“ သံသရာကြောမှာ တ၀ဲဝဲလည်နေခဲ့တာ အသင်္ချေပေါင်းမနည်းလှဘူးထင်တယ်။ ငိုလာခဲ့ရတဲ့ မျက်ရည်တွေ သမုဒ္ဒရာဆယ်စင်းမကဘူး ” တဲ့ ။ ဘုရားဟောခဲ့တာရှိပေမဲ့လည်း...ပုထုဇဉ်လူမို့ မျက်ရည်မကျပဲ မနေနိုင်ဘူး ဖြစ်နေတယ်။ ဘ၀ဆက်တိုင်းမှာ ဆွေမျိုးတော်စပ်ခဲ့တဲ့သူချည်းဆိုပေမဲ့ ဒီဘ၀ကိုသာ တိတိကျကျသိတာမို့..သားရေ...ဘယ်ဘ၀မှာ ငါတို့ဘယ်လိုဆွေမျိုးတော်စပ်ခဲ့လဲ မသိပေမဲ့........ ဘယ်လောက်ငိုခဲ့ရလဲ မသိပေမဲ့.....အခုဘ၀မှာတော့ ငါဆို့နင့်လွန်းလို့ ပူလောင်လိုက်တာဟာ။
သားရေ...မမျှော်လင့်ပဲ ဘယ်သူ့ကိုမှ နှုတ်မဆက်ပဲ ထွက်သွားတာ မြန်လိုက်တာ. ငါမယုံနိုင်ဘူး။ ငါ့ကိုယ်ငါ အိပ်မက်မက်နေတယ်ထင်လို့ နိုးအောင်လုပ်နေတာ အကြိမ်ကြိမ်ပဲ ...
ညအိပ်ချိန်ထိ ရီမောပြီး နောက်ပြောင်နေတဲ့ ပျော်နေတဲ့ အသံတွေ...အိပ်နေတဲ့အတိုင်းပဲ အခုပဲ နိုးလာတော့မလား...အခုပဲ ပြုံးပြတော့မလား...အခုပဲ သားကလေ ...သားကလေ ဆိုပြီး ချွဲတော့မလားနဲ့...မျက်နှာလေးကို ထိုင်ကြည့်ပြီး စောင့်ကြည့် ပွတ်သပ်မိနေတယ်...
ငါဆိုတဲ့ နင့်အမကလေ...လူသေတွေကို အင်မတန်ကြောက်တတ်...ရှာကြံတွေးပြီးကြောက်တတ်လွန်းတဲ့ ငါကလေ....နင့်ကို ဘာလို့ ပါးလေးတွေ မျက်ခုံးလေးတွေ မျက်တောင်လေးတွေ နဖူးလေးတွေကို ကိုင်ပြီး. စကားပြောနေတာလဲ...အမေ့နဲ့ မမတို့ရဲ့ ဘယ်လိုမှ ဖြေမရတဲ့ ငိုကြွေးသံကို ငါ ဘယ်လိုနားထောင်ရသလဲ သိလားဟာ...
အမေ့ကပြောတယ်..အဖေဆုံးဖူးတယ်။ ညီမဆုံးဖူးတယ်..အဘွားဆုံးဖူးတယ်..သူများကလေးတွေဆုံးတာ သွားပြီး နှစ်သိမ့်နိုင်နေတယ်..ငါ့သားကျ ဖြေမရဘူးကောတဲ့.....
သား...နင် ငါတို့ကို လုပ်ရက်တယ်ဟာ....ဘာမှမပြောပဲ ရုတ်တရက်ကြီးထွက်သွားတယ်ဟာ...
သားအတွက် အမှတ်တရ...
(ဒီနေ့ မငုံရဲ့ တစ်ဥိးတည်းမောင်လေး ဖိုးလမင်း အသက်(၂၉)နှစ်ပြည့်မွေးနေ့လေးပေါ့။ လွန်ခဲ့တဲ့ နှစ်လကျော်  (၁-၁၂-၂၀၁)ရက်နေ့လေးမှာ မိသားစုနားကနေ ထာဝရထွက်သွားတယ်။ သားသားအတွက် ခံစားမိသမျှကို ရေးချပေမဲ့ ခံစားရတာကိုမမှီဘူးလေ...မောင်လေးအတွက်..မငုံ ဘလော့ဂ်စရေးစမှာ အမှတ်တရဖြစ်အောင် သူ့မွေးနေ့ပိုစ့်လေး တင်ပေးဖူးတယ်။။ ဒါလေးကို မငုံ အမှတ်တရဖြစ်အောင် ပြန်တင်လိုက်ပါတယ်...)
