ဒီဇင်ဘာ (၂၆)ရက်နေ့ “ ကန္တာရမိုးစက်များ ”  ဆိုပြီး မတောက်တခေါက် စာတိုပေစလေးများ၊ ရုတ်တရက်ပေါက်ထွက်လာတဲ့ ကဗျာများ၊ ဖတ်မိသမျှ၊ တွေ့မိသမျှ၊ လွဲခဲ့တာလေးတွေကို မှတ်တမ်းတင်ဖို့ စမွေးဖွားလိုက်ခဲ့တာ။ အဲနေ့က ကန္တာရမှာ မိုးတွေရွာနေတယ်။

   မိုးချုံးသံတွေ၊ လျပ်စီးလျှက်တာတွေကို ကြောက်တတ်တဲ့ မငုံတစ်ယောက်အတွက် ရုံးမှာကတည်းက  ကြောက်လန့်ပြီး ခန်းဆီးတွေကို ဆွဲပိတ်တာကို သူဌေးမလုပ်သူက ကန္တာရမှာရွာမိုး တစ်နှစ်မှာ တစ်ခါ နှစ်ခါသာ ရွာတာဆိုပြီး သူတို့က မိုးအုံ့လေးဖြစ်နေတာ ရွာနေတာ လျပ်သီးလျှက်နေတာကို ထိုင်ကြည့်နေကြပါတော့တယ်။ မငုံက ကြောက်တော့ နံရံအကွယ်လေးမှာ ကျောပေးထိုင်နေတော့တာပဲ။ အဲလိုနဲ့ ရုံးကနေ အိမ်ပြန်ရောက်တော့လဲ အပြင်မထွက်ဖြစ်တော့ပဲ အခန်းအောင်းပြီးနေရင်းကနေ “ တရေးနိုးသော် အကြံပေါ် ”  ဆိုသလို စာရေးချင်စိတ်ပိုးလေးက အရင်ကရှိပေမဲ့ ငါမဖြစ်ပါဘူး။ မရေးတတ်ပါဘူးနဲ့. အခုတော့ အကြံပေါ်တုန်းလးဆိုပြီး အိမ်ဆောက်ပလိုက်တာ။ အိမ်လေးကိုလဲ မှတ်မှတ်ရရ အများကြီးမစဉ်းစားပဲ ခေါင်းထဲထွက်လာတဲ့ နာမည်လေးကို သဘောကျသွားတာ။ စစချင်းတာ့ အိမ်လေးက တင်ထားတဲ့ပိုစ့်ကလွဲ ဘာမှမရှိတာ။ တပတ်လောက်ကြာမှ မောင်ငယ် ကိုရဲ နဲ့ အိုက်ခိလောက်တို့က သိသွားပြီး သူတို့က ဘလော့ဂ်အိမ်လေးရဲ့ ရှိသင့်တဲ့အင်္ဂါရပ်တွေရှိအောင် ပြန်ဆောက်ပေးလိုက်တာလေ။

         ဒီအိမ်လေးထဲမှာ ဝေမျှထားတဲ့စာတိုပေစတွေ၊ ပေါက်ကွဲသံစဉ်တွေကို ကြိုက်လို့ဆိုပြီး ယူသုံးထားတာများကို မှတ်မှတ်ရရ အသိပေးပြီးမှ ယူသုံးထားလို့ ကျေးဇူးတင်ပါတယ်။ အခုဆို ဒီဘလောဂ်လေးကို စာတွေရေးလိုက်၊ ဖုန်တက်လောက်အောင် ပစ်ထားမိလိုက်ဖြစ်နေပေမဲ့ မငုံချစ်တဲ့ ဒီအိမ်လေးကိုတော့ အမြဲတံခါးဖွင့်ထားဦးမှာပဲ။ အချိန်ရရင် ရသလို စာတွေဆက်ရေးနေဦးမှာပါ။ တခါတလေ အိမ်ရှင် မငုံ မရှိလို့ နွေးထွေးကြိုဆိုမဲ့သူမရှိဘူး မထင်နဲ့နော့။ အိမ်လေးက အမြဲတံခါးဖွင့်ထားတယ်။

  “ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင်ဆေးဖက်ဝင်သည်။” မှန်ကန်တဲ့ သစ္စာဆိုခြင်းကြောင့် နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်သတဲ့။ သစ္စာတရားကြောင့် အခက်အခဲအမျိုးမျိုး အကျပ်အတည်းအမျိုးမျိုးကနေ လွတ်မြောက်လာတဲ့ သာဓကတွေ အများကြီးရှိသားလား။

