ကဲ နောက်ထပ်အကြွေးလေး တပုဒ်။ ဒီတခါအလှည့်ကျသူကတော့ တုနန်လို့ ခေါ်တဲ့ မွန်မင်းသား တလနွန်ပါပဲ။ သူတဂ်ထားတာလေးက အို့မိုင်ဂရမ်းမား…အို့မိုင် ဂရမ်းဖားတို့ …တဲ့။ ရေးလို့ကောင်းလိုက်မဲ့ ပိုစ့်လေးပေါ့။ အဘိုးအဘွားဆိုတာ မြေးတွေရဲ့ အဖေအမေဆူရင် ကာကွယ်ပေးရာ အိပ်ရာဝင်ပုံပြင်ကို မညီးမညူးပြောပေးသူ၊ အလိုလိုက်တတ်သူများမို့ မြေးတွေအတွက် အားထားရာပေါ့။ ကျွန်မချစ်တဲ့ အဘိုးအဘွားများကတော့ ဒီလိုလေးရှိတယ်။။

ဘိုးဘိုး
ကျွန်မအဖေဘက်က အဘိုးပါ။ ကျွန်မတို့ ဘိုးဘိုးကတော့ ငယ်ငယ်က လူချော၇ှမ်းမင်းသား ဖြစ်ခဲ့ပုံရတယ်။ ဓာတ်ပုံတွေ ကြည့်ရတာလဲ အတော်ချောခဲ့သလို၊ စိတ်လဲကြီးပုံရတယ်။ သူ့ခေတ်သူ့ခါမှာတော့ လေးစားမှု့ခံရသူပေါ့။ မနက်တိုင်း ဒုတ်ကောက်ကြီးနဲ့ လမ်းလျှောက်ထွက်ပြန်လာတဲ့ အချိန်မှာ ကျွန်မ မှတ်မိနေပါသေးတယ်။ ဘိုးဘိုးက သိပ်ကြည့်ကောင်းတာပဲ။ လူချစ်လူခင်များတဲ့ ဘိုးဘိုးက ဘွားဘွားထက် ခုနှစ်နှစ်ငယ်တော့ တခါတလေ ကျွန်မတို့ အမြင်မှာ သိပ်ဗိုလ်ကျတာပဲလို့ထင်မိတာပဲ။ (ဒါပေမဲ့ သူကတော့ ချစ်လို့ ဆိုးတာနေမှာပေါ့နော်။ )
ဘွားဘွားဆုံးပြီးနောက်ပိုင်း ဘိုးဘိုးက ထမင်းစားချိန်မှသာ အိမ်အောက်ထပ်ဆင်းသလို ဘယ်နေရာမှလဲ မသွားတော့ပါဘူး။ သူ့ဆီ လာလည်ကြတဲ့ ဧည့်သည်တွေကိုလဲ အိမ်အပေါ်ထပ်မှာပဲ ဧည့်ခံစကားပြောတယ်လေ။
စုစုပေါင်း မြေးကိုးယောက်ရှိတဲ့အထဲမှာမှ ကျွန်မကိုဆို ဘိုးဘိုးက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး စကားပြောတတ်တယ်။ ကျွန်မကို “တူးတူတစ်ယောက်ပဲ လာတယ်။ ဘိုးဘိုးကို နားလည်ပေးတယ်။ ရှမ်းပြည်ပြန်ရောက်တိုင်း လာဖို့ ပြောတယ်လေ။ ( ကျွန်မကို အဖေဘက် တူးတူလို့ခေါ်တယ်လေ။ ဗမာလိုအဓိပ္ပာယ်တော့ မသိဘူး)အမှန်က ကျန်သူများကလဲ သူ့စီးပွားရေးနဲ့သူ၊ ကျောင်းတက်တဲ့သူတက်ဆိုတော့ သွားပါတယ်။ ခဏတဖြုတ်ပဲ ဖြစ်ဖြစ် ဘိုးဘိုးနားနေပြီး ဒေါ်လေးနဲ့ သွားစကားပြောပြောနေတတ်တော့ သူ့ကို အလေးမထားဘူးလို့ ထင်နေပုံရတယ်လေ။ ကျွန်မက ထုံးစံအတိုင်း ချွဲဖို့လောက်တတ်တာ၊ စကားကလဲ အင်မတန်များဆိုတော့ ဘိုးဘိုးနားရောက်ရင် တွေ့ကြုံရသမျှကို မမောတန်း ပြောနေတော့တာကိုး။ ဒါကြောင့် ပြောကြတာနေမှာ လူကြီးတွေ စိတ်အားငယ်ရင် ကလေးတွေတောင် လိုက်မမှီဘူးဆိုတာလေ။ အသက်ကြီးလာသူတိုင်း ပိုပြီးနွေးထွေးမှု့ကို လိုလားကြတယ်နော်။