ဒီနေ့ ဖေဖော်ဝါရီလ ဆယ့်ကိုးရက်နေ့မှာ မင်းအသက် ၂၅နှစ်ပြည့်ခဲ့ပြီနော်။ တောင်းပန်တယ်ကွာ။ ငါလေ အလုပ်တွေရှုပ်ပြီး မေ့နေခဲ့မိတယ်။ တကယ်ဆို မဖြစ်သင့်ဘူးနော်။ သားရေ. မင်းဟာ ငါတို့မိသားစုရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးနော်။ ငါ အခုထိမှတ်မိနေသေးတယ်။ သမီးချည်းသုံးယောက် မွေးတယ်။ သားယောက်ျားလေး လိုချင်ခဲ့ကြတယ်။ မင်းကို တောင်ကြီးမှာမွေးခဲ့တယ်။ အဲဒီတုန်းက ငါဟာ လေးနှစ်ကျော်ကျော် အရွယ်ဆိုတော့ လူကြီးတွေက မေးကြတယ်။
“ပူးရေ.မေ့ ဘယ်သွားလဲ” လို့ မေးတဲ့အခါ.ငါက “ ဖိုးလမင်း သွားမွေးတယ်” လို့ ပြန်ဖြေခဲ့တယ်တဲ့။
ဒါကြောင့် မင်းတောင် လူ့လောကထဲ မရောက်လာသေးဘူး။ ဖိုးလမင်း လို့ နာမည်ကတွင်နေပြီးသားနော်။ ငါပေးခဲ့တဲ့ နာမည်လေးပေါ့။ မျက်လုံးဝိုင်းဝိုင်း သွယ်သွယ် မြင့်မြင့်နဲ့ မင်းက ဘ့ ငယ်ငယ်ကနဲ့ တော်တော်တူတယ်လို့ြေ့ပာကြတယ်။ ဒါပေမဲ့ အားလုံး ဆုံးသွားတဲ့ မေ့ရဲ့အဖေ ၀င်စားတာလို့ ယုံကြည်ကြတယ်နော်။ ဟုတ်တယ် မင်းက အဘိုးနဲ့ ပိုတူတယ်။ အရပ်မြင့်တာပဲ ဘ့နဲ့တူတာပါ။
မင်းက မေ့ နဲ့ မမတို့ရဲ့ အချစ်ဆုံးသားနဲ့ မောင်လေးတစ်ယောက်ပေါ့။ အိမ်မှာ အထူးအခွင့်ရေးခံ လူသားပေါ့လေ။ ငါမှာတော့ အငယ်ဆုံးဘ၀ကနေ နို့ညှာဘ၀ကို ရောက်သွားရတယ်။ ငါလဲ ချစ်ပါတယ်။ တစ်ခါတစ်လေ အမြင်ကတ်တယ်။ မင်းက ဗိုလ်ကျဆိုးတယ်။ မင်းလိုချင်တာဆို မေ့ နဲ့ မမ က ချက်ချင်းဖြည့်ပေးကြတယ်။ မနာလိုဘူး။
အခုချိန်ထိ ကိုယ်ဘာသာကိုယ် ” သား” လို့ ပြောပြောနေပေမဲ့ ဟွန့် မပြောချင်ဘူး။ ကောင်မလေးတွကျ တန်းစီပြီး ၇ည်းစားထားတယ်။ မင်းနော်..မင်းက ၇ည်းစားတစ်ယောက်ထားလိုက်၇င်း အမတွေကို မိတ်ဆက်ပေးလိုက်၇င်း. မကြာဘူး ပြတ်သွားလိုက်ရင်း နောက်တစ်ယောက်ထားလိုက်ရင်းနဲ့ ငါတို့တောင် နာမည်တွေ မှားခေါ်မိကုန်ပြီ။ ဒါပေမဲ့ ကြိုပြောထားမယ်နော်။ ဘ့နဲ့ မေ့ကို ချစ်တဲ့ သမီးလို ချွေးမ ယောင်းမ ပဲလိုချင်တယ်။ အဟဲ ငါနဲ့တော့ အေးဆေးပါ။ တည့်မှာပါ။ ကျန် အမနှစ်ယောက်ကိုတော့ တာဝန်မယူဘူးနော်။
မင်းက စိတ်ထားကောင်းပြီးလိမ္မာပေမဲ့ သူငယ်ချင်းပြောစကားဆို အရမ်းယုံလွယ်တယ်။ သူငယ်ချင်းတွေ အပေါ်ဆို ကောင်းလွန်းနေတယ်။ သတိထားပါနော်။