           ရာမမင်း က သီတာဒေ၀ီရဲ့ ဒဿဂီရိမင်း ထံမှာ ရက်အနည်းကြာ ခေါ်ဆောင်ထားခြင်း ခံရတာကို ချစ်ပေမဲ့ စိတ်ကသို့၏လော သို့၏လောနဲ့ ထင်မြင်နေတာကို သိသွားတဲ့ သီတာဒေ၀ီက သူ့ရဲ့ ရာမမင်းအပေါ်ထားတဲ့ ချစ်ခြင်းနဲ့ သစ္စာတရားကို သက်သေပြဖို့ သစ္စာထားလို့ မီးပုံပေါ်ဆင်းသက်လိုက်တာ မီးမလောင်တဲ့အပြင် ကြာပွင့်ပေါ်မှာ ရပ်တည်နေတာကို မြင်တော့မှ ရာမမင်း ယုံကြည်ခံခဲ့ရတာကိုး။ ဒါက သီတာဒေ၀ီ ..ရာမမင်းပေါ်ထားတဲ့ သူ့ရဲ့သစ္စာ.....

      ယခုမျက်မှောက်ဘ၀မှာ သူတပါးအထင်အမြင်လွဲခံရတာတွေက ရှေးရှေးဘ၀တုန်းက အကုသိုလ်ကံ အကျိုးဆက်ကြောင့်ဆိုတာ သိထားပါတယ်။ ခံရတာများလာတော့လဲ အခက်အခဲတွေ အကျပ်အတည်းတွေကို စစ်မှန်တဲ့မေတာတရား၊ ကောင်းတဲ့စိတ်ထားနဲ့ မေတာပို့ခြင်း ၊ မှန်ကန်သော သစ္စာတို့ဖြင့် ပြေပျောက်ပါတယ်။ ဒါပေမဲ့ ၀ဋ္ဋ်ကြွေးမကြေသေးတော့လဲ ဆပ်ပေးရဦးမပေါ။ “ ၀ဋ္ဋ်မှာအမြဲ ငရဲမှာအပ” ဆိုတဲ့စကားရှိသားပဲ။

    သစ္စာရှိတယ်လို့ခံစားရတယ်။ သစ္စာဖောက်ခြင်းခံရတယ်။ အဲလို ခံစားမှုအမျိုးမျိုးမှ သစ္စာဆိုတဲ့ မှန်ကန်တဲ့စိတ်ထားကောင်းမွန်မြတ်စွာနဲ့ သစ္စာဆိုမှု့ကို မငုံသိပ်သဘောကျတယ်။ ယုံကြည်တယ်။ လုပ်တတ်တယ်။

 မငုံ မှန်ကန်တဲ့သစ္စာ ဆိုလိုက်တဲ့အခါ သစ္စာရဲ့ မှန်ကန်မှု့ကြောင့် အခက်အခဲ  တော်တော်များများ ပြေလည်သွားဖူးပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းကနေ ဒီအသက်အရွယ်အထိ အခက်အခဲ အကျပ်အတည်းကြုံရတိုင်း ၊ အထင်အမြင်လွဲခံရတိုင်း မငုံအတွက် ကိုးကွယ်ရာဖြစ်တဲ့ ဘုရားနဲ့ ဒီသစ္စာကို တိုင်တည်တတ်ခဲ့ပါတယ်။

