တောင်ပေါ်သားတော့ လုပ်ချလိုက်ပြန်ပြီ။ မွေးရပ်မြေမှ မောင်နှမတွေကို Tag လိုက်ပါတယ်တဲ့။ မရေးမနေရ အမိန့်တဲ့။ ပြင်းလှတဲ့ အမိန့်တော်ကို ကြောက်လို့ ကိုယ်ဘာဝါသနာပါသလဲဆိုတာ အပြေးအလွှား စဉ်းစားပြီးရေးလိုက်တယ်။ မောင်ရဲ ပြောသလိုပဲ စဉ်းစားလိုက်တော့ ၀ါသနာတွေ တော်တော်များများ ရှိနေတယ်ဗျာ။ ဒီထဲမှာမှ ၀ါသနာအပါဆုံးလေးကို ရေးလိုက်ပါတယ်။ :)) ၀ါသနာ အကောင်းစားလေးတွေမို့ မရီကြေးနော်။။။
၁။ ငယ်ငယ်တုန်းက ၀ါသနာ
အင်း.ငယ်ငယ်တုန်းကတော့ နွေရာသီ ကျောင်းပိတ်ရက်ဆို အဖေဘက်က အဘွားဆီ သွားနေနေကြပေါ့။ ဘွားဘွားက ပုံပြင်ပြောတာ သိပ်ကောင်းတာပဲ။ ဘုရားဟော ဇာတ်တော်တွေ၊ ရှမ်းရာဇ၀င်တွေကို ပြောပြလေ့ရှိတယ်။ နောက် အဘွားဆီမှာ ဘုရားဟော ငါးရာငါးဆယ်ဇာတ်နိပါတ်တော်တွေ၊ နောက်တခြား ဇောတိက သူဌေး၊ ၀ိသာခါ ကျောင်းအမကြီး စတဲ့ ဘုရားရှင်လက်ထက်မှာ နာမည်ကြီးတဲ့ သူတော်ကောင်းတို့ရဲ့ ဇာတ်လမ်း ရုပ်ပြစာအုပ်တွေ အများကြီးပဲ။ နေ့ခင်းဘက်ဆို အဲဒီစာအုပ်တွေဖတ်၊ ညရောက်တော့ ဘွားဘွားက အဲဒီအကြောင်းအရာတွေကို ပြန်ပြောပြတယ်။ ဖတ်ပြီးသားပေမဲ့ မတူနေဘူး။ ထပ်ခါတလဲလဲ နားထောင်ချင်တယ်။ ဘွားဘွားက ပုံပြောပြလို့ ဆုံးသွားရင်တောင် နောက်တပုဒ်လို့ ထပ်တောင်းဆိုတတ်တယ်။ အခု ပြန်တွေးကြည့်တော့ ကလေးဘ၀မို့ (အားလုံးလဲ ဒီလိုပဲ ဟုတ်တယ်မလား) ပုံပြင်နားထောင်ရတာ ကြိုက်ပါတယ်။ နောက်အဲဒီလို ဇာတ်တော်တွေကို ဖတ်တော့ ငယ်ငယ်လေးကတည်းက သမိုင်းကြောင်းဆိုတာကို အတော်စိတ်ဝင်စားတာမို့ အဟိ..သမိုင်းသုတေသီတစ်ဦး အဖြစ် စိတ်ကူးယဉ်ဖူးပါတယ်။
၂။ အရွယ်ရောက်လာတော့ ၀ါသနာ
အဟိ.၀ါသနာပိုများလာသလိုပဲ။ ငါးလေးတွေ မွေးတာကိုလဲ တအား ၀ါသနာပါတာပဲ။ ငါးလေးတွေ မြင်နေရင်ကို ပျော်နေတယ်။ ဒါပေမဲ့ သိပ်ဂရုမစိုက်တတ်တော့ သေတာများတယ်။ ဒါကြောင့် အိမ်က ပေးမမွေးတော့ဘူး။ အခုထိပါပဲ။ ငါးလေးတွေ မြင်ရင် မွေးချင်တုန်းပဲ။ ထားစရာ နေရာမရှိလို့ ငြိမ်နေတာ။
