ကန္တာရမြေမှမောင်နှမတွေက မေးနေကြပြီ။ မငုံပျောက်နေတယ်။ စာမရေးဘူးလားတဲ့။ မငုံ ဖိတ်စာတွေနဲ့ အလုပ်တွေရှုပ်နေပါတယ်ဆိုတာ ပြောကြားချင်ပါတယ်။ မငုံတို့ မြို့လေးက ပအိုဝ့်ဒေသဖြစ်လေတော့ သူတို့ထုံးစံကိုက ဖိတ်စာတွေ ထောင်ချီလုပ်တတ်ကြပါတယ်။ မြို့ပေါ်မှာလို လေးငါးရာမဟုတ်ပဲ အနည်းဆုံး နှစ်ထောင်လောက်လုပ်ပြီး ထမင်းဟင်းကျွေး ဧည့်ခံတတ်ကြတယ်လေ။ အခုလို မင်္ဂလာဆောင်ရာသီမှာ ပိုပင်ပန်းတာက ဖိတ်စာလာအပ်ကြတဲ့ သတို့သား၊ သတို့သမီးများကြောင့်ပါ။ ပြောလိုက်ချင်ပါရဲ့၊ သန်ဘက်ခါလို မင်္ဂလာဆောင်မှာ ဒီနေ့လိုနေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှ မင်္ဂလာဖိတ်စာလာရောက်အပ်နှံကြတာပါပဲ။ အချိန်ကလဲကပ်နေပြီ။ ဖိတ်စာအရအတွက်ကလဲများနဲ့ မငုံတယောက် ဒေါင်ချားကိုစိုင်းနေပါတော့တယ်။ များသောအားဖြင့် ပအိုဝ့်စာနဲ့ ရေးသားကြပါတယ်။ ဖိတ်စာကို အရောင်တောက်တောက်လေးတွေကြိုက်တတ်ကြပြီး သတို့သားမှ အပေါင်းအသင်းများနှင့်လာရောက် အပ်နှံရင် ဈေးအနည်းဆုံးကိုမှ ရွေးအပ်တတ်ကြပေမဲ့ သတို့သမီးခေါ်လာမိတဲ့သူကတော့ ဖိတ်စာခပိုကုန်ဖို့ ပြင်ထားကြပါ။
အချိန်နည်းနည်းနဲ့ ဖိတ်စာအရေအတွက်များများလုပ်ပေးရမဲ့သူကို အားမနားတမ်းထပ်မံဆိုကြတာက. ဈေးစကားမဟုတ်ပဲ နာရီပိုင်းနဲ့အပြီး လိုချင်ကြတာပါ။ ရက်စက်ချက်ကပြောမနေနဲ့။ မနည်းရှင်းပြတောင်းပန်ရပါတယ်။ တရက်လောက်တော့ အချိန်ပေးပါလို့။ အလျင်လိုနေရင်တော့ တချို့တ၀က်ကို ဘယ်အချိန်လာယူပါဆိုပြီး ရှင်းပြရပါတယ်။ ဖိတ်စာလုပ်တာ လွယ်တာမှတ်လို့.. ဖိတ်စာတစောင်ဖြစ်ဖို့အရေး အနည်းဆုံး ခုနှစ်ခါလောက်လုပ်မှ ဖိတ်စာတစ်စောင်ရတာပါ။ ဒီနှစ်မှာဖြင့် မငုံတို့ဒေသမှာ ပိုမင်္ဂလာဆောင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုံးနှစ်တစ်ကြိမ် ဆုံတွေ့ကြတဲ့ ခွန်ဆန်လောနဲ့နန်းဦးပြင် ကြယ်လေးတွေကြောင့်ပါ။ ဒီချစ်သူနှစ်ဦးဆုံဆည်းတဲ့နှစ်ဖြစ်လို့ မင်္ဂလာဆောင်လိုက်ကြတာ ရွာမှာ အပျိုလူပျိုတောင်ကျန်သေးရဲ့လားမသိဘူးလို့ပြောရသလို မင်္ဂလာဆောင်ဖိတ်စာလာဖိတ်ကျလွန်းလို့ ခေါင်းအုံးအိပ်လို့တောင်ရနေပြီလို့ ဆိုနေကြပါပြီ။
တမျိုးရှိပါသေးတယ်။ အဲဒီထဲကတစ်ချို့ဒေသကဆိုရင်ဖြင့် ဖိတ်စာလာအပ်ရင်း တမျိုးစိတ်ညစ်ရတာက သတို့သား၊သတို့သမီးနာမည်ကို မနည်းရှာယူရတာပါပဲ။ ရှိသမျှအမျိုးအဆွေနာမည်ထဲ့ထားလိုက်တာ ပြန်ဖြုတ်ခိုင်းယူရရှိတယ်။
ဒီနှစ် မငုံတို့မြို့မှာ စုပေါင်းရှင်ပြုပွဲလေးကလဲ ရှိလိုက်သေးတယ်။ ရှင်လောင်းအပါးရေ ၃၅၀ကျော်တယ်လေ။ ပျော်စရာကြီး။ ၄ရက်တောင် ကျင်းပမှာပါ။ မြို့လေးရဲ့စုပေါင်းရှင်ပြုပွဲလေးကို လေးနှစ်တစ်ကြိမ် ကျင်းပတာမို့ အင်မတန်စည်ကားဦးမယ်လေ။
ကဲ…မငုံတစ်ယောက် ဖိတ်စာကြား ခေါင်းမြှပ်နေပေမဲ့ ပိုစ့်လေးတစ်ပုဒ်ကို အပြေးတင်သွားတယ်နော့။

3 comments:

Anonymous said...

မသိပါဘူးဗျာ.... မငုံတစ်ယောက် ကိုယ်တိုင် ဖိတ်စာဖိတ်နေပီးမှတ်လို့  အဟီးးးး။။
ပျော်ရွင်ပါစေဗျာ...

ခင်မင်လျက်
တလနွန်

KiKi said...

မငုံ ရဲ့  ဖိတ်စာ ရော..
ဘယ်မလည်း..ဘယ်တော့လည်း..
နေ့ တဝက် နဲ့  ပြီးအောင်ရိုက်လည်း ရတယ်ဟုတ်..
အဲ့ အချိန်ကျ ရင် ဖိတ်ဖို့  မမေ့နဲ့အုံးနော်..

မကြီးကိ

ချမ်းလင်းနေ said...

မငုံရေ အမရဲ့ဖိတ်စာကြရင် ဒဒွေးကို တစ်စောင်လောက် လှမ်းပို့ဖို့ မမေ့နဲ့နော်။ ဒီက ဒဒွေးမောင်နှမတွေ မျှော်တလင့်လင့် စောင့်နေမှာ။
စုပေါင်းရှင်ပြုဆိုတော့ ပျော်စရာကောင်းမှာဗျာ။ သာဓုပါ မငုံရေ။

ဒဒွေးမြေမှ ကိုချမ်း