             ခေါင်းစဉ်နဲ့ဆိုင်မဆိုင်တော့ မသိဘူး။ လတ်တလော ကြုံတွေ့နေရတဲ့ အဖြစ်လေးကို သတိရမိလို့။ ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မှာ အဖူးမြော်ခံခိုက်မှာ မငုံတစ်ယောက်လဲ ရန်ကုန် ရောက်နေချိန်ဆိုတော့ ဖူးမြော်ကန်တော့တယ်။ ရန်ကုန်မှာ စံပယ်ရက် နောက်ဆုံးနေ့ (၇)ရက်နေ့ နေ့ခင်းပိုင်းမှာ တစ်ခါ ထပ်သွားဖြစ်တုန်းက ကြုံရတာလေးပေါ့။
        လုံခြုံရေးအတွက် အဆင့်ဆင့်စစ်ဆေးခံပြီး ၀င်လာပါပြီ။ လိုဏ်ဂူမ၀င်ခင် ဖိနပ်အပ်တဲ့နေရာလောက်မှာ စတာပါပဲ။ အားလုံးက နှစ်ယောက်တစ်တွဲနှုန်းနဲ့ တန်းစီနေတာကို ကျော်တက်တာတို့၊ ကြားဖြတ်တာတို့ကို မျက်နှာခပ်ပြောင်ပြောင်ပဲ လုပ်နေကြတယ်။ ဘယ်သူမဆို မြန်မြန်ဖူးချင်ကြ၊ လိုဏ်ဂူထဲကို  ရောက်ချင်ကြတဲ့သူချည်းချည်းပါပဲ။ အားလုံးက မြတ်စွယ်တော်ကို ဖူးချင်လို့ အကုန်လုံး သည်းခံပြီး နေပူအောက်မှာ၊ လူတန်းရှည်ကြီးကို စီရပါတယ်။ အချိန်တန်ရင် ကိုယ့်အလှည့်ရောက်မှာပါပဲ။ ဒါမဲ့ ဘာလို့  ရုပ်ပျက်ဆင်းပျက်နဲ့ အတင်းကိုတိုးဝှေ့ ကျော်တက်ကြားဖြတ်ကြတယ်မသိ။ အင်မတန်မှ စိတ်ညစ်ဖို့ကောင်းတယ်။ ကုသိုလ်မရခင် စိတ်ညစ်လို့ အကုသိုလ်အရင်ရပါတယ်။
`        နောက် လိုဏ်ဂူထဲဝင်ရတော့မယ်ဆိုတော့ တစ်ယောက်စီ တန်းစီရပြန်တယ်။ မငုံက ဒီဘက် ရဟန်းသံဃာတော်များနဲ့ သီလရှင်များ ဘေးက လူပုဂ္ဂိုလ်အတန်းမှာ စီတယ်။ တဖြည်းဖြည်းနဲ့ဝင်သွားလိုက်တာ။ စိတ်ထဲမှာလဲ ဂုဏ်တော်ကိုးပါးကို ရွတ်နေမိတယ်။ အဲအချိန်မှာ နောက်ကျောကို ဆောင့်တွန်းလိုက်လို့ လူက ရှေ့က အဒေါ်ကြီးတစ်ယောက်ကို တိုးမိလို့ ကိုယ့်မှာ “ ကန်တော့ ကန်တော့ ” ဆိုပြီး တောင်းပန်ပြီး နောက်ကို လှည့်ကြည့်တော့ ခပ်ငယ်ငယ် ကောင်မလေးနှစ်ယောက် ..
`        အဲမှာ အဲကောင်မလေးနှစ်ယောက်က တယောက်စီလဲစီတန်းတာမဟုတ်ဘူး။ နှစ်ယောက်ကို မရမက စီနေတယ်။ အဲနောက်က အမကြီးတယောက်က “ ဘယ်လိုဖြစ်ကြတာလဲ နင်တို့က” လို့ဆိုလိုက်သံကြားလိုက်ရတယ်။ “ ဘေးအတန်းက ကျော်လာတာလေ” တဲ့. .
ပြီးတော့ တဆက်တည်း တဘက်အတန်းမှာရှိနေတဲ့ သူတို့အဖော်ကို “ ဟဲ့ ဒီဘက်တန်းကိုလာ ဒီကိုလာ ဒီမှာက စွယ်တော်နဲပိုနီးတယ် ” တဲ့။
          သူအစဉ်အလိုက်အတိုင်း စီတန်းသွားရင်လဲ ကိုယ့်အလှည့်ကျလာမှာပါ။ ဘာလို့ အတင်းကို တိုးဝှေ့နေတာကြီးကတော့ လူတော်တော်များများ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ မပြောချင်လို့သာ ကုသိုလ်စိတ်နဲ့မို့သာ သည်းခံနေကြတာ မငုံတောင် မျက်မှောင်ကျုတ်မိတဲ့အထိ စိတ်ညစ်သွားရပါတယ်။
          မြတ်စွယ်တော်အစစ်မို့ ဖူးချင်တာ အနီးကပ်ဖူးချင်တာ သိပေမဲ့ ဒီလိုကြီး စည်းမဲ့ကမ်းမဲ့နဲ့ လူကြီးမှန်းမသိ ဘာမှန်းမသိ ကိုယ့်ဖို့သာကြည့်ပြီး ကျော်ဖြတ်တိုးဝှေ့ နေကြတာတော့ မကောင်းပါဘူး။ အားလုံးက အဓိကရည်ရွယ်ချက်က မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်မို့ မြတ်စွာဘုရားကို တကယ်ဖူးမြော်ရသလို ဖြစ်ကြတဲ့စိတ်နဲ့မို့ ကြည်ညိုကြလွန်း လို့  နေပူခံစောင့် ဆိုင်ြး ပီး မှ ရာက်လာကြတဲ့သူချည်းပါ။
ေ၇ှးရှေးတုန်းက ဘုရားအဆူပေါင်းများစွာ ပွင့်တော်မူခဲ့ပြီးပြီ။ ကိုယ်တွေမှာ အခုချိန်ထိ မကျွတ်နိုင်သေး။ ဒီသံသရာထဲမှာ တ၀ဲလည်လည်နဲ့နေရတုန်း။ ဘယ်ဘုရားမှ ကယ်မရလို့ အခုထိ ကျန်နေခဲ့ရသေးတယ်။ အခု သာသနာနဲ့ကြုံခိုက်၊ မြတ်ဘုရားရဲ့ စွယ်တော်အစစ်ကို ဖူးခွင့်ရခိုက်လေး ကုသိုလ်လေး လိုချင်လို့ သံသရာလွတ်ရာလေး ဆုတောင်းချင်လို့လာတာပါ။
          ရှေ့ကို အရင်ရောက်ချင်ဇောနဲ့ အနီးဆုံးနေရာကနေ ဖူးချင်ဇောနဲ့ သူများတကာအပေါ် ကိုယ့်အတွက်ဆိုတဲ့ အတ္တထားပြီးမှ ရလာမဲ့ ကုသိုလ်စိတ်နဲ့တော့ မလုပ်ကောင်းပါဘူး။ ကုသိုလ်ယူတာချင်းတူတူ သံသရာမှာထပ်ကြာသွားနိုင်တယ်နော်။
          အင်းးးးးးးးလူဆိုတော့ ပြောရခက်သားလား။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပုထုဇဉ်ဆိုတဲ့ စကားလုံးအောက်မှာကိုး။
သည်းခံ…………သည်းခံ
                

