ပြီးဆုံးခဲ့ပြီးပြီဆိုပေမဲ့ မနေ့တစ်နေ့ကအတိုင်းပဲ
ဆုံးရှုံးခဲ့ပြီးပြီးဆိုပေမဲ့ ပိုင်ဆိုင်နေသေးသလိုပဲ
အားပါးတရလဲ လွတ်လပ်စွာ အတူရယ်မောခဲ့ရသလို
ရှိုက်ကြီးတငင်လဲ ဖြေမဆည်နိုင်အောင် ငိုကြွေးခဲ့သေးတယ်
တခါတရံမှာတော့လဲ နာကြင်လွန်းလို့
တိတ်တဆိတ်လဲ ကျိတ်မျက်ရည်ကျခဲ့ရသေးတယ်လေ
အခုချိန်မှာ မြင်တွေးကြည့်တော့
အရိပ်ဆိုပေမဲ့ ထင်းနေပါသေးတယ်
ကံကြမ္မာရယ် နောင်ခါများမှာတော့
ဆောင်ကြဉ်းခွင့်ပြုပါ
ပျော်ရွှင်ခြင်းသာ ……………
အရိပ်သစ်ဆီသို့……………………..
လူရယ်လို့ဖြစ်လာရင် ၀ါသနာက ပါလာပြီးသားပါ။ တချို့ကသိနိုင်ပေမဲ့ တချို့ကျတော့လဲ မသိသာနေဘူးလေ။ဓားသွေးကျောက်ပေါ် တင်သွေးမှ ဓားတွေပိုထက်မြက်လာသလို ဗီဇ၀ါသနာအရင်းခံထားသူတွေဟာ သူဝါသနာပါရာမှာ လုပ်ဆောင်ခွင့်ရရင် ပိုပြီး အရည်အသွေးပေါ်လွင်နေမှာမလွဲ။
ကိုယ့်အတွေးက စကတည်းက ရွေးချယ်မှု့မှားသွားရင် စမ်းတ၀ါးဝါးနဲ့ အောင်မြင်သင့်သလောက် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဖြစ်ချင်တာက ရှေ့နေတစ်ယောက် ။ ကိုယ့်ရွေးချယ်မှု့ထက် သူတပါးစကားနားထောင်ပြီး ရွေးချယ်လိုက်တာက အင်ဂျင်နီယာ။ ပြဒါးတလမ်း သံတလမ်းပါပဲ။ အခုတော့ အင်ဂျင်နီယာလဲမဖြစ်၊ စီမံခန့်ခွဲသူလဲမပီ်၊ အိပ်မက်ထဲက ရှေ့နေဆိုတာ ဝေးလို့.. ရွေးချယ်မှု့မှာ တွေဝေခဲ့လို့ ယောင်ခြာခြာလည်နေတော့ အားမလို အားမရခြင်းများနဲ့သာပါပဲ။
အမှန်တကယ်က လူတိုင်းမှာ အိပ်မက်ဆိုတာ ရှိနေတာပဲ။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေ အခွင့်အလမ်းပေါ် မူတည်ပြီး အိပ်မက်ကို ဘေးဖယ်ပြီး ဖြစ်သင့်တာကို ရွေးချယ်ခဲ့ပြီးမှတော့ ဘာလို့ပြီးမြောက်အောင် မဆောင်ရွက်ခဲ့တာလဲ။ လူတိုင်း ဒီလိုတွေဝေနေခြင်းမဟုတ်ပါ။ ဖြစ်တည်နေတဲ့အပေါ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေကြတဲ့သူတွေ များပြားလှတဲ့ကြားထဲ ဘာလို့ ကိုယ်ကတော့ စကတည်းကနေ ခုချိန်ထိ တွေဝေနေတာလဲ။

