မမရေ..ဒီနေ့ သြဂတ် ၂၅ ရက်နေ့ မမရဲ့မွေးနေ့ရောက်လာပြန်ပြီ။ မွေးနေ့မှာ အတူမရှိတာ နှစ်နှစ်ရှိသွားပြီနော်။ အစ်မကောင်းတယောက် ပီသတဲ့ မမ မွေးနေ့ရက်မှစ ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ရှိနေပါစေ။

မမရေ သိလား. ဒီနေ့ပြန်တွေးကြည့်မိတယ်။ မမ ဘယ်လိုအစ်မမျိုးလဲ?? ဘယ်လိုသမီးမျိုးလဲ?? ဆိုတာကိုလေ။ မမ အကြောင်းကို ပြန်တွေးကြည့်ပြီး ရယ်မိတာတွေရှိသလို သနားတာတွေလဲ အများကြီးပဲ။ မမ က မိသားစုကိုချစ်တာ တအားတရားလွန်အောင် ချစ်တတ်တယ်နော်။ မမက မိသားစုကိုထိရင် တစက်ကလေးမှ မကြိုက်ဘူးနော်။ လူကြီးတွေပြောပြလို့သိရတာက မမက မေ့နို့ကို ခြောက်လပဲစို့လိုက်ရတယ်တဲ့။ နို့မဖြတ်ရပဲ ပြတ်သွားရတဲ့ အကြောင်းလေးကတော့ သနားစရာပဲ။ ခြောက်လအရွယ် လေးဘက်ထောက်တတ်နေပြီ ဖြစ်တဲ့ မမက တစ်နေ့ ပင်လောင်းရဲ့အအေးဒဏ်ကြောင့် ရေနွေးအိတ်ကပ်ထားတဲ့ အမေ့ရင်ခွင်ပေါ် မပြောမဆို တက်ပြီး နို့စို့မလို့အလုပ် ပျော့ပျော့လေးဖြစ်နေတဲ့ ရေနွေးအိတ်ရဲ့ အထိကြောင့် လန့်ဖြန့်သွားပြီး အဲဒီနေ့ကစ ဘယ်လိုမှ နို့တိုက်လို့မရတော့တာတဲ့လို့ ကြားလိုက်ရတော့ ရယ်ရမလိုလို ငိုရမလိုလိုနဲ့ သနားမိပါတယ်။

ဒါ့အပြင် ကြောင်ကြောက်ပါတယ်ဆိုတဲ့ ငါရဲ့အဖြစ်ဟာ မမရဲ့ကြောင်ကြောက်မှု့ကိုတောင် မမှီဘူးနော်။ မွေးပွအရုပ်လေးရဲ့အမွှေးအမျှင်ကိုလဲ ကြောက်တတ်သေးတယ်။ ဒီတော့ ငါ နဲ့ မောင်လေး သားသားတို့ရဲ့ စ စရာကိုဖြစ်နေတာပေါ့။ ကြောက်တတ်မှန်းသိတဲ့ မမကို ကျားသားရေနဲ့ လိုက်လိုက်ခြောက်ကြတာ ငယ်တုန်းကတော့ ပျော်ခဲ့ပေမဲ့ အခုပြန်တွေးကြည့်တော့ မမရေ..ငါ နင့်ကိုသိပ်သနားတာပဲ။ ဘယ်လောက်တောင် ကြောက်လိုက်မလဲနော်။ အဲဒီတုန်းကတော့ ကြောက်ပြီး လန့်ဖြန့်ငိုတာကို သဘောကျခဲ့မိတာ တော်တော်ဆိုးခဲ့တာပဲနော်။

သားသားကိုလဲချစ်လိုက်တာ လွန်ရော။ တစ်ဦးတည်းမောင်မို့လို့ ငါတို့လဲ ချစ်ပါတယ်။ ဒါပေမဲ့ နင်က သည်းကိုသည်းလွန်းပါတယ်ဟယ်။ ငါတို့ သူ့ကိုပြောရင်တောင် မခံနိုင်ဘူး။ မေ့နဲ့ နင် ဒီလောက်အလိုလိုက်နေလို့ သားသားက ဆိုးနေတာသိလား။ အဟဲ ငါက လိမ္မာတယ်လို့ ကြော်ငြာတာပေါ့။ ပညာတွေချည်းပဲ သင်နေလိုက်တာ ပညာလောဘကို ကြီးလွန်းနေတယ်နော်။ ကိုယ့်ဘာသာကိုယ် ပညာလောဘကြီးတိုင်း ငါ့ကိုလဲ အလွတ်မပေးပါလား။ တစ်ချိန်လုံး စာဆက်သင်ဖို့ပဲပြောနေတယ်။ တော်ပြီဟာ ဆက်မသင်ချင်တော့ဘူး။ အခုတောင် လေးနေပြီ။ ထပ်မထဲ့ချင်တော့ဘူး။

ငါတွေးမိတယ်။ စိတ်ထားဖြူစင်လွန်းပြီး နူးညံ့လွန်းတဲ့နင်ဟာ တကယ့်ဘ၀ထဲကို ၀င်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးနော်။ ဒီတော့ မိသားစုနဲ့စာပဲ သိတဲ့နင့်ကို ငါအပျိုကြီးလုပ်ခိုင်းမယ်။ ဒါပေမဲ့ နင်က ငါဒီမထွက်လာခင်ရက်တွေမှာ ဟိုရောက်ရင် ဘယ်လိုနေထိုင်၊ ဘယ်လိုဂရုစိုက်နဲ့ အကြီးပီပီ မှာနေတာ ပြီးကို မပြီးနိုင်ဘူး။ နားငြီးလို့ အိပ်ချင်ဟန်ဆောင်လိုက်တာ မသိဘူးမလား။ နားထောင်ရင်း အိပ်ပျော်သွားတယ် မှတ်နေတယ်မလား။ အငိုသန်တဲ့နင်က ငါတောင်အိမ်က မထွက်ရသေးဘူး ငိုနေပြီ။ လေဆိပ်ရောက်တော့လဲ နင့်ကိုကြည့်ပြီး ငါတောင် မသွားချင်စိတ်တွေ ပိုပေါ်လာတယ်။ ငါက စိတ်ညစ်လို့ငိုပါတယ်။ နင့်ရှေ့ရောက်ရင် ငိုတောင်မငိုရဲသလောက်ပဲ။ ငါခံစားရတာထက် ပိုပြီးနင်က ခံစားရသလိုဖြစ်နေတော့ ငါ့မှာ မငိုရဲဘူးဟ။ နောက်အွန်လိုင်းမှာတွေ့ရင် မငိုနဲ့ ကြားလား။

မမရေ..နင့်မွေးနေ့အတွက် ငါကုသိုလ်ကောင်းမှု့ပြုပေးတယ်နော်။ စိတ်သိပ်မကောက်နဲ့။ နေကောင်းအောင်နေ။ ဟိုတခါလို ဖိနပ်လေး တချက်ချော်တာနဲ့ ခြေချောင်းလေး ကျိုးတဲ့လောက်အထိ မဖြစ်နဲ့နော်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ချစ်တဲ့မိသားစုနဲ့အတူ ဘ၀တလျောက်လုံး သာသနာအကျိုးကို ဆထက်တပိုး သယ်ပိုးဆောင်ရွက်ရင်း ပျော်ရွှင်စွာ အသက်ရှည်ရှည် နေထိုင်သွားကြရအောင်နော်။

23 comments:

နော်ခမ်း said...

အရမ်းပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မောင်နှမတွေပဲဗျာ ကျတော်လည်း ဒီပိုစ့်လေးကို ဖတ်ပြီးတော့ ညီတွေကို အရမ်းသတိရသွားမိတယ် ပိယိင်းရဲ့ မမအတွက် ထာဝရပျော်ရွှင်နိုင်ပါစေ လို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

Unknown said...

မမရေ...
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော်...

မငုံပေးတဲ့ဆုတွေပြည့်စုံပါစေနော်...
မငုံရေ တချိန်မှာ အတူနီးကြရမှာပါ...
ဒီအချိန်မှာခဏတာပဲခွဲခွာကြရတာပါ...
ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ အားလုံး ဆန္ဒနဲ့ ဘ၀ ထပ်တူကြပါစေနော်...။

ပို့စ်လေးဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်ဗျာ...
ကျနော်ဆိုလည်း အားလုံးရဲ့အဝေးကိုရောက်နေတာ ၅ နှစ်ပြည့်တော့မယ်လေ... ထပ်တူခံစားမိပါတယ်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

Anonymous said...

မငုံ က အစ်မကိုတော်တော်ချစ်တာဘဲ....
ဂရုစိုက်ဖိုမှာတာက သာသာယာယာ ဘဲ... ဟီဟီ..
မမငုံ ၏ အစ်မ...
မမ မွေးနေ့မှာပျော်ရွှင်ပါစေ....

