ကျွန်မ ဒီနေ့ ရောက်တတ်ရာရာ တွေးရင် တောင်ငူမှာ ဂျီတီအိုင် တက်တုန်းက အဖြစ်လေးကို ပြန်သတိရမိတယ်။ ကျွန်မ ဒုတိယနှစ်မှာပေါ့။ ကျွန်မတို့ အုပ်စုက ကျောင်းမှာ တကယ့် ဗရုတ်သုတ်ခ အုပ်စုလေ။ တနေရာရာ သွားမယ်ဆို ငြင်းတယ်လို့ကို မရှိဘူး။ ညီကြတယ်။ တစ်နေ့ နေ့လည်ခင်းမှာ သူငယ်ချင်းတွေ ကျောင်းမတက်ပဲ ရေတာရှည်မြို့နယ်မှာ ရှိတဲ့ ရှေးဟောင်း သမိုင်းဝင် မယ်ဒက်မယ်ကယ် ဘုရားကို သွားဖူးဖို့ ပြင်ကြတယ်။ ရေတာရှည်မြို့ကနေ ကျောင်းလာတက်တဲ့ သူငယ်ချင်း နဲ့ အုပ်စုလိုက် ကျောင်းလစ်ကြတာပေါ့။ ဘုရားကိုရောက်တော့ မြို့ခံ သူငယ်ချင်းက ပြောပါတယ်။ ဒီဘုရားက နတ်ကြီးတယ်။ အပြောအဆိုမှားလို့ မရဘူး။ အပြုအမူတွေလဲ ဆင်ခြင်ကြဖို့ပေါ့။ ကျွန်မတို့ကို ဒေသခံ ပြောပြတဲ့ ဘုရားသမိုင်းလေးက…

အမှန်က စေတီက နှစ်ဆူပါ။ မယ်ဒက်နဲ့ မယ်ကယ်ဆိုတဲ့ ညီအမနှစ်ဦး မိကျောင်းက ပါးစပ်နဲ့ ကိုက်ချီလာတဲ့ ဓာတ်တော်ကို ဌာပနာထားတာပါတဲ့။ အဲဒီမှာ ညီမဖြစ်သူ မယ်ကယ် က သူ့ရဲ့စေတီတော်ကိုတော့ ပါရမီရေစက်ရှိသူများသာ ဖူးမြော်နိုင်ရန် အဓိဌာန်နဲ့ တည်ထားတော်မူထားတယ်လို့ သိရပါတယ်။ ကျွန်မတို့ အခုသွားဖူးတာကတော့ မယ်ဒက်ဘုရားပေါ့။

ကျွန်မကတော့ သူငယ်ချင်းပြောတဲ့အတိုင်း ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ့်ဘက်ကနေ မချွတ်ယွင်းရအောင် ဘုရားရောက်သည်နှင့် လုံးဝ စကားမပြောတော့ဘူး။ လူငယ်ဆိုတော့ ပြောမှားဆိုမှား ဖြစ်သွားမှာစိုးတယ်လေ။ သတိထားတာပေါ့။ အဲဒီမှာ သတိမထားလိုက်မိသူကတော့ မဝေ ဆိုတဲ့ သူငယ်ချင်းပါပဲ။ ကျွန်မတို့ ဘုရားရှိခိုးပြီးတာနဲ့ လှည့်ပတ်ကြည့်ကြတုန်း ဓာတ်တော် ပင့်ချီလာတဲ့ မိကျောင်းကန်သို့အရောက်မှာ သူက မုန့်စားထားလို့ လက်ပေနေတာကို အဲဒီကန်ထဲ လက်နှိပ်ပြီး ဆေးလိုက်တယ်လေ။ အားလုံးက မလုပ်နဲ့လေလို့ အော်တာ မမီလိုက်ဘူး။

နောက်ကျွန်မတို့ တောင်ငူပြန်တော့ စီးလာတဲ့လိုင်းကား ရေတာရှည်မြို့အထွက်မှာတင် တိမ်းမှောက်ပါလေရော။ တော်သေးတယ်။ ကျွန်မတို့ ဘာမှမဖြစ်တာ။ နောက်တစ်စီး ပြောင်းစီးတော့ ကျွန်မက ရသမျှဘုရားစာကို ရွတ်တော့တာပဲ။ ဂျီတီအိုင် ကျောင်းရှေ့မှာပဲ ကျွန်မဆင်းလိုက်တယ်လေ။ ကျွန်မ က ကျောင်းကနေလစ်ပြီး သွားတာကိုး။ အိမ်က အကြိုအပို့ရှိတော့ ကျောင်းပဲ ပြန်လာမှ ရမယ်လေ။ လာကြိုတဲ့သူတောင် ကြိုရောက်နေပြီ။ ကျွန်မလဲ ကားမှောက်လာတဲ့ အကြောင်းမပြောမိအောင် နေရတာပေါ့။ (ကျွန်မ အကျင့်တစ်ခုရှိတာက အိမ်က မသိအောင် တခုခု လုပ်ပြီးရင် ဘယ်သူမှ စစ်စရာမလိုဘူး။ မနေနိုင်မထိုင်နိုင် ပြန်ပြောတတ်တယ်။ )