အဟဲ မိန်းမတန်မဲ့ ဘောလုံးပွဲ ၀ါသနာကလဲ မသေးလှဘူးဗျာ။ ချယ်လ်ဆီး ပရိသတ်နော်။ ဒရော့ဘာနဲ့ ပီတာချက်စ်တို့ရဲ့ ထာဝရ အားပေးဖော်ပါ။ ဒီဝါသနာနဲ့ ပက်သက်ပြီး ၀ါသနာအကြီးလွန်းသွားလေးပြောပြမယ်။ ၂၀၀၇မှာလားမသိဘူး။ ချန်ပီယံလိဂ်မှာ လီဗာပူး ဗိုလ်စွဲသွားနှစ်ကပေါ့။ ဆီးမီးမှာ လီဗာပူးနဲ့ ချယ်လ်ဆီးတို့တွေ့တာလေ။ ကံအကြောင်းမလှလို့ ချယ်လ်ဆီးလေး ရှုံးသွားတယ်။ မနက် သုံးနာရီကြီး ချယ်လ်ဆီးရှုံးလို့ ထိုင်ငိုဖူးတယ်။ ကိုယ်က အားပါးတရ တက်ကြွစွာနဲ့ အားပေးတာလေ။ ဆုတွေတောင်းရ၊ နည်းပြလို အပြင်ကနေ တတွတ်တွတ်ရွတ်ပြီး အားမလိုအားမရ ဖြစ်ရနဲ့ နောက်ဆုံးတော့ ပွဲသိမ်းခရာလဲ မှုတ်ရော ဘယ်လိုမှထိန်းလို့မရဘူး။ ထိုင်ငိုလိုက်တယ်။ ကျွန်မနဲ့ ဘောလုံးပွဲကြည့် တူတူကြည့်နေတဲ့ မောင်တွေက စတာပေါ့။ သူတို့ လီဗာပူး ပရိသတ်ကို။ တစ်အိမ်လုံးမှာ ကိယ်တယောက်တည်း ချယ်လ်ဆီး။ ဒါပေမဲ့ ဖိုင်နယ်မှာ လီဗာပူးနဲ့ အေစီမီလန်တွေ့တော့ ကျွန်မက လီဗာပူးဘက်က အားပေးပါတယ်။ ကံကောင်းလို့ အတီးမခံရတဲ့ညပါပဲ။ အဲဒီညမှာတော့ ကျွန်မစောင့်ရင်း အိပ်ပျော်သွားတယ်။ မောင်တချို့ကလဲ သူငယ်ချင်းအိမ်သွားလိုက်တာ ဆိုတော့ အိမ်မှာ ကျွန်မနဲ့ မောင်ဝမ်းကွဲတယောက်ပဲ ကြည့်မဲ့သူ ကျန်တယ်။ ကျွန်မ မှေးခနဲ အိပ်ပျော်သွားရာက နှိုးလာတော့ အောက်ထပ်ဧည့်ခန်းကို ဆင်းလာတော့ မောင်လေး နေလှိုင်က အပေါ်ထပ်တက်လာတာနဲ့ တိုးတော့ ပွဲပြီးသွားပလားလို့ မေးတော့ မဟုတ်ဘူးတဲ့ ပထမပိုင်းပြီးပြီတဲ့။ သုံးဂိုး.ဂိုးမရှိနဲ့ ရှုံးနေတယ်။ သွားပါပြီ။ ဆက်ကြည့်ချင်စိတ်မရှိတော့ဘူး။ အိပ်တာပဲကောင်းတယ်လို့ ပြောတော့ ကျွန်မတစ်ယောက်ထဲဆိုတော့ အိပ်ခန်းထဲမှာပဲ ကြည့်လိုက်တာပေါ့။ ဒီလိုနဲ့ ဒုတိယပိုင်းလဲကန်ရော..ဘယ်လိုလဲ မှတ်မိကြတယ်မလား။ လီဗာပူး လုပ်သွားတာလေးလေ။ သုံးဂိုး.ဂိုးမရှိ ရှုံးနေရာကနေ အားမလျော့ပဲ ကစားလိုက်တာ သရေဖြစ်သွားတယ်လေ။ ကျွန်မတယောက်ထဲ အားပေးတာဆိုတော့ ။ အိပ်ခန်းထဲမှာ ဖြစ်တော့ မအော်ရဲဘူး။ ဟုတ်ပြီ ကန်ထား ဟိုဘက်ပေးလိုက် ဒီဘက်ကပိတ် နဲ့ တိုးတိုးလေး အားပေးနေရာကနေ တတိယတစ်လုံးလဲ သွင်းရော.အဟိ.မြန်မာမှာ ဘောလုံးပွဲ ကြော်ငြာတဲ့ ဦးလှဝင်းလေသံအတိုင်း ၀မ်းသားအားရ ထအော်လိုက်တာ
ဂိုးပါတယ်ခင်ဗျား ဂိုးပါတယ်။