ကဲ ငါစာရေးတာရှည်သွားပြီ။ သာသနာကို စောင့်ရှောက်နိုင်သော၊ မိဘကိုကျေးဇူးသိတတ်သောသား လိမ္မာသာ ဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေးတယ်နော်။။။။။။ 
မငုံအဒေါ်ကို ငွေလွှဲရောက်လို့ ခြေထောက်နာနေတော့ ဘေးကနေ တွဲဖော်လေးအဖြစ်လိုက်သွားတာပါ။ အတွင်းခန်းကျကျ စားပွဲခုံလေး သုံးခုံကို အလယ်ကနေ ရှေ့၊ ရှေ့ဆုံးကနေ နောက် နဲ့ အဒေါ်ကိုကိုယ်စား လုပ်ပေးခဲ့ပါတယ်။ မပြောပါဘူး။ သူတို့လုပ်ထုံးလုပ်နည်းကိုးနော့။ အဲ လက်မှတ်လဲထိုးရော.. မငုံက အဖော်အဖြစ်ပါလာမှန်းသိတော့ လူပိုကအပြင်ထွက်တဲ့။ ဟင်းးးးး လူပိုကြီးပါလားနော်။ ထွက်ပေးပါတယ်။ အဒေါ်ခမျာခြေထောက်နာနာနဲ့ အကြာကြီး(ဘာလုပ်မှန်းမသိတာကို ရပ်စောင့်နေတာ) ကျန်နေခဲ့တော့တယ်။ ခဏနေကြာတော့ ထွက်လာရော .... ခုံတန်းလေးမှာ ထိုင်ကာစောင့်နေလိုက်တာ တော်တော်နဲ့မလာဘူး။ ကိုယ်လိုလူတွေတန်းစီထိုင်စောင့်နေတာ အများကြီး။ ဘေးက အန်တီကပြောပါတယ်။ ကျွန်မက လတိုင်းပင်စင်ထုတ်နေကျဆိုတော့ ရိုးနေပါပြီတဲ့။ မန်နေဂျာခန်းကနေ နောက်တဆင့်လက်မှတ်ထိုးရမဲ့နေရာကြားထဲမှာ ငွေလွှဲစာရွက်လာယူဖို့ နာမည်ခေါ်တာကို စောင့်ရပါသေးတယ်။ ခေါ်ပါပြီ...နာမည်။ တခွန်းတည်းခေါ်တာနော်...ဟိုးးးးနောက်ဘက်ခန်းကနေ။ မှတ်သားလောက်ပါပေတယ်။ မိုက်မပါ ဘာမပါနဲ့ အသံကျယ်ကြီးနဲ့အော်ခေါ်ရတာ မောမှာပေါ့။ ဒါကြောင့် တခွန်းတည်းခေါ်တာနေမှာ။ အဲစာရွက်ကိုလဲ ငွေလွှဲလက်ခံမဲ့သူကပဲ ထယူရပါတယ်။ ယူလာတဲ့စာရွက်ကို ကောင်တာတစ်ခုမှာ လက်မှတ်ထိုး ပြီးတော့ ငွေထုတ်ကောင်တာရှေ့က ခုံတန်းလေးမှာ ထပ်စောင့်စေသတည်း။ အင်မတန်အံ့သြဖွယ်တခုတွေ့လိုက်ရတာက...ငွေဘယ်လောက်ထုတ်ထုတ်..တစ်သောင်းကနေ သိန်းတစ်ရာထုတ်ထုတ်...ငွေထည့်ပြီးယူသွားဖို့ ကျွတ်ကျွတ်အိတ်မပေးခြင်းပါပဲ။ ဒီနေရာတခုတည်းမှာပဲ အန္တရာယ်များသောကျွတ်ကျွတ်အိတ်ကို ဆန့်ကျင်နေတာတွေ့ရပါတယ်။ အဲတနေ့တာရဲ့နေ့တ၀က်ကိုတော့ ဘဏ်မှာပဲထိုင်ဖြုန်းလိုက်ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ဆိုတာ  အင်မတန်မှ စိတ်ချယုံကြည်ရတဲ့ဘဏ်တခုပါ။ သူ့မှာ ပြိုလဲသွားခြင်းမရှိပါဘူး။ အင်မတန်ခိုင်မာပါတယ်။ ဒါကြောင့်လဲ ငွေစုလိုသူ စိတ်ချယုံကြည်မှုကို ရှာသူတွေက မြန်မာ့စီးပွားရေးဘဏ်မှာအပ်ကြပါတယ်။ ဒါကြောင့် ၀န်ဆောင်မှုလေး နည်းနည်းလေးမြှင့်ပေးပါလား။ မြန်မာ့စီးပွားရေးဘဏ်တိုင်းကိုမဆိုလိုပါဘူး။ တချို့မြန်မာ့စီးပွားရေးဘဏ်တွေ ၀န်ဆောင်မှုအပြည့်မပေးနိုင်တောင် အကောင်းဆုံးလုပ်ပေးတာကို ကြုံဖူးသလို အပြင်ပုဂ္ဂကဘဏ်အချို့မှာလဲ စိတ်ကတိကအောက်ဖြစ်ရတဲ့ ၀န်ဆောင်မှုကိုလဲ ကြုံဖူးပါတယ်။ ကိုယ်တိုင်ကလဲ ဘဏ်လုပ်ငန်းမှာ လေးနှစ်တိုင်တိုင်လုပ်ခဲ့ဖူးတာမို့ သဘောပေါက်နားလည်ပေမဲ့ အဲတနေ့ကတော့ လွန်ပါတယ်လို့ပဲ ပြောပါရစေတော့ရှင်....
နောက်တခု အင်မတန်မှစိတ်ဆိုးမိတဲ့ ၀န်ဆောင်မှုကတော့ Supermarket မှာပါ။ အိမ်အနီးနားက Supermarket တခုမှာ လိုအပ်တဲ့ပစ္စည်းလေးဝယ်ဖို့ ထွက်လာပါတယ်။ အိမ်နဲ့လဲမဝေး ပြီးတော့ စုတ်ပြတ်သတ်နေတာလဲမဟုတ်တော့ အိမ်နေရင်းဝတ်စုံနဲ့ပဲထွက်လာမိတယ်။ ကိုယ်လိုချင်တဲ့ပစ္စည်းရှာနေရင်း သတိထားမိနေတာက ကိုယ့်နောက်ကို တကောက်ကောက် လိုက်နေတာပါပဲ။ အဲတော့ “ ဘာလဲဟ ” ဆိုပြီး စိတ်ပေါက်ပေါက်နဲ့ ၀ယ်မဲ့ပစ္စည်းတောင် မရွေးသေးပဲ တပတ်ပြီးတပတ် လျှောက်သွားနေလိုက်တယ်။ ရှာမတွေ့လို့များမေးတော့လဲ ဖြေချင်သလိုလို မဖြေချင်သလိုလိုနဲ့။ မ၀ယ်နိုင်ပဲမေးသလိုလို၊ ၀ယ်မှာလဲမဟုတ်ပါဘူးဆိုတဲ့ အကြည့်တောင်ခံလာရသေးတယ်။ Customer တယောက်ကို ၀န်ဆောင်မှုပေးရာမှာ အပြင်ပန်းနဲ့ တန်ဖိုးကြီးတဲ့ဝတ်စုံနဲ့ ပိုက်ဆံအိတ်ကြီးကြီးနဲ့ ခန့်ခန့်ကြီးမှ ပေးချင်တာလား???? သူလိုအပ်တာ သူတတ်နိုင်လို့လာဝယ်တာဖြစ်ဖြစ်၊ စိတ်ဝင်စားလို့ကြည့်တာဖြစ်ဖြစ် Customer က Customer ပါပဲ။ Customer မေးတာကို မကြားလောက်အောင် ဘာတွေစိတ်ဝင်တစား အရေးတကြီးစကားဖောင်ဖွဲ့နေ၊ သူခိုးတစ်ယောက်လို၊ အလစ်သုတ်သွားတော့မဲ့သူတစ်ယောက်လို လုပ်တာတွေက အင်မတန်မှ ကိုယ့်ဆိုင်ကို နာမည်ပျက်စေတဲ့ ၀န်ဆောင်မှုကြီးဆိုတာပါပဲ။
မဖြစ်သင့်လို့ရေးလိုက်တာပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါ။
ဥသြတေးတွေ
ကြားရမိနေ
အသည်းလည်းနွမ်းနေ
ဒီနွေရက်များ....