နောက်ရက် ကျောင်းလာတော့ တူတူသွားကြတဲ့အထဲ ကျွန်မနဲ့ နောက် နယ်က ကျောင်းလာတက်လို့ ကျောင်းနားက ကန်ရိုးရွာမှာ နေတဲ့ သူငယ်ချင်းတွေပဲ ကျောင်းလာပြီး မြို့ထဲ ပြန်တဲ့သူတွေ မလာကြဘူး။ နေ့လည်ပိုင်းရောက်မှ သူငယ်ချင်းဗညား ကျောင်းရောက်လာပါလေရော။ ခေါင်းမှာ ပလာစတာကြီးနဲ့။ ခေါင်းကွဲသွားလို့ ချုပ်ရတာတဲ့။ အားလုံးက တစ်အံတသြနဲ့ ဘာဖြစ်တာလဲ ၀ိုင်းမေးတော့

ကျွန်မတို့ ဆင်းသွားပြီး တောင်ငူမြို့ထဲ အ၀င် ကွေ့လေးမှာ ခဏက ကျွန်မပြောတဲ့ မဝေဆိုတဲ့ သူငယ်ချင်းမလေးက ဒီတခါ ကားတိုက်ရင် တည့်တည့်တိုက်မှာလို့ ပြောပြီး စက္ကန့်ပိုင်းမှာတင် ရှေ့က ပေါ်တော်မူဘုရား အုတ်တံတိုင်းကြီးကို ၀င်တိုက်ပါတော့တယ်တဲ့။ ကျန်သူငယ်ချင်းတွေလဲ ပွန်းပဲကျတာမျိုး ရှိတဲ့အကြောင်း ၊ မဝေကတော့ ခေါင်းနဲ့ လက်အထိများလို့ ဆေးရုံတင်ထားရတဲ့ အကြောင်းပြောတော့ စိတ်မကောင်းဖြစ်ကြရတယ်။ နောက် ဆေးရုံကို သတင်းမေး ပြေးကြတာပေါ့။

အဲဒီနောက်ပိုင်း ကျွန်မတို့ အုပ်စုတော်တော် ခြေငြိမ်သွားပါတယ်။ မဝေလဲ စိတ်မကောင်းတွေ ဖြစ်ပြီး သူ ဆေးရုံက ဆင်းတော့ အဲဒီဘုရားကို သူ့အိမ်နဲ့ တခေါက်ပြန်သွားပြီး သွားကန်တော့ တောင်းပန်တယ်တဲ့။ ကျွန်မလဲ သူငယ်ချင်းတွေ ဆေးရုံတက်ရတဲ့ အကြောင်းကို ပြောရင်း ကျောင်းလစ်ပြီး တစ်ခြားမြို့က ဘုရားသွားဖူးရင်း ကားမှောက်တဲ့ အကြောင်း ပြောမိပါတော့တယ်။ မသေကောင်း မပျောက်ကောင်း ဆိုပြီးတော့ အဆူလေးတော့ နည်းနည်းခံလိုက်ရပါတယ်။

ဒီဖြစ်ရပ်မှာကို ကြည်ြ့ပီး ဘာကြောင့် ဖြစ်ဖြစ်ပါ။ ကိုယ်မယုံကြည်ရင် မဝေဖန်၊ မပြစ်မှားလိုက်ပါနဲ့နော်။ ကျွန်မတို့တော့ သင်ခန်းစာ ကောင်းကောင်းရ သွားပါတယ်။

19 comments:

Anonymous said...

၁ ယူကြည့်ဦးမယ် ... ရမလား :D

Anonymous said...

မငုံရေ ... တစ်ချို့ဘုရားတွေက တကယ်ကို နတ်ကြီးတာပါ .. ကျွန်တော်လည်း အဲလိုနတ်ကြီးတယ် ဆိုတဲ့နေရာမျိုးကို သွားရင် တော်တော်လေး သတိထားရပါတယ် .. ပါးစပ်က ပေါက်ပန်းဈေးတွေ ပြောပြောထွက်တတ်လွန်းလို့ပါ ... တိုက်ဆိုင်မှု လို့ပဲ ပြောပြော ကျွန်တော်တော့ နတ်ကြီးတယ်ဆိုတာကို အတိုင်းအတာ တစ်ခုထိယုံပါတယ် ... ဘာပဲဖြစ်ဖြစ် ဆင်ခြင်သင့်တယ်လို့လည်း ထင်ပါတယ် မငုံရေ ... တော်သေးတယ်နော် .. ငါ့မကြီး ဘာမှ မဖြစ်တာ ... မသေကောင်းမပျောက်ကောင်း :D
နေဒေးသစ်။

လင်းကြယ်ဖြူ said...

မှတ်သားစရာပါပဲ
ဖြစ်တတ်ပါတယ်..ကိုယ်တိုင်တော့မကြုံဖူးဘူး
သူများတ္ဂေကြုံတာကို တ္ဂေ့ဖူးတယ်..