ဘာပြောကောင်းမလဲ။ အိပ်နေတဲ့ အမနဲ့ ညီမတွေ လန့်ပြီး နှိုးလာကြတယ်။ အော်တာ နည်းနည်းကျယ်သွားပုံပေါ်တယ်။ တိုးတိုးသာသာလုပ်ပါ။ အိပ်ချိန်ကြီးဆိုပြီး ပြောတော့တာပဲ။ခေါင်းခေါက်ခံ မထိလိုက်တာ ကံကောင်းတယ်မှတ်။ တခြားနေ့တွေတုန်းကဆို ပွဲမစခင်ကတည်းက မောင်နှမတအုပ်ကြီး ဆူညံနေတာပဲ။ ဒီညကျမှ ကိုယ်တစ်ယောက်ထဲရယ်..ဘာပြောပြော တန်ပါတယ်။ လီဗာပူး ဖလားကြီးသိမ်းသွားတယ်လေ။
၃။ အပျင်းထူတဲ့ ၀ါသနာ
အဟဲ..ဘယ်လိုပြောရပါ့။ ညဘယ်လောက်ထိ ညဉ့်နက်နက်နေနိုင်တယ်။ မနက်လုံးဝ မထချင်ဘူး။ မနက်စောစောထရတဲ့ အလုပ်ဘာတစ်ခုမှ မလုပ်ဘူး။ အဲ..စောစောစီးစီး ထရလို့ကတော့ တနေကုန် မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုတ်နေတော့တာပါပဲ။ မနက် အိပ်ရာက စောစော မထချင်တဲ့ အပျင်းကြီးတဲ့ ၀ါသနာလို့ပဲ မှတ်ပါတော့။ တခြားတော့ သိဘူးဟ။
၎။ အခုချိန်မှာပါတဲ့ ၀ါသနာ
အခုချိန်မှာလား။ အခုချိန်မှာတော့ စိတ်ဆိုးစိတ်တိုတာ တအားဝါသနာပါနေတယ်။ ထစ်ကနဲဆို စိတ်ဆိုးဖို့ ၀န်မလေးနေဘူး။ အဟတ်..ပိုစ့်လေးတွေ ရေးနေရတာကို ပျော်နေတယ်။ ကိုယ်ရေးတဲ့ ပိုစ့်ကို လာဖတ်ပေးရင် တအားကျေနပ်တယ်။ နောက် တခြားဆိုဒ်တွေကို သွားပြီး စာဖတ်ရတာကို အကြိုက်တွေ့နေတယ်။ သီချင်းလေး နားထောင်ရင်းစာဖတ်ရတဲ့ ခံစားမှု့က တကယ်မိုက်တယ်နော်။
ကဲ..တောင်ပေါ်ရေ ၊ ကျွန်မရဲ့ ၀ါသနာလေးကတော့ ဒါပါပဲ။ Tag ထားတာကို ဖတ်ကတည်းက ရေးမလို့ပဲ။ ရည်မှန်းချက်နဲ့ ၀ါသနာ မကွဲပြားနေတာနဲ့ မရေးဖြစ်ခဲ့ဘူး။ အခုလဲ မသဲမကွဲနဲ့မို့ ကျွန်မရဲ့ ပေါ့ပေါ့ပါးပါး ၀ါသနာများကိုပဲ ရေးလိုက်ရတာပါ။ ကျေနပ်မယ်ထင်ပါတယ်။
ဧည့်ခံပွဲရက်မှာ မောင်ရင်လောင်းများ တော်တော်ပင်ပန်း သွားကြတာမို့ နောက်တရက်ကိုတော့ နားရက်အဖြစ် သတ်မှတ်ပေးပါတယ်။ ဒီလို နားရက်မှာလည်း မောင်ရင်လောင်းများ အနားမယူရပါဘူး။ ဘိုးဘွားဆွေမျိုးများကို သွားရောက်ကန်တော့ကြရပါတယ်။ ညပိုင်းရောက်တော့လည်း စ၀်မီးလူပျိုများ အဖွဲ့က သွားရောက်လည်ပတ်ကပြရာမှာ ကုသိုလ်ဝေရာသို့ ခေါ်သွားပြန်ရော။ ဒီလိုနဲ့ ဆံချရက်ကိုရောက်ရှိလာပါပြီ။ မနက်ပိုင်း ဆံမချခင်တွင် မောင်ရင်လောင်းကို မိစုံဖစုံမှ မွေးသော မိစုံဖစုံ သက်ရှိထင်ရှားရှိနေသော သမီးပျို ခုနှစ်ယောက်မှ ထမင်းခုနှစ်လုတ် ခွံ့ပါတယ်။ များသောအားဖြင့် အမနဲ့ညီမများသာ ဖြစ်ပါတယ်။ နောက် မောင်ရင်လောင်းကို ဆံချပါတော့တယ်။ ဒီဆံချတဲ့ အချိန်ဟာ အလိုလိုနေရင်း မျက်ရည်ကျလာပါတော့တယ်။ ၀မ်းနည်းဝမ်းသာကျတဲ့ မျက်ရည်များပေပဲပေါ့။ ၀မ်းနည်းသည်ဆိုသည်မှာလဲ တချို့ မိခင် သို့မဟုတ် ဖခင် လွန်လေပြီးဖြစ်လို့ တွေ့မြင်သွားရမှု့ မရှိလေခြင်းဟု တွေးတောမိကာ မျက်ရည်ကျခြင်းပါ။ ၀မ်းသာမျက်ရည်များကတော့ ကိုယ့်ရင်သွေး မြင့်မြတ်တဲ့ သာသနာဘောင် ရောက်ရှိတော့မည် ဖြစ်လို့ပါပဲ။ ရွှေထီးနှစ်လက်မိုးတဲ့ အောက်မှာ မိဘက ပ၀ါဖြူစ ကို ကိုင်ကာ သက်ဆိုင်ရာ ခေါ်ဆိုထားသော ဆံချပေးတဲ့သူမှ ဆံချနေစဉ် ခရုသင်းမှုတ်ခြင်း ပြုလုပ်ခြင်းများဖြင့် ကြည်နူးစရာ မြင်ကွင်းကို မြင်ရတော့ ကျွန်မစိတ်ထဲမှာ ဆုတောင်းမိပါတယ်။ ဘ၀တိုင်း ဗုဒ္ဒဘာသာဝင် ယောက်ျားလေး တစ်ယောက်သာ ဖြစ်ပါရစေလို့။ နေ့ခင်းပိုင်းမှာ မောင်ရင်လောင်းများကို ကျောင်းတော်သို့ ပို့ဆောင်ပါပြီ။ ဒီအကြိမ် လှည့်လည်ရာမှာတော့ ဖခင်က သပိတ်လွယ်၊ မိခင်က သင်္ကန်းတောင်းပိုက်လို့ပေါ့။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးပါ။ အရင်ရက်ကလိုပဲ မြို့တပတ် စီတန်းလှည့်လည်ကာ ကျောင်းအရောကက်မှာတော့ မောင်ရင်လောင်းများက ဧည့်ပရိတ်သတ်ရဲ့ ရှေ့ဆုံးနေရာမှ သံဃာတော် အရှင်သူမြတ်တို့ထံ သင်္ကန်းတောင်းကာ မြင့်မြတ်လှတဲ့ သာသနာဘောင်အတွင်းသို့ ၀င်ရောက်သွားပါပြီ။ အိမ်အပြန်လမ်းမှာတော့ ကိုရင်လေးတွေ ပါမလာတော့ပါဘူး။ ကျောင်းတော်မှာ ကျန်ရစ်ခဲ့ကြပြီလေ။
နောက်တရက်ကိုတော့ အောင်ပွဲနေ့လို့ ခေါ်ပါတယ်။ မနက်အာရုဏ်မှာတော့ သက်ဆိုင်ရာ ဆရာတော်နဲ့ ကိုရင်လေး အိမ်သို့ကြွလာပါပြီ။ နံနက် အာရုဏ်ဆွမ်းစား အပြီးမှာ ဆရာတော်ဘုရားမှ ကိုရင်လေးကို ဘွဲ့အမည်ပေးပါတယ်။ ထို့နောက် မိဘများ အပျော်ရွှင်ဆုံးနဲ့ စိတ်ချမ်းမြှေ့မှု့အရဆုံးသော ကိုရင်လေး၏ တရားဟောတာကို နာကြားကြပါတော့တယ်။ ကျွန်မတောင် စာရေးရင်း မောင်လေးရဲ့ ကလေးသံလေးနဲ့ တရားဟောတာလေးကို ကြားယောင်လာမိတယ်။
