နိုင်ငံခြားရောက် အလုပ်သမားဘ၀၊၊ ၅နာရီထ အိမ်သာရေချိုးခန်းလု မျက်နှာသစ် ferry ကားပေါ်လုတက် ၁နာရီကားစီး အလုပ်လုပ်။ ညနေ ၆နာရီ ferryကားပေါ်လုတက် ၁နာရီကားစီး အဆောင်ရောက် ကားပေါ်ပြေးဆင်း အိမ်သာရေချိုးခန်းလု

ကျွန်မ အဒေါ်ရဲ့ gtalk custom message မှာ တင်ထားတဲ့ ဒီစာသားလေးကြောင့် ကျွန်မက မေးတော့ အဒေါ်က သူ တမနက်ခင်းမှာ တွေ့လိုက်ရတဲ့ အလုပ်သမားတွေရဲ့ အဖြစ်အပျက်ကို သနားလို့ ရေးထားတာတဲံ့။ ကျွန်မနဲ့အဒေါ်တို့ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ဒီထဲမှာ ရှိနေတဲ့ အဖြစ်အပျက်လေးကို ပြောဆိုဖြစ်ခဲ့ကြတယ်လေ။ ပြီးတော့ ကျွန်မရဲ့အမြင်လေးတွေကို ခံစားပြီး ရေးချင်လာတာနဲ့ သူတို့ဘ၀ဆိုပြီး ရေးသားလိုက်တယ်။ ဒီပိုစ့်လေးက ကျွန်မတယောက်တည်းရဲ့ အမြင်သက်သက်ပါ။

တခြားနိုင်ငံမှာတော့ ကျွန်မ မသိဘူးလေ။ ကျွန်မရောက်ရှိနေတဲ့ ဒီဒူဘိုင်းမှာ တွေ့ရတဲ့ အလုပ်သမားဘ၀ကို မြင်ရတာကတော့ မသက်သာလှပါဘူး။ ဒူဘိုင်းဆိုတာ ဆယ်စုနှစ်တစ်ခုတောင်မရှိသေးပါဘူး။ တိုးတက်မှု့နှုန်းလျင်မြန်စွာနဲ့ တရှိန်ထိုး တက်လာပြီး တည်ဆောက်ရေး လုပ်ငန်းတွေ အများကြီး တည်ဆောက်နေဆဲပါ။ နောက်အနှစ်ငယ်ကြာရင် ဒူဘိုင်းကို ခရီးသွားလုပ်ငန်းကို အဓိကထားပြီး လုပ်ဆောင်မဲ့ အစီအစဉ်ရှိတော့ ဆန်းပြားလှပတဲ့ တည်ဆောက်ရေး စီမံကိန်းတွေ အများကြီး ဆောင်ရွက်နေတယ်လေ။ ဒီတော့ ဆောက်လုပ်ရေး အလုပ်သမားတွေ အင်မတန်မှ များလှတဲ့ ဒီဒူဘိုင်းရောက် အလုပ်သမားတွေရဲ့ နေ့စဉ် နေထိုင်ချွေတာပုံလေးကို ကြည့်ရတာ စိတ်မသက်သာလှဘူး။

ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်သမားတွေကို နေထိုင်ရေးနဲ့ ပို့ဆောင်ရေးအပြီးအစီး လစာကို ဒဟမ်း 600 ခန့်ပေးပါတယ်။ ဒါက အောက်ခြေအလုပ်သမားလစာကို ပြောတာပါ။ 1ဒေါ်လာမှာ 3.65 ဒဟမ်းဆိုတော့ သူတို့လစာက တစ်လမှာ နေစရိတ် လမ်းခရီးစရိတ်အပြီးကို 165ဒေါ်လာခန့်ပဲရကြတယ်။ ကျွန်မတွေ့ရသလောက်က အလုပ်သမားတော်တော်များများက ပါကစ္စတန် နဲ့ အိန္ဒိယ လူမျိုးတွေများပါတယ်။

