တဲ့။ ကမ္ဘာပျက်ရင် မငုံ တစ်ယောက် ဘယ်လိုဖြစ်နေမလဲဆိုတာ သိချင်တဲ့ မနှင်း နဲ့ မသီတာတို့ရေ..

ဘယ်သူတွေနဲ့ရှိနေချင်သလဲ
မိသားစုနဲ့ ..သိပ်ချစ်တဲ့ မိသားစုနဲ့ နော်ခမ်းအပါအ၀င်ပေါ့။ ဒါပေမဲ့ နော်ခမ်းကိုခေါ်ထားလိုက်ရင် တရားမျှတပါ့မလား။ သူချစ်တဲ့ မိသားစုလေးနား နေချင်ရှာမှာမို့ သဘောပါ။ ဒါပေမဲ့ မေးကြည့်လိုက်ဦးမယ်နော့.

ဘာတွေခံစားနေရမလဲ
ဒီမိသားစုလေးနဲ့ အပြီးခွဲရတော့မယ်ဆိုတဲ့အတွေးကြောင့် နင့်နေအောင်ခံစားရလိမ့်မယ်။

ဘာတွေပြင်ဆင်ထားသလဲ
သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတော့ အကောင်းဆုံးက မိသားစုတွေနဲ့အတူ မြတ်စွာဘုရားရဲ့တရားကိုနှလုံးသွင်းရင်းနေမယ်။

ဝမ်းနည်းမိမှာက
ဘာတစ်ခုမှ သေသေချာချာ မလုပ်ရသေးပဲ လောကကြီးကနေ ထွက်သွားရတော့မှာမို့

ကြောက်လန့်မိတာက
ကမ္ဘာပျက်ချိန်မှာ ကြုံတွေ့ရမဲ့ နာကျင်မှု့

ဆောင်ထားချင်တာက
သေခြင်းတရားကို ရင်ဆိုင်ရဲတဲ့ သတ္တိလေးတစ်ခု

ဘာတွေရေးမိမလဲ
စိတ်ထဲမှာ ရှိသမျှခံစားချက်တွေ ကာရန်ညီညီ မညီညီ ချရေးမယ်။

တွေးမိတွေးရာ အတွေး
နော်ခမ်းရော ဘယ်လိုနေမလဲ။ ( မငုံအနားမှာသာ သူမရှိနေရင်ပေါ့)

ဂုဏ်ယူချင်တာက
မိဘအတွက် သမီးအလိမ္မာတယောက် မဟုတ်ခဲ့ပေမဲ့ မဆိုးခဲ့ဘူးလို့ ကြံဖန်ဂုဏ်ယူမယ်။

ရှာကြံဖြေသိမ့်တတ်တာ
ငါတစ်ယောက်တည်းမဟုတ်ဘူးလေ။

ကျူးရင့်ချင်တဲ့ဥဒါန်း
အသင်လောက..အခုတော့ သင်ပြောသမျှဖြစ်နေပါပြီ။ ( စိတ်ထဲရှိသလို အော်လိုက်မှာလေ)
ဒီပိုစ့်လေးကို မကြာခင် ကန္တာရမြေလေးမှ အပြီးထွက်ခွာတော့မဲ့ ညီမလေး AngleShaperအတွက်ပေါ့။ သူ့အတွက် နှုတ်ဆက်ပွဲနေ့မှာ ကိုပီတာဆီမှ ငှားလာတဲ့ မဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီဥေယျဓမ္မာမိထေရ် ရဲ့ ဥာဏဒသနကထာ စာအုပ်လေးထဲက အမြှောက်အပင့်ဆိုတဲ့ တစ်ပုဒ်ကို ကြိုက်တယ်လို့ ပြောဖူးတယ်လေ။ Dim ရေ အိမ်အပြန်လက်ဆောင်လေး ပေးပါရစေနော်။

“ အမြှောက်သည် ပင့်တင်ပေးမှသာ မြောက်စေ၏။ ပင့်လျှင်လည်း မြှောက်ပြီးသား ဖြစ်နေတတ်၏။ ထိုမြှောက်ပင့်မှုသည် တွန်းပို့ခြင်းကို ဖြစ်စေတတ်ပြီး အတွန်းအပို့ ၊ အမြှောက်အပင့် အားကုန်လျှင်သော် ချတော့မည်မှာ သေချာပြီ “

ဟုတ်တယ်နော်။ လောကမှာ တစ်ယောက်ယောက်ကို မြှောက်ပင့်ပြောဆိုပြီး လုပ်ကိုင်ပေး ပြောပေးခြင်းသည် သူတို့အကျိုးစီးပွားရေးအတွက် ဖြစ်စေတယ်နော်။ တစ်ချို့ကျတော့ မြှောက်ပင့် ပြောပြီး ပေါင်းသင်ခြင်းမှာ မနာလိုပြီး ပေါင်းခြင်းဖြစ်တယ်နော်။ မြှောက်ပင့်ပေးပြီး အကျနာအောင် လုပ်တယ်လေ။ လူ့လောကမှာ အမြှောက်အပင့်ကြိုက်သူတိုင်းကို သူတို့အလိုကျ ပြောဆိုပေးလိုက်ပါက မြောက်ပေးလျှင် စဉ်းစားဥာဏ်မရှိ ၊ မသုံးတော့ပဲ ကိုယ့်ဘာသာကိုယ်အထင်ကြီးပြီး ငါမှငါ တကောကောကာ လွှတ်ထွက်သွားကြတော့တယ်။

ပြီးတော့ ဒီစာအုပ်လေးမှာ ဖော်ပြထားတာက ဆရာတော်ရဲ့ရေးသားထားတဲ့ ဥပမာလေးက သိပ်သဘာကျဖို့ကောင်းပါတယ်။

" ငါစွဲမကင်းသေးသော ပုထုစဉ်လူသားတိုင်းတို့၏ မ, စမှုသည် ငှင်းချဖို့ရန်အတွက်ချည်းပင် မဟုတ်လော " တဲ့။

နွားရှင်သည် ခိုင်းစားနွားကြီးတို့ကို အစာကျွေးနေပြီ။
ကြက်မွေးသမားက သူ့ကြက်တွေကို ကျကျနနထားသည်။
ဝက်မွေးသမားက သူ့ဝက်ကို စနစ်တကျ ကျွေးထားသည်။

အဲဒီဥပမာကိုကြည့်တာနဲ့တင် သူတို့ရဲ့ ရည်ရွယ်ချက် အသီးသီးကို ခေါက်ကြည့်က အမနဲ့ အချအကြောင်း ကောင်းကောင်းကြီး သိနိုင်တယ်
လို့ ရေးသားထားတယ်လေ။

နောက် မယားက သူ့လင်သား အလုပ်စိတ်ဓာတ်မကျရန် အားပေးသည်။
ဇာတ်ရုံပိုင်ရှင်က ဇာတ်မင်းသား အားမငယ်ရန် မြှောက်စားသည်။
စီးပွားရေးသမားက အလုပ်သမားများကို စိတ်ဓာတ်မြှင့်တင်ပေးသည်။
လောင်းကစားသမားက အားကစားသမားများကို လာဘ်ပေးနေသည်။

ဒီဥပမာကိုကြည့်ရင် အမြှောက်အပင့်အကြောင်းကို ကောင်းကောင်းကြီး ရိပ်မိတတ်ရာ၏။

မြှောက်တိုင်း မမြောက်ပါနဲ့။ မြောက်တိုင်းအချခံရမှာသေချာပြီ။ အချဟူသော စကားသည် အမြှောက်မှ ကပ်ပါလာသော အဓိပ္ပာယ်ချည်း။ ဘယ်ကိစ္စမဆို မမြှောက်ပဲ ချလို့မရ ။ဒါပေမဲ့ မချပဲ မြှောက်လို့တယ်
တဲ့။

အချမခံလိုလျှင် အမြှောက်မခံပါလေနှင့်။
အမြှောက်မခံလိုလျှင်မပင့်မခံပါလေနှင့်။


အကြိမ်တဆယ်တရာ မြောက်ပင် မြှောက်ငြားသော်လည်း မိမိဘက်မှ မမြောက်ပါက အချမခံရပါ။ ကိုယ်မမြှောက်သရွေ့ သူတို့နှဲ့နေကြမယ်။ ပသနေကြမယ်။ သူမြှောက်တိုင်း တခါမြောက်ပါက အဲဒီမှာတင် အချခံရမည်လို့ ဆရာတော်က ဆုံးမရေးသားထားပါတယ်။

ဒီပိုစ့်လေး ဖြစ်လာအောင် စာအုပ်ပေးငှားတဲ့ ကိုပီတာ (ကိုပီတာရဲ့အတွေးပုံရိပ်များ)နဲ့ ဒီစာစုလေးကို ကြိုက်တယ်ဆိုတဲ့ ညီမလေး Dimတို့ကိုကျေးဇူးတင်ပါတယ်။ ဆရာတော်ရဲ့အရေးအသားများ မပျက်အောင် ကြိုးစားရေးပေးထားပါတယ်။ အမှားပါသွားရင် ဒါဟာ ကျွန်မရဲ့ အားနည်းချက်ပါ။ မူရင်းစာမှ အမှားများ မဟုတ်ပါဘူးလို့ ပြောပါရစေရှင့်။


ခေါင်းထဲကိုရောက်လာတဲ့ ခေါင်းစဉ်တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ သူများတွေအတွက်ဖြစ်ဖြစ် ပိုစ့်တစ်ပုဒ်အနေနဲ့ ချရေးဖို့ မြန်ဆန်ခဲ့ပေမဲ့ ဘာလို့များ ချစ်ရသူအတွက်ကျတော့ စာတစ်လုံးဆိုတာတောင် ထွက်မလာတာလဲ။ ရေးလိုက် ဖျက်လိုက်နဲ့ အချိန်ယူပြီး ရေးပေမဲ့လဲ စိတ်တိုင်းမကျနေဘူး။ ဘယ်လိုမှ မကြိုက်နေဘူး။ လိုအပ်နေတယ်။ အများကြီးလိုအပ်နေတယ်။ ချရေးလို့မရနေဘူး။ တစ်ခုခုကိုဆို ချရေးလိုက်ရင် ဖြောင့်နေတာပဲ။ လက်ကလဲ သွက်တယ်။ မောင့်နဲ့ ပက်သက်ပြီး ရေးမယ်ဆို ဘာတစ်ခုမှ ထွက်မလာဘူး။ အရင်ကတည်းက မောင့်အတွက် ရေးချင်တယ်။ ကိုယ့်ချစ်သူအတွက် ရေးပေးကြတဲ့ ပိုစ့်လေးတွေကို ဖတ်ကြည့်ပြီး သဘောကျရတယ်။ မောင့်အတွက်လဲ ရေးပေးချင်စိတ်တွေ တအားဖြစ်မိတယ်။

မောင့်ရဲ့ နေရာတကာ ပိယိင်း စိတ်ချမ်းသာဖို့ ၊ ပိယိင်းအတွက်ပဲ ဦးစားပေးနံပါတ်တစ်နေရာမှာ ထားတာတို့ ၊

ပိယိင်း ပျော်ရင် မောင်ပိုပျော်သွားပြီး ပိယိင်း စိတ်ဆိုးရင် နေလို့မရအောင် ပျာယာခတ်နေတာတို့ ၊

ပိယိင်း မျက်ရည်ကျရင် မောင် ထပ်တူ ခံစားပြီး မျက်ရည်ကျပေးခဲ့တဲ့ ဘယ်သူ့မှ နားမလည်နိုင်တဲ့ ဖြစ်ရပ်တွေတို့ ၊

တမင်ဂျီကျ ဂျစ်တိုက်ပြီး ကလေးချော့ကဗျာ ၊ ပုံပြင်တွေကို ပြောခိုင်း ၊ ရွတ်ခိုင်းတာတွေကို အလိုလိုက်ပြီး ရွတ်ခဲ့ ပြောပေးခဲ့တာတို့ ၊

ပိယိင်း မျက်နှာ ပြဲုံးနေတာပဲ လိုလားပြီး။ မျက်နှာတချက်အညှိုးမခံတဲ့ မောင့်အချစ်တွေ ၊

တခါတခါ လူကြီးတယောက်လို စိတ်ပူပြီး ဆူပူနေပေမဲ့ များသောအားဖြင့် ယုန်လေးလို တကယ့်ဖြူဖြူစင်စင်လေး နာခံနေတဲ့ မောင့်မျက်နှာ ၊

ပိယိင်း နေမကောင်းဖြစ်ရင် စိတ်ပူပြီး လူနာစောင့်သဖွယ် ၊ လိုအပ်ချိန်တိုင်း နေပေးခဲ့တာတွေ တခြားတခြား သေးသေးမွှားမွှားလေးတွေ အများကြီးရှိနေသေးတယ်။ မောင့်ချစ်ခဲ့ ဂရုစိုက်ခဲ့ အလိုလိုက်ခဲ့တာတွေကို စာလုံးစီပြီး ရေးပြချင်တယ်။ ရေးလို့မရနေဘူး။

ဒီလိုပဲ မောင် ချစ်မှန်း အလိုလိုက်မှန်း အလျော့ပေးမှန်း သိလို့ ကန်းတက်ပြီး အနိုင်ယူခဲ့ ၊ ခဏခဏ စိတ်ကောက်၊ မရမက ဂျီတိုက်၊ ပြဿနာအမျိုးမျိုးရှာ ၊ စိတ်မကောင်းဖြစ်အောင် လုပ် ၊ မျက်ရည်ကျအောင် လုပ်ခဲ့တာတွေ ပြန်တောင်းပန်ချင်တယ်။ ဘယ်လိုစကားလုံးမျိုးတွေနဲ့ စိတ်မကောင်းဖြစ်ရတယ်ဆိုတာ ပြောမပြတတ်နေဘူး။

