Myy,Suung Pi Mai Tai - 2104 !!!

နိုဝင်ဘာ ၁၉ ရက် ည ၈:၃၀အချိန်တွင် ဒူဘိုင်းရှိ open beach မှာ ရှမ်းနှစ်ကူးပွဲလေးကို ဒူဘိုင်းရောက် ရှမ်းမောင်နှမများက ကျင်းပဲ့ကြတယ်။ ဒူဘိုင်းရောက် ရှမ်းများအနေနဲ့ လူအနည်းအကျဉ်းမျှသာရှိသည်က တစ်ကြောင်း ၊ ရှမ်းဝတ်စုံများ ပါလာခြင်းမရှိလို့ အမျိုးသားများလောက်သာ ရှမ်းဘောင်းဘီကို ၀တ်ဆင်ပြီး အထိမ်းအမှတ် ပိုစ့်ရှပ်များကိုသာ ဆင်တူဝတ်ဆင်ကြပါတယ်။ ရှမ်းမောင်နှမများ စုံစုံညီညီ လာရောက်ကြသလို နီးစပ်ရာ မြန်မာများမှလဲ ဒီပွဲကိုလာရောက်ကြပါတယ်။


အမှတ်တရ အကျီင်္လေးပေါ်မှာ ရေးထားတဲ့ ကဗျာလေးကတော့ "လူကသာ သဲကန္တာရတိုင်းပြည်မှာ ဝမ်းစာရှာနေပေမယ့် ကျားစိတ်ဓါတ်ကတော့ ရှမ်းတောင်တန်းမှာပဲ မွေ့ပျော်တယ် "တဲ့။ ဘယ်လောက် အဓိပ္ပာယ်ရှိလိုက်လဲ။ လူမျိုးအသီးသီးမှာ ကိုယ်စားပြု သင်္ကေတလေးတွေ ရှိကြပါတယ်။ ကျွန်မတို့ ရှမ်းဆိုတာနဲ့ အားမာန်ပြည့်တဲ့ ကျား သင်္ကေတလေးကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျားဆိုသော သဘောသဘာဝက တောကြီးမျက်မည်းထဲမှာပဲ ကျင်လည်ကျက်စားတတ်ပေမဲ့ အခြေအနေ အကြောင်းကြောင့် နေရင်းတောတောင်ရေမြေနဲ့ ဝေးလံတဲ့ သဲကန္တာရပင်လယ်လေးမှာ ၀မ်းစာရေးအတွက် လာရောက် ရှာဖွေစားသောက်ရတဲ့ ဘ၀ ၊ ဒါပေမဲ့ ဒီခန္ဓာကိုယ်က သဲကန္တရပင်လယ်ကမ်းစပ်မှာ ကျက်စားနေပေမဲ့ ၀ိညာဉ်နဲ့ အိမ်မက်များကတော့ နေရင်းတောတောင် ( ရှမ်းတောင်တန်းကြီး)ကို တမ်းတနေတယ်လေ။

ရှမ်းရိုးရာ ကိုယ်ပိုင်ပြက္ခဒိန်တွက်ကိန်းများအရတော့ ရှမ်းနှစ်သစ်ကူးရက်ဟာ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ ပုံမှန်ကျရောက်လေ့ရှိပါတယ်။ ရှမ်းပြက္ခဒိန်အရ ရှမ်းလူမျိုးများဟာ နှစ်တစ်နှစ်ကို စတင်ရေတွက်တဲ့နေရာမှာ တန်ခူးလမှာ စတင်ပြီး မရေတွက်ပါဘူး။ နတ်တော်လမှာ အမြဲစတင် ရေတွက်ပါတယ်။ ရှမ်းဘာသာနဲ့ဆိုရင် နတ်တော်လဟာ “လိန်စိန်”(ပထမဦးဆုံးလ)လို့ ခေါ်ပါတယ်။ အဲဒါကြောင့် ရှမ်းရိုးရာ ပြက္ခဒိန်ကိန်းခန်းအရ နှစ်တစ်နှစ်ရဲ့အစကို မြန်မာလို နတ်တော်လမှာ စတင်ရေတွက်ရခြင်းဖြစ်ပါတယ်။