မင်းလည်းဝေးနေ
လမ်းလည်းပျောက်နေ
အလွမ်းနဲ့ကျွမ်းနေ
ဒီနွေရက်များ....
မိုးလည်းသည်းစေ
မင်းလည်းရောက်စေ
အလွမ်းလည်းပျောက်စေ
ဒီနွေရက်များ....
(နွေနှောင်း)
     မငုံ မောင်လေးရဲ့ ကဗျာလေးပါ။ မငုံ တအားကြိုက်လို့ ဝေမျှလိုက်တယ်နော့။ ဒီကဗျာလေးကိုလဲရေးပြီးရော မိုးမည်းပြီး မိုးချုံးသံတွေ ကြားလာရတယ်။ ဒါက ကဗျာလေးရေးချိန်မှာ အမှတ်တရတစ်ခုပေါ့။
တောင်တိုင်း ယှက်၍၊ ၀န်းကာဝှေ့သည်၊
တောင်ငွေ့  ဝေေ၀၊ အထွေထွေနှင့်၊
လေလည်းရောရော၊မိုးမပါပဲ၊ သံဝါဖြောက်ဖြောက်၊
ဆီးနှင်း ပေါက်လည်း၊ မိုးလောက်ပြင်းထန်၊သွန်းချပြန်သော်၊
နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်
မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊
စေ့ရေ လှည့်လည်၊ တ လျက်မည်သည်။ ။
နေခြည်ဖြာမှ နွေးသောကြောင့်။ ။
လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့  မဲဇာတောင်ခြေရတု ထဲကလိုပဲ ရှမ်းပြည်တောင်ပိုင်းရဲ့ အအေးဆုံးမြို့ဖြစ်တဲ့ မငုံတို့ ပင်လောင်းမြို့ရဲ့ဆောင်းကတော့ ခိုက်ခိုက်တုန်ရက်တယ်။ မနက်ဆို မြူတွေအုံ့ဆိုင်း၊ နေ့ခင်းဘက်ဆို နေရောင်မပီ၊ ညခင်းတောင် စောစောမှောင်လို့ ညနက်လာလေ ဆီနှင်းကျလေမို့ မီးဖိုဘေးက မခွာရက်သလို ဂွမ်းစောင်ကို အထပ်ထပ်ခြုံလို့ ဒီဆောင်းရယ် အအေးပိုအားရက်တယ်လို့ ညည်းချင်းမိတော့တယ်လေ။
ဒါလေးကို အမတ်ကြီးရဲ့ ရတုကို မှီပြီး ရေးလိုက်ချင်တာက -
တောင်ခိုးဝေသီလို့  ချမ်းအေးစံမှီသည်
မြူနှင်းဝေေ၀  တောင်ယာခင်းမှ မီးခိုးတွေနှင့်
ဆောင်းလေမြူလို့ မိုးရိပ်ပါဆင်လိုက်တာ
နေမင်းပင် ရောင်ဝါညှိုးလို့ ချမ်းရှာလေပြီ။
ညချမ်းမှောင်ချိန် လင်းပျောက်သည်နှင့်
ဆီနှင်းဖြောက်ဖြောက် တပေါက်ပေါက်ရယ်
မီးဖိုဘေးမှာ ကျုံ့ကျုံ့ထွေးလို့
သို့တည်းမှသာ….