မောင့်ရဲ့ ဂရုစိုက်မှု့အောင် စိတ်ပူမှု့အောက်မှာ နေသားကျနေလို့ မောင်မရှိရင် မလုပ်တတ်၊ မနေတတ်သလိုဖြစ်နေတာတွေ ပြောပြချင်နေတယ်။ မနက်ဆိုလဲ မောင် မနိုးရင် အိပ်ရာက မထတတ်သလို၊ နေ့လည်ဆိုလဲ အလုပ်တွေ များနေတာကို သိရက်နဲ့ စိတ်ကောက်ချင်တာက မောင့်ကိုလွမ်းလို့ ၊ ညရောက်တော့လဲ စာဖတ်နေတာကို ရအောင်နှောက်ယှက်ပြီး ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးအောင် လုပ်မိနေတာတွေက မောင့်ကို ချစ်လို့ ဆိုတာတွေ သိအောင် ဘယ်လိုပြောရမလဲ။ စကားလုံးလှလှ သုံးပြီး မောင့်အတွက် အမှတ်တရလေးတစ်ခု ဖြစ်အောင် ပြောပြချင်တယ်။ ရေးလို့မရတော့ မောင့်အတွက် ပိယိင်းတို့ ဖြစ်နေတာတွေနဲ့ ထပ်တုကျနေတဲ့ ဒီသိချင်းလေးကို နားထောင်ပြီး ပိယိင်းပြောချင်တာလေးကို နားလည်ပေးပါနော်။

N

ချစ်လှစွာသော ဘွားကီမှ တဂ်လိုက်ပါတယ်။ မြေးမလေး မငုံ (Ngon)ကလဲ အင်္ဂလိပ်စာ အရေးအသားကို ကောင်းမွန်အောင် မရေးတတ်နေဘူး။ (အကြွားများလွန်သွားလား မသိဘူး။)ဘယ်လို ရေးရင်ကောင်းမလဲလို့ စဉ်းစားမိတယ်။ ဒစ်ရှင်နရီလှန်ရမှာလဲ ပျင်းနေတယ်။ နောက်ဆုံး Quotesများကို ၀င်ဖတ်တတ်တဲ့ အကျင့်အတိုင်း ဖတ်နေရာမှ တရေးနိုး အကြံပေါ်ဆိုသလို ဒီ Quotes များထဲမှ Buddha Quotes များကို ဖတ်ရင်း ဝေမျှချင်တာနဲ့ ကူးယူပြီး ဖော်ပြလိုက်ပါတယ်။ ခုနှစ်ချက်လောက်ပဲ ဝေမျှလိုက်ပါတယ်။

All things appear and disappear because of the concurrence of causes and conditions. Nothing ever exists entirely alone; everything is in relation to everything else.

All that we are is the result of what we have thought. If a man speaks or acts with an evil thought, pain follows him. If a man speaks or acts with a pure thought, happiness follows him, like a shadow that never leaves him.

Believe nothing, no matter where you read it, or who said it, no matter if I have said it, unless it agrees with your own reason and your own common sense.

Just as treasures are uncovered from the earth, so virtue appears from good deeds, and wisdom appears from a pure and peaceful mind. To walk safely through the maze of human life, one needs the light of wisdom and the guidance of virtue.

On life's journey faith is nourishment, virtuous deeds are a shelter, wisdom is the light by day and right mindfulness is the protection by night. If a man lives a pure life, nothing can destroy him.

There are only two mistakes one can make along the road to truth; not going all the way, and not starting.

To enjoy good health, to bring true happiness to one's family, to bring peace to all, one must first discipline and control one's own mind. If a man can control his mind he can find the way to Enlightenment, and all wisdom and virtue will naturally come to him.


(၀န်ခံချက်။။ကျွန်မရဲ့အရေးအသားများမဟုတ်ပါဘူး။့http://www.brainyquote.com/quotes/authors/b/buddha.html မှBuddha Quotes များကို ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။ )
Happy birthday ကိုရဲ

ဒီကန္တာရမိုးစက်လေးများကို စတင်ရွာသွန်းစေတဲ့ မောင်လေး ကိုရဲ ဒီနေ့ ၈.၁၀.၂၀၀၉ မှာကျရောက်တဲ့ မွေးနေ့မှစ နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေနော့။

ကိုရဲရေ..နင်နဲ့ ငါစတင် ခင်ခဲ့တာတွေကို ပြန်တွေးမိတော့ ရယ်စရာတွေချည်းပဲနော်။ စခင်ချိန်ကတည်းကနေ ဒီနေ့ချိန်ထိ မောင်နှမအရင်းသဖွယ် ခင်မင်ခွင့်ရကြတယ်။ နင်ပြောတဲ့အတိုင်းပေါ့။ ငါက နင့်ရဲ့တသက်လုံးအစ်မအရင်းတစ်ယောက်ပေါ့။ ဆက်ပြီးတော့ ရန်ဖြစ်ဆဲ ၊ တစ်ယောက် ၀မ်းနည်းမှု့ကို တစ်ယောက် မျှဝေပေးနေဆဲ ၊ ပျော်ရွှင်မှု့တွေ ခွဲဝေနေဆဲပဲပေါ့။ နင့်မွေးနေ့အကြိုရက်မှာ ငါနဲ့နင် ရန်ဖြစ်ကြတာကို ငါစိတ်မကောင်းပါဘူး။ အခု ပြန်ခေါ်ပြီနော်။

နင်ပေးခဲ့တဲ့ ဒီ"မငုံ "ဆိုတဲ့နာမည်လေးအတွက် ကျေးဇူးနော့။ နင်စာတွေ ပြန်ရေးသင့်တယ်။ နင် တည်ဆောက်ပေးခဲ့လို့ ဒီကန္တာရမိုးစက်များ ကဆက်လက်ရွာသွန်းနိုင်သလို နင့်ရဲ့ လေလွင့်သူတစ်ယောက်ရဲ့ ရောက်တတ်ရာရာအတွေးများဆိုတဲ့ ပိုစ့်ကောင်းလေးတွေ ဝေမျှတဲ့နေရာလေးကိုလဲ ငါမျှော်နေတယ်လေ။

အမှန်ဆို နင် ပါဝင်လှုပ်ရှားထားတဲ့ တောင်ပေါ်သားတို့ ဆုံဆည်းရာ (တောင်ပိုင်းရှမ်း) နဲ့ မော(၀်)ရှမ်းမြေတို့ ရှိသေးတယ်လေ။ ပြန်လာခဲ့ပါတော့။ ငါတ်ု့ မော(၀်) မောင်နှမတွေ စောင့်နေတယ်။

အခု မော(၀်)ရှမ်းမြေမှာတင်ထားတဲ့ ကဗျာလေးကို နင့်မွေးနေ့အမှတ်တရ အဖြစ် ငါ့အိမ်လေးမှာ ဝေမျှချင်တယ်။ မေမေကို လွမ်းနေတဲ့ နင့်အတွက် မွေးနေ့လေးမှာ ငါတို့လဲ မျှဝေခံစားလွမ်းပေးတယ်နော်။ နင်တစ်ယောက်တည်း မဟုတ်ဘူးလေ ကိုရဲ ရ။

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချက်ကျွေးခဲ့တဲ့ ဟင်းခွက်လေးတွေကိုပေါ့
မြို့ ပြမွမ်းကျပ်မှုတွေရဲ့ အလည်
အားငယ်စွာရုန်းကန်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချုပ်ပေးခဲ့တဲ့ အင်္ကျိလေးတွေကိုပေါ့
ဆေးဆိုးပန်းရိုက်မျက်နှာတွေရဲ့ အလည်
နွမ်းလျှစွာပြန်လည်ပြုံးပြရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ပြောခဲ့ဖူးတဲ့ အားပေးစကားလေးတွေကိုပေါ့
ဟန်ဆောင်မုသားစကားတွေရဲ့ အလည်
တိုးဝှေ့လို့ကျော်ဖြတ်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
နွေးထွေးတဲ့ မေမေရဲ့ အချစ်မေတ္တာတွေကိုပေါ့
မာယာတွေပြည့်နေတဲ့ အချစ်မေတ္တာတွေရဲ့ အလည်
ကြိုးစားလို့ရုန်းထွက်ရင်း
နွေးထွေးတဲ့ “အမေ့ရဲ့ အိမ်” လေးဆီကို သားအရောက်ပြန်လာခဲ့မယ် “မေမေ”

ဝေးတမြေမှ မေမေ့ကို အောက်မေ့လွမ်းဆွတ်လျှက် (ကိုရဲ)


(မီးပုံလေးကို သူငယ်ချင်းတစ်ယောက် ပေးပို့ရမှ ယူသုံးထားပါသည်။)

သီတင်းကျွတ်အခါကို ရောက်လို့လာပြီ။ ဒီလိုနေ့ထူးနေ့မြတ်မှာ မောင်နှမအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပြီး ဘာသာ ၊ သာသနာအကျိုးကို ပိုဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးတယ်နော့။ ဒီလို သီတင်းကျွတ်ပြီဆိုရင် ကျွန်မရဲ့ မွေးရပ်မြေလေးမှာ သီတင်းကျွတ်ကာလ ဖြတ်သန်းရပုံလေးကို သတိရမိတယ်။ ကျွန်မတို့ မြို့လေးရဲ့ ဓလေ့အတိုင်း သီတင်းကျွတ်လပြည့်မတိုင်ခင် အဖိတ်နေ့ညမှာ ဘိုးဘွားမိဘဆရာသမား လူကြီးသူမများကို သွားရောက်ကန်တော့ ကြပါတယ်။ အဲဒီလို ကန်တော့ရောက်လာကြသူများကို အိမ်ရှင်များမှ ဟင်းထုတ်များ ၊ အကြော်များ ၊ ဖျော်ရည် နဲ့ တခြား ဧည့်ခံစရာများနဲ့ ဧည့်ခံကြပါတယ်။

သီတင်းကျွတ်အဖိတ်ညကတည်းက တာဝတိံမှ ပတ္တမြားစောင်းတန်း ၊ ရွှေစောင်းတန်း ၊ ငွေစောင်းတန်းမှ ကြွမြန်းလာတဲ့ မြတ်စွာဘုရားကို ရည်းစူးပြီး ဘုရားကျောင်းဆောင်ပုံလေးများကို ရှမ်းစကူဖြင့် ပြုလုပ်ပြီးရောင်းချထားတာကို ၀ယ်ယူပြီး သစ်သီးပန်းမန်များဖြင့် အိမ်လေသာတံခါးကို ဖွင့်ကာ ဆီမီးထွန်းပြီး ကြိုဆိုကြပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာတော့ မြို့ရှိ ဘုန်းကြီးကျောင်းများသို့ တစ်မြို့နယ်လုံးမှ သွားရောက် အတူတူကန်တော့ ကြပါတယ်။ အဲဒီနေ့မနက်မှာ ဘုရားရှင်ကို ဆွမ်းသစ်သီးပန်းမန်များဖြင့် ပူဇော်ကန်တော့သလို အိမ်ရှိ ထောင့်တိုင်းတွင်လည်းကောင်း ၊ ရေတွင်းများ ၊ ရေကန်များ ၊ လှေကားများ ၊တံခါးများ စသည်ဖြင့် နေရာများတွင် ငှက်ပျောအူတိုင်ဖြင့် ဖက်ခွက်လုပ်ပြီး ငှက်ပျော်ရွက်ခင်းကာ ထမင်းသစ်သီးများနဲ့အတူ စကူအလံတိုင်ငယ်လေး စိုက်ပြီး အိမ်စောင့်နတ်များ ၊ မမြင်ရတဲ့ နတ်များကို ကျွေးမွေးကြပါတယ်။ ညနေပိုင်းမှာတော့ ကလေးများကတော့ ဗျောက်အိုးများ ၊ မီးရှူးမီးပန်းများ ဖောက်ပြီး ကစားကြသလို လူကြီးလူငယ်များမှလဲ အိမ်ကို ဆီးမီးများ ထိန်ထိန်ညီးအောင် ထွန်းညှိပူဇော်ကြတယ်လေ။ နေ့လည်က ငှက်ပျောဖက်ခွက်ထားခဲ့တဲ့ နေရာများမှာလဲ ဆီးမီးထွန်းကာ အမျှဝေပေးပါတယ်။

လမ်းတိုင်း အိမ်တိုင်းတွင် လျပ်စစ်မီးများဖြင့် အလှဆင်ခြင်း ၊ ဖယောင်းတိုင်များနဲ့ အလှဆင်ခြင်းများ ပြုလုပ်ထားကြလို့ အတော်လှပ အေးချမ်းတဲ့ညလေးတညပေါ့။ ထို့အပြင် မြို့ရဲ့အမြင့်ဆုံးတောင် တစ်ခုဖြစ်တဲ့ ဂျူးတောင်ပေါ်သို့ ပအိုဝ့်တိုင်းရင်းသားများမှ မြင့်မိုရ်ပွဲအဖြစ် ဆီးမီးတိုင်များ ကိုင်ဆောင်ကာ သွားရောက်ပူဇော်ကြသလို ၊ မြို့လယ်ဘုရားသို့လဲ ဆီးမီးဖြင့် စီတန်းလှည့်လည်ပြီး သွားရောက်ပူဇော်ပါတာ်။ ဂျူးတောင်ထိပ်သို့ တရွေ့ရွေ့ စီတန်းသွားလာနေတဲ့ မြင်ကွင်းလေးကို ငေးကြည့်ရတာ သိပ်လှတာပဲ။ ကျွန်မတို့မြို့ရဲ့ မြို့လယ်ဘုရားကြီးမှာလဲ အသံမစဲပဌာန်းရွတ်ခြင်းကို သီတင်းကျွတ်မတိုင်မီ ခုနှစ်ရက်ကတည်းက ရွတ်ဖတ်နေပါတယ်။ ကျွန်မတို့ မြို့လေးမှာတော့ သီတင်းကျွတ်ဆိုရင် မိုးတအားရွာကောင်းနေဆဲပါပဲ။ မိုးစိမ့်စိမ့်နဲ့ အေးနေပေမဲ့ လူကြီးမိဘအိမ်များကို လှည့်လည် ကန်တော့ကြတဲ့အမှု့ကတော့ မပျက်ကြပါဘူး။