ဟုတ်ပြီ။ ကုမ္ပဏီက အလုပ်သမားတွေအတွက် စီစဉ်ပေးတဲ့ အခန်းဆိုတာကို labour camp လို့ ခေါ်တယ်။ အလုပ်သမားတန်းလျားပေါ့။ ကျွန်မလုပ်နေတဲ့ ကုမ္ပဏီက real estate ဖြစ်ပြီး အဓိက labour camp ကို လုပ်တာဖြစ်လို့ ကျွန်မရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီးရေးသားပါ့မယ်။

labour camp ဆိုတဲ့ သဘောတရားက ပုံမှန်အားဖြင့် G + 2 တော့ အနည်းဆုံးရှိကြပါတယ်။ အဲဒီ G+ 2 တိုက်လေးထဲမှာ အခန်းပေါင်း ရာချီရင်တော့ ဒီ camp လေးက ကြီးပါတယ်။ တချို့ camp ငယ်လေးတွေကတော့ အခန်း ၃၀ ၊ ၄၀ ပတ်ဝန်းကျင်တွေလဲရှိပါတယ်။ အခန်းတခန်းရဲ့ အကျယ်ကတော့ နှစ်ထပ်ကုတင် ၃လုံးစာအကျယ် (124Sq.ft)ပါပဲ။ အကျယ်ဆုံးက နှစ်ထပ်ကုတင် ၄လုံးပေါ့။ ကုတင် ထဲ့အပြီးမှာတော့ ခြေချစရာမရှိပါဘူး။ ဒီလို အခန်းကျဉ်းလေးမှာ ဒီနောက်ပိုင်း camp အတော်များများကတော့ central AC တွေ ဖြစ်လာပါပြီ။ အပူရှိန်ကြီးလှတဲ့ ဒူဘိုင်းလို နေရာမှာ AC က အရမ်းအရေးပါတဲ့ အရာတခုပါ။

ဒါပေမဲ့ ဒီနိုင်ငံဥပဒေအရ တခန်းမှာ လူ၆ဦးပဲ နေထိုင်ခွင့်ရတယ်ဆိုပေမဲ့ များသေားအဖြင့် တွေ့ရတာက တခန်းကို ၈ယောက်လောက်နေကြတယ်။ ဒါက အခန်းကိုငှားထားတဲ့ companyဘက်က စရိတ်ကို သက်သာအောက် လုပ်သလို real estate company ဘက်ကလဲံ အကယ်လို့ municipality လာစစ်လို့ fine တပ်ရင် ငှားတဲ့companyကို ပြန်တောင်းနိုင်တာဆိုတော့ သိပ်မပြောကြပါဘူး။ မသိသလိုနေကြပါတယ်။ municipality ကလဲ အမြဲ လာစစ်ပါတယ်။ အများအားဖြင့် gas cylinder လာစစ်တာပါ။ စံချိန်စံညွှန်းနဲ့ မမှီဆိုပြီး လဲခိုင်း၊ စစ်တော့စစ်တယ်။ အပေါ်ယံပေါ့။

နောက် ထမင်းစားခန်း နဲ့ မီးဖိုခန်းအကြောင်း အရင်ပြောချင်တယ်။ မီးဖိုခန်းနဲ့ ထမင်းစားခန်းဆိုကတော့ hall type ပါပဲ။ ဒီထဲမှာ လူပေါင်းရာချီပြီး ချက်ပြုတ်စားသောက်ကြပါတယ်။ ဥပမာ camp တခု၊ အခု ကျွန်မလက်ရှိငှားလိုက်တဲ့ G+2camp ကိုပဲ အဓိကထားပြီး ပြောရရင် အခန်းပေါင်း ၁၂၂ ခန်းရှိတယ်။ မီးဖိုခန်းနဲ့ ထမင်းစားခန်း ၂ခန်းပါတယ်။ ဒါတောင် camp ကြီးတယ်နော်။ အဲဒီ camp ထဲမှာ company ပေါင်း ၂၀ကျော်က ငှားထားတယ်။ ဆိုတော့ တခန်းမှာ လူ ၆ယောက်ပဲထား. camp တခုလုံး လူပေါင်းခုနှစ်ရာကျော် ရှိသွားပြီ။ ဒီခုနှစ်ရာကျော် ဒီမီးဖိုးခန်း ဒီထမင်းစားခန်းမှာ မဆုံဘူးဆိုရင် အနည်းဆုံး ၃၀၀လောက်က ဆုံနေမှာပဲလို့ ယူဆပါတယ်။