စိမ့်ချမ်းရယ်ပြေ
မင်္ဂလာသတင်းတွေ
 ဝေဒနာရင်နင့်များအတူ
ဒွိဟတွေနဲ့ပါ
နှုတ်ဆက်ထွက်ခွာသွားတယ်
ဟော……
ရောက်လာပြန်ပြီ
မိတ်ဆွေ….
အသင်လာရင်
အကြင်နာလက်သာ ကမ်းလှည့်ပါ။
       ဒီဇင်ဘာ (၂၆)ရက်နေ့ “ ကန္တာရမိုးစက်များ ”  ဆိုပြီး မတောက်တခေါက် စာတိုပေစလေးများ၊ ရုတ်တရက်ပေါက်ထွက်လာတဲ့ ကဗျာများ၊ ဖတ်မိသမျှ၊ တွေ့မိသမျှ၊ လွဲခဲ့တာလေးတွေကို မှတ်တမ်းတင်ဖို့ စမွေးဖွားလိုက်ခဲ့တာ။ အဲနေ့က ကန္တာရမှာ မိုးတွေရွာနေတယ်။
   မိုးချုံးသံတွေ၊ လျပ်စီးလျှက်တာတွေကို ကြောက်တတ်တဲ့ မငုံတစ်ယောက်အတွက် ရုံးမှာကတည်းက  ကြောက်လန့်ပြီး ခန်းဆီးတွေကို ဆွဲပိတ်တာကို သူဌေးမလုပ်သူက ကန္တာရမှာရွာမိုး တစ်နှစ်မှာ တစ်ခါ နှစ်ခါသာ ရွာတာဆိုပြီး သူတို့က မိုးအုံ့လေးဖြစ်နေတာ ရွာနေတာ လျပ်သီးလျှက်နေတာကို ထိုင်ကြည့်နေကြပါတော့တယ်။ မငုံက ကြောက်တော့ နံရံအကွယ်လေးမှာ ကျောပေးထိုင်နေတော့တာပဲ။ အဲလိုနဲ့ ရုံးကနေ အိမ်ပြန်ရောက်တော့လဲ အပြင်မထွက်ဖြစ်တော့ပဲ အခန်းအောင်းပြီးနေရင်းကနေ “ တရေးနိုးသော် အကြံပေါ် ”  ဆိုသလို စာရေးချင်စိတ်ပိုးလေးက အရင်ကရှိပေမဲ့ ငါမဖြစ်ပါဘူး။ မရေးတတ်ပါဘူးနဲ့. အခုတော့ အကြံပေါ်တုန်းလးဆိုပြီး အိမ်ဆောက်ပလိုက်တာ။ အိမ်လေးကိုလဲ မှတ်မှတ်ရရ အများကြီးမစဉ်းစားပဲ ခေါင်းထဲထွက်လာတဲ့ နာမည်လေးကို သဘောကျသွားတာ။ စစချင်းတာ့ အိမ်လေးက တင်ထားတဲ့ပိုစ့်ကလွဲ ဘာမှမရှိတာ။ တပတ်လောက်ကြာမှ မောင်ငယ် ကိုရဲ နဲ့ အိုက်ခိလောက်တို့က သိသွားပြီး သူတို့က ဘလော့ဂ်အိမ်လေးရဲ့ ရှိသင့်တဲ့အင်္ဂါရပ်တွေရှိအောင် ပြန်ဆောက်ပေးလိုက်တာလေ။
         ဒီအိမ်လေးထဲမှာ ဝေမျှထားတဲ့စာတိုပေစတွေ၊ ပေါက်ကွဲသံစဉ်တွေကို ကြိုက်လို့ဆိုပြီး ယူသုံးထားတာများကို မှတ်မှတ်ရရ အသိပေးပြီးမှ ယူသုံးထားလို့ ကျေးဇူးတင်ပါတယ်။ အခုဆို ဒီဘလောဂ်လေးကို စာတွေရေးလိုက်၊ ဖုန်တက်လောက်အောင် ပစ်ထားမိလိုက်ဖြစ်နေပေမဲ့ မငုံချစ်တဲ့ ဒီအိမ်လေးကိုတော့ အမြဲတံခါးဖွင့်ထားဦးမှာပဲ။ အချိန်ရရင် ရသလို စာတွေဆက်ရေးနေဦးမှာပါ။ တခါတလေ အိမ်ရှင် မငုံ မရှိလို့ နွေးထွေးကြိုဆိုမဲ့သူမရှိဘူး မထင်နဲ့နော့။ အိမ်လေးက အမြဲတံခါးဖွင့်ထားတယ်။