မင်းသိရဲ့လား………
မင်းမို့လို့ ငါပေးခဲ့တယ်……..
ဖြူစင်တဲ့ချစ်ခြင်းနဲ့ သံဃောဇဉ်ကို
မင်းကြောင့်မို့ မက်ခဲ့မိတယ်…..
လှပတဲ့ညစဉ်အိပ်မက်လေးကို
မင်းနဲ့မို့လို့ ဖန်ဆင်းချင်တယ်…
ပျော်ရွှင်မှုနဲ့ဥယျာဉ်ငယ်ကို
ဒါပေမဲ့လဲ
မင်းသိလိုက်ရဲ့လား………
မင်းမို့လို့ ပြောထွက်ရက်တယ် …….
ငါ့ရဲ့အပြစ်ကင်းတဲ့ ချစ်ခြင်းကို
မင်းမို့လို့ နင်းခြေရက်တယ် ……..
ငါ့ရဲ့မင်းအပေါ်မထားခဲ့တဲ့ မာနတရားကို
မင်းမြင်နိုင်ခဲ့ရဲ့လား….
ငါ မင်းအပေါ်ထားခဲ့တဲ့
မင်းသတိရရင်ပြီးတာပဲ…..
 လိုအပ်ချိန် ငါရှိခဲ့ရင် တော်ပြီပေါ့လို့
ဒါပေမဲ့လဲ
မင်းထင်နေခဲ့တယ်မလား….
ချုပ်ကိုင်ခဲ့တယ်။
ပိုင်စိုးခဲ့တယ်။
ချစ်သူ………….
ငါ မင်းထင်သလိုဖြစ်ခဲ့သလား
ဒါဆိုရင် ကျေနပ်စွာနဲ့
တောင်းပန်လိုက်တယ်။
ဒါဟာ…..မင်းအတွက်
ငါ့အချစ်က အမှတ်သဥာဏ်မရှိလို့ပဲ။


Myy,Suung Pi Mai Tai – 2106!!  