ဒီဇင်ဘာ(၂၆)ရက်ဆိုရင် ကန္တာရမိုးစက်များ နှစ်နှစ်ပြည့်ပြီ။ ဒီနှစ်နှစ်အတွင်းမှာ လာရောက်ဖတ်ရှူပြီး အကြံပေးခဲ့ကြ၊ ခင်မင်ပေးခဲ့ကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒူဘိုင်းကန္တာရမြေကနေ ထွက်ခွာလာပြီးနောက်ပိုင်း ပိုစ့်တွေကို မတင်ဖြစ်နေဘူး။ စစချင်းကတော့ မကျော်ခွတတ်နေဘူးလေ။ အရုပ်လေးကို အကူအညီတောင်းလိုက်၊ မအနမ်းကို အပူကပ်လိုက်၊ ဟိုလူမေး၊ ဒီလူမေးနဲ့ ရပြန်တော့လဲ ကောနက်ရှင်ကလည်း ကောင်းတချက် မကောင်းတချက်ဆိုတော့ ပိုစ့်တင်ချင်ပေမဲ့ မဖြစ်နိုင်ခဲ့သလို ရတဲ့အခါလေး ပိုစ့်ပြေးတင်ထားလို့ ၃ပုဒ်လောက်တော့တင်ဖြစ်ခဲ့တယ်။

Cboxမှာ လာရောက်မေးမြန်းနေကြတဲ့ မငုံ ဘယ်ရောက်နေလဲဆိုလို့…အခု မငုံတယောက် ရှမ်းပြည်မှာပါ။ မိဘစီးပွားရေးကိုပဲ ကူညီရင်း ပျော်ရွှင်စွာနေထိုင်နေပါတယ်။ မိုးစက်အိမ် လာရောက် ဆုတောင်းပေးသလိုပေါ့ "ရောက်ရာနေရာလေးမှာ ပျော်ရွှင်နေပါစေ" ဆိုတဲ့ဆုနဲ့ ပြည့်နေပါတယ်။ အားလုံးကိုလဲ သတိရပြီး ဘလော့ဂ်အိမ်တွေကို လည်ပတ်ပြီး စာတွေဖတ်ချင်ပေမဲ့ သုံးတဲ့proxy ကြောင့်တဲ့ မြန်မာဖောင့်က မမြင်ရတော့ (ကောမန့်တောင် ကူးပြီးအပြင်မှာ ပြန်ပြန်ဖတ်နေရပါတယ် ) ဘယ်လိုမှမတတ်နိုင်နေပြန်ဘူးလေ။ နားလည်ပေးကြပါနော့။

နှစ်နှစ်တာအချိန်လေးအတွင်းမှာ အားပေးခဲကြတဲ့ အခုချိန်ထိ ပိုစ့်အသစ်တွေမတင်ဖြစ်နေတဲ့ အိမ်လေးကို လာရောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်လို့ပဲ ဒုတိယနှစ်ပတ်လည် အမှတ်တ၇အဖြစ် ထပ်ဆင့်ပြောပါရစေ။ အဆင်ပြေရင် ပြေသလို ပိုစ့်တွေတင်ဖြစ်နေမှာမို့ အားလုံးပဲ ဆက်အားပေးကြပါဦးလို့….

ညှို့မှိုင်းမှိုင်းတောင်တန်းတွေမှာ
မြူခိုးတွေဆိုင်းနေတာက
စာတပုဒ်ဖြစ်တည်ဖို့လား…

အရိုင်းနေကြာပန်းရွှေဝါတွေ
ဆောင်းလေကြားမှာ ယိမ်းနွှဲ့နေတာက
ကဗျာတပုဒ်စပ်ဆိုဖို့လား…