ဘွားဘွား

အဖေဘက်က အဘွားက တအားအေးဆေး သိမ်မွေ့တဲ့ ရှမ်းအမျိုးသမီးတယောက်ပေါ့။ ဘွားဘွားလေး သိပ်အေးချမ်းတာပဲ။ ခင်ပွန်း သားသမီး မြေးတွေကို သူ့မှာ ချစ်လိုက်ရတာ။မနက်မိုးလင်းလာတာနဲ့ ဘုရားဆွမ်းတော်ကပ်ရင်း နေ့တိုင်းမပြတ် လုပ်ဆောင်တာရှိတာလေးက ခင်ပွန်းသားသမီးမြေးတွေ အတွက်ပါ ရေလှူတယ်။ နောက် ဘိုးဘိုးအတွက် မနက်စာကို ပြင်ဆင်ပေးတယ်။ ဘွားဘွားက အိမ်မှု့ ကိစ္စကို သူကိုယ်တိုင်လုပ်ရကျေနပ်တယ်လေ။ နောက် ဘွားဘွားက စိုက်ပျိုးရတာကိုလဲ တအား ၀ါသနာထုံတယ်။ ခြံထဲမှာဆို ဘွားဘွားလက်ရာတွေချည်း. ကျွန်မတို့ကတော့ ကူညီဖို့ထက် ပြေးလွှားကစားဖို့လောက်သာ တတ်ခဲ့တယ်လို့ အခုချိန်မှာ ပြန်တွေးမိတယ်။ ဒူဘိုင်းမလာခင် ရှမ်းပြည်တခေါက် ပြန်ရောက်တော့ ဘွားဘွားရဲ့ စတော်ဘယ်ရီခင်းလေး ဆီသို့ သွားခူးစားရင်း ဘွားဘွားရဲ့ စိတ်ရှည်သည်းခံတတ် အေးချမ်းတာလေးကို တွေးမိ သတိရမိတယ်။ ဘွားဘွားက ကျွန်မဆယ်တန်းအောင်တဲ့နှစ်မှာ ဆုံးသွားတယ်လေ။ အခုဆို ဆယ့်သုံးနှစ်ရှိသွားပြီပေါ့။ တရက်မှ မမေ့ခဲ့ပါဘူး။ ချစ်တဲ့ ဘွားဘွား နာမည်လေးနဲ့လိုက်တဲ့ ငြိမ်းအေးစွာ အိပ်စက်နေမယ်ဆိုတာ ယုံကြည်တယ်။

အဘိုး
အမေဘက်က အဘိုးကတော့ ရှမ်းလူမျိုးဆိုပေမဲ့ မြန်မာဆန်တဲ့ ရုပ်ရည်ရှိတဲ့သူပေါ့။ စနေသားပီသတဲ့ အဘိုးက အင်မတန် ဒေါသကြီးသတဲ့။ သားသမီးတွေကိုလဲ ချစ်လိုက်တာမှ လွန်ရော။ အဲဒီထဲမှာမှ ကျွန်မ အမေကို အတော်လေးချစ်တယ်လို့ သိရတယ်။ ကျွန်မအမေရဲ့ ရုပ်ကလဲ အဘိုးနဲ့ အတော်တူတယ်။ ရှမ်းသာပြောတယ်။ ဗမာရုပ်ထွက်နေတယ်။ စိတ်ဓာတ်က အစတူတဲ့အမေ့ကို အဘိုးက အတော်လေးချစ်တယ်တဲ့။ အဘိုးကိုတော့ သိပ်မမှတ်မိလိုက်ဘူး။ ကျွန်မ သုံးနှစ်သမီးလောက်မှာ ဆုံးသွားတယ်လို့ သိရတယ်။ နှလုံးရောဂါသည် အဘိုးက အိပ်ရာထဲလဲနေတာတောင် သူ့သြဇာချည်းပဲတဲ့။ ကျွန်မမောင်လေး ကို အဘိုး ၀င်စားသူရယ်လို့ အားလုံးက ယုံကြည်ကြတယ်။ ကျွန်မတို့သားသမီးမြေးတွေ အားလုံးနီးပါး အဘိုးဆီက ရတဲ့ ဘယ်တော့မှမပျောက်ပျက်တဲ့ အမွေလေးကတော့ နှုတ်ခမ်းလေးပါပဲ။ အားလုံးနှုတ်ခမ်းတစ်ပုံစံတည်းပဲ။ မသိတဲ့သူတောင် နှုတ်ခမ်းကြည့်ပြီး မောင်နှမတော်တယ်ဆိုတာ တန်းပြောနိုင်တဲ့အထိပါပဲ။