ရှမ်းရိုးရာ ကိုယ်ပိုင်ပြက္ခဒိန်တွက်ကိန်းများအရတော့ ရှမ်းနှစ်သစ်ကူးရက်ဟာ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ ပုံမှန်ကျရောက်လေ့ရှိပါတယ်။ ရှမ်းပြက္ခဒိန်အရ ရှမ်းလူမျိုးများဟာ နှစ်တစ်နှစ်ကို စတင်ရေတွက်တဲ့နေရာမှာ တန်ခူးလမှာ စတင်ပြီး မရေတွက်ပါဘူး။ နတ်တော်လမှာ အမြဲစတင် ရေတွက်ပါတယ်။ ရှမ်းဘာသာနဲ့ဆိုရင် နတ်တော်လဟာ “လိန်စိန်”(ပထမဦးဆုံးလ)လို့ ခေါ်ပါတယ်။ အဲဒါကြောင့် ရှမ်းရိုးရာ ပြက္ခဒိန်ကိန်းခန်းအရ နှစ်တစ်နှစ်ရဲ့အစကို မြန်မာလို နတ်တော်လမှာ စတင်ရေတွက်ရခြင်းဖြစ်ပါတယ်။

အခုရောက်ဆဲ့ ရှမ်းနှစ်သစ်အရကတော့ ၂၁၀၆ ခုနှစ်ဖြစ်ပါတယ်။ တစ်ချို့တွေက မသိလို့ မေးကြတယ်။ ဘာဖြစ်လို့ ရှမ်းခုနှစ်သက္ကရာဇ်က မြန်မာကောဇာသက္ကရာဇ်ထက် ပိုများနေတာလဲ-ဆိုပြီး မေးကြတယ်။ အကျဉ်းချုပ်အနေနဲ့ ဖြေရရင်တော့ မြန်မာသက္ကရာဇ်ကို မြန်မာဘုရင်များက ရာဇ၀င်သမိုင်းတစ်လျှောက်မှာ သုံးကြိမ်သုံးခါ သက္ကရာဇ်တွေ ဖြိုခဲ့ကြတယ်။ ရှမ်းသက္ကရာဇ်ကတော့ စတင်ရေတွက်သည်မှစပြီး ဘယ်ဘုရင် ဘယ်စော်ဘွား ဘယ်အုပ်ချုပ်သူလူတန်းစားကမှ မဖြိုခဲ့လို့ အခုလို အရေအတွက်အားဖြင့် ပိုများနေတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ရှမ်းသက္ကရာဇ်ဟာ သာသနာတော်သက္ကရာဇ်က အရင်းခံခဲ့လို့ဖြစ်ပါတယ်။ ရှမ်းများ မိုင်းမောပြည်ထောင်(ယခု တရုတ်နိုင်ငံ ယူနန်ပြည်နယ်)ခေတ်မှာ စ၀်ခွန်ဟောင်လို့ ဘွဲ့တော်တွင်ခဲ့တဲ့ ရှမ်းရဟန်းတော်တစ်ပါးဟာ နောက်လိုက်နောက်ပါများနဲ့အတူ အိန္ဒိယ သီဟိုဠ်နိုင်ငံများသို့ ပိဋိကတ်သုံးပုံကျမ်းများ သွားရောက်လေ့လာ ပင့်ဆောင်ခဲ့တယ်လို့ သမိုင်းများက ဆိုပါတယ်။ စ၀်ခွန်ဟောင်နဲ့သာသနာပြုအဖွဲ့များ နေရင်းမိုင်းမောပြည်ထောင်သို့ ပြန်လည်ရောက်လာသော ခုနှစ်မှာ သာသနာသက္ကရာဇ် ၄၅၀ ဖြစ်တယ်လို့ ဆိုပါတယ်။ စ၀်ခွန်ဟောင်နဲ့အဖွဲ့သားများ ပိဋကတ်သုံးပုံကျမ်းမြတ်များပင့်ဆောင်လာသောခုနှစ်ကို အထွဋ်အမြတ်ခုနှစ်အဖြစ်သတ်မှတ်ပြီး မိုင်းမောဘုရင်နဲ့ သာသနာတော်ကို ကြည်ညိုလေးစားသူများက သာသနာသက္ကရာဇ် ၄၅၀ မှာ ရှမ်းသက္ကရာဇ်ကို စတင်ရေတွက်ခဲ့ပါတယ်။ ဒါကြောင့် သည် သာသနာတော်နှစ် ၄၅၀ သည် ရှမ်းများရဲ့သက္ကရာဇ်အစဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းသက္ကရာဇ်ကို သိချင်ရင် ရောက်ဆဲသာသနာသက္ကရာဇ်ကိုတည် ၄၅၀ နုတ်လိုက်ရင် အဲဒါ ရှမ်းသက္ကရာဇ်ပါပဲ။