Anonymous said...

မငုံ က အစ်မကိုတော်တော်ချစ်တာဘဲ....
ဂရုစိုက်ဖိုမှာတာက သာသာယာယာ ဘဲ... ဟီဟီ..
မမငုံ ၏ အစ်မ...
မမ မွေးနေ့မှာပျော်ရွှင်ပါစေ....

Sonata Cantata said...

တအား သဘောကောင်းတဲ့ မငုံရဲ့ မမရေ
ပျော်ရွှင်ဖွယ်မွေးနေ့ပါ...

Libratun said...

a ma 2 yout lone pyaw shwin kya par say..

Anonymous said...

မငုံရေ

ချစ်တဲ့ မမ တယောက် မငုံပေးတဲ့ ဆုတွေနဲ့ ပြည့်မှာပါနော်။

မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားသွားပါတယ်။

ချစ်တဲ့ မကြီး

kiki said...

မငုံလေးရဲ့  မမ "မငုံကြီး" အတွက် ပျော်ရွှင်စရာ မွေးနေ့ လေးဖြစ်ပါစေ....

ငုံလေး တော်တော်ဆိုး နော် ။
ကျားသားရေ နဲ့ လိုက်ချောက်တာ ..ကျားမြီူးရော သွားမဆွဲဘူးလား ဟင်...

သူကတော့ ယူတော့မယ် ပြင်နေပြီး အမကိုကျတော့ အပျိုကြီး လုပ်ခိုင်းမယ်ဆိုဘဲ ။ မတရားတဲ့  အမိန့်အာဏာ ဖီဆန်ရမယ် လို့  ပြောအုံးမှဘဲ ငုံလေး မမ ကို ..ဟိဟိ ။သူများ ကို မပိတ်ပင်ရဘုး ။ သိလား ။ ဝဋ်လည်တတ်တယ် .ဟားဟား။

ဖွားကိ

တောင်ပေါ်သား said...

ကြီးဒေါ်အမအတွက် ဆုတောင်းပေးပါတယ်။ သာယာပျော်ရွှင်သောမိသားစုနဲ့အတူ တသက်လုံးပျော်ရွှင်စွာ နေနိုင်ပါစေ။ ကြီးဒေါ်အမဆိုတော့ ကြီးဒေါ်ကြီး ပေါ့နော့်း)

လေးစားလျက်
တောင်ပေါ်သား

အိုက်ခီလောက် said...

ပျှော်နိုင်ပါစေ ပြည့်စုံပါစေ
အမ မွေးနေ့ မှ သည်ရှေ့လျှောက် အားလုံးပြည့်စုံပါစေဗျာ
ငိုတော့မငိုပါတော့နဲ့  အမြဲရီနေနိုင်အောင်ကြိုးစားတာပေါ့
အားလုံးပြီးပြည့်စုံပါစေနော် မဖူး
လိုရာမတောင့်မတ မကြောင့်မကျ နဲ့ လိုချင်တဲ့ယောက်ကျားလည်းအမြန်ရပါစေဗျာ :D

kaungkinpyar said...

ငုံလေး မမ ကို ဟက်ပီးဘတ်ဒေးပါရှင်၊ ညီအမ မရှိတဲ့ တို့ ညီအမတွေ ချစ်ချစ်ခင်ခင် တွေ့ရင် သိပ်ပျော်တာပဲ၊ ချစ်တဲ့မမ နဲ့ မြန်မြန် ပြန်ဆုံပါစေနော်

မိုးစက်အိမ် said...

မကြီးငုံရဲ. မမ အတွက်လည်း Happy Birthday
ပါဗျာ... မွေးနေ.မှာပျော်ရွှင်ပါစေ ...

သုခုမလေဒီ said...

မငုံရေ ..မမအတွက်ဆုတောင်းပေးလိုက်မယ်နော်။
မမမွေးနေ့ မှစပြီှး မမရဲ့ ဆန္ဒတွေအားလုံးပြည့်စုံကာ၊ ပျော်ရွှင်ဖွယ်ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေလို့ ...

မငုံကတော့ ကြောက်တတ်ပါတယ်ဆိုတဲ့အမကိုမှ ထပ်ပြီးခြောက်ရတယ်လို့ ။

မငုံလည်းအပျိုကြီးလုပ်။ ဒါပဲး)
ဖွားကိနဲ့ လည်းအဖော်ရအောင်လေ။ အဟီးးးး

ရေတမာ said...