အခုရောက်ဆဲ့ ရှမ်းနှစ်သစ်အရကတော့ ၂၁၀၄ ခုနှစ်ဖြစ်ပါတယ်။ တစ်ချို့တွေက မသိလို့ မေးကြတယ်။ ဘာဖြစ်လို့ ရှမ်းခုနှစ်သက္ကရာဇ်က မြန်မာကောဇာသက္ကရာဇ်ထက် ပိုများနေတာလဲ-ဆိုပြီး မေးကြတယ်။ အကျဉ်းချုပ်အနေနဲ့ ဖြေရရင်တော့ မြန်မာသက္ကရာဇ်ကို မြန်မာဘုရင်များက ရာဇ၀င်သမိုင်းတစ်လျှောက်မှာ သုံးကြိမ်သုံးခါ သက္ကရာဇ်တွေ ဖြိုခဲ့ကြတယ်။ ရှမ်းသက္ကရာဇ်ကတော့ စတင်ရေတွက်သည်မှစပြီး ဘယ်ဘုရင် ဘယ်စော်ဘွား ဘယ်အုပ်ချုပ်သူလူတန်းစားကမှ မဖြိုခဲ့လို့ အခုလို အရေအတွက်အားဖြင့် ပိုများနေတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ရှမ်းသက္ကရာဇ်ဟာ သာသနာတော်သက္ကရာဇ်က အရင်းခံခဲ့လို့ဖြစ်ပါတယ်။ ရှမ်းများ မိုင်းမောပြည်ထောင်(ယခု တရုတ်နိုင်ငံ ယူနန်ပြည်နယ်)ခေတ်မှာ စ၀်ခွန်ဟောင်လို့ ဘွဲ့တော်တွင်ခဲ့တဲ့ ရှမ်းရဟန်းတော်တစ်ပါးဟာ နောက်လိုက်နောက်ပါများနဲ့အတူ အိန္ဒိယ သီဟိုဠ်နိုင်ငံများသို့ ပိကျပဋကတ်သုံးပုံကျမ်းများ သွားရောက်လေ့လာ ပင့်ဆောင်ခဲ့တယ်လို့ သမိုင်းများက ဆိုပါတယ်။ စ၀်ခွန်ဟောင်နဲ့သာသနာပြုအဖွဲ့များ နေရင်းမိုင်းမောပြည်ထောင်သို့ ပြန်လည်ရောက်လာသော ခုနှစ်မှာ သာသနာသက္ကရာဇ် ၄၅၀ ဖြစ်တယ်လို့ ဆိုပါတယ်။ စ၀်ခွန်ဟောင်နဲ့အဖွဲ့သားများ ပိဋကတ်သုံးပုံကျမ်းမြတ်များပင့်ဆောင်လာသောခုနှစ်ကို အထွဋ်အမြတ်ခုနှစ်အဖြစ်သတ်မှတ်ပြီး မိုင်းမောဘုရင်နဲ့ သာသနာတော်ကို ကြည်ညိုလေးစားသူများက သာသနာသက္ကရာဇ် ၄၅၀ မှာ ရှမ်းသက္ကရာဇ်ကို စတင်ရေတွက်ခဲ့ပါတယ်။ ဒါကြောင့် သည် သာသနာတော်နှစ် ၄၅၀ သည် ရှမ်းများရဲ့သက္ကရာဇ်အစဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းသက္ကရာဇ်ကို သိချင်ရင် ရောက်ဆဲသာသနာသက္ကရာဇ်ကိုတည် ၄၅၀ နုတ်လိုက်ရင် အဲဒါ ရှမ်းသက္ကရာဇ်ပါပဲ။