မေ့မြိုင်

ကျွန်မအမေရဲ့အမေပေါ့။ အဘွားလို့ မခေါ်ပဲ အားလုံးက မေ့မြိုင်လို့ ခေါ်တဲ့ ကျွန်မအဘွားကတော့ ဓနုအမျိုးသမီးတစ်ယောက်ပါ။ ရှမ်းလူမျိုး အဘိုးနဲ့ အကြောင်းပါးမှ ရှမ်းစကားကို တတ်တဲ့အဘွားပါ။ ကျွန်မတို့ မြို့လေးမှာက ရှမ်းစကားမပြောရင် “မန့်”( ဗမာ)ရယ်လို့ ပြောကြတယ်လေ။ ဒီလိုထဲ့ရေးတာလူမျိုးခွဲတာ မဟုတ်ဘူးနော်။ အားလုံးကပြည်ထောင်စု တိုင်းရင်းသား မြန်မာနိုင်ငံသူ/သားတွေပါပဲ။ ဆိုတော့ မေ့မြိုင်က ရှမ်းစကားကို သင်တာ ရှမ်းလူမျိုးတွေတောင် အရှဲုံးပေးရအောင် ပြောဆိုနိုင်ခဲ့တယ်။ မေ့မြိုင်က အတော်ထက်တဲ့ အမျိုးသမီးတစ်ဦးပေါ့။ အဘိုးနဲ့ အကြောင်းပါကတည်းက စီးပွားရေးကို ဦးဆောင်နိုင်တယ်။ နောက်အဘိုးဆုံးပြီးနောက်လဲ ဆက်လက်တည်မြဲအောင် ဦးဆောင်ခဲ့တယ်။ အဟဲ..မြေးတွေထဲမှာ ကျွန်မက မေ့မြိုင်ရဲ့ အချစ်ဆုံးမြေးပါ။ ငယ်လေးကတည်းက မေ့မြိုင်နားမှာပဲနေတယ်။ အိမ်မှာမနေဘူး။ ဒါကြောင့် ကျွန်မကို တခါတလေ အိမ်ပြန်သွားရင် အိမ်မှာလာရောက်ကြတဲ့ တခြားမြို့မှ ကုန်သည်တွေက သမီးအငယ်မှန်း မသိကြဘူး။ ပြန်မိတ်ဆက်ပေးနေရတယ်။ အခုချိန်ထိ ကျွန်မကို စိတ်ပူနေ၊ သတိရနေ၊ ကျွန်မအသံကြားတိုင်း ငိုနေဆဲပါပဲ။ ကျွန်မ vacationပြန်ရင် အပျော်ဆုံး လူသားက မေ့မြိုင်ဖြစ်ပါလိမ့်မယ်။
-
ကဲ.ကျွန်မချစ်တဲ့ အဘိုးအဘွားတွေ အကြောင်းက ဒီလောက်ပါပဲ။ တချို့ ချစ်ခြင်းမေတ္တာတွေက စာဖွဲ့လို့မရတာ အများကြီးပါ။ အဘိုးအဘွားတွေရဲ့ အသက်ကြီးလာရင် မြေးတွေဆီက လိုအပ်တဲ့ နွေးထွေးမှု့လေးတွေကို ပေးကြရအောင်နော်။ ကျွန်မတို့ ငယ်စဉ်ကလေး ဘ၀မှာ သူတို့တွေ နွေးထွေးစွာ ပေးခဲ့ကြတာရဲ့ အပုံ တစ်ရာမှာ တစ်ပုံလောက်ပဲ ပြန်ပေးဆပ်နိုင်ဦးပစေ သူတို့ မျှော်လင့်တောင့်တနေတယ်ဆိုတာ သိစေချင်တယ်။ ပေးစေချင်တယ်။ သူတို့ ပျော်ရွှင်ကြမဲ့ ပုံရိပ်ကို တွေ့ကြရအောင်လား။ ကျွန်မတို့လဲ တရက် အသက်ကြီးရင့်ပြီး အဘိုးအဘွားနေရာ ရောက်လာဦးမှာပဲ။

12 comments:

တလနွန် said...

အစ်မရဲ့ အဖိုးအဖွားအပေါ်နားလည်တဲ့ မေတ္တာလေးကို
ချီးကျူးပါတယ်ဗျာ။ ရှမ်းတောင်တန်းနှင့်အပြိုင် အေးချမ်း
နေတဲ့ မငုံတို့ ရဲ့ အဖိုးအဖွားတွေရဲ့ ပုံရိပ်ကို မြင်အောင်
ရေးသွားတယ်နော်။ မငုံ ရေးပေးတဲ့အတွက် ကျေးဇူး
အများကြီးတင်ပါတယ်ဗျာ။။

ခင်မင်ခြင်းများစွာနှင့်
တလနွန်

သုဒြေ္န said...