:)

နွေဆူးလင်္ကာ said...

မမ ကို ဟက်ပီးဘတ်ဒေးလို့ ပြောပေးပါဗျာ။

Angel Shaper said...

ဟဟားးးး နော်ခမ်းကြီးက ပထမ ရတယ်ဗျိုးးးးးးးး
ဘယ်အချိန်ကတည်းက ချောင်းနေလဲ သိဘူး။။။။ ဟိဟိ
တီတီငုံရဲ့ မမကြီး ဟက်ပီဘတ်ဒေးပါနော်။
ချစ်စရာကောင်းတဲ့ မကြီးကို အမတော်လိုက်ပြီနော်။
သမီးကို ချစ်လဲ ချစ် အလိုလဲ လိုက်ရမယ်။ ရေခဲမုန့် လဲ ပုံမှန် ၀ယ်ကျွေးရမယ်နော်။ ဒါပဲ။ ဟိဟိ
ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ လေး မိသားစုနဲ့ ထာဝရ အေးချမ်းပျော်ရွှင်စွာ ဆင်နွဲနိုင်ပါစေ.
အောင်မြင်ပျော်ရွှင်ပါစေ မကြီးရေ.....

သမီးပျို said...

သမီးပျိုအိမ်မှာ ငံပြာရည်ကျိုနေတာနဲ့ မွေးနေ့လာဖို့ နောက်ကျသွားတယ် ။ ဆော်ရီးမငုံရေ ။ အော်..မငုံရေ ။ ဟိုတစ်ခေါက် ရန်ကုန်မှာတုန်းက သမီးပျိုကို မငုံရဲ့ ဘွဲ့လက်မှတ်တွေ လာပေးတဲ့အမလား ။ အဲလိုမှန်းသိရင် ကြောင်နဲ့တို့လိုက်ပါတယ် ။ ဟီး...။ မငုံချစ်တဲ့ မမရေ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့နော်...

ကိုလူထွေး said...

အမရဲ့ အမှတ်တရမွေးနေ့နဲ့အတူ ညီမဖူးဖူးတယောက် ပျော်ရွှင်ပါစေ ဆုတောင်းပါတယ်...

းဝ)

လင်းကြယ်ဖြူ said...

ပျော်စရာမွေးနေ့လေးမှာ အစ်မကြီး ရဲ့ အစ်မကြီး
ပျော်ပါစေလို့...
မငုံနဲ့ အတူ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ...

ပျော်ပါစေ

Anonymous said...

အခုရော ဘယ်လိုလဲ နုနေတုန်းပဲလား.. မနုနဲ့တော့ ရင့်ကျက်ချိန်ရောက်ပြီဗျ။ ဘဝကိုရဲရဲရင်ဆိုင် တတ်ပါစေဗျာ..။

Anonymous said...

ဟတ်ပီးဘတ်ဒေးတောင် ပြောဖို့မေ့သွားတယ် အဟီး...။ ဟတ်ပီးဘတ်ဒေးပါနော်... မွေးနေ့မှာ ပျော်ရွှင်ခြင်းများစွာ ရရှိပါစေကြောင်း ထိုအပျော်များသည် တသက်လုံး ဖြစ်ပါစေကြောင်း..။

မေဇင် said...

ပိရေ..... ပိ ရဲ့ ပိပိ မွေးနေ့ လေးကို နောက် ကျမှ ရောက်လာတာ ခွင့်လွှတ်နော်...။ နောင့် မှာလဲ နောင့် အရမ်းချစ်ရတဲ့ ပိပိကြီး ရှိတယ်...။ သူ လဲ နောင့်နဲ့ ကိုကြီး အတွက် သူ့ ဘ၀ ကိုပေးဆပ်ထားတာ... ရီးစား ရှိရက်နဲ့ မယူပဲ အပျိုကြီး ဖြစ်သွားတဲ့ အထိပါပဲ... ပြောရင်း အရမ်း သတိရလာပြီ...။ ပိငုံ ရဲ့ မမ နဲ့ အတူ မိသားစု အေးချမ်းသာယာသောမိသားစုလေး ထာဝရ တည်တံ့ပါစေနော်.....။

Khyl said...

ငုံကြီးရေ... ငုံကြီးကိုလဲခင်တယ်... ငုံ့မမကိုလဲ ခင်တယ်... တကယ်ပြောတာ....