  “ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင်ဆေးဖက်ဝင်သည်။” မှန်ကန်တဲ့ သစ္စာဆိုခြင်းကြောင့် နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်သတဲ့။ သစ္စာတရားကြောင့် အခက်အခဲအမျိုးမျိုး အကျပ်အတည်းအမျိုးမျိုးကနေ လွတ်မြောက်လာတဲ့ သာဓကတွေ အများကြီးရှိသားလား။
           ရာမမင်း က သီတာဒေ၀ီရဲ့ ဒဿဂီရိမင်း ထံမှာ ရက်အနည်းကြာ ခေါ်ဆောင်ထားခြင်း ခံရတာကို ချစ်ပေမဲ့ စိတ်ကသို့၏လော သို့၏လောနဲ့ ထင်မြင်နေတာကို သိသွားတဲ့ သီတာဒေ၀ီက သူ့ရဲ့ ရာမမင်းအပေါ်ထားတဲ့ ချစ်ခြင်းနဲ့ သစ္စာတရားကို သက်သေပြဖို့ သစ္စာထားလို့ မီးပုံပေါ်ဆင်းသက်လိုက်တာ မီးမလောင်တဲ့အပြင် ကြာပွင့်ပေါ်မှာ ရပ်တည်နေတာကို မြင်တော့မှ ရာမမင်း ယုံကြည်ခံခဲ့ရတာကိုး။ ဒါက သီတာဒေ၀ီ ..ရာမမင်းပေါ်ထားတဲ့ သူ့ရဲ့သစ္စာ.....
      ယခုမျက်မှောက်ဘ၀မှာ သူတပါးအထင်အမြင်လွဲခံရတာတွေက ရှေးရှေးဘ၀တုန်းက အကုသိုလ်ကံ အကျိုးဆက်ကြောင့်ဆိုတာ သိထားပါတယ်။ ခံရတာများလာတော့လဲ အခက်အခဲတွေ အကျပ်အတည်းတွေကို စစ်မှန်တဲ့မေတာတရား၊ ကောင်းတဲ့စိတ်ထားနဲ့ မေတာပို့ခြင်း ၊ မှန်ကန်သော သစ္စာတို့ဖြင့် ပြေပျောက်ပါတယ်။ ဒါပေမဲ့ ၀ဋ္ဋ်ကြွေးမကြေသေးတော့လဲ ဆပ်ပေးရဦးမပေါ။ “ ၀ဋ္ဋ်မှာအမြဲ ငရဲမှာအပ” ဆိုတဲ့စကားရှိသားပဲ။
    သစ္စာရှိတယ်လို့ခံစားရတယ်။ သစ္စာဖောက်ခြင်းခံရတယ်။ အဲလို ခံစားမှုအမျိုးမျိုးမှ သစ္စာဆိုတဲ့ မှန်ကန်တဲ့စိတ်ထားကောင်းမွန်မြတ်စွာနဲ့ သစ္စာဆိုမှု့ကို မငုံသိပ်သဘောကျတယ်။ ယုံကြည်တယ်။ လုပ်တတ်တယ်။
 မငုံ မှန်ကန်တဲ့သစ္စာ ဆိုလိုက်တဲ့အခါ သစ္စာရဲ့ မှန်ကန်မှု့ကြောင့် အခက်အခဲ  တော်တော်များများ ပြေလည်သွားဖူးပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းကနေ ဒီအသက်အရွယ်အထိ အခက်အခဲ အကျပ်အတည်းကြုံရတိုင်း ၊ အထင်အမြင်လွဲခံရတိုင်း မငုံအတွက် ကိုးကွယ်ရာဖြစ်တဲ့ ဘုရားနဲ့ ဒီသစ္စာကို တိုင်တည်တတ်ခဲ့ပါတယ်။