ကျွန်မအနှစ်သက်ဆုံးသော ရှမ်းပုံပြင်လေးတစ်ပုဒ်ပေါ့။ ငယ်ငယ်လေးတုန်းကလဲ အမြဲနားထောင်ခဲ့ရသလို ဆယ်တန်းရောက်တော့လဲ သင်ခဲ့ရတယ်။ မောင်နှမများ သိပြီးသားဖြစ်ပေမဲ့ ကျွန်မသိပ်နှစ်သက်တဲ့ ပုံပြင်လေးကို ပြောပြချင်တယ်။

ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတစ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့ အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။

အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူက လုံးဝသဘောမတူပေမဲ့ ခွန်ဆန်လောရှေ့မှာတော့ သမီးရင်းပမာချစ်ပြပြီး နောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။

လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။

နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ပြောပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။

21 comments:

နော်ခမ်း said...

ငယ်ငယ်က ကျတော်လည်း ရှမ်းလိုအမြဲနားထောင်ခဲ့ရတယ် ဘယ်အခါမှ မရိုးတဲ့ ကြေကွဲစရာ ဇာတ်လမ်းလေးပါ

Yu Ya said...

အစ်မ မငုံရေ... သင်ခဲ့ပြီးသား အကြောင်းအရာလေးကို အသစ်အနေနဲ့ ပြန်လည်ခံစား ဖတ်ရှုသွားပါတယ် ခင်ဗျာ..

yu ya

kiki said...

သနားစရာလေးနော် ။
ချစ်ရဲ့ သားနဲ့ ခွဲကြရရှာတာ ။
ကလေး လေးလဲ အပြစ်မရှိ ။
လောကကြီးမှာ မိထွေးတိုင်းက အဲလိုဆိုးတတ်ကြတာလား။
အလယ်မှခံနေတဲ့  ကြယ်တလုံး ကို တက်ဖြုတ်လိုက်မယ်နော် ။။
( အိမ်ပြန်ပြီး လှေခါး ပြန်ယူလိုက်အုံးမယ် )

ငုံလေးတယောက်လည်း သေချာကြည့်ရှောင်နော်။
ယောက္ခမ မိထွေး ဆိုရင် ဝေါင်ဝေါင်ရှေး ပေတော့။။

ပုံလေးတွေ ဆက်ရေးနော် ။
ဖတ်လို့ ကောင်းတယ် ။

မိုးစက်အိမ် said...

အင်းငယ်ငယ်တည်းက ဖတ်ဘူးတာ ခုထိမမေ.သေးဘူး
သနားဖို.ကောင်းတယ်ဗျာ ... ဥသြ ဌက်လည်းနောက်
ခံသမိုင်းရှိတယ် အမ ရသိလား ... ဥသြလည်းမဟုတ်
ဘူး “ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်တာလည်းဟုတ်
ဘူး ဌက်မလေးက သူ.ဥလေးပျောက်လိုလိုက်ရှာရင်း
ဥရော ဥရော လို.မေးတာနေ ကာလရှည်ကြာတော.
လူတွေကဥသြ ဥသြ လို.ထင်မှတ်ခေါ်ရင်း ပြောင်းလည်း သွားတာပါတဲ.အမရေ...
အနော်ဖတ်ဘူးတာ ပြောတာနော် ... အမကလည်း ပျောက်နေလိုက်တာဗျာ ... စိတ်ပူလိုက်တာ ဘလော.ပိတ်ပြီး ဘယ်တွေသွားနေတာတုန်း ပျိုပျို ငုံရဲ. :D :P

ကိုလူထွေး said...

အဟားဟား...
ဆယ်တန်းတုန်းက သင်ရတဲ့ ပုံပြင်ကြီး...

ဒါပေမယ့် မငုံရေးတဲ့စာက အော်ရေဂျင်နယ်မို့ ဖတ်ရတာ ပိုပြီး အရသာရှိတယ်...

တကယ်ကြေကွဲဖို့ကောင်းတဲ့ ဇာတ်လမ်းပါ...
ချစ်တတ်တဲ့သူများ တကယ်ချစ်တတ်ကြသလောက်
ယုတ်မာတတ်တဲ့သူများကျပြန်တော့လည်း တကယ့်ကို ယုတ်မာနိုင်လွန်းကြတယ်နော်...