နေ့ခင်းပိုင်းမှာ ခုနှစ်ရက်လုံးလုံး အိမ်ရှင်သဖွယ် လာရောက်နေထိုင် ပွဲအစအဆုံး အဆင်ပြေရန် စီစဉ်ပေးခြင်း၊ ဧည့်ခံပေးခြင်းများ၊ စောင့်ရှောက်ပေးသော စ၀်မီးများ ပြန်တော့မှာ ဖြစ်ပါတယ်။ ထို့ကြောင့် အိမ်ရှင်သိှု့ အိမ်နဲ့တကွ သက်ဆိုင်ရာပစ္စည်းများကို အပ်နှံပါတော့တယ်။ အဲဒီလို အပ်နှံရာမှာ ကျွန်မတို့ ဓလေ့အတိုင်းလေး အိမ်ရှင်မှ ရွှေငွေများဖြင့် ပြန်လည်ရွေးယူကြရပါတယ်။ ဈေးဆစ်ခြင်းများလဲ ပြုလုပ်ကြပါသေးတယ်။ နောက်ဆုံးတွင် စ၀်မီးများက ရွှေငွေများနဲ့ လှယ်လဲပြိးနောက် ယင်းရွေးချယ်ပစ္စည်းများကို အိမ်ရှင်သို့ လိုအပ်တာများသို့ အသုံးပြုပါလေဟု ပြောကာ ပြန်လည်အပ်နှံပါတယ်။ နောက် မော်အေ့ပါတယ်။ ဒီမောအေ့တယ်ဆိုတဲ့ အသုံးအနှုန်းလေးကို တချို့ အကျွမ်းတ၀င်မရှိသူများ နားမလည်မည်ကို တွေးမိပါတယ်။ ဒါပေမဲ့ ကျွန်မ ဗမာလို ဘယ်လို ပြန်ရှင်းပြရမည်ကို မသိပါသောကြောင့် ရှင်းပြခြင်း မရှိနိုင်ခဲ့ပါ။ ဒါက ကျွန်မရဲ့ အားနည်းချက် အတွက် တောင်းပန်ပါတယ်။ နောင်တွင် ကျွန်မ မေးမြန်းပြီး ပြန်လည်တင်ပြပေးပါမယ်။ ဒီလိုမောအေ့ခြင်းကို ပွဲတော်ရက်အတွင်းမှာလည်း မကြာခဏပြုလုပ်ပါတယ်။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
နောက် ငှားရမ်းထားသည့် မြင်းများကို သွားရောက်ကြိုဆိုစဉ်ပုံအတိုင်း ပို့ဆောင်ပါတယ်။ စ၀်မီးအပျိုများမှ အိမ်ရှင်နဲ့ မိသားစုများကို ခေါင်းလျှော်ရေချိုးပေးပါတယ်။ ဒါက ပအိုဝ့်ရိုးရာလေးပါ။ အကယ်လို့ ပစ္စည်းမလုံလောက်လို့ အခြားရှင်ပြုပွဲ မကျင်းပသည့်အိမ်များမှ ငှားရမ်းထားသည်များ ရှိပါက လက်ဖက်ထုပ်ဖြင့် သွားရောက်အပ်နှံကာ ကုသိုလ်ဝေပါတယ်။ နောက်ဆုံးမှာ စ၀်မီးများမှ အားလုံးကို သိမ်းဆည်းကာ နောက်ဆုံးအနေဖြင့် မိသားစုများနဲ့ ၀ိုင်းဖွဲ့ကကြပြီးနောက်မှာတော့ မိမိတို့ရွာသို့ ပြန်လည်သွားပါတော့တယ်။။။။။
(:)) ပွဲပြီးပေမဲ့လည်း မပြီးသေးသူ ကိုရွှေလူပျိုများကတော့ ထိုရွာသို့ ချောင်းပေါက်အောင် ကူးပါတော့တယ်။)