နောက်နေ့များမှာလဲ မြို့နီးစပ်မှ ရွာများမှ ဘုန်းကြီးကျောင်းများ ၊ တောင်ပေါ်ရှိ ဘုရားများသို့ သွားရောက် အုပ်စုဖွဲ့ကန်တော့ကြပါတယ်။ ကျွန်မတို့မြို့ရဲ့ သီတင်းကျွတ်ပွဲတော်ကတော့ ခုနှစ်ရက်ခုနှစ်လီလို ဆိုလိုလို့ရပါတယ်။ ဘုန်းကြီးကျောင်းများ ၊ တခြားဆွေမျိုးလူကြီးများဆီ ကန်တော့လို့မပြီးနိုင်ပါဘူး။ ပအိုဝ့်လူမျိုးများလှတဲ့ ကျွန်မတို့နယ်လေးမှာတော့ လယ်ယာခွင်နားက တစ်လလုံးနီးပါး တစ်ရွာဝင်တစ်ရွာထွက် ကန်တော့သွားကြပါတယ်။

ဒါလေးကတော့ ကျွန်မတို့မြို့လေးရဲ့ သီတင်းကျွတ်ရိုးရာလေးပါ။



ပင်ယံထက်ကြား ဖူးနုသစ်ငယ်

ပွင့်ရန်ရည်သန် စိတ်ကူးမှန်လို့

နေမင်းရောင်ခြည် စွမ်းအားယူသည်

ရေကြည်ပက်ဖြန်း ဖျားနှားခိုသည် ။

ငါ့တာဝန်က ဘာလဲ။ ငါ့တာဝန်က ပန်းတစ်ပွင့် အဖြစ် ပွင့်လန်းလာဖို့ မဟုတ်လား။ ဒီအပင်မှာ တခြား အဖူးလေးတွေ အပြိုင်အဆိုင် ပွင့်လန်းနေပြီ။ ငါ့လဲ ပွင့်လန်းသင့်နေပြီ။ ပွင့်လန်းဖို့ နေရောင်ခြည်ဒဏ် ခံနိုင်ရမယ်။ သူ့ရဲ့နွေးထွေးတဲ့ အပူလေးကို ခံယူရမယ်။ နောက် ရေလဲ လိုအပ်တာပဲ။ ဒီတခါ ရေပက်ဖြန်းလာရင် ငါမရှောင်ပုန်းတော့ပဲ အလိုက်သင့် ခံယူဦးမှ။




နုနှယ်ဖြူလွ တုမရပြီ

ချိန်ခါရောက်လို့ ပွင့်အားယူသည်

သန့်ရှင်းမွှေးပျံ့ သင်းထုံလေပြီ

ကြွေနွမ်းမတိုင် သူ့တာဝန်ကြား

ငွားငွားစွင့်စွင့် စွမ်းကုန်ပွင့်ပြီ ။

ဒီနေ့ဟာ ငါပွင့်လန်းဖို့ အချိန်ရောက်ပြီ။ လောက သဘောသဘာဝအရ ငါတို့ဟာ ဖူး မယ်။ ပွင့်မယ်။ ပြီးတော့ ကြွေမယ်။ ဒီတော့ မကြွေခင် အစွမ်းကုန် ပွင့်လန်းပြီး ကိုယ်တတ်နိုင်သလောက်လေး ရနံ့မွှေးများနဲ့ အမောပြေစေချင်သေးတယ်။


ပန်ဆင်ထိုက်သူ မျှော်ရင်းစောင့်စား

ချိန်တန်တော့လဲ လေမင်းကျီစယ်

ချူလေတော့သည် ရော်ရီညှိုးနွမ်း

ရနံ့မပြယ် ကြွေပြလေသည်။

သြော်..ကြည့်စမ်း တစ်ချို့ပန်းကလေးများ ပွင့်လန်းတော့ ပန်ဆင်ထိုက်သူတွေက ခူးယူပြီး ပန်ဆင်ကြတော့ ဆံမျှညှာထက်မှာ ၀င့်ကြွားနေကြပါလား။ ပန်ဆင်သူ အလှတိုးအောင် သူ့တာဝန်ကို ဆောင်ရွက်နေကြပါလား။ ငါ့ကို ပန်ဆင်မဲ့သူ ဘယ်အချိန်ရောက်လို့ လာမလဲနော်။ ဟော…လာနေပြီ။ ဒါပေမဲ့ သူခူးဆွတ်သွားတာ ငါမဟုတ်ပါလား။ ဘာဖြစ်ဖြစ် စောင့်နေဦးမယ်။ တကယ့်ပန်ဆင်ထိုက်သူ ပေါ်လာလိမ့်မယ်။ ပန်ဆင်ခံရတဲ့ ပန်းလေးတွေ..နင်တို့ ပျော်ရဲ့လား။ တစ်ချို့က ဒီလိုဖြေတယ်။ ပန်ဆင်ပြီး ညှိုးနွမ်းတာနဲ့ ဒီအတိုင်း စွန့်ပစ်သွားတယ်။ တစ်ချို့ကျတော့လဲ မညှိုးနွမ်းခင်ချိန်လေးမှာ ဆံမျှညှာထက်က ပြုတ်ကျလို့ လမ်းလေးပေါ်မှာ ကျန်နေရစ်ရတယ်။ ပျော်ရွှင်မှု့တန်ဖိုးလေး ရသူကတော့ ယွန်းဘူးလေးထဲမှာပေါ့။ ပန်းပွင့်တိုင်း ခံယူရတဲ့ တန်ဖိုးလေးက မတူညီကြပါလား။ ပန်ဆင်သူမဲ့လို့ ဒီအတိုင်း ကြွေလွင့်ရပြီး လမ်းလေးပေါ်မှာ နင်းလျှောက်သူ အများအပြားကြား ကျေနပ်စွာ ခံယူပြီး နွမ်းကြွေရတဲ့သူလဲ အများသားပါလား။ ငါလဲ ဘာဖြစ်လာမလဲ။

ဒီနေ့ နေလို့မသာ ငြိုးငယ်နေပါလား။ နေမင်းရဲ့တောက်လောက်မှု့ကလဲ ပြင်းပြလိုက်တာ။ ကြည့်စမ်း လေနုအေးလေး သွေးနေတာတောင် ညှာတံငယ်က လှုပ်ခါရမ်းနေတော့ ဒီနေ့ ငါမြေခရပေတော့မယ်။ မြေခသည့်တိုင် ရနံ့လေး မပြယ်စေပဲ ကြွေပြလိုက်မယ်။ နောက်ဆုံးချိန်ထိ ပန်းတစ်ပွင့်ရဲ့ တာဝန်ပေါ့။

ပုံများကို google serach မှ ရှာဖွေတင်ပြထားပါသည်။
နံနက်မိုးသောက် အလင်းရောက်ချိန်မှာ good morning ဆိုတဲ့စကားနဲ့အတူ နှုတ်ဆက်စကားဆိုရင်း နိုးထစေတဲ့ ချစ်တဲ့သူရဲ့ တနေ့တာ နိစ္စဒူဝ စတင်ဆောင်ရွက်ရန် နိုးလိုက်မှု့နဲ့အတူ မနက်ခင်းလေး ပြီးပြည့်စုံသွားတယ်။ ဘ၀အတွက် အလုပ်ကြိုးစားရန် Dateသီးပင်များ တစ်ဘက်တချက်ကြားထဲမှ အရိပ်ရပြီး အေးဆေးငြိမ်သက်စွာ လမ်းလျှောက်နိုင်တဲ့ ကွန်ကရစ်လမ်းလေးအတိုင်း လှမ်းရင်း တနေ့တာအတွက် လှုပ်ရှားသွားလာနေကြတဲ့ လူတွေကို စတင်ကြုံတွေ့ရပြီ။

မနက်ခင်းဆိုပေမဲ့ ကန္တာရနေရဲ့ အပူရှိန်က တောက်လောင်နေလိုက်တာနော်။ တစ်ချို့မှာ မပြီးပြတ်သေးတဲ့ မှတ်တိုင်ရှိ ဘတ်စ်အိမ်လေးကြောင့် ပူပူလောင်လောင် နေရောင်အောက်မှာ ဆယ်မီနစ်တစ်စီးဆိုပေမဲ့ မီနစ်နှစ်ဆယ် ကြာညောင်းချင်ရင်လဲ ကြာနေတတ်တဲ့ ဘတ်စ်ကား အလာလမ်းကို ရုံးချိန်အမှီရောက်ရန် ယာဉ်ကြောမပိတ်ရန် ဆုတောင်းရင်း မျှော်ငေးနေရတာများ မနက်ခင်းဆိုပေမဲ့ အားလုံးရဲ့ မျက်နှာမှာ နေထိပန်းမို့ ညှိုးနွမ်းနေတယ်လေ။ ဒီကြားထဲ ကိုရွှေဒရိုင်ဘာများက ဆယ်မီနစ်ခရီးကို ရွာက လှည်းအလား မောင်းနေလိုက်တာ ဆယ်ငါးမီနစ် မီနစ်နှစ်ဆယ်လဲ ကြာတတ်သေးတယ်။ ယာဉ်ကြောတာပိတ် ပိုလို့သာ ဆိုးပေတော့တယ်။ မြန်ချင်တော့လဲ မိုင်ကုန်မောင်းလိုက်တာများ တစ်ချက်မှ အရှိန်မလျော့ပဲ မီးပွိုင့်နားရောက်မှ မလွတ်တော့မှ ရူတ်တရက် ဘရိတ်အုပ်လိုက်တာများ မကြာမီနှစ်အတွင်းမှာ ဒူဘိုင်းဆိုတာ ကမ္ဘာပေါ်မှာ ယာဉ်တိုက်မှု့အဖြစ်ပွားဆုံး မြို့လေးဖြစ်လာနိုင်ပါတယ်။ ဒီလို အရှိန်မလျော့ ကားကို မိုင်ကုန်မောင်းတာကို ခွင့်ပြုတာ ဒီမြို့လေးပဲရှိတယ်ထင်ပ။ ကိုယ်ဆင်းမဲ့ မှတ်တိုင်မရောက်မီ stopကို နှိပ်လိုက်ပေမဲ့ စိတ်ကူးတွေ ရွက်လွင့်နေတဲ့ ဒရိုင်ဘာကြောင့် နောက်တမှတ်တိုင်ရောက်မှ ဆင်းရပြီး ရုံးနဲ့ မှတ်တိုင် အေးအေးဆေးဆေး လျှောက်ရင်တောင် သုံးမီနစ်လောက်သာ ကြာတဲ့လမ်းကို ဆယ်မီနစ်နီပါး မှတ်တိုင်ကွာခြားမှု့ကြား စိတ်ပျက်စွာ နောက်ကြောင်း ပြန်လျှောက်ရပေဦးမယ်။ sorry ဆိုတဲ့ စကားလေးတခွန်းပဲ ဆိုပေမဲ့ စိတ်အနှောက်အယှက် ဖြစ်သွားရတယ်လေ။ နံနက်ခင်းရဲ့ ကြည်လင်သာယာမှု့က တနေ့တာအတွက် အားဖြစ်စေသလို မိုးလင်းတာနဲ့ စိတ်အနှောက်အယှက်ဖြစ်ရလို့က တနေ့တာအတွက် စိတ်ရှုပ်စရာနဲ့ မျက်နှာမကြည်မသာ ဖြစ်ရတာပေါ့။

လုပ်ငန်းတာဝန်များ စတင်ဖို့ ရုံးခန်းအရောက်မှာတော့ complainဆိုတဲ့ စကားသံကို အရင်ဆုံးကြားရတယ်။ လူတွေများ တယ်ပြီး တက်နိုင်လိုက်တဲ့ complainတစ်နေ့တစ်မျိုး မရိုးစေရဘူး။ လုပ်ငန်းခွင်နဲ့ ရုံးဆိုတာ တစ်နေရာစီဆိုတော့လဲ လုပ်ငန်းခွင်ရှိရာကို ဖုန်းဆက်ပြီးပဲ မေးမြန်းနိုင်တယ်။ အကောင်းဆုံး ပြန်လည်ဖြေရှင်းပေးတယ်။ ဒါကို မကျေနပ်ချင်းများစွာနဲ့ လိုင်းပေါ်ကနေ non-stop ပြောဆိုနေလိုက်တာများ ဘယ်လောက်များ ပူလောင်နေလိမ့်မလဲနော်။ ကိုယ်ချင်းစာနားလည်ပေး အကောင်းဆုံး ဆောင်ရွက်ပေးပေမဲ့ ဘာလို့များ မကျေမနပ်ဖြစ်နေရတာလဲ မသိပါဘူး။ ဥုံ ဆိုပြီး ချက်ချင်းလက်ငင်း ပြီးစီးစေလို့ရတာမှ မဟုတ်တာ။ အသေးအဖွဲလေးများကို ပုံကြီးချဲ့ ချဲ့ကားနေတဲ့ complainများကို နိစ္စဒူဝတွေ့နေရတော့ စိတ်မသက်သာရပါလားနော်။ complain များ ၊ စာရင်းများ ကြား နှစ်မြှ့ပ်ပြီး ကြိုးစားရတာပဲလေ။ သူ့ဆန်စားမှတော့ ရဲရပေတော့မပေါ့။ ချစ်ရတဲ့သူထံမှ ရောက်ရှိလာတဲ့ မက်ဆေ့တွေက အနားမှာ နေပြီးအားပေးသလို ခံစားရတော့ ဖြေသိမ့်စရာ ရှိသေးတာပေါ့။တိုးတက်ခေတ်မီလွန်းလေ လူတွေရဲ့ ကိုယ်ချင်းစာ တရားခေါင်းပါးလေ ဆိုတာ သိပ်မှန်တာပဲ။ တိုးတက်လမ်းအတွက် ကြိုးစားလုပ်ဆောင်နေသူများကြား တွန်းတိုက်ပြီး ကျော်တက်နေရာယူဖို့ ၀န်မလေးတဲ့ လူများ ၊ ၀န်ထမ်းအပေါ် မိသားစုမရှိတဲ့ လူများအမှတ် ၊ ပေးထားတဲ့ လစာနဲ့ အင်မတန်လောက်ငပြီး ပိုလျှံနေတယ်ထင်ပြီး လစာပေးဖို့ မေ့လျော့နေတဲ့ အလုပ်ရှင်များလဲ ဒီ နိစ္စဒူဝမှာ ပူလောင်စွာ ဆောင်ရွက်နေကြတယ်လေ။

