ငယ်ငယ်တုန်းက လက်သံပြောင်အောင် ကစားခဲ့သော ကိုအိမ်မှ ရေးပေးဆိုလို့ ရေးရတာ။ ရှက်တော့ ရှက်သား။ ငယ်တုန်းကတော့ ဒီလိုပဲ ကစားချိန်ကစား ၊ စာကျက်ချိန် စာကျက်နဲ့ ကြီးပြင်းလာတာ။ ပုံမှန်ကလေးတယောက်လိုပါပဲ။ တော်တော်လေး မောင်နှမတတွေ ပျော်ရွှင်စွာ ကစားခဲ့ကြ ၊ စိတ်ကောက်ခဲ့ကြတာတွေကို အမှတ်ရမိပါတယ်။

အဲဒီလို အမှတ်ရနေတဲ့ အဖြစ်အပျက်လေးထဲမှာမှ အမှတ်တရအဖြစ်ဆုံး ဖြစ်နေတာကတော့ ငယ်တုန်းကလို ပြောရအောင် ဂျီတီအိုင် ပထမနှစ် ကျောင်းသူဘ၀ ရောက်နေပြီ။ :)) ဖြစ်ပုံက သီတင်းကျွတ်လပြည့်ညလေးမှာပေါ့။ အိမ်မှာ မောင်နှမလေးယောက်ပဲရှိနေတယ်။ အဖေနဲ့အမေက အဘွားတို့အိမ်မှာ။ အမကြီးဆုံးနဲ့ မောင်လေးက ဧည့်ခံမှာ၊ ကျွန်မနဲ့ အမလတ်က ဘုရားခန်းမှာ။ ဧည့်ခန်းနဲ့ ဘုရားခန်းက တဆက်တည်း မျက်နှာချင်းဆိုင်ပေါ့။ အမလတ်က ဘုရားရှိခိုးနေတယ်။ ကျွန်မက ဘုရားမီးကို လျပ်စစ်မီးတွေနဲ့ ထိန်ထိန်ညီးနေအောင် ထွန်းထားကို အားမရလို့ ဖယောင်းတိုင် တစ်ထုတ်လုံးနဲ့ ထွန်းပါတော့တယ်။ ဘုရားစင်ရဲ့ အနေအထားက ပုလ္လင်နှစ်ဆင့်နဲ့ပါ။ ကျွန်မက ဖယောင်းတိုင်များကို စီတန်းပြီး ထောင်ပြီးသွားတော့ အောက်တဆင့်ကနေ အပေါ်ဆင့်ဆီသို မီးညှိသွားတော့တယ်လေ။ အမှန်က ကလေးသွားမေးတာတောင် သိပါတယ်။ မီးညှိရင် အပေါ်ကနေ အောက်တဆင့်ကို ညှိလာသင့်တယ် ဆိုတာကိုပေါ့။

အဲချိန်မှာ အမလတ်က ဘုရားရှိခိုးရင်း ညှော်နံ့ရလို့ ဘုရာရှိခိုးလျက်က မျက်လုံးဖွင့်ကြည့်တော့ ကျွန်မရဲ့ အင်္ကျီစ မီးစွဲနေတယ်လေ။ ပင်လောင်းမြို့ည အအေးကနက်တော့ အပေါ်က အနွေးထည် သိုးမွေးနဲ့ အနွေးထည်အောက်မှာ နိုင်လွန်သားပါတဲ့ တီရှပ်ဝတ်ထားတော့ လောင်စာဖြစ်နေတာပေါ့။

ကိုယ့်ဘာသာကိုယ် မီးလောင်လို လောင်မှန်းမသိနေတဲ့ကျွန် ရုတ်ရက်လန့်ဖြတ်သွားပြီး ဘာလုပ်ရမယ် မသိဖြစ်နေတော့တော့တယ်။ ကျွန်မလဲ လန့်သွားပြီး အကျီအောက်နားလေးမှာ စွဲနေတဲ့ မီးကို လက်နဲ့ ပုတ်ချလိုက်တာ နိုင်လွန်သားပါတော့ မီးတချို့က ကျမသွားပဲ လက်မှာစွဲပါလေရော။ အမလတ်လဲ ကြောင်ပြီးကြည့်နေချိန် အမကြီးနဲ့ မောင်လေး ပြေးလာပြီး မောင်လေးက ဘုရားစင်ရှိ သောက်တော်ရေပုံးမှ ရေနဲ့ လောင်းချလိုက်ပါတော့တယ်။ ပြီးတော့ ဘာပြောကောင်းမလဲ။ မောင်နှမလေးယောက်သား ထိုင်ငိုရလိုက်ကြတာ။

အဲဒီမီးလောင်တာ ကံကောင်းလို့ တကိုယ်လုံး မီးမစွဲပဲ လက်မှာစွဲတာကလဲ အပေါ်ယံလေးပဲ ဖြစ်သွားလို့ပေါ့ အဲဒီမီးစွဲသွားတဲ့ လက်မှာလဲ အပေါ်ယံလောက်ပဲ စွဲပြီး လက်သန်းအောက်က အိမ်ထောင်ရေးလမ်းကြောင်း စတဲ့ထောင့်လေးမှာတော့ အတော်နက်သွားတယ်လေ။ အခုချိန်ထိ ဒဏ်ရာလေးရှိနေဆဲပေါ့။ လက္ခဏာကြည့်တိုင်း ရှင်းပြရတာ ဒါလဲ အလုပ်တခုမို့ အမှတ်ရနေတယ်လေ။ တွေးမိပါတယ်။ အမလတ်သာ ညှော်နံ့မရရင် ဘယ်လောက်များ ကိုယ့်ဘာသာကိုယ် မီးစွဲနေမှန်းမသိ ဖြစ်နေမှာများနော်.ကြက်သီးတောင်ထတယ်။

