မျှော်လင့်ခြင်း ဆိုတဲ့ ဒီစကားစုလေးက လူတိုင်းနဲ့မကင်းကွာလှပါဘူး။ လူရယ်မှ မဟုတ်ပါဘူး။ သက်ရှိတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ဒါကိုမှားတယ်လို့ ယူဆမယ်လို့ မထင်ပါဘူး။ သက်ရှိမှန်သမျှ မျှော်လင့်ချက် ရှိတတ် /ရှိကြပါတယ်။ မိမိ တတ်နိုင်သမျှလေးနဲ့ ရနိုင်သလောက်လေးကို မျှော်လင့်တောင့်တနေကြတာပါ။ ဒီမျှော်လင့်ချက်လေးကို အဆုံးစွန်အထိ ၊ နောက်ဆုံးအချိန်ထိ ဖက်တွယ်ထားတတ်ကြပါတယ်။ ရရှိချိန်မှာတော့ ခံစားလိုက်ရတဲ့ ပျော်ရွှင်မှု့က နှိုင်းဆလို့ မရနိုင်ပါဘူး။ ဒီလိုပဲ မျှော်လင်ချက်မဲ့သွားရင် အရုပ်ကြိုးပျက်ပဲဆိုတာ …..
ကမ္ဘာပေါ်မှာ အစာရေစာအတွက် ၊ နေရာထိုင်ခင်းအတွက် မျှော်လင့်ချက်တွေနဲ့ ခဲယဉ်းစွာ အသက်ရှင်နေကြသူတွေ အများကြီးပါ။ ဒီတော့ တစ်ခါတစ်ရံ ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ရရှိလိုက်တဲ့ ၀မ်းနည်းမှု့တွေက အဲဒီလို မျှော်လင့်ချက်ကြီးစွာနဲ့ နေထိုင်နေကြသူများနဲ့ ယှဉ်လိုက်ရင် ဘာဆိုဘာမှ မဟုတ်တော့တာ တွေးမိတယ်။ ဒီတော့ ကိုယ်မျှော်လင့်လိုက်လို့ မဖြစ်လာတဲ့အခါ သိပ်ပြီး ၀မ်းမနည်းကြပါနဲ့။ ကျွန်မတို့ထက် မရှိမဖြစ် လိုအပ်နေတဲ့သူတွေရဲ့ သူတို့ ရရှိသွားတဲ့ ပျော်ရွှင်မှု့ကို ဝေမျှကြမယ်။ မရရှိလိုက်ကြတဲ့သူများရဲ့ ၀မ်းနည်းမှု့ကိုလဲ ကိုယ်ချင်းစာကြရအောင်လား။ လူတိုင်းကို မျှော်လင့်ချက် မမဲ့စေချင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ကံပါသလောက်ပဲပေါ့။ ကံကိုချည်း ပုံချနေတာမဟုတ်ပေမဲ့ ကံတရားဆိုတာကလဲ ရှိသေးတယ်လေ။ ရှေးရှေးဘ၀က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ အကျိုးဆက်ကြောင့်လဲ နှောင့်နှေးကြန့်ကြာတာတွေ အချိန်မတန်သေးတာတွေ ရှိပါသေးတယ်။ ဒီတော့ သူတပါး မျှော်လင့်ချက်အတွက် ကိုယ့်ဘက်က ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် ပေးလိုက်ပါ။ ကူညီလိုက်ပါ။ ကျွန်မသူငယ်ချင်း ကိုရဲက ပိုစ့်လေးတစ်ပုဒ်မှာ ဒီလိုလေးရေးခဲ့တယ်။“လူတွေကို သူတို့မျှော်လင့်နေတာထက် ပိုပေးလိုက်ပါ။ ပေးတဲ့အခါမှာလဲ ကြည်ကြည်ဖြူဖြူရှိနေပါစေ “ တဲ့။
တဆက်တည်း ငယ်ငယ်တုန်းက ကြားဖူးတဲ့ ဂရိပုံပြင်လေးကို ဝေမျှလိုက်ပါတယ်။ ဒီပုံပြင်လေးကိုဒီနေရာမှာ ဖတ်ရူ့ပြီး တတ်သလောက်လေး ဘာသာပြန်လိုက်ပါတယ်။Titanလို့ခေါ်တဲ့ နတ်သားက တိရစ္ဆာန်တွေကို ကောင်းမွန်တဲ့ အသိစိတ်ပေးဖို့ တာဝန်ယူရတယ်။ Prometheusဆိုတဲ့ နတ်သားက ဒီလိုတွေးတယ်လေ။ လူဆိုတာ တိရစ္ဆာန်ထက် ပိုပြီးအသိဥာဏ်မြင့်တယ်လို့တွေးတယ်။ ဒီတော့ လူတွေက တိရစ္ဆာန်မလုပ်နိုင်တာကို ပိုလုပ်နိုင်ရမယ်လို့ တွေးမိပြီး မီးဘယ်လို အသုံးပြုရတယ်ဆိုတာကို လူတွေကို သင်ကြားပေးဖို့ Zeusနတ်မင်းကြီးဆီကနေ ခိုးယူပြီး လူတွေကို ပေးအပ်လိုက်ပါတော့တယ်။ နတ်မင်းကြီးက သိရှိသွားတော့ အဲဒီ Prometheusနတ်သားကို အပြစ်ဒဏ်ပေးခဲ့ပါတယ်။ သူ့ရဲ့ အသဲနှလုံးကို လင်းယုန်အစာအဖြစ် နေ့တိုင်းကျွေးပါတယ်။ သူက အတိုင်းမတိ သက်ရှည်တဲ့နတ်ဖြစ်လို့ သူ့အသဲနှလုံးက နေ့တိုင်းပြန်လည် ကြီးထွားပါတယ်။ ဒါပေမဲ့ နာကျင်မှု့ကိုတော့ နေ့တိုင်းခံစားရတာပေါ့။ Zeusနတ်မင်းကြီးက လူတွေအပေါ် ဒီလိုယူဆချက်ထားပါတယ်။ လူတွေက အမြဲကောင်းမွန်မနေသင့်ဘူးပေါ့။ အဆင်ပြေပြေ မနေသင့်ဘူးပေါ့။ ဒါကြောင့် လူတွေကိုလဲ ဒဏ်ခတ်ဖို့ သူ့သားသမီးတွေနဲ့တိုင်ပင်ပြီး လုပ်ဆောင်ပါတော့တယ်။
အဲဒီပုံပြင်ထဲမှာ အစဦးကာလမှာ ကမ္ဘာလောကမှာ ယောကျာ်းများသာ ရှိပြီး မိန်းမသားမရှိပါဘူး။ ဒီတော့ နတ်မင်းကြီးရဲ့ သားသမီးတွေက ပြည့်စုံတဲ့မိန်းမတစ်ဦး ဖန်ဆင်းပြီး ကမ္ဘာလောကဆီသို့ ပို့လိုက်ပါတော့တယ်။ အဲဒီမိန်းမပျိုလေးကို ပန်ဒိုရာ (ပန်ဒိုရာဆိုတာ လက်ဆောင်လို့ အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်)လို့ အမည်ခေါ်ပြီး သူ့ကို နတ်မင်းကြီးက လူ့လောကသို့ မပို့ခင် သေတ္တာတစ်လုံးပေးလိုက်ပါသတဲ့။ ပြီးတော့ ဒီသေတ္တာကို မဖွင့်ကြည့်ဖို့ ၊ ဖွင့်မိရင် သေတ္တာထဲက အရာတွေ အားလုံးထွက်လာပြီး နောက်ဆုံး သင်နဲ့အတူ လောကမှာရှိတဲ့သူတွေ အားလုံး ရှင်သန်ခြင်း ဆိတ်သုန်းသွားမယ်လို့ မှာကြားလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီဖန်ဆင်းထားတဲ့ မိန်းမ နဲ့ လူယောကျာ်းတစ်ယောက်တို့ အိမ်ထောင်ကျပြီး သားသမီးများစွာနဲ့ ပျော်ရွှင်စွာ နေထိုင်ကြပါတော့တယ်။ တစ်နေ့မှာ အဲဒီမိန်းမက နတ်မင်းကြီးပေးလိုက်တဲ့ သေတ္တာလေးကို သတိရသွားပြီး ဖွင့်ကြည့်ချင်လာပါတော့တယ်။ ဒါနဲ့ ဖွင့်ကြည့်လိုက်ချိန်မှာတော့ အဆင်ပြေပျော်ရွှင်မှု့တွေနဲ့ ပြည့်ဝနေတဲ့ လောကကြီးဆီသို့ ၀မ်းနည်းခြင်း ၊ စိတ်သောကပူပန်ခြင်း ၊ ဒုက္ခတွေ လောဘ ၊ ဒေါသ ၊ မောဟ စတဲ့အရာ ကံဆိုးမှု့တွေ မကောင်းတာချည်း တစ်ခုပြီးတစ်ခုထွက်လာလိုက်တာ နောက်ဆုံး ကြောက်လန့်တကြားနဲ့ အဲဒီသေတ္တာလေးကို ပိတ်လိုက်ပါတယ်။ အဲဒီသေတ္တာလေးထဲမှာ အရာလေးတစ်ခု ကျန်ရစ်ခဲ့ပါသေးတယ်။ အဲဒါလေးကတော့ မျှော်လင့်ခြင်းလေးပါတဲ့။ ဒီသေတ္တာလေးထဲမှာ ကျန်နေတဲ့ အဲဒီမျှော်လင့်ခြင်းလေးနဲ့ လူတွေအခုချိန်ထိ နေထိုင်နေကြတာပေါ့။