ညနေဘက်ရုံးဆင်းချိန်လေးမှာတော့ တနေ့တာ နိစ္စဒူဝဆောင်ရွက်ပြီးလို့ အိမ်အပြန်လမ်းလေးမို့ အားလုံးးက မနက်ကန္တာရ နေရောင်မှ တွေ့မြင်လိုက်ရတဲ့ မျက်နှာများနဲ့မတူ ပင်ပန်းနွမ်းနယ်နေပေမဲ့ ကြည်လင်နေတယ်။ ကန္တာရအပူရှိန်ကလဲ တဖြည်းဖြည်းနဲ့တော့ အလိုက်သိလျော့ပါးပေးတော့ ကြာညောင်းစွာ လှမ်းလာနေတဲ့ ဘတ်စ်ကားကို စောင့်ဆိုင်းနေပေမဲ့ နားခိုရာ အိမ်အပြန်လမ်းမို့ တက်ကြွရွှင်လန်းနေတယ်။ ကိုယ့်နားခိုရာ ကိုယ်စီလေးမှာ အမောပြေစေတဲ့ နှုတ်ခွန်းဆက် စကားနဲ့အတူ ကိုယ်ချစ်တဲ့သူတွေ စောင့်နေတယ်လေ။ တစ်ယောက်နဲ့တစ်ယောက် တနေ့တာ ကြုံတွေ့ရတာတွေကို နားလည်စွာ နားထောင်ပေးတော့ တနေ့တာများက ရေထိတဲ့ကြာပန်းလေးလို့ လန်းနေရပြန်ရောပေါ့။ ချစ်တဲ့သူရဲ့ နောက်တနေ့အတွက် အားအင်ဖြစ်စေမဲ့ အပြုံးနဲ့အတူ အိပ်တော့နော် ဆိုတဲ့ နှုတ်ဆက်စကားနဲ့ တနေ့တာလေးကို နှုတ်ဆက်ရပြန်တယ်။
မောင်ငယ်လေး အဆိပ်ခွက်တဂ်လိုက်တာပါ။ (၅)ခုထဲလားလို့ မေးချင်တယ်။ ဘယ်လိုလုပ်ရပါ့။ ကျွန်မနှစ်သက်တဲ့ အိမ်လေးတွေ အများကြီးပဲ။ အိမ်တိုင်းလိုလိုကို သဘောကျတယ်။ တစ်ချို့အိမ်ဆို ၀င်သွားတာနဲ့ ပျော်ရွှင်မှု့ခံစားရသလို ၊ တစ်ချို့အိမ်လေးကျတော့ နွေးထွေးနေတယ်။ ဗဟုသုတဖြစ်ဖွယ်တွေ ၊ ရယ်စရာ ၊ ပျော်ရွှင်စရာ ၊ ၀မ်းနည်းစရာတွေကို အားလုံး အတူတူမျှဝေခံစား ပေးလို့ရတဲ့ ဒီအိမ်လေးတိုင်း အားလုံးလိုလိုကို လည်ပတ်ရောက်နေဖြစ်တယ်။ ခြေရာလေးမချန်ထားလိုက်မိပေမဲ့ ကြိုက်နှစ်သက်တဲ့ အိမ်လေးတွေလဲ ရှိတယ်။ ဒီအထဲမှ (၅)ခုတည်းဆိုတော့ …..

(၁) ဓမ္မရသ

မြတ်ဘုရားရဲ့ဆိုဆုံးမတွေ ၊ ဆရာတော်ကြီးများရဲ့ တရားတော်တွေ မိန့်ကြားချက်တွေကို ကျမ်းအကိုးအကားနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြလေ့ရှိတဲ့ အိမ်လေးပေါ့။ တစ်ချို့ပိုစ့်လေးတွေကို ပုံပမာနဲ့ တင်ပြသွားတာ ကောင်းတယ်။ ဖတ်ရတာ ရှင်းနေတယ်။

(၂) SONATA CANTATA

မြတ်ဘုရား ဟောကြားတဲ့ တရားတော်များကို ကျွန်မဆိုရင် အတော်များများကို ပါဠိလိုသာ ရွတ်ဖတ်တတ်ပြီး အဓိပ္ပာယ်မသိတာတွေရှိတယ်။ အဲဒီလိုဆိုရင် ဒီအိမ်လေးမှာက ပါဠိ နှင် မြန်မာလိုပါ သိအောင်ဖော်ပြထားပေးတယ်။ တစ်ကြောင်းချင်းစီရဲ့ သဘောတရား အနှစ်သာရကို ဖော်ပြထားပေးလို့ သိပ်နှစ်သက်မိတယ်။ တခါတရံ ကဗျာများကိုလဲ ရေးသားထားတာ လှတယ်။

(၃) ကိုမိုးကုတ်သား

ကိုဘိုဘိုရဲ့ အိမ်လေးမှာတော့ စာသားကို ရွေးသုံးတတ်တာများ နုဖတ်နေတာပဲ။ စကားလုံးသုံးတာ လှရုံတင်မကဘူး။ စာအရေးအသားလဲ အတော်ကောင်းတယ်။ သွားသွားဖတ်ပြီး စာသုံးနှုန်းပုံကို လေ့လာနေရတဲ့အိမ်လေးပါ။

(၄)နှင်းဆီဖြူရဲ့ ကဗျာပျိုးခင်း

မွန်းကြပ်မှု့တွေ ရှိလာတိုင်း မကြီးရောင်ရဲ့ နှင်းဆီပျိုခင်းလေးက ထပ်တူကျအောင် ဖော်ပြပေးနေတတ်တယ်။ အိမ်အ၀င်မှာ ချစ်သောသူနှင့် ကွေကွင်းရခြင်း ဆင်းရဲမှ ကင်းဝေးကြပါစေ…..လို့ ဆုတောင်းစာတန်းလေးနဲ့ ကြိုဆိုနေတယ်လေ။

(၅) မိုးစက်အိမ်

ဒီအိမ်က ကဗျာလေးတွေက ရသတစ်မျိုးပြီး တစ်မျိုးပေးတယ်။ စကားလုံး သုံးနှုန်းထားတာလေးတွေကို တစ်ခါတစ်ရံဆို ထပ်တူကျလွန်းလို့ အမှတ်တရ ကူးယူးသိမ်းထားလိုက်မိတယ်။ (မိုးစက်ရေ..အခုမှ ၀န်ခံလိုက်တယ်နော် :D )
မကြီးကီအိမ်မှာ တစ်သျှူးbox လေးတွေ အကြောင်းတင်ထားတော့ ဖတ်ရင်း ကျွန်မရဲ့ လုပ်ရပ်လေးတစ်ခုကို သွားသတိရမိတယ်။ ကျွန်မ မြန်မာပြည်ကို ဖုန်းခေါ်တိုင်း ကိုယ့်mobile နဲ့ဘယ်တော့မှ မဆက်ပါဘူး။့ ဈေးသက်သာတဲ့ ဖုန်းဆိုင်လေးကနေ ဆက်ဖြစ်ပါတယ်။ ကျွန်မသွားနေကျတော့ Burdubai မှာရှိတဲ့ ဆိုင်လေးတစ်ဆိုင်ပေါ့။ တမီနစ်ကို ဒဟမ်း ၂.၅၀ ဆိုတော့ သက်သာတယ်လေ။

ကျွန်မက အိမ်နဲ့ ဘယ်ခါတွေ့တွေ့ မျက်ရည်ချောင်းစီးနေကြလေ။ မျက်ရည်သာပေါတယ် လက်ကိုင်ပ၀ါတို့ တစ်သျှူးတို့ကျတော့ မဆောင်ထားတတ်ဘူး။ ဒီတော့ ကျွန်မဖုန်းဆက်တိုင်း ငိုမှ သတိရတာက တစ်သျှူး။ ငိုနေချိန်ဆိုတော့ တစ်သျှူးကလိုအပ်လာပြီ။ အခုချိန်မှ ၀ယ်လို့ရတာလဲမဟုတ်။ ဒီတော့ ကျွန်မက ဖုန်းဆိုင်မှာရှိနေတဲ့ တစ်သျှူးbox ထဲကနေပြီး ငိုလိုက် ဆွဲထုတ်လိုက် သုတ်လိုက်ပေါ့။ ဆိုင်ရှင်ကုလားကြီးကလဲ ကြည့်တော့ကြည့်နေတယ် ဘာမှတော့ မပြောရှာပါဘူး။ နောက်တခါ သွားဆက်လဲ အချိုးက မပြောင်းဘူး။ ငိုပြီဆို သူ့တစ်သျှူး box ထဲက တစ်သျှူးပဲ ယူယူသုံးနေတယ်။

တနေ့ ကျွန်မ ဖုန်းဆက်ဖို့ သူငယ်ချင်း လူမော်နဲ့သွားဖြစ်တယ်။ ထုံးစံအတိုင်း ပြောရင်းငိုတော့ တစ်သျှူးရှာပြီလေ။ ဒီတခါမှာတော့ ခုံပေါ်တင်နေကျ တစ်သျှူးbox လေးမရှိနေဘူး။ ဒီတော့ လူမော်ကို တစ်သျှူးပေးဆိုတော့ ဘယ်လိုလုပ်ပါလာမလဲတဲ့။ သွားပြီ ဒီတခါမှတော့ မငုံတို့ ငိုသာငိုပြီး သုတ်စရာမရှိနေဘူး။

အဲဒီဖုန်းဆိုင်က အထွက်မှ လူမော်ပြောလိုက်တာက နင် ဆိုင်ထဲဝင်လာတာလဲမြင်ရော ဆိုင်ပိုင်ရှင်က သူ့တစ်သျှူးbox ကြီးသိမ်းလိုက်တာနေမှာတဲ့ :) ။
ဒီနေ့တနေကုန် ဒီတပုဒ်ထဲပဲ နားထောင်ဖြစ်နေလို့ မောင်နှမတွေကိုပါ နားထောင်စေချင်တယ်။ :)) ဆားချက်တာ ဟုတ်ဘူးနော်။

ဒီလို တော်သလင်းလဆိုရင် ကျွန်မတို့ မွေးရပ်မြေလေးမှာတော့ ဖောင်တော်ဦးဘုရားပွဲတော်ရှိပါတယ်။ ဒီဖောင်တော်ဦး ဘုရားက ပင်လောင်းမြို့ရဲ့ အနီးနားက ပင်လောင်းကြီးဆိုတဲ့ ရွာလေးမှာ တည်ရှိတယ်လေ။ ဒီပင်လောင်းကြီးဒေသဟာ တောင်ထူထပ်ပြီး ဂူပေါင်းများစွာရှိတယ်။ ဒီဂူတွေထဲကို အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ် စတဲ့စစ်ကြီး ခေတ်တွေမှာ သွားရောက်နေထိုင် ခိုအောင်းကြရတယ်လို့ လူကြီးသူမများပြောတာ ကြားဖူးပါတယ်။ ကျွန်မတို့ ပင်လောင်းမြို့လေးကို လူအတော်တော်များများသိတာက ပအိုဝ့်လူမျိုးအများစု နေထိုင်ရာပေါ့။ မှန်ပါတယ်။ ကျွန်မမွေးရပ်မြေရဲ့နယ်မြေလေးမှာ အများစုက ပအိုဝ့်လူမျိုးများဖြစ်ပြီး ရှမ်း ၊တောင်ရိုး အသင့်အတင့် နေထိုင်ပါတယ်။ ဒီပင်လောင်းကြီးကျေးရွာမှာတော့ ရှမ်းလူမျိုးများချည်းသာ နေထိုင်ပါတယ်။ အဓိက လက်ဖက်ခြောက်လုပ်ငန်း ၊ ရှမ်းစက္ကူလုပ်ငန်းနဲ့ အသက်မွေးပါတယ်။