နောက် အစီအစဉ်များကိုစတင်တော့ ကိုစိုင်းမြထွန်းမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပြီး ကိုစိုင်းခွန်ဆစ်မှ နှုတ်ဆက်စကားပြောပေးပါတယ်။ အဲဒီနောက် ကိုစိုင်းမြထွန်းမှ ရှမ်းနှစ်သစ်ကူးနဲ့ ပက်သက်ပြီး သိကောင်းစရာ ရာဇ၀င်ကို ပြောပြပြီးနောက် တက်ရောက်လာကြတဲ့ မောင်နှမများမှ တစ်ဦးချင်း တစ်ယောက်ချင်း မိတ်ဆက်ပေးကြတယ်လေ။

ညသန်းခေါင် ၁၂နာရီအရောက်မှာတော့ ကိုစိုင်းစံထွန်းမှ ရှမ်းနှစ်ကူးဆုတောင်းကို ပြောကြားပေးပြီး ရှမ်းအမျိုးသားအလံတော် သီချင်းကို သီဆိုကြပါတယ်။ Gwamm Zom Bi Nawng သီချင်းကို စုပေါင်းဆိုပြီး လပ်တီးသီချင်းဖြင့် ၀ိုင်းဖွဲ့ကကြတော့ ဘေးမှာ ကြည့်နေကြသော ကမ်းခြေကိုရောက်နေကြတဲ့ အပန်းဖြေလူများမှလဲ ပျော်ရွှင်စွာ ကြည့်ကြသလို ၀င်ရောက်လဲ ကကြပါတယ်။

အဲဒီနောက်မှာတော့ စုပေါင်းဓာတ်ပုံရှိုက်ကြပြီး အကျွေးအမွေးများနဲ့ စုပေါင်းဝိုင်းဖွဲ့စားသောက်ကြပါတယ်။ ပြီးနောက် လက်ဆောင်ပစ္စည်းများ လဲလှယ်ကြပြီး တညလုံး စုပေါင်းသီဆိုကကြခြင်းဖြင့် ကမ်းခြေလေးမှာ ရှမ်းနှစ်ကူးကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။

ဒူဘိုင်းရောက် ရှမ်းတိုင်းရင်းသားများမှာ အနည်းအကျဉ်းသာရှိလို့ အခုလိုပဲ ကျင်းပကြိုဆိုနိုင်ပေမဲ့ နောင်နှစ်များမှာ ဒီထက်ပိုပြီး ကောင်းအောင် နောက် အခြားသူများပါ လာရောက် ကြည့်ရူ့လေ့လာနိုင်အောင် ကျင်းပကြမယ်လို့ ပြောဆိုကြပါတယ်။ တခြားအဝေးရောက် ရှမ်းမောင်နှမများလဲ စည်းစည်းကားကား ကျင်းပကြတာကို တွေ့မြင်ရတယ်လေ။ ကြားသိရသလောက်က

ကယ်ရီဖိုးနီးယား, LA, စင်္ကာပူ…နိုဝင်ဘာလ 14 ရက်နေ့ ၊
ထိုင်းနိုင်ငံ ချင်းမိုင်....နိုဝင်ဘာလ 16 ရက်နေ့ ၊
မလေးရှား….နိုဝင်ဘာလ 17 ရက်နေ့ ၊
ယူကေ …..နိုဝင်ဘာလ 20 ရက်နေ့ ၊
ကိုးရီးယား...နိုဝင်ဘာ 22 ရက်နေ့

ဘယ်လိုပဲ ကျင်းပခွင့်ရပစေ။ ရှမ်းတိုင်းရင်းသားများအနေနဲ့ ကိုယ့်နှစ်သစ်လေးကို ပျော်ရွှင်စွာ ကျင်းပတာ မြင်ရတော့ ၀မ်းသာတယ်။ မနှစ် ၂၁၀၃ခုနှစ် ရှမ်းနှစ်ကူးမှာ ထုတ်တဲ့ အကျီင်္ဒီဇိုင်းပေါ်မှာ ရေးတဲ့ စာသားလေးအတိုင်းပေါ့။ " ရေခြားမြေခြား ရောက်နေလဲ ရှမ်းဟာ ရှမ်းပါပဲ"တဲ့။ ရှမ်းပြည်နယ်မှာလဲ ရှမ်းနှစ်ကူးပွဲလေးကို ဆောင်းရာသီရဲ့ အေးမြမှု့တွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနေကြတာကို သတိရမိတယ်။ ဒူဘိုင်းဆောင်းရာသီလေးကတော့ မအေးသေးပါဘူး။ ဒါပေမဲ့ ဒီပွဲကိုရောက်လာတဲ့ ရှမ်းမောင်နှမတိုင်းရဲ့ ရင်ထဲမှာတော့ ချစ်တဲ့ ရှမ်းတောင်တန်းကြီးရဲ့ အေးမြမှု့နဲ့ ချယ်ရီတွေကို ခံစားနေရတယ်။