ဒီမနက်ရှစ်နာရီကျော်ကျော်မှာ သူငယ်ချင်း ဖုန်းဆက်လာတယ်။
"ကဲ..ကန္တာရမိုးစက်ကြောင့် ပန်းလေးတွေ သနားပါတယ်။ ကြေကုန်ပြီ" တဲ့။
ရုတ်တရက် ကြောင်သွားတယ်။ ဘာလဲပေါ့။ ငါ့ဘလော့ဂ်လေး ဘာဖြစ်လို့ပါလိမ့်ပေါ့။ :)) ဘယ်ကလား .လာစနေတာလေ။
မနေ့ညက ကန္တာရလေးမှာ မိုးတွေ သည်းကြီးမဲကြီး ရွာလိုက်ပုံများ လမ်းမှာ အလှစိုက်ထားတဲ့ ပန်းလေးတွေ ကြေကုန်တယ်။ သစ်ကိုင်းတချို့ ကျိုးကျနေတယ်လေ။ လေနဲ့မိုး သည်းသွားပုံပဲ။ သိဘူးဗျာ။ တော်တော် အိပ်ကောင်းပုံများ မနက်ကို နောက်ကျမှနိုးလို့ ရုံးတောင် မနည်းပြေးရတယ်။
အဲဒီလောက်ထိ သည်းသည်းမဲမဲ ရွာလိုက်မယ်လို့ မထင်ထားဘူး။ မနေ့ည ရှစ်နာရီကျော်လေးမှာ သူငယ်ချင်းသန္တာနဲ့ လမ်းထိပ်က ကလေးကစားကွင်းမှာ ဒန်းသွားစီးကြမလို့။ လမ်းတ၀က်ရောက်တော့ လျပ်စီးလျှက်တာကို ကျွန်မတွေ့တော့ ကြောက်သွားတယ်။
အဟိ..သတ္တိခဲဗျ။ လျပ်စီးတို့ မိုးချုံးတာတို့ကို တအားကြောက်တာ။ ဒီအတိုင်းလေး ရွာတော့ ဘာဖြစ်မှာကျနေတာပဲ။ မိုးတွေချုံး ၊ လျပ်စီးတွေလျှက်နဲ့ ကြိုက်ပါဘူး။ သိကြာမင်းကြီး စိတ်ဆိုးပြီး ဒီလောက် တ၀ုန်းဝုန်း တဒိုင်းဒိုင်းလုပ်တာ နေမှာနော်။ :))
ဒီနေ့ ရုံးက နေ့တ၀က်ပဲဆိုတော့ အပြန်လမ်းမှာ မိုးကောင်းကင်ကို ကြည့်မိတော့ မဲမှောင်နေတာပဲ။
ကန္တာရမိုးစက်လေးများရယ် ဒီအတိုင်းလေး မိုးမချုံး ၊ လျပ်စီးမလျှက်ပဲ သည်းသည်းမဲမဲရွာချပါစေ။ မိုးရေထဲ လမ်းလျှောက်ချင်လို့ပါ။

ပထမဆုံးပွဲရက်ကလေးကိုတော့ ရှင်လောင်းကြိုနေ့လို့ ခေါ်ပါတယ်။ မနက်စောစောမှာတော့ ဘုန်းကြီးကျောင်းဝင်းတွင် လူတွေစည်ကားနေတာပဲ။ မြို့လုံးကျွတ် ရှင်ပြုပွဲဆိုတော့ မောင်ရင်လောင်းထောင်ချီနေတယ်။ ဒီအလှူရှင်တွေ အားလုံးက မြို့ကို တပတ်ပတ်ပြီး လှည့်လည်ပြသမှာ ဖြစ်ပါတယ်။ မောင်ရင်လောင်းတွေကတော့ မျိုးစုံပါပဲ။ မြင်းစီးတဲ့ မောင်ရင်လောင်းများပါတယ်။ စက်ဘီး၊ ကားကို အရုပ်ပုံ ( ဒေါင်းပုံတွေ များပါတယ်။) အလှဆင်ထားပြီး မောင်ရင်လောင်း လိုက်ပါလာတာတွေပေါ့ အစုံပါပဲ။ ကျွန်မတို့ မောင်လေးတွေ အတွက်ကတော့ ကရ၀ိတ်ရုပ် ဆင်ပြီး လှည့်ပါတယ်။ အဘွားက သားမြေးမြစ် အားလုံးကို ရှင်ပြုရင် ကရ၀ိတ်နဲ့ သာလှည့်ရန် စီစဉ်ပါတယ်။ အဲ..