ဒီဖောင်တော်ဦးဘုရားပွဲကို ပင်လောင်းမြို့နယ်တစ်ခွင် ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများ လာေ၇ာက်ကြပါတယ်။ ဒီအတွက်လာရောက်သမျှ ဧည်သည်များကို ကျွေးမွေးရန် ပင်လောင်းကြီး ဖောင်တော်ဦးဘုရားပွဲရဲ့ဟင်းလို့ သတ်မှတ်ရလောက်တဲ့ မျှစ်စင်းဟင်းပါပဲ။ မျှစ်များကို ပင်လောင်းနယ်တခွင်မှ လူကြီးလူငယ်များက ပွဲမစမီ သုံးရက်အလိုကတည်းက မိမိတို့အိမ်မှ ဓားကိုယ်စီနဲ့ သွားရောက်ကြပြီး အတူတကွ စင်းကြပါတယ်။ ဒါလေးက တကယ့်ချစ်စရာ အလေ့အထလေးပါ။ မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှု့မပါပဲ တပျော်တပါး လာရောက် မျှစ်စင်းကြပါတယ်။ မျှစ်စင်းရာမှ ထွက်လာတော့ ဒုတ်..ဒုတ် ဆိုတဲ့ ဓားချက်သံတွေ ၊ အချင်းချင်း စကားပြောခြင်း ၊ နောက်ပြောင်ပြောဆိုခြင်းများဖြင့် ညီညွှတ်စွာ စုပေါင်းလုပ်ကိုင်ကြပါတယ်။ ဒီစင်းပြီးသားမျှစ်များကို ၀က်သားသုံးထပ်သားနဲ့ ချက်ကြပါတယ်။ နောက်အချဉ်ပွဲအနေနဲ့ သရက်သီးစင်းသုပ်လေးပါ။ မလာရောက်နိုင်တဲ့ အိမ်များကိုလဲ ချိုင့်များဖြင့် ထဲ့ပေးပြီး ပို့ဆောင်ပေးပါတယ်။ ဒီမျှစ်စင်းဟင်းကို မစားလိုက်ရရင် တစ်နှစ်တာမပြည့်စုံသလိုအထိ ပင်လောင်းကြီးဖောင်တော်ဦးဘုရားပွဲ မျှစ်စင်းဟင်းက နာမည်ကြီးလှပါတယ်။

ဒီဘုရားပွဲကို ပဒေဿပင်များ သီကုံးပြီး သွားရောက်လှူဒါန်းကြပါတယ်။ ရပ်ကွက်အလိုက် ကျေးရွာအလိုက်အပြင် ပင်လောင်းမြို့ရှိ ကျောင်းများမှလဲ ပဒေဿပင်သီကုံးပြီး သွားရောက်လှူဒါန်းကြပါတယ်။ ကျောင်းသူများကတော့ စိန်ရောင်ခြည်ဘုရားပင့်ကို ပွဲတော်အတွက် နှစ်ပတ်အလိုကတည်းက ဆရာမမှ လေ့ကျင့်သင်ကြားပေးပြီး သွားရောက်ရွတ်ဆိုပူဇော်ကြပါတယ်။ အလယ်တန်းကျောင်းဆိုရင် အတန်းအကြီးဆုံးဖြစ်တဲ့ ရှစ်တန်းကျောင်းသူများမှ ပူဇော်တယ်။ မူလတန်းဆိုရင် လေးတန်းကျောင်းသူများမှ ပူဇော်တယ်။ အဲဒီလို ပွဲတော်ရက် တော်သလင်းလပြည့်နေ့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပတဲ့ ဖောင်တော်ဦးဘုရားပွဲ့အကြောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။ အလည်တစ်ခေါက်အရောက်လာကာ ဘုရားဖူးရင် ပွဲတော်ရဲ့ မျှစ်စင်းဟင်းကို လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်ပါတယ်။။။။။
Justify Fullမေလရဲ့ တညနေခင်းမှာ မိုးမိုးက အပြင်သွားမယ်ပြောလို့ လိုက်သွားရာကနေ ငါးပေရှစ်လက်မ အရပ်အမောင်း အသားညိုမယောင်နဲ့ဖြူဝင်းနေပြီး ရယ်ပြုံးနေတဲ့ မျက်နှာထားချိုချိုနဲ့ သူ့ကိုစမြင်လိုက်တော့ စိတ်ထဲမှာ တော်တော်လေး ရင်းနှီးခင်မင်နေခဲ့မိတယ်။ မိုးမိုးနဲ့စကားတွေ ပြောနေတဲ့ပုံက မာနရိပ်ဆိုတာမရှိပဲ ရိုသေလေးစားမှု့အပြည့်ရှိနေခဲ့တယ်။ အပြန်မှာတော့ ကျွန်မကိုပါ ခေါင်းငြိမ့်ပြီး အသိအမှတ်ပြု နှုတ်ဆက်လိုက်တဲ့ အပြုံးလေးက စွဲမြဲပြီးထင်ကျန်ရစ်လာတယ်လေ။ အဲဒီနေ့ရက်မှစ စနေနေ့တိုင်း ကျွန်မအတွက် တာဝန်လေးတစ်ခု ရရှိလာပါတော့တယ်။ သူ့အဆောင်ဆီသို့သွားပြီး လိုအပ်တဲ့ပစ္စည်းလေးတွေ ပို့ဆောင်ပေးရတဲ့ ၀တ္တုရားလေးကို ကျေနပ်စွာ ထမ်းဆောင်ခဲ့တယ်။

ဧည့်တွေ့ဆောင်ရဲ့ ဆက်တီခုံမှာ ထိုင်နေပေမဲ့ နောက်ဘက်ဆီက လျှောက်လမ်းလာတဲ့ ခြေသံဖွဖွတွေအကြား နှစ်မြောနေမိတယ်။ ပုဆိုးအပြာရင့်ရင့်ကို ရှပ်အင်္ကျီဝါနုနုလေးနဲ့ တွဲဖက်ဝတ်ထားတဲ့ အဲဒီစနေညနေလေးက မေ့မရဖြစ်ခဲ့မယ်ဆိုတာ မယုံကြည်ရဲခဲ့ဘူး။ “ ညီမလေး sorry နော်။ စောင့်နေတာကြာသွားလား “ တဲ့။ တွေ့တာနဲ့ နှစ်လိုဖွယ်ကောင်းပြီး ပြုံးရယ်နေတတ်တဲ့ မျက်နှာထားလေးနဲ့ အားတုံ့အားနာပုံဖြင့် ပြောဆိုလာပုံက နွေးထွေးနေတယ်။ အသက်အရွယ်ချင်း တစ်နှစ်သာကွာပေမဲ့ လူကြီးဆန်လှတယ်။ သူ့ရဲ့မေးမြန်းမှု့တွေနဲ့အတူ စကားတွေပြောနေပေမဲ့ ရှက်ရွံ့မှု့တွေက အလိုလိုဖြစ်ပေါ်လာမိတယ်လေ။ ကားထဲအရောက် ပို့ဆောင်ပေးပြီး နှုတ်ဆက်ထွက်သွားတဲ့ သူ့နောက်ကျောပြင်ကို ကားပေါ်ကနေ အလိုအလျောက် ငေးမောနေမိတယ်။

တနင်္ဂနွေနေ့လည်ခင်းမှာတော့ သူ့အဆောင်နဲ့ ကျွန်မတို့နေထိုင်ရာ အိမ်လေးက မဝေးပေမဲ့ လမ်းက သွားရခက်တာမို့ လေယာဉ်ပြေးလမ်းပေါ်ကနေပဲ ဖြတ်လမ်းဖြင့် စက်ဘီးတစ်စီးနဲ့ ရောက်ရှိလာပြီး အိမ်မှာပဲ သူ့မိသားစုနဲ့ဖုန်းပြော၊ နေ့လည်စာစား၊ စကားပြောခြင်းများဖြင့် ညနေ ငါးနာရီမထိုးမချင်း အချိန်ကုန်ခဲ့တယ်လေ။

တနင်္လာနေ့ကနေ သောကြာနေ့အထိ အရင်ကဆို အမောင်းသင်လေယာဉ်သံများကို အမှု့မဲ့အမှတ်မဲ့ ရှိနေခဲ့သူက အခုဆို ကျောင်းပြန်လာချိန်တိုင်း အိမ်ထဲမ၀င်ဖြစ်သေးပဲ အိမ်ကနေ မြင်တွေ့နေရတဲ့ မြင်ကွင်းလေးကို ငေးမောနေတတ်လာခဲ့တယ်လေ။ စနေနေ့ရက်များကိုလဲ ရင်ခုန်စွာ မှန်ရှေ့မှာ အချိန်ပိုကြာမြင့်စွာ နေတတ်လာသလို တနင်္ဂနွေနေ့ ရက်ပေါင်းများစွာကိုလဲ ဒန်းလေးပေါ်ကနေ စာထဲစိတ်ဝင်စားသယောင်နဲ့ လာရာလမ်းလေးဆီ ငေးမောနေတတ်လာခဲ့တယ်။ ခပ်ဝေးဝေးမှ အရိပ်လေးကို တွေ့မြင်ရတယ်ဆိုရင်ပဲ လက်ဖျားခြေဖျားတွေ အေးစက်လာမိပြီလေ။

နာ၇ီစက္ကန့်တိုင်း ရက်တွေတိုင်းဖြတ်ကျော်လာခဲ့ရသလို သူနဲ့ရင်းနှီးပျော်ရွှင်စွာ နေရတဲ့အချိန်တိုင်းကို စိန်စီထားမိလာတယ်။ အချွဲနွဲ့လွန်းပြီး “ကိုး “ လို့ခေါ်လိုက်တိုင်း ရယ်ဟဟနဲ့ သဘောကျနေတတ်တဲ့ ၊ စိတ်ကောက်နေတဲ့ ကျွန်မကို ခေါင်းပုတ်ပြီး ချော့လိုက်ဖို့ ၀န်မလေးတတ်သလို ၊ ကျွန်မ စိတ်ဆိုး စိတ်ကောက်မှာ အင်မတန်မှ ကြောက်သူပေါ့။ တစ်ခါတစ်ရံ မိန်းကလေးပါးစပ်ဖျား ထွက်ပေါ်လာတဲ့ သူ့နာမည်ကို ကြားရရင်တောင် ပူလောင်စွာ သ၀န်တိုမိနေပြီး မျက်နှာစူပုတ်နေတတ်ပေမဲ့ အဲဒီမိန်းကလေးတွေအရှေ့မှာ နေပူမှာစိုးလို့ အရိပ်အောက်မှာ နေဖို့ နဲ့ မြင်ရလောက်တဲ့နေရာကနေ ရပ်ပြီး မကြာခဏ စိတ်ပူစွာ လှမ်းကြည့်နေတတ်တဲ့ အချိန်ကျတောဲ့ မော်ကြွားစိတ်နဲ့ ပြုံးနေမိတယ်လေ။

အများအမြင်မှာ လက်တွဲခိုင်မြဲမယ်လို့ ထင်မြင်ယူဆချက်ကြား ကွဲကွာခဲ့ရပေမဲ့ ဒီပျော်ရွှင်စရာ ဒိုင်ယာရီနေ့ရက်လေးကိုတော့ မမေ့ဖျောက်မိသေးဘူးလေ။

မကြီးကျေနပ်တယ်မလား?? ဒိုင်ယာရီရက်စွဲများထဲကနေပြီး ပျော်ရွှင်ခဲ့ရတဲ့ ဒိုင်ယာရီနေ့စွဲလေးကိုပဲ ဖတ်ပြလိုက်မိတယ်လေ။
မမရေ..ဒီနေ့ သြဂတ် ၂၅ ရက်နေ့ မမရဲ့မွေးနေ့ရောက်လာပြန်ပြီ။ မွေးနေ့မှာ အတူမရှိတာ နှစ်နှစ်ရှိသွားပြီနော်။ အစ်မကောင်းတယောက် ပီသတဲ့ မမ မွေးနေ့ရက်မှစ ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ရှိနေပါစေ။

မမရေ သိလား. ဒီနေ့ပြန်တွေးကြည့်မိတယ်။ မမ ဘယ်လိုအစ်မမျိုးလဲ?? ဘယ်လိုသမီးမျိုးလဲ?? ဆိုတာကိုလေ။ မမ အကြောင်းကို ပြန်တွေးကြည့်ပြီး ရယ်မိတာတွေရှိသလို သနားတာတွေလဲ အများကြီးပဲ။ မမ က မိသားစုကိုချစ်တာ တအားတရားလွန်အောင် ချစ်တတ်တယ်နော်။ မမက မိသားစုကိုထိရင် တစက်ကလေးမှ မကြိုက်ဘူးနော်။ လူကြီးတွေပြောပြလို့သိရတာက မမက မေ့နို့ကို ခြောက်လပဲစို့လိုက်ရတယ်တဲ့။ နို့မဖြတ်ရပဲ ပြတ်သွားရတဲ့ အကြောင်းလေးကတော့ သနားစရာပဲ။ ခြောက်လအရွယ် လေးဘက်ထောက်တတ်နေပြီ ဖြစ်တဲ့ မမက တစ်နေ့ ပင်လောင်းရဲ့အအေးဒဏ်ကြောင့် ရေနွေးအိတ်ကပ်ထားတဲ့ အမေ့ရင်ခွင်ပေါ် မပြောမဆို တက်ပြီး နို့စို့မလို့အလုပ် ပျော့ပျော့လေးဖြစ်နေတဲ့ ရေနွေးအိတ်ရဲ့ အထိကြောင့် လန့်ဖြန့်သွားပြီး အဲဒီနေ့ကစ ဘယ်လိုမှ နို့တိုက်လို့မရတော့တာတဲ့လို့ ကြားလိုက်ရတော့ ရယ်ရမလိုလို ငိုရမလိုလိုနဲ့ သနားမိပါတယ်။

ဒါ့အပြင် ကြောင်ကြောက်ပါတယ်ဆိုတဲ့ ငါရဲ့အဖြစ်ဟာ မမရဲ့ကြောင်ကြောက်မှု့ကိုတောင် မမှီဘူးနော်။ မွေးပွအရုပ်လေးရဲ့အမွှေးအမျှင်ကိုလဲ ကြောက်တတ်သေးတယ်။ ဒီတော့ ငါ နဲ့ မောင်လေး သားသားတို့ရဲ့ စ စရာကိုဖြစ်နေတာပေါ့။ ကြောက်တတ်မှန်းသိတဲ့ မမကို ကျားသားရေနဲ့ လိုက်လိုက်ခြောက်ကြတာ ငယ်တုန်းကတော့ ပျော်ခဲ့ပေမဲ့ အခုပြန်တွေးကြည့်တော့ မမရေ..ငါ နင့်ကိုသိပ်သနားတာပဲ။ ဘယ်လောက်တောင် ကြောက်လိုက်မလဲနော်။ အဲဒီတုန်းကတော့ ကြောက်ပြီး လန့်ဖြန့်ငိုတာကို သဘောကျခဲ့မိတာ တော်တော်ဆိုးခဲ့တာပဲနော်။