နောက်တခု ကတော့ ၂၀၀၇ခုနှစ် ဖြစ်ခဲ့တာပေါ့။ မောင်နှမတွေနဲ့ ဘောလုံးပစ်တိုင်း ကစားကြတာ ခြေချော်ပြီး ပန်းခုံပေါ်က ပြုတ်ကျတာ ဘယ်သူ့မှ မြင်လိုက်ဘူး။ ၀မ်းလျားမှောက်လေး ကျနေတာများ နာလွန်းလို့ ပြန်တောင်မလှည့်နိုင်ဘူး။ နောက်မှ မောင်ငယ်ဖိုးခွား မြင်လို့ ပြေးလာပြီး ထူတာတောင် မထနိုင်လို့ တခြားမောင်နှမတွေ ပြေးလာရတာ ကြည့်လိုက်တော့ ဒူးနှစ်ဘက်လုံး စုတ်ပြတ်ထွက်သွားတာများ သွေးတွေ ချင်းချင်းနီနေတော့တာပဲ။ ဒဏ်ရာ အနာရင်းချိန်မှာတော့ နာလိုက်တာ ပြောမနနဲ့တော့။ ဒူးခေါင်းလိုနေရာမှာဆိုတော့ ကွေးမရ ပြုမရနဲ့ ပိုဆိုးတာပေါ့။ ဒီလိုနဲ့ နည်းနည်းလေ သက်သာရုံရှိသေးတယ်။ အဲချိန်မှာ RC2မှာ ကျောင်းတက်နေတော့ အပြန်မှာ လိုင်းကားပေါ်စီးတော့ ဘယ်လိုများ ကားပေါ်တက်လိုက်တယ် မသိဘူး။ ခလုတ်တိုက်ပြီး နောက်တဆင့်နဲ့ တိုက်မိသွားတာ နာလွန်းလို့ ကားပေါ်မရောက်ပဲ အပေါက်ဝမှာ မျက်ရည်တောက်တောက် ကျတာများ ရှက်လဲမရှက်နိုင်တော့ပါဘူး။ :)) ဒါပေမဲ့လဲ အခုချိန်ထိလဲ ကစားမယ်ဆိုရင် မကြီးမငယ်နဲ့ ရှေ့က ပါချင်နေသေးတယ်။ :))

9 comments:

Anonymous said...

ငယ်ဘ၀ အမှတ်တစ်ရလေးတွေပေါ့ ....
လွမ်းလောက်ပါလေရဲ့ ....

အိုက်ခီလောက် said...

အော် ငယ်ဘဝ တွေကို
ပြန်ပြီးစားမြုံပြန်နေတယ်ပေါ့လေ ဟုတ်လား နန့် ချာချီပင်း

နော်ခမ်း said...

အထက်တန်းကျောင်းသူဘ၀မှာဆိုရင်တော့ စဉ်းစားကြည့်တာနဲ့ ဘယ်လောက်ဆိုးမလဲဆိုတာ သိနိုင်ပါတယ်... အော်... အခုလောက်မဆိုးဘူးတဲ့ငယ်ငယ်က... ကြီးမှပိုဆိုးလာတာဆိုပဲ... ဟိဟိ...

လင်းကြယ်ဖြူ said...

ဒါဆိုလည်း တစ်ရက်လောက် အားလုံးချိန်းပြီး
နို့ဆီခွက်ထောင် ပစ်တမ်း ကစားကြရအောင်လေ
Beach မှာပေါ့. ...ဘယ်သူ လက်တည့် လဲဆိုတာ သိရအောင်လေ....
အကုန်ခေါ်လိုက် ဒဒွေးက ဘလော့ခ်ပိုင်ရှင်တွေကို..း)
ပျော်ပါစေ အစ်မရေ...

Welcome said...

တော်တော်အဆော့မက်တဲ့ ကလေးမပဲ

(ငယ်ဘ၀)ဆိုတော့ လောလောဆယ် ကျွန်တော်က အကြီးဆိုတော့ ဟောက်လို့ ဖြစ်သေးတယ်။

ကျွန်တော်လဲ ရေးရအုန်းမယ် ... အားသေးဘူး

Khyl said...

ဟွန်းဟွန်း... ကလေးဘဲ ရှိတေးတယ်နော်.... ခွမ်းခွမ်း..

သုခုမလေဒီ said...

ဖြစ်ရမယ်လေ။ ငယ်ငယ်ကတော့ ထားလိုက်ပါတော့ ခုရောဘယ်လိုလဲ???

Anonymous said...

ဟင်.. သူချည်းခံနေရပါလား... ဟားဟား.. ပျံပျံတန်တန် နံ့တန့်တန့် လုပ်နေလို့ အဲလိုထိတာ နေမှာ အဟိဟိဟိ... စတာနော် စိတ်ဆိုးနဲ့... အဟီး...။
မြင်တာလေး ပြောမိတာပါနော်...။
အမှတ်တရ ရေးပေးတာ ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျား။

Unknown said...

သူငယ်ချင်း
ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊
သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။
သူငယ်ချင်းရဲ့အရေးအသားနဲ့တင်ပြဟန်ကို
သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://tayla
ydoeyethmatthan.ning.com
/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့
ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့
မရေးနိုင်လျှင်လည်း။
ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့
ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့
သူငယ်ချင်း၏blog Link ကို ပါ Refrence
၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်
ဗဟုသုတနှင့်ရသ
ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက
်နားလည်စေချင်ပါသည်။

update ဖြစ်သောpostများကိုလည်း
taylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်
။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
တေလေများ