(ဒါနဲ့... ပြန်လာပြီဆိုတော့ ဘယ်သွားလိုက်တာလဲ...)

းဝ)

Sein Lyan Tun said...

ငယ်ငယ်တုန်းကဆို အဲဒီအလယ်က ကြယ်သုံးလုံးကို

ပျောက်စေချင်ပြီး ကြယ်နှစ်လုံးကိုနီးစေချင်နေတာ..

း)))


ချစ်ရက်နဲ့ ခွဲခွာစေတာမကောင်းပါဘူး


ပုံပြင်လေးကိုပြန်လွမ်းသွားတယ်

ချစ်ခင်စွာဖြင့်
ဖိုးစိန်

စိုင်းစိုင်းလားရှိုး said...

ဟုတ်ပါရဲ့ မငုံရေ အိပ်ယာဝင် ပုံပြင်လေး တစ်ပုဒ်လို အမြဲနားထောင်ခွင့်ရခဲ့ပါတယ် ။

တောင်ပေါ်သား said...

မကြီးရေ သေချာဖတ်သွားတယ် ခုမှပဲ ကလေးလေးက ဥသြ ငှက်လေးဖြစ်သွားတာ သိရတယ် ကျေးဇူးပါ
ချစ်ခင်တဲ့လူတိုင်း ပေါင်းစည်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ



လေးစားလျက်
တောင်ပေါ်သား

သုခုမလေဒီ said...

မငုံရေ ပုံပြင်လေးက ၀မ်းနည်းစရာကောင်းလိုက်တာ။ လက်တွေ့ ဘ၀တွေမှာလည်း မကောင်းတဲ့သူ၊ အဖျက်သမား တို့ ဆိုတာတွေရှိကြတာပဲနော်။ အဲလိုလူမျိုးတွေနဲ့ မတွေ့ ရပါစေနဲ့ လို့ ဆုတောင်းပါ တယ်။
ပုံပြင်လေးဖတ်လို့ ကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

ကြယ်စင်မင်း said...

ကြိုက်တယ်ဗျာ.. ကူးသွားပြီဗျို့.. မငုံရေ

စိတ်၏ဖြေရာ said...

ပုံပြင်လေးလာဖတ်သွားပါတယ်။ချစ်သူတိုင်းပေါင်းနိုင်
ကြပါစေလို့ဆုတောင်းခဲ့ပါတယ်မငုံရေ..

ကူးလွေ့ said...
This comment has been removed by the author.
ကူးလွေ့ said...

လာရောက် ခံစားဖတ်ရှုသွားပါတယ်ခင်ဗျာ။ အရမ်းကောင်းတဲ့ ဇတ်လမ်းလေးပါပဲ။ဇတ်သိမ်းခန်းလေး အကြောင်းကျွန်တော် မှတ်သားမိသလောက်တော့ သူ့ အမေ ကြားထဲကခြားပေးလိုက်တာက ဝါးလုံးမဟုတ်ပဲ အပေါက်သုံးပေါက်ပါတဲ့ ထမ်းပိုး ဖြစ်ပါသတဲ့..။ အဲဒါကို နေရာမရွေ့အောင် ဆိုပြီး သပ် ရိုက်ထားပါတယ်...။အဲဒီအတွက် ခွန်ဆမ်လောနဲ့ နန်း ဦးပြင်တို့ဟာ ကြယ်ဖြစ်သွားသော်လည်း မိခင်ဖြစ်သူ ကြားမှာ ခြားပေးလိုက်တဲ့ အပေါက် သုံးပေါက်ပါ ထမ်းပိုးဟာ ကြယ်သုံးလုံးအဖြစ် သူတို့ နှစ်ဦးကြားမှာ တန်းကာ ခြားနားထား လို့ မပေါင်းဆုံနိုင်ကြပဲ ရှိပါသတဲ့။သပ်ရိုက်ထားတဲ့နေရာက တော့ မှေးမှိန်နေတဲ့ ကြယ်တန်း စွေစောင်းစောင်းလေးအဖြစ် ပြောင်းလဲ သွားပြီး အဲဒီထမ်းပိုးသဏ္ဍာန် ကြယ်သုံးလုံး ရဲ့ အောက်ခြေ နားမှာ သပ်သဖွယ်တည်ရှိနေတာကို ယနေ့တိုင် မြင်တွေ့နေရဆဲ ဖြစ်ပါသတဲ့..။

Anonymous said...