သားသားကိုလဲချစ်လိုက်တာ လွန်ရော။ တစ်ဦးတည်းမောင်မို့လို့ ငါတို့လဲ ချစ်ပါတယ်။ ဒါပေမဲ့ နင်က သည်းကိုသည်းလွန်းပါတယ်ဟယ်။ ငါတို့ သူ့ကိုပြောရင်တောင် မခံနိုင်ဘူး။ မေ့နဲ့ နင် ဒီလောက်အလိုလိုက်နေလို့ သားသားက ဆိုးနေတာသိလား။ အဟဲ ငါက လိမ္မာတယ်လို့ ကြော်ငြာတာပေါ့။ ပညာတွေချည်းပဲ သင်နေလိုက်တာ ပညာလောဘကို ကြီးလွန်းနေတယ်နော်။ ကိုယ့်ဘာသာကိုယ် ပညာလောဘကြီးတိုင်း ငါ့ကိုလဲ အလွတ်မပေးပါလား။ တစ်ချိန်လုံး စာဆက်သင်ဖို့ပဲပြောနေတယ်။ တော်ပြီဟာ ဆက်မသင်ချင်တော့ဘူး။ အခုတောင် လေးနေပြီ။ ထပ်မထဲ့ချင်တော့ဘူး။

ငါတွေးမိတယ်။ စိတ်ထားဖြူစင်လွန်းပြီး နူးညံ့လွန်းတဲ့နင်ဟာ တကယ့်ဘ၀ထဲကို ၀င်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးနော်။ ဒီတော့ မိသားစုနဲ့စာပဲ သိတဲ့နင့်ကို ငါအပျိုကြီးလုပ်ခိုင်းမယ်။ ဒါပေမဲ့ နင်က ငါဒီမထွက်လာခင်ရက်တွေမှာ ဟိုရောက်ရင် ဘယ်လိုနေထိုင်၊ ဘယ်လိုဂရုစိုက်နဲ့ အကြီးပီပီ မှာနေတာ ပြီးကို မပြီးနိုင်ဘူး။ နားငြီးလို့ အိပ်ချင်ဟန်ဆောင်လိုက်တာ မသိဘူးမလား။ နားထောင်ရင်း အိပ်ပျော်သွားတယ် မှတ်နေတယ်မလား။ အငိုသန်တဲ့နင်က ငါတောင်အိမ်က မထွက်ရသေးဘူး ငိုနေပြီ။ လေဆိပ်ရောက်တော့လဲ နင့်ကိုကြည့်ပြီး ငါတောင် မသွားချင်စိတ်တွေ ပိုပေါ်လာတယ်။ ငါက စိတ်ညစ်လို့ငိုပါတယ်။ နင့်ရှေ့ရောက်ရင် ငိုတောင်မငိုရဲသလောက်ပဲ။ ငါခံစားရတာထက် ပိုပြီးနင်က ခံစားရသလိုဖြစ်နေတော့ ငါ့မှာ မငိုရဲဘူးဟ။ နောက်အွန်လိုင်းမှာတွေ့ရင် မငိုနဲ့ ကြားလား။

မမရေ..နင့်မွေးနေ့အတွက် ငါကုသိုလ်ကောင်းမှု့ပြုပေးတယ်နော်။ စိတ်သိပ်မကောက်နဲ့။ နေကောင်းအောင်နေ။ ဟိုတခါလို ဖိနပ်လေး တချက်ချော်တာနဲ့ ခြေချောင်းလေး ကျိုးတဲ့လောက်အထိ မဖြစ်နဲ့နော်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ချစ်တဲ့မိသားစုနဲ့အတူ ဘ၀တလျောက်လုံး သာသနာအကျိုးကို ဆထက်တပိုး သယ်ပိုးဆောင်ရွက်ရင်း ပျော်ရွှင်စွာ အသက်ရှည်ရှည် နေထိုင်သွားကြရအောင်နော်။
ကျွန်မအနှစ်သက်ဆုံးသော ရှမ်းပုံပြင်လေးတစ်ပုဒ်ပေါ့။ ငယ်ငယ်လေးတုန်းကလဲ အမြဲနားထောင်ခဲ့ရသလို ဆယ်တန်းရောက်တော့လဲ သင်ခဲ့ရတယ်။ မောင်နှမများ သိပြီးသားဖြစ်ပေမဲ့ ကျွန်မသိပ်နှစ်သက်တဲ့ ပုံပြင်လေးကို ပြောပြချင်တယ်။

ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတစ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့ အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။

အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူက လုံးဝသဘောမတူပေမဲ့ ခွန်ဆန်လောရှေ့မှာတော့ သမီးရင်းပမာချစ်ပြပြီး နောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။

လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။

နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ပြောပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။
တုနန် တဂ်လိုက်ပြန်ပြီ။ ခုတလော ဘာတွေဖြစ်နေတယ်ဆိုတာ သိချင်တယ်တဲ့။ အင်းးး ပြောရရင်တော့ အခုတလော အခြေအနေမကောင်းဘူး။ ကောင်းတာ တခုမှ ရှိဘူးရယ်။ ကဲ..မငုံ အခုတလော ဘာဖြစ်နေတယ်ဆိုတာ ကြည့်ရအောင်…

တွေးနေမိတာက
ဘာတွေများ သေချာလုပ်ပြီးပြီလဲ။ ( ဟိုတစ်စ ဒီတစ်စ နဲ့ ဖွထားတာတွေ အများကြီးပဲ )

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
စိတ်အလိုတအားလိုက်နေတယ်။ ( စိတ်ထဲရှိတာ လျှောက်လုပ်ဖြစ်နေတယ်။ ကိုယ်ဘာသာကိုယ်တောင် စိတ်ပျက်လာတယ်)

ကျန်းမာရေး
၂၀၀၉ နှစ်စကတည်းက ချူချာလိုက်တာ ဆေး နဲ့ ဆရာဝန် ရဲ့ မျက်နှာတောင် မကြည့်ချင်တော့ဘူး။ :P

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
ရှမ်းယဉ်ကျေးမှု့သမိုင်း ( တူတော်မောင်ချီခန့် ပေးထားတာလေ။ ဖတ်လဲ ဖတ်သင့်နေတယ် )

ရောက်နေဖြစ်တာက
လမ်းထိပ်က ကလေးကစားကွင်း ( ဒန်းစီးရတာကို ကြိုက်လို့်)

ရေးဖြစ်နေတာက
တဂ်ကြွေးတွေဆပ်နေတယ်။ ( ဒီတပုဒ်နောက်ဆုံးပဲ )

နားထောင်ဖြစ်နေတာက
cry on my shoulder ( ကိုယ်ဘာသာကိုယ် နှစ်သိမ့်နေတာပါ )

ရွတ်နေမိတဲ့ ကဗျာက
မရွတ်ဖြစ်ပါဘူး။ ( သီချင်းတော့ လိုက်အော်နေမိတယ်)

ဖြစ်ချင်နေတာက
အိမ်စောင့်နတ် ( ဒါဆို ကိုယ်ချစ်တဲ့အိမ်မှာ အမြဲနေရမယ်နော်)

စားဖြစ်နေတတ်တာက
မစားချင်လဲစား ၊ စားချင်လဲစားနေရတဲ့ မိသားစုမပါ ထမင်းဟင်းပွဲ

သနားနေမိတာက
သူဌေးအပါအ၀င် ၀န်ထမ်းတယောက်မှ မရှိတဲ့ ရုံးခန်းမှာ ထိုင်နေတဲ့ မိန်းကလေးတယောက်

လွမ်းနေမိတာက
မိသားစု ( တအားကိုလွမ်းနေတာ)

မေ့လျော့ပစ်မိနေတာက
အသက်ကို ကံ တင်မကဘူး။ ဥာဏ်ပါစောင့်တယ်ဆိုတဲ့ စကား ( အခုချိန်ထိတော့ ကံကောင်းနေသေးတယ်။ ဘာမှမဖြစ်သေးဘူး )

ခါးသက်နေမိတာက
နွေးထွေးမှု့မရှိတဲ့ အရပ်ဒေသမှာ နေနေရတာ ( ဘာတခုမှ မက်မောစရာမရှိပဲ နေနေတာ အံ့သြလာပြီ)

တမ်းတနေမိတာက
နွေးထွေးတဲ့ ရင်ခွင် (အမေ ၊ အမတွေကို ဖက်ပြီး အားရပါးရ ငိုချင်နေတယ်)

ကြိတ်ပြီးချီးကျူးနေမိတာက
မေတ္တာတရားနဲ့ နေနိုင်တဲ့သူတွေ ( ကိုယ်က မေတ္တာထက် အတ္တတွေများနေတယ်)

ကြိတ်ပြီးအထင်သေးနေမိတာက
အကြင်နာကင်းပြီး ငါမှငါသမားများ ၊ ကိုယ့်အကျိုးပဲကြည့်တဲ့လူစားများ ( ကိုယ်တောင် ပါဝင်နေသလားလို့ အလန့်တကြား ပြန်တွေးနေမိတယ် :D )

ဆန္ဒမရှိတဲ့နေရာ
ဒူဘိုင်း ( မရှိလဲ နေနေရတယ် )

ဆန္ဒရှိနေတဲ့ ကိစ္စ
ပင်လောင်းပြန်ပြီး အိမ်မှာ မိသားစုနဲ့ အားရပါးရရယ်မောချင်တယ် ( ဟက်ဟက်ပက်ပက်မရယ်ရတာကြာနေပြီ။ လူကစက်ရုပ်ဖြစ်နေပြီ)

ချစ်နေတာက
Laptop ပိစိကွေးလေး နဲ့ Wireless Network ( အဲဒါတွေရှိနေလို့ ကိုယ်ချစ်တဲ့သူတွေနဲ့ တွေ့နေရတာ)

စိတ်ပျက်နေမိတာက
ပြန်လာတိုင်း ကြိုဆိုနေတဲ့ နှစ်ထပ်ကုတင် ( အိမ်ထဲဝင်ရမှာတောင် ကြောက်လာတယ်)

စွဲလန်းနေမိတာက
Facebook က Farm Ville နဲ့ တခြားဂိမ်းတွေထဲပဲ စိတ်ရောက်နေတယ်။ ( စိတ်ကြိုက်ကို ချယ်လှယ်စိုက်ပျိုးနေပါတယ်)

လိုအပ်နေတာက
နွေးထွေးမှု့ ( အသက်မပါတဲ့ လူတွေမျက်နှာကို ကြည့်ရတာများလာလို့ တအားလိုအပ်နေတယ်)

တောင်းနေမိတဲ့ဆု
၂၀၁၀ ဧပြီ မြန်မြန်ရောက်ပါစေ ( ခွင့်နှစ်လ ရမှာမို့လေ)

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
အားးးးးးးးးးးးးးးးးးး

ဝန်ခံချင်တာက
ဘာတခုမှ ဖြစ်မြောက်အောင် မလုပ်သေးဘူး။ ချမှတ်ထားပြီး မလိုက်နာနိုင်သေးဘူး။ ( တခြား ၀န်ခံစရာတွေ အများကြီးရှိသေးတယ် :D )

ကဲ တုနန် မငုံတစ်ယောက် အခုတလော အလုပ်ကြီးအကိုင်ကြီးတွေ လုပ်နေပါတယ်။ ရေးရင်းနဲ့တောင် တော်တော် ဆိုးဝါးနေပါလားဆိုတာ ပိုပိုသိလာတယ်။ အင်းးးးပြင်ရဦးမှာပါလားနော်။ ပြောပြန်ပြီ။ ပြီးတော့လဲ ဒုံရင်းပဲ :D
ဦးလူထွေးအိမ်မှာ ကောမန့်အပေးကောင်းလို့ သိမ်းကြုံတဂ်တဲ့အထဲ ပါဝင်သွားတယ်။ လေးစားရတဲ့ သူရဲကောင်းတွေကတော့ အများကြီးပဲ ဦးလူထွေးရ ။ ရှေးရှေးပဝေသဏီကနေစတာပေါ့။ အစက ကျွန်မ ၀န်းသိုစော်ဘွားကြီးအကြောင်းရေးဖို့ စိတ်ကူးထားပေမဲ့ လိုအပ်တဲ့ အချက်အလက်တွေအတွက် အခက်အခဲ ရှိခဲ့တယ်။ ကျွန်မရဲ့မောင်လေး ခွန်ဖ( ယမကာလုလင်) နဲ့ တူတော်မောင် ချီခန့် (ငပျင်းလေး) တို့ကို အပူကပ်နေရတာ။ နောက်ဆုံးမှာတော့ အနုပညာလောကမှာ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေသာမက မြန်မာတစ်နိုင်ငံလုံးက အသိအမှတ်ပြုထားရတဲ့ တေးရေးဆရာ ဦးစိုင်းခမ်းလိတ်အကြောင်း ရေးဖို့ ရွေးလိုက်ကြတယ်။

တေးရေး ဆရာ ဦးစိုင်းခမ်းလိတ်ကို ၁၉၄၉ ခု ဧပြီလ ၂၇ ရက်နေ့မှာ သိန္နီ စော်ဘွားကြီးရဲ့ အမတ်၊ ရှမ်းစာဆိုတော် လုံးခမ်းကာ နဲ့ ပါစိန်ဥတို့ရဲ့ သားသမီး ၄ ယောက်အနက် ဒုတိယ သားကြီး အဖြစ် သိန္နီမြို့ ဟိုတဲန့်ရပ်ကွက်မှာမွေးဖွားခဲ့ပါတယ်။ ၁၉၇၁ မှာ ဒေါက်တာဒေါ်နွဲ့နွဲ့တင်နဲ့ လက်ထပ်ပြီး သားသမီး ၄ ယောက်ထွန်း ကားခဲ့ပါ တယ်။ ၁၉၇၆ မှာ M.B.B.S ဆရာဝန်ဘွဲ့ကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ဆရာဦးစိုင်းခမ်းလိတ် ဟာ ရိုးသားကြိးစား သူတယောက်ဖြစ်ကာ တော်တော်လေး စာဖတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဆေးကျောင်းက တက္ကသိုလ်ဆရာတချို့ ကတောင်သူ့ဆီ စာအုပ်တွေ ပြန် ငှားဖတ်ရတယ်လို့ သိရပါတယ်။