ပြီးတော့ အိမ်တအိမ်မှာ အရေးပါးဆုံးနေရာက အိမ်သာ ရေချိုးခန်း။ အိမ်သာတွေ တည်ဆောက်ပုံကတော့ တန်းစီပြီးဆောက်ထားပါတယ်။ ကျဉ်းကျဉ်းလေးပါပဲ။ အိမ်သာခန်းတွေ တန်းစီးပြီးတော့ wash room ကျတော့ကော တန်းစီးနေတာပဲ။ အဲဒီ အခန်းတွေရဲ့ ဘောင်ကို ဆောက်ထားရာမှာ မမြင့်တော့ အထဲက ရေချိုးရင် ၊ အ၀တ်လျှော်လိုက်ရင် ရေတွေက အပြင်ကို စီးထွက်လာရော။ ကဲ..လူတယောက်နှစ်ယောက်လဲမဟုတ်။ လူရာချီနေတော့ တယောက်စရိုက်တမျိုးနဲ့ တယောက်က ဘယ်လောက် ဂရုစိုက်ပြီး လုပ်ကိုင်ပေမဲ့ တယောက်က ဂရုမစိုက်ဘူးဆိုရင်တော့ ကျွန်မတွေးကြည့်တာနဲ့တင် စိတ်မသက်သာလှဘူး။

တချို့ campဆို သိပ်စိတ်ပျက်ဖို့ ကောင်းပါတယ်။ sewerageလို့ခေါ်တဲ့ ရေညစ်တွေ စီးထွက်လာတော့ ကော်ရစ်ဒါတလျှောက် ရေတွေအိုင်နေ လျှံနေတာပဲ။ အနံဘယ်လောက်ဆိုးလိမ့်မလဲ။ အမှိုက်ကန်ကိုလဲ အမြဲ လာရောက်ပြီး သိမ်းဖို့ မပြောနိုင်ရင် ဒီအမှိုက်နံ့ကလဲ နံပါဦးမယ်။ တခါတရံ့ real estate ဘက်မှ ရေမီးဖိုး ပေးဆောင်ရန်လစ်ဟင်းသွားပါကလဲ ရေမီးအဖြတ်ခံရတော့ ဘယ်လိုလုပ်မလဲ။ ပူလောင်စွာနဲ့ မှောင်မှောင်မှာ အိပ်ရမယ်။ ရေမလာလို့ အိမ်သာရေချိုးခန်း ဘယ်လိုသုံးမလဲ။ တည်ဆောက်ထားတဲ့ camp အရကိုက အိပ်ခန်း ၃ခန်းကို အိမ်သာ ရေချိုးခန်း ၁လုံး အချိုး ဆိုတော့ လူ ၁၈ယောက်မှာ အိမ်သာရေချိုးခန်း တခန်းပဲရမယ်။ ဒါက camp ကြီးလို့ ဒီလောက်ပေးနိုင်တာ။
များသေားအားဖြင့် camp တွေကို ကျွန်မမြင်ရသလောက်က တည်ဆောက်ရာမှာ သုံးထားတဲ့ ပစ္စည်းတွေက အရည်အသွေး မကောင်းတာများတယ်။ တော်ကြာနေ တံခါးပျက်ပြန်ပြီ ၊ တော်ကြာနေ ရေပိုက်ခေါင်းကျိုးပြန်ပြီနဲ့ စသည်ဖြင့် ခဏခဏ ကြားရပါတယ်။
ဆိုတော့ တွေးသာကြည့်လိုက်ကြပါတော့..