နှင်း said...

မငုံရေ
ငုံရဲ့ အတွေ့အကြုံလေးကို လာဖတ်ပါတယ်နော်...
နောက်ရေးမယ့်အကြာင်းအရာလေးကို မျှော်နေတယ်..

Sein Lyan Tun said...

ဟုတ်တယ်မငုံရေ....

ကျနော်တို့ ဘက်မှာလဲ အဲဒီလိုနတ်ကြီးတဲ့ ဘုရားကျောင်းကန်တွေ အများကြီးပါ...

မြင်နေကြားနေရတာတွေက တကယ်လေ

ခုလဲ မှတ်သားသွားပါတယ်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ရေတမာ said...

အခုလို ဆင်ခြင်နိုင်အောင် ပြောပြတဲ့အတွက် ကျေးဇူးပါ။ (မသေကောင်းမပျောက်ကောင်း အမရယ်)

တလနွန် said...

အင်း ဟုတ်တော့ဟုတ်တယ်။ မယုံကြည်ရင်တောင်မှ မစော်ကားမိအောင် သတိထားရမယ်။ လူနတ်ချစ်ခင်
တော့ ပိုကောင်းတာပေါ့နော်။ :)
တော်သေးတာပေါ့။ အမ ဘာမှ မဖြစ်လို့ ။

ခင်မင်ခြင်းနှင့်
တလနွန်

kiki said...

ကဲ အခု ယုံပြီလား ။
မယုံ မရှိ နဲ့ နော် ။
နှုတ်ကြောင့်ကျေ ၊ လက်ကြောင့် သေ ။
ဘာကြောင့် ဖြစ်ဖြစ် မကောင်းပါဘူး လေ။

ခုရော.. အလုပ်က လစ်ပြီး ဘယ်တွေ လျှောက်သွား။
သတိ ကြပ်ကြပ်ထား ပါ ။

ဖွားကိ
ဟိဟိ

အဆိပ်ခွက် said...

တောင်ကြီး ကိုးမြို့ရှင် နတ်နန်းလဲ တန်းခိုးကြီးပါတယ်....

ခင်မင်လျှက်
အဆိပ်ခွက်

kaungkinpyar said...

မယုံလို့ မရတဲ့ အရာတွေ ပေါ့ ညီမလေးရေ

သုခုမလေဒီ said...

ဟုတ်တယ် မငုံ။ အမျိုးထဲမှာလည်းကြုံဖူးတဲ့သူရှိတယ်။ မယုံလို့ ပြောမိရာက ဒုက္ခတွေ့ တာလေ။
မလုပ်မိတာအကောင်းဆုံးပဲနော်။

Dream said...

အင်း ..တီတီရေ... ဖတ်သွားတယ်။
သူ့ဆိုင်ရာ ဆိုင်ရာ အစောင့်အရှောက်တွေတော့ ရှိတာပေါ့...

မယုံရင်နေပါ မစော်ကားပါနဲ့ ဆိုတာလိုပေါ့။

ထူးဆန်း အဖြစ်လေးပါပဲ။

သီဟသစ် said...

မငုံရေ
တကယ်မှတ်သားစရာပါ
ကျွန်တော်ဆို ပေါက်တတ်ကရ ပြောတတ်လွန်းလို့ တန်ခိုးကြီးနေရာ ရောက်ရင် သတိထားရတယ်

ဇော် said...

ဒေါ်လေးငုံ
မှတ်သားသွားပါတယ်ဗျာ။
ကျနော်က အဲ့ဒါမျိုးတွေ သိပ်ယုံကြည်တတ်တာ မဟုတ်တော့ ခု ဒေါ်လေးပြောမှ သတိထားရတော့မယ်။
အဟဲ။

မင်းအိမ်ဖြူ Minn Eain Phyu said...

အစ်မရေ ပထမဆုံးအကြိမ် လာဖတ်ပါတယ် ...
နှူတ်တစ်ခွန်းက မလိုအပ်ရင် မပြောတာအကောင်းဆုံးပါ
ဝဇီဗေဒ ထိတိုင်းရှ လို့ ဆိုသကိုး နောက်
ဇဗျူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ် ထွန်းသတဲ့လေ

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

Anonymous said...

သိဘူးဗျာ တခါမှ အဲလို မကြုံဖူးတော့ မသိဘူး

မိုးခါး said...

ဟုတ်တယ်နော်
ကိုယ်မမြင်နိုင်မသိနိုင်တာတွေက အများကြီး

Libratun said...

ထောက်ခံပါတယ်။

libratun.blogspot.com

Anonymous said...

တော်သေးတယ်...၁ဖွဲ့လုံးမဖြစ်တာ....
တချိုနေရာတွေမှာ ၁ယောက်မှားတာနဲ့ ၁ဖွဲ့လုံး ဖြစ်တက်တယ်..လို ကြားဘူတယ် .....
မသိတဲ့နေရာသွားရင် တော်တော် ဂရုစိတ်ရမယ်ထင်တယ်