ဒီရှမ်းနှစ်သစ်ကူးပွဲဖြစ်မြောက်အောင် အကောင်အထည် ဖေါ်ဆောင်သူများ ဖြစ်ကြသော ကိုစိုင်းမိုင်းစင်၊ ကိုစိုင်းမြထွန်း နှင့် ကိုစိုင်းစံထွန်းတို့အား၎င်း၊အကျီင်္ ဒီဇိုင်းဆွဲပေးသူ ကိုစိုင်းဆိုင်မွန် ( ပွဲစဉ်တလျှောက်လုံးမှာလဲ ကင်မရာမန်း တာဝန်ယူပါတယ်) ၊ အကျီင်္မှာယူပေးသော မဦး အား၎င်း၊ အချက်အပြုတ် နှင့် နေရာထိုင်ခင်း အတွက် တာဝန်ယူ စီစဉ်ပေးသော ကိုစိုင်းမိုင်းစင် နှင့် မမျိုးသီရိအောင် တို့အား ၄င်း၊ တာဝန်ယူချက်ပြုတ် ပေးကြသော ကိုစောလွင်အောင်၊ ကိုစိုင်းဥာဏ်ဝင်း၊ ကိုစိုင်းမိုးဝင်း၊ ကိုစိုင်းဝင်းဦး၊ ကိုနန်းထိုက် တို့အား၎င်း၊ လက်ဆောင်မွန်များကို တာဝန်ယူစီစဉ်ပေးကြသော duty free မှ ညီမငယ် အာလူး၊ စိုးစိုး၊ ထူးရော် တို့အား၎င်း၊ ဂီတာဖြင့်ဖျော်ဖြေပေးကြသောကိုရဲနှင့်ကိုနိုင်မျိုးတို့အား၎င်း၊ မအားမလပ်သည့်ကြားမှ လာရောက်အားပေးချီးမြင့်ကြသော ဧည့်သည်တော်များနှင့်ညီအစ်ကိုမောင်နှမများ အားလုံးကို (tai youth အဖွဲ့)ကိုယ်စားကျေးဇူးအထူးတင်ရှိပါသည်၊။ ပြီးတော့ ဒီနှစ်ကူးပိုစ့်အတွက် ပြင်ဆင်စရာလိုအပ်သည့် အချက်အလက်များကို ကူညီပေးသော ကိုစိုင်းမြထွန်းကို ကျေးဇူးတင်ပါတယ်ရှင်။

13 comments:

လင်းကြယ်ဖြူ said...

ပျော်စရာကြီးဗျာ
အေးမြတဲ့ဆောင်းတစ်ညမှာ..ဆီမီးရောင်ထိန်ထိန်
လူအများနဲ့ပေါ့
သီချင်းလေးလည်းစောင်းမြောင်းဆို..ပြီး..အသည်းထဲနွေးထွေး
သွားကြတယ်မဟုတ်လား...
..........
သီချင်းလေးတစ်ခေါက်ဆုံးသွားပြန်တော့..ပြောစရာတွေတွေးရင်း
ကိုယ့်အလှည့်ကိုတောင်စောင့်ခဲ့သေးတယ်မဟုတ်လား..