မနက် ၅နာရီဆို ဆောက်လုပ်ရေးခွင်သို့ သွားဖို့ ထရပြီ။ တချို့ companyက siteနဲ့ ပေးထားတဲ့ accommodation တအားဝေးရင် ဒီထက်စောစောထရပါတယ်။ မနက်က ၅နာရီဆို ထပြီ။ အိမ်သာရေချိုးခန်း ဦးရာလူစနစ်နဲ့ ပြေးပြီး ကိစ္စရှင်းကြရတယ်။ တရုန်းရုန်းနဲ့ ဘယ်လောက်များ နေရခက်လိုက်မလဲနော်။

site သွားဖို့ ရောက်တော့ ကြိုပို့ယာဉ်ပေါ် အလုအယက်တက်ကြရပြန်ပြီ။ တနေကုန်ပင်ပန်းမှာတွေ ပြီးတော့ မနက်စောစောထပြီး ရေချိုခန်း အိမ်သာလုနေရတာနဲ့တင်မပြီးသေးဘူး။ ကားပေါ်မှာ နေရာကောင်းကောင်းလေးရမှ သက်တောင့်သက်သာလေး ထိုင်ခွင့်ရဖို့ ပြေးရပြန်တယ်။ အတန်းလိုက် ၅ယောက် တစ်တန်းနှုန်းနဲ့ လုပ်ထားတဲ့နေရာဆိုတော့ ပြတင်းပေါက်ဘေးနားလေး ထိုင်ရရင်ပဲ သူတို့အဖို့ သက်သာတယ်လေ။ ကားပုံစံကိုလဲ ကျွန်မမြင်ဖူးတယ်။ လေအေးစက်မတပ်ထားပဲ ပန်ကာငယ်လေးတွေ အများကြီးတပ်ထားတယ်။တစ်နာရီလောက် ကားစီးပြီး site ရောက်တာနဲ့ အလုပ်လုပ်ကြ။ နေ့လည် ထမင်းစားချိန်လေးမှာ အမြန်စားသောက်ပြီး ကျန်တဲ့အချိန်လေးမှာ လဲလျောင်းအနားယူရတယ်။ နောက် အလုပ်ဆက်လုပ်။ ည ၆နာရီမှာ ကားလာကြိုတော့ အလုအယက်ပြန်တက်၊ နေတဲ့နေရာလဲရောက်ရော အပြေးအလွှားဆင်းပြေးပြီး အိမ်သာရေချိုးခန်း လု။ ကဲ.တနေ့တာ သူတို့ဘ၀ ဘယ်လောက်သနားစရာကောင်းလိုက်သလဲ။

စားသောက်တာကြတော့ တချို့ companyကတော့ သူတို့အလုပ်သမားတွေကို ချက်ပြုတ်ကျွေးပါတယ်။ စားစရိတ်ပါငြိမ်းတာပေါ့။ ဒါကလဲ companyကြီးလောက်ပဲ လုပ်တာပါ။ များသောအားဖြင့် စားစရိတ်ကို ကိုယ့်လစာထဲကပဲစားရတော့ သူတို့မို့လို့ပဲ စားနိုင်ကြ စားတတ်ကြပါပေတယ်။ အမှန်က စားနိုင်လို့ စားတတ်ကြလို့ ဟုတ်မယ်မထင်ပါဘူး။ သူတို့အတွက် saving saving ဆိုတာက ပိုအရေးကြီးတယ်လေ။ အင်မတန်မှ ခြစ်ကုတ်ပြီးစားသောက်ကြတယ်။ သူတို့အတွက် တကျပ် တပြားဆိုတာကလဲ အင်မတန်အရေးပါတယ်လေ။

သောကြာတရက်လေး ပိတ်ရက်ရတယ်။ ပိတ်ရက်လေး ဒီအခန်းကျဉ်းလေးထဲမှာ ဘယ်လိုနေမလဲ။ ဒီတော့ ပန်းခြံဆိုတာကလဲ ပိုက်ဆံပေးဝင်ရတာ ၊ ဒီတော့ ပိုက်ဆံမပေးရတဲ့ လမ်းဘေးက မြက်ခင်းတွေမှာ ၊ ကုန်းလေးတွေမှာ နေရာအတော်များများပါ ထိုင်ကြ စုပေါင်းစကားပြောကြနဲ့ သောကြာနေ့ဆို အင်မတန်မှ စည်ကားပါတယ်။