ကျွန်မ မောင်လေးကျတော့ အဖေဘက်မှ မြေးတွေထဲမှာ တစ်ဦးတည်းသော မြေးယောက်ျားလေး ဖြစ်တော့ အဖေဘက်က အဘိုးအဘွား စီစဉ်တာကို ဦးစားပေးတဲ့ အနေနဲ့ မြင်းစီးပြီး လှည့်ပါတယ်။ဆိုတော့ အဘွားရဲ့ ကရ၀ိတ်ကို မစီးတာ မောင်လေးတယောက်ပဲ ရှိပါတယ်။ ဒီလို စီတန်းလှည့်လည်သွာရာမှာ ရှေ့ဆုံးမှာက မောင်းကြီးလို့ ခေါ်တာပေါ့။ ဒီမောင်းကြီးတီးတိုင်း ရင်ထဲ တခုခုဖြစ်သွားသလို ခံစားရတယ်။ အဲဒီမောင်းကြီးနောက်မှာ ရပ်ရွာလူကြီးများက ကန်တော့ပွဲများ ကိုင်ဆောင်လျက် ၊ နောက် ရှင်ပြုပွဲ ကျင်းပသည့် အိမ်တိုင်းမှာ နတ်မြင်းများ ထားရှိရပါတယ်။ ငှင်းနတ်မြင်းကို ရွှေထီးဆောင်းရာမှာတော့ မိသားစုဆွေမျိုးထဲမှ သားယောက်ျားများမှ ထီးမိုးပါတယ်။ (အဟဲ..အဲဒီချိန်မှာ ရှမ်းဝတ်စုံ အပြည့်နဲ့ ရှမ်းလေးတွေ တော်တော် ကြည့်ကောင်းတယ်နော်။ ဒါ ဘယ်သူ့အိမ်က သားပေါ့လို့ အဲဒီချိန်မှာ ပြောကြတဲ့ အချိန်လေး..:))) ). နောက် မောင်ရင်လောင်းများ` အဆောင်အယောင်ကိုင် သမီးပျိုအုပ်စု ၊ အဲဒီနောက်မှာတော့ ဒီပွဲရဲ့မင်းသားများဖြစ်ကြတဲ့ မောင်ရင်လောင်းများပေါ့။ အမေနဲ့ အမညီမတွေက ပေါက်ပေါက်ကြဲပါတယ်။ မောင်ရင်လောင်းများအတွက် အထိန်း အနဲ့ဆုံး နှစ်ယောက်ထားရှိရပါတယ်။ ပွဲတစ်လျှောက်လုံး မောင်ရင်လောင်းနဲ့ အနီးကပ်နေ၊ အားလုံးပြုစုရတယ်။ မောင်ရင်လောင်း ဘယ်သွားသွား.လိုက်ရတယ်။ မျက်စိအောက် အပျောက်မခံကြရပါဘူး။ ဒီလိုနဲ့ စီတန်းလှည့်လည်ကြလို့ မြို့တစ်ပတ်ပြည့်တာနဲ့ ကိုယ့်အိမ်ကို ပြန်ကြပါတယ်။ ရပ်နီးရပ်ဝေး ဧည့်သည်များ စတင်လာရောက်ကြပါပြီ။ ကုသိုလ်ထဲ့ဝင်လှူဒါန်းကြ၊ မောင်ရင်လောင်းကြည့်ကြပေါ့။ စ၀်မီးများက လာသမျှ ဧည့်သည်များကို ဧည့်ဝတ် လစ်ဟင်းမှု့ မရှိအောင် ဧည့်ခံကြပါတယ်။ အဖွဲ့ခေါင်းဆောင်များကလဲ စီစဉ်ညွှန်ကြားနဲ့ တအိမ်လုံး ရှုပ်ယှတ်ခပ်နေတာပါပဲ။ စ၀်မီး လူပျိုအဖွဲ့များက ညပိုင်းကို ပိုပျော်ကြပါတယ်။ ဘာလို့လဲဆိုတော့ ညရောက်တာနဲ့ မောင်ရင်လောင်းကို ပခုံးထမ်းပြီး