၆နာရီမထိုးသေးပေမဲ့ ဆောင်းရာသီိမို့ မှောင်ရီပျိုးနေပြီလေ။ ဆောင်းပုံရိပ် ဆီးနှင်းတွေကလဲ တဖွဲဖွဲကျလို့လာနေသလို အအေးကလဲ ပိုပိုကဲလာနေလေရဲ့။

အဲနေ့က ဆီနှင်းတွေဖြူစင်ဖွေးသလို ၀ါဂွမ်းသဖွယ် ဆွတ်ဆွတ်ဖြူတဲ့ နီတာရဲလေး လောကအလယ်ကို ရောက်လာလိုက်တာ စနေသမီးရယ်မို့ စိတ်ကလဲကြီးလိုက်တာ အငိုကိုမတိတ်တော့ဘူး။ အင်မတန်ဂျီကျမဲ့ကလေး၊ စိတ်ကြီးလိုက်တဲ့ကလေးရယ်လို့ မှတ်ချက်သံကြား အသံအောင်မြင်စွာနဲ့ ငိုသံမစဲတဲ့ ကလေးလေး…..

လမ်းလျှောက်တတ်တော့လဲ တတောက်တောက်နဲ့ ထိန်းမနိုင်အောင် လျှောက်သွား၊ တွေ့သမျှ အကုန်ဆွဲရယ်နဲ့ စိတ်မထင်လျှင်မထင်သလို အသံပြဲကြီးနဲ့ အာခေါင်ခြစ်အော်လိုက်တတ်သေးတဲ့ ကလေးလေး………

အသက်လေးရလာပြန်တော့ နားလည်မလိုလိုနဲ့ ပေကပ်ကပ်၊ ပါဝါထူထူမျက်မှန်ကြီးတပ်ရတော့ တတ်မတက်ငိုပလိုက်တာ ဘယ်လိုပြောပြော မမြင်တာကို အတင်းကြီး မရမက မျက်မှောင်ကြီးကျုတ်ကြည့်လို့ မျက်မှန်တပ်ခိုင်းဖို့အရေး မိဘဆွေမျိုးတင်မကဘူး ဆရာ/ ဆရာမ လက်မြှောက်ခဲ့ရတဲ့ ကလေးလေး…..

အခုချိန်မှာတော့ အဲဒီပေကပ်ကပ်နဲ့ ကလေးလေး……….

Happy Birthday မငုံ !!!!!!!!!!

( ဒီနေ့ကျမှပဲ ချောင်းတဟွတ်ဟွတ်နဲ့ နှာရည်တွေကလဲ တရှုံ့ရှုံ့ရယ်ပေါ့။ )

ချစ်သူရေ..
ကြည်လင်နေတဲ့ မင့်မျက်ဝန်းနက်အိမ်ရဲ့အရိပ်ကြား
ငါ့ကိုမြတ်နိုးတဲ့ အကြင်နာရိပ်တွေ လွှမ်းနေတယ်။


ချစ်သူရေ...
ပိရိတင်းနေတဲ့ မငိ့နှုတ်ခမ်းပါးလွှာကြား
ငါ့ကိုလွမ်းတဲ့ အလွမ်းတွေ ဖွဲ့သီနေတယ်။


ချစ်သူရေ...
တထိတ်ထိတ်နဲ့ ခုန်နေတဲ့ မင်းရင်ခုန်စည်းချက်ကြား
ငါ့ကိုချစ်တဲ့အချစ်တွေ ယိမ်းနွဲ့နေတယ်။


ဒီကပွဲလေးမှာ ငါကတော့ တိမ်လွှာစီးပြီး လွင့်မျောနေတယ်။

“ 17 ” ရက်နေ့စွဲရောက်တိုင်း ကပွဲလေး ရောင်စဉ်ဖြာလို့
ကြယ်ရောင်တွေအောက်မှာ ပိုအသက်ဝင်နေတယ်။