ငယ်ငယ်က ကျွန်တော့်ဖွားဖွား ပြေားပြလို့ ကြာဖူးတယ်... ဒါပေမဲ့နှစ်ကကြာနေပြီဆိုတော့ မေ့နေထာ.. အခုလို မမငုံ.. တင်ပေးတော့.. ညညဖွားဖွားပြောတဲ့ ပုံပြင်တွေ... ပြန်သတိရမိတယ်...
ကျေးဇူးတင်ပါတယ်... မမ

Beauty Studio USA Branded Store said...

မောင်ရင်စိုင်းထမ်းကြယ်လေးကို မြင်တိုင်း အလွန်ချစ်ကြတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်တို့နှစ်ဦးကိုပဲ သတိရနေမိတယ်။မငုံရေးတော့ ပိုပြီးတောင်လွမ်းသွားတယ်။

မြစ်ကျိုးအင်း said...

ပြန်ဖတ်ရတော့ အဟောင်းတွေအသစ်ဖြစ်ကုန်တာပေါ့
ဒီလိုပုံပြင်တွေ ရှိလို့လည်း မိထွေးတွေ နာမည်ပျက်တာ များလားတွေးမိသေးတယ်...။
တချို့ကျတော့လည်း ဒီလို စိတ်ယုတ်စိတ်မာ ရှိကြတာ ပဲလေ...။
ဒီလောက်နှစ်တွေကြာတော့ အလယ်က ကြယ်သုံးလုံးနဲ့ လည်း ခင်ခင်မင်မင် သူငယ်ချင်းတွေ ဖြစ်နေပြီလားလို့
အကောင်းဘက်က တွေးကြည့်မိတယ်။

မပေါင်းရတဲ့ချစ်သူတိုင်း သနားဘို့ကောင်းပါတယ်။

လင်းကြယ်ဖြူ said...

ငယ်ငယ်တုန်းက ဖတ်ဖူးတယ်...
ကြိုက်တယ်..လွမ်းစရာလေး...

ရေတမာ said...

နာမည်ကြည့်လိုက်တော့ သိပြီးသားဆိုပြီး နေနေလိုက်တာ။ ဖတ်ကြည့်လိုက်တော့ အဟောင်းတွေ အသစ်ပြန်ဖြစ်။ တထပ်တည်းကျတဲ့ ကြယ်ရယ်လို့တော့ မရှိပါဘူး။ အကွာအဝေးတွေ နီးနိုင်သလောက်နီးကြပါစေ။

Mogok Thar said...

သိဖူးတဲ့ ပုံပြင် ပေမဲ့ မငုံ ပြောပြတော့ ပြန်နားထောင်ရင်း လွမ်းသွားတယ်။ ပုံပြင်လေးထဲက ခွန်ဆန်လောနဲ့ နန်းဦးပြင် ကို....

Anonymous said...

ကြားတော့ ကြားဖူးနေတယ်ဗျ သေချာ မသိဘူး ခုမှ သိတာပါ။ ဒါနဲ့ ရှမ်းတွေက အောက်လမ်းကို တော်ကျွမ်းကျင်တယ်လို့ ကြားဖူးတာရော ဟုတ်လားဗျ မသိလို့ မေးတာနော်... ဟီး... ထိုင်ပြီးလို့ ထသွားရင် တင်ပါးမှာ ဖျာကပ်နေတာတို့ အစားကျွေးပြီး ပြန်အန်တော့ ကြွက်သေ အန်တာတာတို့ ဘာတို့ စသည်ဖြစ်ပေါ့ ကြားဖူးတယ်ဗျ။

Khyl said...

သငယ်ချင်းရေ... ငါလဲ ချစ်တဲ့သူနဲ့ ဝေးရမှာစိုးလို့ အောင်သွယ်တွေ လိုက်လုပ်နေတယ်...ဟီးဟီး....
စတာ...
သူငယ်ချင်းပြောတဲ့ပုံပြင်လေးက အရမ်းဝမ်းနည်းစရာကြီး... ဒါပေမယ့် တို့က ဝမ်းနည်းရင် ပေါက်ကရတွေ ခေါင်းထဲက ပိုပြီးထွက်ထွက်လာတတ်တယ်... ဘာလို့လဲတော့ မသိဘူးဟယ်... ပျော်ရွှင်ပါစေငုံကြီးရေ....