ငါ့ရင်ထဲမှာတော့……

ကဗျာလဲ မမှီရပါဘူး။
စာလဲမပီသပါဘူး။
ဒါပေမဲ့………
လွမ်းနေတာတော့အချိန်တိုင်းပါပဲ။

နေ့ရက်ချိန်ကြားရွေ့ဆိုင်းကာသွားတိုင်း
လက်ချိုးရေတွက်ထားတယ်
ချစ်သူ………
မင်းပြန်လာရက်လေးကိုပေါ့။
ဆောင်းရိပ်ကိုခိုဖို့ ချိန်တန်လေတော့ တောင်ပတ်လည်ဝိုင်းနေတဲ့ ကျွန်မရဲ့ မြို့ငယ်လေးမှာ မြူခိုးတွေ ဆိုင်းနေလိုက်တာများ ဘယ်ကြည့်ကြည့် အဖြူရောင်သန်းနေတယ်။ ချမ်းအေးတုန်လို့ခြုံစောင်ထဲက မခွာချင်နေဘူးလေ။ နေထွက်ချိန်တန်ပေမဲ့ တောင်နံရံတွေမှာ မြူမှုံဆိုင်းဆဲလေ။နိုဝင်ဘာလ ဆောင်းရိပ်ဝင်စမို့ထင်ပ ပန်းရောင်သန်းတဲ့ ချယ်ရီပန်းများ မပွင့်လန်းသေးပဲပွင့်အာသန်ရန် ရည်မျှော်ဆဲမို့ ချယ်ရီပင်များ ရွက်နုနီစိမ်းလေးတွေ ထင်းနေပြီလေ။ ချယ်ရီမမြင်ရတာ ငါးနှစ်ကျော်ပြီမို့ ဒီတစ်ဆောင်းရဲ့ ချယ်ရီပန်းကို စောင့်မျှော်လင့်နေပါရဲ့လို့ မြန်မြန်ပွင့်စေချင်နေပြီလေ။ နေ့လည်ခင်းပေမဲ့ အနွေးထည်ကိုယ်စီနဲ့...နေမင်းရောင်က ခပ်ဖျော့ဖျော့သာရယ်မို့ အအေးဓာတ်ကို မစိုးမိုးနိုင်ဘူးလေ။ ညနေခင်းများရောက်ရင် မီးဖိုနံဘေးမှာပေမဲ့ အချမ်းမပြေနိုင်ဘူး။ ညဉ့်နက်လေ ချမ်းစိမ့်လေမို့ "ချမ်းလိုက်တာ ချမ်းလိုက်တာ"နဲ့ ငြီးကာ ငြီးကာနေရတော့တယ်။ နှင်းမှုံဖွေးဖွေးတွေကလဲ ညဉ့်နက်လေ ကျရောက်လိုက်တာများ ကြယ်ရောင်မလင်းတဲ့ညကို ကြယ်ဖြူလေးတွေကိုယ်စားကြဲပက်နေတာလားလို့ ပြောလိုက်ချင်ရဲ့။ ဒါတောင် ဆောင်းရိပ်ခိုစနော်။ ဒါကြောင့်ရယ်မို့ရှမ်းပြည် (တောင်ပိုင်း)မှာ အအေးဆုံးမြို့ရယ်လို့ ပြောကြတာပေါ့။
အဖြူထည်


စံပယ် ဇွန်ငယ် မြတ်လေးနွယ်မှ
အဆင်းကဖြူ ရနံ့ ကကျူ
ငြိမ်းအေးစေရန် သင်ပေးဆပ်သည်
အဖြူထည်ပင်တည်း။

နှလုံးသားဖြူဖြူ ရောင်စဉ်ကင်းမဲ့
ပြစ်မျိုးမှဲ့ မထင် ရယ်ရွှင်ခြင်းဖြင့်
ကလေးငယ်လေး သင်ပေးဆပ်သည်
အဖြူထည်ပင်တည်း။

အဖြူရောင်လွှမ်း ငြိမ်းချမ်းရာလမ်း
မျှော်လင့်ရင်းနဲ့ တောင့်တလှသည်
နှလုံးသားငယ် ပေးဆပ်နိုင်စွမ်း
အဖြူထည်ပင်တည်း။
မငုံတစ်ယောက် ကန္တာရမြေမှ အမိမြန်မာပြည်သို့ ဧပြီလ ၁၁ရက်နေ့ ည ၈နာရီ စင်္ကာပူအဲလိုင်းနဲ့ အပြီးပြန်ပါတော့မယ်။ ဒါပေမဲ့ ဒီကန္တာရ မှာ ရွာခဲ့တဲ့ ကျရောက်ခဲ့တဲ့ မိုးစက်များကတော့ ဆက်လက် ရွာသွန်းနေပါဦးမယ်။ စာအရေးကြဲသွားပေမဲ့ ဆက်လက်ပြီး ရေးဦးမှာ ဖြစ်လို့ အားပေးကြဦးနော်။

ဒီရှမ်းသင်္ကြန်သီချင်းလေးနဲ့ အားလုံးကို နှုတ်ဆက်ခဲ့တယ်နော်။ မြန်မာနှစ်သစ်အခါသမယမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။ အောင်မြင် ပျော်ရွှင်ကြပါစေနော့။