ဆရာဦးစိုင်းခမ်းလိတ်ဟာ ၁၉၆၅-၆၆ ကတည်း က တေးသီချင်းများကို စတင်ရေးစပ်ခဲ့ပါတယ်။ တေးသီချင်းတွေအမြောက်အများရေးစပ် သီကုံးခဲ့တယ်။ မန္တလေးရောက်ရှမ်းတယောက် သီချင်းနဲ့ မြန်မာတပြည်တခုလုံးသာမက တိုင်းရင်းသားတွေကြားမှာ နာမည်ကြီးခဲ့တယ် လို့လဲ သိရှိရပါတယ်။

ဆရာဦးစိုင်းခမ်းလိတ် ရေးသားခဲ့တဲ့ တေး အပုဒ်ရေ ၁၀၀၀ ကျော်အနက် အင်္ဂလိပ်တေးသီချင်း ၃၅ ပုဒ်၊ မြန်မာ တေးသီချင်း အပုဒ်ရေ ၅၀၀ ၀န်းကျင်နဲ့ ရှမ်းတေးတွေအများအပြားရေးသားတဲ့အတွက် ပင်လုံမြို့ ပရိယတ္တိသဒ္ဓမ္မပါလပိဋိကတ် ရှမ်းဘာသာပြန် ကျောင်းတိုက် နှစ် ၅၀ ပြည့် ရွှေရတုသဘင်အခမ်းအနား ကျင်းပရေး ကော်မတီက သျှမ်းစာဆိုကျော်အဖြစ် ဂုဏ်ပြု ချီးမြင့်ထားပါတယ်။

ဆရာဦးစိုင်းခမ်းလိတ်ရေး သီချင်းတွေထဲမှာ ကျွန်မ နှစ်သက်တဲ့သီချင်းတွေ အများကြီးပဲ။ အဲဒီအထဲမှ အနှစ်သက်ဆုံးသီချင်းကတော့ သဘာဝ ဆိုတဲ့ အဲဒီသီချင်းပဲ။ တော်တော်လေးကောင်းတယ်။ စာသားတွေလဲ အဓိပ္ပါယ်ဖွဲ့စည်းတာ လှတယ်။ လေးနက်တယ်။ ကျွန်မငယ်ငယ်ကဆို ဦးထီးဆိုတာနဲ့တင် ဆရာဦးစိုင်းခမ်းလိတ်ကိုပါ တခါတည်းတွဲမြင်လာတယ်။ ဆရာဦးစိုင်းခမ်းလိတ်က ရှမ်းပြည်အလှအပ၊ လူနေမှုဘ၀ ဖေါ်ဆောင်တဲ့တေးတွေလဲ အများအပြား ရေးသားခဲ့တယ်။ ဂီတအနုပညာကဏ္ဍမှာ တောင်ပေါ် ရှမ်းတိုင်းရင်သားတွေအတွက် စံပြပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြု ဂုဏ်ယူခံရတယ်။


ဝန်ခံချက် ၊ ၊ ဒီပိုစ့်အတွက် ကျွန်မက စာဖတ်ပြီး ရေးရုံသာဖြစ်ပါတယ်။ ဒီအချက်အလက်များကို သျှမ်းသံတော်ဆင့်မှ ရယူထားခြင်းဖြစ်ပါတယ်။ လိုအပ်တဲ့ အချက်အလက်အားလုံးကို ရှာဖွေပေးတဲ့ ခွန်ဖ( ယမကာလုလင်) ကိုကျေးဇူးတင်ပါတယ်။ ဒီအချက်အလက်များကို သျှမ်းသံတော်ဆင့်မှ ရယူထားခြင်းဖြစ်ပါတယ်။
ရီနိုမာန် က အကြွေးစာရင်းစာအုပ်ကြီးနဲ့ တောင်းနေပြီ။ ရီနိုမေးသလိုပဲ လူတိုင်းမှာ မူလတန်းကနေ အထက်တန်းအထိ အမှတ်တရပေါင်းများစွာနဲ့ပါပဲ။ ဒီထဲမှာမှ ဆုလာဒ်အဖြစ်ရရှိခဲ့သလို ၊ ဆူးစူးခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်။

ပထမဆုံး ဆုအနေနဲ့ပြောရရင်တော့ ကျွန်မက ပင်လောင်းမြို့ အထက်တန်းကျောင်းမှာ မူလတန်းကနေ အလယ်တန်းအထိ ကျောင်းတက်ခဲ့တယ်။ ငယ်ငယ်ကတော့ စာတော်တဲ့စာရင်းထဲမှာပါခဲ့တယ်။ အဆင့် တစ် ၊ နှစ်ကနေ မဆင်းဘူး။ ကျွန်မနဲ့ နန်းခမ်းမွန်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ပဲ တစ်လှည့်စီ ယူနေကြတာ လေးတန်းအထိပေါ့။ သူက အဆင့်တစ်ရလိုက်၊ ကျွန်မ က ရလိုက်နဲ့ တစ်လှည့်စီယူနေပေမဲ့ နှစ်ယောက်စလုံး စိတ်ထဲမှာ ဘာမှရှိမနေပါဘူး။ စာပြိုင်ဖက် ဘာညာဆိုတာမရှိပါဘူး။ ကျွန်မတို့နှစ်ယောက်က ကစားအတူ ၊ စာကျက်အတူပါပဲ။ ကျွန်မထင်တယ်။ ကျွန်မတို့မြို့က ကလေးတွေက ပြိုင်ဆိုင်မှု့တွေ ဘာတွေမလုပ်တတ်ကြဘူး။ သူစာတော်လို့ဆိုပြီး မနာလိုဖြစ်နေတာတွေ ဘာတွေလဲမရှိဘူး။ အားလုံး ချစ်ချစ်ခင်ခင်ပဲ။ ဒါက ကျွန်မတို့လက်ထက်တုန်းကလေ ။ အခုတော့ မသိပါဘူး။ ဒီလိုနဲ့ အလယ်တန်းကျောင်းသူဘ၀ရောက်တော့ နန်းခမ်းမွန်က ရန်ကုန်ကို ပြောင်းသွားတယ်။ ဒီလိုနဲပဲ ကျွန်မတယောက် အလယ်တန်းကျောင်းသူဘ၀ကို ပညာသင်တော့ ခဏကလိုပဲ အဆင့် တစ်၊ နှစ်နဲ့ပဲ ကျောင်းတက်ခဲ့တယ်။ နောက် ကျွန်မတို့ အထက်တန်းကျောင်းကို အလယ်တန်းကျောင်းအဖြစ် သတ်မှတ်လိုက်ပြီး ကျောင်းအသစ်တစ်ကျောင်းကို အထက်တန်းကျောင်းအနေနဲ့ သတ်မှတ်လိုက်ပါတယ်။ ရီနို တက်ခဲ့တာ အဲဒီ အထက်တန်းကျောင်းသစ်ပါ။ ကျွန်မကတော့ မတက်ဖူးလိုက်ပါဘူး။ အထက်တန်းကျောင်းသူဘ၀ကိုတော့ တောင်ကြီး အ.ထ.က (၅)မှာ တက်ခဲ့ပါတယ်။ ဒီတခါတော့ နယ်မြို့လေးကကျွန်မ တောင်ကြီးက လူတွေကို မယှဉ်နိုင်ခဲ့ဘူး။ စာတော်တယ်ဆိုတဲ့အဆင့် ၊A အခန်းမှာ နေရတဲ့ အဆင့်ပါပဲ။ တစ်နှစ်သုံးဆိုတာ ကျွန်မ မရခဲ့တော့ဘူး။

ကျွန်မရဲ့ကျောင်းသားဘ၀မှာ ဆုနဲ့ပက်သက်တဲ့ ထူးထူးခြားခြား အောင်မြင်မှု့ဆိုလို့ ကျွန်မ အစိုးရစစ်ကို မီလိုက်သေးတယ်။ မူလတန်း ( လေးတန်းကျောင်းသူ) မှာပါ။ ရှမ်းပြည်နယ်တစ်ပြည်လုံးမှာ ပထမဆုကိုရခဲ့တာ ဒါလေးတစ်ခုပဲ အောင်မြင်မှု့စိုက်ခဲ့နိုင်ပါတယ်။

ဆူးစူးခဲ့တာတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် စူးလိုက်တာလေးကိုပဲ ပြောပြမယ်။ ကျွန်မ စာပေးကူးကောင်းပုံလေးပါ။ သင်္ချာဆရာပေါ့။ အိမ်စာတွေအများကြီး ပေးလိုက်တယ်။ အဲဒီဆရာက စာသိပ်မစစ်လိုဘူး။ ဆိုတော့ ကျောင်းသားအတော်များများကလဲ အပြီးမလုပ်ကြတာများတယ်။ တစ်ရက်မှာတော့ ဆရာက သူ့အချိန်မရောက်ခင် အခန်းပြင်ကနေ အော်သွားတယ်။ ဒီနေ့စာအုပ်စစ်မယ်တဲ့။ အားလုံးပြူးတူပြာတာ ဖြစ်ကုန်ရော။ ဒါပေမဲ့ ကျွန်မကတော့ အေးဆေးပေါ့။ အိမ်စာအားလုံးပြီးပြီးသားဆိုတော့။ ပြောရရင် ကျွန်မနဲ့ သုံးလေးယောက်ကလွဲ တခန်းလုံးက စာမလုပ်ထားတဲ့သူများနေတယ်။ တစ်ချို့ကလဲ ပုစ္ဆာနားမလည်တာနဲ့ မတွက်ရသေးတာ၊ စာတစ်ချို့မရှိတာ များတာပေါ့။ ဆရာ့ကို မေးချိန်လဲမရတော့ဘူးလေ။ ရှေ့ချိန်က သမိုင်းဆရာမချိန်။ ဆရာမက တကယ်သဘောကောင်းတာ။ အေးလဲတအားအေးတယ်။ အားလုံး စိတ်ပူနေမှန်းသိလို့ စာဆက်မသင်ပဲ ပြီးအောင်တွက်ကြဆိုပြီး လွှတ်ထားပေးလိုက်တယ်။ ကျွန်မစာအုပ်ကတော့ ရောင်းကောင်းတော့တာပေါ့။ အားလုံးစုပြီး ကူးကြတယ်။ ဒီလိုနဲ့ နောက်တချိန်လဲ ရောက်ရော ဆရာက တုတ်ကြီးတစ်ချောင်းနဲ့ ရောက်လာပါတော့တယ်။ ဆရာက စင်ပေါ်ကနေ “ ကဲ စာမပြီးသေးတဲ့သူ ရှိသလား။” မေးတယ်။ အားလုံးက ကြောက်ပြီး မဖြေကြဘူး။ စာအုပ်တွေ အကုန်လာထပ်ခိုင်းပြီး တစ်အုပ်ပြီးတစ်အုပ် လှန်ကြည့်တော့ အတော်များများက ကျွန်မဆီက ကူးတာဖြစ်လို့ တူနေတာပေါ့။ ဒေါသတွေ ပေါက်ကွဲကုန်တာပါပဲ။ “တွက်တာတွေက အားလုံးတူနေတယ်။ ဘယ်သူက ဘယ်သူ့ဆီ ကူးကြတာလ”ဲ ဆိုပြီးအော်တော့တာပဲ။ နောက်ဆုံး စစ်ရင်း ကျွန်မစာအုပ်ကနေ ဖြစ်နေတော့ တခန်းလုံးကို တုတ်နဲ့ လက်ဝါးကို သုံးချက်ရိုက်တော့တာပါပဲ။ ဘယ်သူထိပ်ဆုံးအရိုက်ခံထိလဲသိလား ။ ကျွန်မပေါ့။ ကျွန်မက ပေးကူးတဲ့သူမို့ အပြစ်ပိုများတယ်ဆိုပြီး ငါးချက်ရိုက်ခံခဲ့ရတယ်။

ကဲ.ကျွန်မရဲ့ ဆုနဲ့စူးကတော့ ဒီလောက်လေးပါပဲ။ ရီနိုရေ ကျေနပ်တယ်နော် ။
မက်မက်ပေါ့..တီတီငုံကို ဘာတွေမေးတယ်မသိဘူး။ ကဲ.မက်မက်က သိချင်တယ်ဆိုတော့လဲ ဥာဏ်မီသလောက်လေးနဲ့ ပြောမယ်နော်။

မွေးခါစကနေ မူကြိုကျောင်းမတက်ခင် အချိန်ထိလေးမှာတော့ မိသားစုညီအကိုမောင်နှမဆွေမျိုးတွေကို ချစ်တယ်ပေါ့။ သိပ်ဖြူစင်သလို အေးမြတယ်။ နောက်ကျောင်းလဲတက်ရော သူငယ်ချင်းပေါင်းသင်းတွေကို ခင်ရ၊ ကြာလာတော့ သံဃောဇဉ်ကြောင့် ချစ်ရပြန်ရော။ ဒီတော့ ကိုယ့်သူငယ်ချင်း သူများကို ကိုယ့်ထက်ပိုခင်သွားမှာ မလိုချင်ဘူး။ ဒါကလဲ ဖြူစင်စွာလေးနဲ့ သူငယ်ချင်းလေးကို ချစ်ခဲ့တာပေါ့။ ဆရာ ၊ ဆရာမ ကိုလဲ ချစ်လိုက်ရတာပေါ့။ အဲဒီအချိန်က တကယ်ဖြူစင်တာပါ။ ပူလောင်မှု့မရှိတဲ့ အချစ်နဲ့ ချစ်ပြတာပေါ့။