အဖိုးဖွားတွေရဲ့ ချစ်ခြင်းမေတ္တာကိုခံယူရှိတာ သိပ်ကံကောင်းတာပေါ့ ဒီလိုကုသိုလ်မျိုးလူတိုင်း မရနိုင်ဘူးလေ အစဉ်ထာဝရကံကောင်းခြင်းတွေ ရနိုင်ပါစေညီမရေ ခင်မင်မှုများစွာနှင့် သုဒြေ္န

လင်းကြယ်ဖြူ said...

အဖိုးအဖ္ဂားတ္ဂေနဲ့ မိသားစု ပျော်ပါစေ။
အချိန်တ္ဂေကိုလည်း မိသားစု ချစ်ရတဲ့သူတ္ဂေနဲ့ တန်ဖိုးရှိစ္ဂာဖြတ်သန်းနိုင်ပါစေခင်ဗျာ....

မိုးစက်အိမ် said...

အမရေ ပို.စ်လေးကိုဖတ်ရတော. အသက်ရှင်
ကျန်နေတဲ. တစ်ဦးတည်းအဖွားကို သတိရမိပါတယ်...

ကိုလူထွေး said...

ကလေးစာသင်ကျောင်းကတစ်ဘက်...
ဘိုးဘွားရိပ်သာကတစ်ဘက်...
လက်မလည်ဘူးပေါ့...

Sein Lyan Tun said...

သေချာတယ်
မငုံ
မငုံ
ဒီလောက်ဆိုသိပြီး
ကိုးရယ်...ကိုးရယ်.... ကိုးရယ်....

ကိုးနဲ့ဖူးနဲ့ အသက်ကြီးလာရင် မြေးလေးတွေနဲ့နေမယ်တဲ့
ပုံတွေပြောပြမယ်တဲ့ ဒါကြောင့် မြေးများများရှိရအောင်
တို့ အမ အပျိုကြီးကို ပြစ်မထားပါနဲ့တော့။။
ချစ်ခင်စွာဖြင့်
အပျိုကြီးရဲ့ သူငယ်ချင်းမောင်လေး
လူပျိုလေး ဖိုးစိန်း)

mysterysnow said...

ငုံရေ
ဘိုးဘိုးဘွားဘွားတွေက မြေးတွေအတွက်
တံတိုင်းကြီးတွေလိုပါပဲ...
ငုံ့ပို့စ်လေးကိုဖတ်ပြီးတော့ အဘိုးတွေ အဘွားတွေကို လွမ်းလာတယ်...

မိုးခါး said...

အဖိုးရော အဖွားရော တယောက်မှမရှိတော့ဘူး .. မငုံစာကိုဖတ်ရင်း ပြန်သတိရသွားတယ် .. ရှိတုန်းကတော့ ဖာသိဖာသာနဲ့ နဲနဲဆိုးချင်တယ် ..း)

အဆိပ်ခွက် said...

မကြီး တူးတူ ရေ.... ဟီး...

ခင်မင်လျှက်
အဆိပ်ခွက်

ခမ်းကီး said...

အားလုံးရဲ့အချစ်ဆုံးမြေးလေးဆိုတော့ ကံကောင်းလိုက်တာနော်။ သာယာချမ်းမြေ့တဲ့ မိသားစုပုံရိပ်ကို မြင်ယောင်မိတယ်။

ဇော် said...

ဟုတ်တယ်
မငုံက ခုတောင် အဒေါ်ကြီးနေရာရောက်နေပြီ။ အဘွားနေရာရောက်ဖို့ သိပ်မလိုတော့ဘူး။ ဟီးဟီး။
( ချစ်ရို့ချရာ .. ချိတ်ချိုးနဲ့နော် အပျိုကြီး။ ခွိခွိ )

အိုက်ခီလောက် said...

အင်းမဖူး အပျိုကြီးပဲလုပ်ပါအေ့ ငါ့သားသမီးတွေလာထိန်းလှည့်ချေ သိလား
ငါလာမှ တွေ့ မယ် အဘိုးအဘွားတွေကို
ငါ့ဆိုင်ကယ်စီးလာမယ် တစ်နာရီကျော်ပဲမောင်းရမှာ
နင့်သာရောက်နေရင်ဖုန်းဆက်လိုက် ငါလာသောင်းကျန်းမယ် နင့်မောင်နဲ့ ဆိုအိုကေမှာစိုပြေပြီ