လုပ်ငန်းခွင် အမြန်ပြီးဖို့လိုတယ် အိုဗာတိုင်ဆင်း ဆိုရင်သွားရော။ သောကြာနေ့လိုတောင် နေ့တ၀က်ဆင်းရတဲ့ site တွေရှိပါတယ်။ နေ့ဆိုင်းသမားလဲ ဒီဒုက္ခ ၊ ညဆိုင်းသမားလဲ ဒီဒုက္ခ ဘယ်လိုပြောပြော မလွယ်လှပါဘူး။

အခုလို စီးပွားရေးကျချိန် လူလျော့တယ်။ ရှိတဲ့လူအင်အားနဲ့ ဖြစ်အောင်လုပ်မယ်ဆိုပြီး လျော့တော့ ပြန်ကြရတာပဲ မဟုတ်လား။ complaintတက်ခွင့်ရှိလို့လဲ။ အလုပ်သမားအတွက် ဆိုပေမဲ့ အလုပ်ရှင်ကို ဦးစားပေးထားတဲ့ ဥပဒေအရ ဘာလုပ်နိုင်မှာလဲ???

15 comments:

Unknown said...

Thank you for the post of my feelings. Hope their families will understand their situations and won't write a letter to send more money.

Khyl said...

ဖတ်ရတာရင်မောပါ့ ငုံရေ..

မြစ်ကျိုးအင်း said...

ဒီလိုပဲမောနေကြရတော့မှာလား
ဒီလိုအဖြစ်အပျက်တွေက မရေတွက်နိင်အောင် ရှိနေ တယ်။ ဒါကိုက မြန်မာလူမျိုးတို့ရဲ့ ပြယုဂ် ဖြစ်လာတော့မှာလား ။ တခြားနိင်ငံသားတွေ လည်းရှိနေပေမယ့် သယံဇာတ ပေါကြွယ်ဝ တဲ့ ကျွန်တော်တို့လူမျိုးတွေအတွက်တော့ လက်ခံဖို့ ခက်ခဲတဲ့အခြေနေပါပဲ။
စာနာစိတ်နဲ့ ဖတ်ပြီးမောသွားရတယ်။

မြစ်ကျိုးအင်း said...

သေသေချာချာမသိသေးတဲ့ နေထိုင်မှု ပုံစံလေးကို ဖတ်ခွင့်ရလို့ ရေးပေးတဲ့ မငုံကို ကျေးဇူးပါနော်

တောင်ပေါ်သား said...

ကြီးဒေါ်ရေ ဒီလိုအဖြစ်တွေက နေရာမရွေး နိုင်ငံမရွေးဖြစ်နေတာပါ ဒီမှာလဲ ဒီလိုတွေ ရှိပါတယ် ဘ၀လေ ရုန်းကန်နေကြဆဲပေါ့ တခါတလေ ဒါတွေ မြင်ရတော့ မွေးဖွားပေးတဲ့ မိဘ၊ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘတွေကို ပိုလို့ ချစ်မိတယ်ဗျာ အားလုံးအဆင်ပြေကြပါစေ

လေးစားလျက်
တောင်ပေါ်သား

ကြယ်ပြာ said...

မငုံရေ ...

ဖတ်သွားပါတယ် ... ဒီမှာလဲဒီလိုပါပဲ အောက်ခြေအလုပ်သမားတွေခမျာ ပင်ပန်းဆင်းရဲရှာပါတယ် ... တချို့ဆို ထောင်ကျနေသလားမှတ်ရမယ် ... ရေနံပိုက်ကို maintain လုပ်ရတာတဲ့ ... မနက်ဆို သဘောင်္ကြီးနဲ့ ကျွန်းကိုသွားရတယ် ... ပူလှတဲ့ရေနံပိုက်ကြီးတလျှောက် စောင့်ပြီး ပေါက်ရင်ဖာ ... မပေါက်ရင် သံချေးတိုက် တနေကုန်နေပူထဲမှာနေရတယ် ... ပြန်ချိန်ကျ အိုတီများရှိရင် ၁၁ ကျော်တဲ့ထိ သဘောင်္ကြီးပေါ်မှာရှိတုန်းလေ ... ဖတ်ရတာ မောပါတယ် ... အောက်ခြေမှမဟုတ်ပါဘူး ပရော်ဖက်ရှင်နယ်လည်း ပရော်ဖက်ရှင်နယ်အလျောက် အနှိပ်ကွပ်ခံရတာတွေလည်း ရှိတယ် ...