နောက်အရွယ်ရောက်လာတော့ သူငယ်ချင်းများကလဲ သူတို့ချစ်သူခင်ပွန်းတွေနဲ့ အဆင်မပြေရင် ကျွန်မကို “ဘယ်တော့မှ ရည်းစားမထားနဲ့ ။ ယောက်ျားမယူနဲ့။ သူတို့အတ္တသမားတွေ။ စိတ်ညစ်ဖို့ကောင်းတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ အဲ..သူတို့လဲ အချင်းချင်း အဆင်ပြေနေရင် ဒီအပျိုကြီးက ဘာမှနားမလည်ပါဘူး ဆိုပြီးအပြောခံရပြန်တယ်။ ကိုယ်ဘာသာကိုယ်နေနေတာ ဟိုလိုလုပ်ပါလား ၊ ဒီလိုလုပ်ပါလားနဲ့ တွေ့နေတယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးစာ အတွက်မဟုတ်ဘူးတဲ့။ အစိတ်အပိုင်းလေးတစ်ခုပါတဲ့။ နောက်တစ်ယောက်ကျတော့ အိမ်ထောင်ကျလို့ ပိုက်ဆံမရှိရင် အချစ်ဆိုတာ ပြတင်းပေါက်ကနေ ခုန်ချသွားတတ်တယ်တဲ့။ ( သင်ပေးကြတာလေ။။) အဲဒါက မိန်းကလေး သူငယ်ချင်းတွေပြောတာ။အဲ. သူငယ်ချင်းတစ်ယောက် ( ယောက်ျားလေး တစ်ယောက်ပေါ့) ကျတော့ ချစ်သူနှစ်ယောက်ကြားမှာ ချစ်တယ်ဆိုတဲ့ စကားက တကယ်ပြည့်စုံတယ်တဲ့။ :P အဲဒီလို ပြောကြတာပါပဲ။ ကိုယ်ကတော့ သိဘူး။ ၀ါးတားတားပဲ။

အဲဒိလို အခုချိန်ထိ ပေါ့ပေါ့ပါးပါး နေလာပြီးမှ သဘောကျလာတာက အချစ်မဟုတ်ဘူး။ သံဃောဇဉ်ကို ပိုသဘောကျတယ်။ ချစ်သူပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရှင်တွေပဲဖြစ်ဖြစ် ဘယ်သူမဆိုပါ။ သံဃောဇဉ်နဲ့သာ ချည်နှောင်ထားရင် ဘယ်တော့မှ မပြတ်ဘူး။ တစ်ခါတစ်လေကျတော့ မထင်မှတ်ပဲ ဒီသံဃောဇဉ်ကနေ ချစ်တဲ့ဘက်ဆီ ရောက်သွားတတ်တယ်နော်။ ဘာကြောင့် ဒီလိုပြောင်းလဲသွားမှန်း မသိဘူး။ အဲဒီခါကျတော့ အရင်ကအေးမြပါတယ်ဆိုတဲ့ သံဃောဇဉ်ကနေ ပူလောင်မှု့ ခံစားချက်တွေ ရရှိလာရော။ ဒါပေမဲ့လဲ အဲဒီပူလောင်မှု့ကို လိုချင်တာလေ။ လိုလိုလားလား လက်ခံထားတယ်လေ။ တခါတလေကျတော့ သိပ်စိတ်ပျက်မိတယ်။ ဘာလို့ စိတ်ပျက်မိတယ်လို့ ပြောတာလဲဆိုတော့ မာနနဲ့ ယှဉ်ပြီး ဒီပူလောင်မှု့ကို လက်မခံချင်လို့။ဘာလို့ စချစ်မိတာလဲ ? ဘယ်လို အချစ်ဆိုတာ ခံစားမိလာတာလဲဆိုရင် ..သနားတာက စမယ်၊ သူ့အရည်အချင်း ၊ စိတ်သဘောထားတွေကို သဘောကျနှစ်သက်ရာကနေ ဖြစ်မယ်။ သေချာမသိဘူး။ ဖြစ်နိုင်ခြေကိုပြောတာလေ။ ဒါကြောင့် ပြောတာပေါ့.ချစ်တယ်ဆိုတာ ဘာလဲလို့မေးရင် ပြောရခက်တယ်လို့။ ပြီးတော့ သူငယ်ချင်းတွေ ပြောတယ်။ သာယာမှုနဲ့ တကယ့်အချစ်က မတူဘူးတဲ့။ ပြီးတော့ ရုတ်တရက် မခွဲခြားနိုင်ဘူးတဲ့။ အဲဒါတော့ မသိလို့ မရေးတော့ဘူး။

ကျွန်မသဘောကျတဲ့ ပိုစ့်လေးတပုဒ်ရှိတယ်။ တော်တော်ကောင်းတယ်။ အောင်ဦး(ဓမ္မရသ) ရေးတဲ့ “ချစ်တတ်ကြရအောင်” ဆိုတဲ့ပိုစ့်လေးပါ။ အဲဒါ အောင်ဦးဆီက ခွင့်တောင်းပြီး ကျွန်မပြန်လည်ဝေမျှလိုက်ပါတယ်။

"သဒ္ဓါမေတ္တာရှေ့ရှုကာ ချစ်တာမြင့်မြတ်သည်။ သတိဉာဏ်ယှဉ် မုန်းတက်လျင် ၀ဋ်ခွင်လွတ် မြောက်သည်။ ဘ၀တိုင်းမှာ စောင်းမြောင်းကာ မဲ့တာကင်းပါစေ။ ဘ၀တိုင်းမှာ မူးယစ်ကာ သောက်တာကင်းပါစေ”ဆရာတော်အရှင်ဆန္ဒာဓိက အချစ်ဆိုတဲ့ စကားလုံးကို ကျနော်တို့ လူမှန်းသိတက်စအရွယ်ထဲက ကြားသိခဲ့ရတာပါ။ “ကလေးလေးက ချစ်စရာလေး၊ ငါ့သားလေးက ချစ်စရာလေး၊ အဖိုးကလည်း အဘွားကို ချစ်တယ်ပြောမှာဘဲ..စသဖြင့်ပေါ့”။ နောက်ပိုင်းသိလာပြန်တော့လည်း “အချစ်ဆိုတာ ပကတိ အနေအထားအတိုင်းရှိနေတဲ့ လူတစ်ယောက်ကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ စိတ်ရဲ့အမှန်အတိုင်း ချစ်တက်ဖို့ပဲလိုတယ်။ ဘာလုပ်ပေးမှ ဘယ်လိုဖြစ်မှ ချစ်မယ်ဆိုတဲ့ အတ္တကိုစေခိုင်းတာမျိုးကျတော့ အချစ်လို့မခေါ်တော့ဘူး”တဲ့။ “အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု မေတ္တာဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု” စတဲ့ သီချင်းစာသားလည်း ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဓမ္မအမြင်နဲ့ကြည်ရင် အချစ်ဆိုတာက လောဘပါပဲ။ လောကမှာ ချစ်ခြင်းအမျိုးမျိုးရှိပါတယ်။ သားချစ်၊ သမီးချစ်၊ ဇနီးချစ်၊ ညီအကို မောင်နှမချစ် စသဖြင့်ပေါ့။

သစ္စာလေးပါးမှာ လောဘ ဆိုတဲ့ ချစ်ခြင်းတရားကို သမုဒယ လို့သုံးပါတယ်။ သမုဒယဆိုတာကတော့ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခလောင်းလို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှာ ရေးသား ထားပါတယ်။ အချစ်ဆိုတဲ့ လောဘကြောင့်ပဲ သံသရာတစ်လျှောက် ဒုက္ခနဲ့မိတ်ဖွဲ့ပြီး တ၀ဲဝဲ လည်လည် ဖြစ်နေရတာပါ။ အချစ်ကြီးရင် ဒုက္ခကြီးမယ်၊ အချစ်နည်းရင် ဒုက္ခနည်းမယ်၊ အချစ်မရှိရင်တော့ ဒုက္ခလည်း မရှိတော့ဘူးပေါ့။ (ဒါက အချစ်ကြောင့်ဖြစ်လာရမဲ့ ဒုက္ခတွေကို ပြောတာပါ)။ ချစ်မိကြပြီဆိုရင် အချစ်နွံ့က ရုန်းနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ပါတယ်။ ဒါကြောင့်ပဲ “အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း အပြစ်မမြင် မဆင်ခြင်ပဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း” လို့ ရေးစပ်ခဲ့ကြပါတယ်။ သေခါနီးအချိန်တွေမှာလည်း သားသမီး၊ ဇနီးမယားအပေါ်မှာ ချစ်ခင်စွဲလန်းမှု၊ ပစ္စည်းဥစ္စာများကို ချစ်ခင်စွဲလန်းမှုတွေကြောင့် ပြိတ္တာဘ၀ ရောက်သွားရတာတွေလည်း မနည်းတော့ပါဘူး။ ဘုရားရှင်လက်ထက်က ရဟန်းတစ်ပါး မိမိရဲ့ သင်္ကန်းအသစ်လေး အပေါ်စွဲလန်းမိတဲ့အတွက် အဲဒီသင်္ကန်းပေါ်မှာ (၇)ရက် “သန်း” ဖြစ်ခဲ့ရပါ တယ်။ ချစ်ခင်စွဲလန်းမှုတွေဟာ အပါယ်လမ်းအတွက် ၀င်ပေါက်တံခါး တစ်ခုနဲ့ တူနေသလိုပါပဲ။ ပုံသေပြောတာမဟုတ်ပါဘူး။ အချစ်ကြောင့် သီလစောင့်ထိန်းသွားတဲ့ သူတွေကိုလည်း တွေ့ဘူးပါတယ်။ (ချစ်သူက ဘီယာမသောက်ပါနဲ့ပြောလို့ လုံးဝ မသောက် တော့တာမျိုးပါ)။

မြတ်စွာဘုရားက တရားဦး ဓမ္မစကြာဒေသနာတော်မှာ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော” (ချစ်ခင်နှစ်သက်သူများနဲ့ ဝေးကွာရခြင်းသည် ဒုက္ခ)၊ “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” (မချစ်မနှစ်သက်သူများနဲ့ အတူနေရခြင်းသည် ဒုက္ခ)၊ လို့ဟောတော်မူခဲ့ပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ ဘယ်သူမှ ကွေကွင်းမနေချင်ကြပါဘူး။ ချစ်မြတ်နိုးသူတွေနဲ့ ဘ၀သံသရာမှာ ပါရမီဖြည့် ဖက်အဖြစ် လက်တွဲသွားချင်ရင်လည်း နည်းလမ်းလေး ဘုရားရှင်ဟောကြားခဲ့တဲ့ ပြောပြပါ မယ်။ ယခုဘ၀မှာ စိတ်တူကိုယ်တူဖြစ်ကြသော သူနှစ်ယောက်က နောင်ဘ၀မှာလည်း အမြဲမ ကွဲ၊ မကွာ ဖြစ်ချင်ရင် တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ ပညာအရာတို့ တူစေရပါ မယ်။ တစ်ယောက်က သဒ္ဓါကောင်းရင် ကျန်တစ်ယောက်ကလည်း သဒ္ဓါကောင်းရပါမယ်။ တစ်ယောက်က သီလစင်ကြယ်ရင် ကျန်တစ်ယောက်ကလည်း သီလစင်ကြယ်ရပါမယ်။ တစ် ယောက်ရဲ့ ကုသိုလ်လုပ်ငန်းကို တစ်ယောက်က မတားမြစ်ရဘူး။ မယ်ကလှူတာကို မောင်ကကြည်ဖြူတာမျိုး ဖြစ်ရပါမယ်။ ဒါ့ကြောင့် သံသရာတစ်လျှောက် စမ်းရေတွေအတူ သောက် ပန်းတွေအတူကောက်ပြီး ပါရမီဖြည့်ဖက်ဘ၀ ဟန်းနီးမွန်းခရီးသည်များ ဖြစ်ချင်ရင် တော့ မြတ်ဗုဒ္ဓပေးတဲ့ အချက်တွေကို ခိုင်မြဲစွာကျင့်သုံးရပါမယ်။ အမှန်ပြောရရင် သူတစ်ပါးချစ် နေဖို့ထက် မိမိကိုယ်ကို ချစ်နေဖို့က ပိုအရေးကြီးပါတယ်။ ပသေနဒီကောသလမင်းကြီးက ဘုရားရှင်အား “အဘယ်သူသည် မိမိကိုယ်ကို ချစ်ရာရောက်၍ အဘယ်သူသည် မိမိကိုယ်ကို မချစ်ရာရောက်ပါသနည်း” လို့မေးပါတယ်။ ထိုအခါ မြတ်စွာဘုရားက “အကြင်သူသည် ကိုယ်နှုတ်နှလုံးသုံးပါးတို့ဖြင့် မကောင်းမှုဒုစရိုက်တို့ကို ပြုလုပ်ပြောဆိုကြံစည်နေလျင် မိမိကိုယ်ကို မချစ်ရာရောက်၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ဒုစရိုက်တရားတို့ကို ရှောင်၍ သုစရိုက်တ ရားတို့ကိုပြုနေလျင် မိမိကိုယ်ကို ချစ်ရာရောက်၏” လို့ ပြန်လည်ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ၊ သားသမီး၊ ဇနီးမယား၊ ပစ္စည်းဥစ္စာများအပေါ် အချစ်လျော့ပြီး သုစရိုက် တရားများလိုက်နာကျင့်သုံးကာ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးသင့်ပါတယ်။