ကျွန်တော့်စာသားတွေက သီချင်းနဲ့များ တူနေသလားလို့...ဟဲ..ဟဲ
ပျော်ပါစေ
ရှမ်းထမင်းနယ် စားချင်လိုက်တာနော်...တစ်ခေါက်ကလွတ်သွားတယ်ခင်ဗျ..ဒါကြောင့်ပါ

Beauty Studio USA Branded Store said...

ကိုကြယ်ကြီးက ရှမ်းအာလူးထမင်းသုတ် လွဲသွားလို့တဲ့အမရေ။ သနားစရာ မောင်ကြယ်လေးခမျာ သရေကျစွာနဲ့ နောင်နှစ်ရှမ်းနှစ်ကူးလေးကို မျှော်နေပါတယ်ဗျာ။:P

ဂျပန်ကောင်လေး said...

ရှမ်းနှစ်သစ်ကူး.. မြန်မာပြည်မှာဆိုရင် မုန့်ဖိုးတွေ ရနေပြီ.... ခိုင့်ကျင်ခေါင့်လမ်တေ့....း( ခိုင့်ကျင်ခေါင့်ဆွဲ... ခိုင့်ကျင် ထိုဖူး.... ပြောရင်းနဲ့ သားရည်ကျလာပြီ...

ရေတမာ said...

ပျော်ရွင်စရာ နှစ်သစ်ကူးလေးဖြစ်ပါစေ။ ဂုဏ်ယူပါတယ် ရှမ်းမောင်နှမတွေရေ

မေလေး said...

ပျော်ရွှင်ဖွယ်နှစ်သစ်ကူးလေးပါ မမငုံ

Unknown said...

ရှမ်းအမျိုးသားအလံတော် သီချင်းကို တင်ပေးပါ။

busymozzee said...

ငုံကြီးရေ... ရှမ်းမောင်နှမတွေ ရဲ့ အမျိုးဘာသာ စောင့်ထိန်းမှုကို ဂုဏ်ယူလျက်ပါ....

သုခုမလေဒီ said...

ဝေးး ရှမ်းနှစ်ကူးပျော်စရာကြီးနော့ ။ အဟဲ သူရော မပါဘူးလား။း))

Welcome said...

မ်ုင်;သုင်ခု,

မမေ့အပ်တဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။

သမိုင်းကြောင်းလေးပါ သိခွင့်ရလို့ အထူး ကျေးဇူးပါ။

ပျော်ရွှင်နိုင်ပါစေ ...

မြစ်ကျိုးအင်း said...

ပျော်ရွှယ်ဖွယ်ကောင်းမယ်လို့ ယုံကြည်ပါတယ်

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ကိုယ့်လူမျိုးရဲ့ ရိုးရာကို မမေ့မလျော့ရှိတာဟာ အမျိုးကိုစောင့်ရှောက် ခြင်းတမျိုးပါပဲ။

နောက်နှစ်တွေမှာလည်း ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အစီအစဉ်များနဲ့ ကြုံတွေ့စေချင်ပါတယ်ဗျာ

မိုးစက်အိမ် said...

ရှမ်းတို့ ရိုးရာလေးတွေဟာ ချစ်ဖို့ ကောင်းပါတယ် ကျွန်တော်လည်း ရှမ်းပြည်မှာ တစ်နှစ်လောက်ကျင်လည်
ဖူးတော့ နည်းနည်းပါးပါးသိပါတယ် ရှမ်းနှစ်သစ်ကူး
ကောက်သစ်စားပွဲတော့သိတယ် အမ . . . အလွမ်းရောင်
သန်းနေတဲ့  ရှမ်းတောင်တန်းတွေကိုလည်းမြတ်နိုးပါတယ်
ပျော်ရွှင်သော နှစ်သစ်ကူးလေးဖြစ်ပါစေခင်ဗျ . . .

စိတ်၏ဖြေရာ said...

မငုံရေ..ပျော်စရာကြီးနော့၊
ပျော်ရွှင်ချမ်းမြေ့ဖွယ်နှစ်သစ်ဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

ပျော်စရာကြီးပါလားဗျ

ပျော်ရွှင်ကြပါစေ

မင်းအိမ်ဖြူ