တလနွန် said...

မငုံရေ
လူသားအားလုံး တရားမျှမျှတတနှင့် အလုပ်ထဲမှာ အဆင်ပြေနိုင်ပါစေလို့ ပဲ ဆုတောင်းလိုက်ရပါတယ်...
ဖိနှိပ်ခြင်း ကင်းဝေးကြပါစေ....

ခင်မင်လျက်
တလနွန်

သုဒြေ္န said...

ဟူးးးးးးးးးးး ပင်ပန်းလိုက်တာနော် ဘ၀ဆိုတာကိုဘဲပြောရတော့ မယ် ဘကုံးနဲ့  ၀လုံး ၂လုံးဘဲရှိလို့  တော်သေးတယ် ၃လုံးသာဆို မတွေးနိုင်အောင်ပင်ပန်း နေတော့ မှာဘဲနော် တိုးတက်မှုတွေရဲ့ နောက်ကွယ်ကပင်ပန်းဆင်းရဲ ခြင်းတွေပေါ့ ညီမလေးေ၇ ကိုယ်ချင်းစာနာတဲ့  နှလုံးသားရှိတဲ့ ညီမလေးရဲ့ စိတ်ဓ်ါတ်ကို ဂုဏ်ယူမိတယ် ဒါတွေကတော့ ဒီလိုဘဲရှိနေဦး မှာပါ အစဉ်အားပေးနေတယ် ခင်တဲ့ ကိုကြီး သုဒြေ္န

Anonymous said...

ဖတ်ရတာနဲ့ တင်ရင်မောသွားတယ်...

သနားစရာသူတို့ ဘ၀တွေပါပဲ...

အင်း...

ကိုယ်တွေလည်းဘာထူးလို့ လဲ...

အကျဉ်းထောင်အသေးစားနဲ့  နည်းနည်းကြီးတာပဲကွာပါတယ်...

မိုးစက်အိမ် said...

ဘ၀ ဆိုတာ ထင်သလောက်မလွယ်ကူးဘူးဆိုတာ
ဒီပို့ စ်လေးက သက်သေဘဲ ဒါတောင် ဘာမှမဟုတ်သေး
ပါဘူး ဒီထက်ဆိုးနေတာတွေ အများကြီးရှိသေးတယ်ဗျာ
ဘာဖြစ်ဖြစ် ကိုယ့်နိုင်ငံတိုးတက်ရင် ဒါတွေဖြစ်လာစရာ
မရှိဘူးပေါ့ဗျာ . . . တိုးတက်သောနိုင်ငံ ဖြစ်လာပါစေလို့ 
သာဆုတောင်းရင်း . . .

Welcome said...

ဒူဘိုင်းလာမလို့ လုပ်နေတာ အခန်းကျဉ်းနဲ့တော့ မနေတတ်ဘူး။

ကိုရေတမာ said...

ဘယ်နိုင်ငံက အောက်ခြေ အလုပ်သမားဘ၀မှ မလွယ်လှပါ့ဘူး အမရယ်။

စိတ်၏ဖြေရာ said...

ကိုယ့်အလုပ်ဆိုးလှပြီထင်တာကိုယ့်ထက်ပိုဆိုးတဲ့
သူတွေရှိနေသေးပါလားနော်။နားလည်စာနာစွာနဲ့
ဖတ်ရှုသွားပါတယ်။

ကိုရဲ said...

လူအမျိုးမျိုး စိတ်အထွေအထွေ လူတိုင်း အပူတွေနဲ့ပါဟာ

Anonymous said...

ဘဝတွေဘဝတွေ တဦးနဲ့ တဦးအခြေအနေတွေ မတူကြပေမဲ့ နွားလိုရုန်းနေရတာခြင်းကတော့ အတူတူပါပဲဗျာ