တအိမ်တက် တအိမ်ဆင်း သွားရောက်လည်ပတ်ကြပါတော့တယ်။ ပအိုဝ့်ရိုးရာ အတီးအမှုတ်နဲ့ပေါ့။ အိမ်ရှင်မှလဲ ဧည့်ခံပြီး တူတူကကြရပါတယ်။ ၀ိုင်းဖွဲ့ပြီး ပတ်ပတ်လည်ကရတာ တော်တော်ပျော်စရာကောင်း ချစ်စရာကောင်းတဲ့ ဓလေ့လေးပါ။ နောက် အိမ်ရှင်က ကုသိုလ်ထဲ့ဝင် လှူဒါန်းပါတယ်။ ဒီလို တအိမ်တက် တအိမ်ဆင်း သွားရောက်ရာမှာ ရှင်ပြုပွဲ ကျင်းပတဲ့ အိမ်များလဲပါဝင်ပါတယ်။ အဲဒီအိမ်မှာဆို မောင်ရင်လောင်း ရှိနေပါက ၀င်ရောက် ထမ်းပိုးကကြပါတယ်။ မိုးလင်းပေါက်သွားလိုက်တာများ မောင်ရင်လောင်းခမျာ ပခုံးထက်မှာ အိပ်ပျော်လို့။။ရှင်ပြုပွဲ ကျင်းပတဲ့ အိမ်ဆိုရင်လဲ တညလုံးမအိပ်ရပါဘူး။ လာရောက်ကပြသူတွေနဲ့ ကရ.ဧည့်ခံရ၊ ကုသိုလ်ဝေရနဲ့ မိုးလင်းပေါက်ပါပဲ။ ဒုတိယရက်ကိုတော့ ဧည့်ခံရက်လို့ သတ်မှတ်ထားပါတယ်။ ဒီနေ့မှာ ဧည့်သည်တွေ ပိုမိုလာရောက်ကြပါတယ်။ ဧည့်ခံလို့ မနိုင်အောင် ဧည့်သည်တွေ အများဆုံးရက်ပါပဲ။ ကုသိုလ်ပါဝင်လှူဒါန်းကြ၊ နောက် မောင်ရင်လောင်းကို ချည်မျှင်စွပ်ပြီး ဆုတောင်းပေးပါတယ်။ ချည်မျှင်ဆိုလို့.ဒီမောင်ရင်လောင်းကို စွပ်ပေးတဲ့ချည်မျှင်ကို လုပ်ရာမှာ.ငယ်လင်မယား.ခုနှစ်စုံတွဲဆီကနေ.ပိုက်ဆံ တကျပ်တမတ်နဲ့ စတင်.၀ယ်ယူရခြင်းပါ။ မောင်ရင်လောင်းခမျာလည်း.ဒီဧည့်ခံပွဲရက်မှာ တော်တော်ပင်ပန်းပါတယ်။ ညပိုင်းမှာတော့ မီးကြာစံလှည့်ရပါတယ်။ ကလေးလူငယ်အားလုံး ဆီမီးခွက်ကိုယ်စီကိုင်ပြီး မောင်ရင်လောင်းနဲ့အတူ မီးကြာစံလှည့်ပါတယ်။ ရှင်လောင်အကြိုနေ့ကလိုပဲ မြို့တပတ် စီတန်းလှည့်လည်တာပါ။ တော်တော်လှပါတယ်။ ရှမ်းမလေးတွေ ၊ ပအိုဝ့်မလေးတွေ ရိုးရာဝတ်စုံများနဲ့ အားလုံးချစ်စရာကောင်းကြတယ်။ ညပိုင်းဆိုတော့ အားလုံးက မီးနဲ့အလှဆင်ပြီး သွားရောက်ကြတာမို့ မီးတန်းကြီးလှည့်နေပုံကို စာရေးရင်းနဲ့ မြင်ယောင်သတိရလာမိတယ်။ အဲဒိညမှာတော့ မြို့တပတ်လှည့်အပြီး အိမ်ပြန်အရောက်မှာ ည ဆယ်တစ်နာရီနီးပါးရှိနေပြီဆိုတော့ စ၀်မီးလူပျိုတွေ ဘယ်မှ မလည်နိုင်တော့ပါဘူး။ မောင်ရင်လောင်းများကို သနားတာလဲ ပါပေမပေါ့။ ဒါပေမဲ့ သူတို့ကတော့ ဘယ်အလှူအိမ်တွက် တာဝန်ကျသော.ဘယ်ရွာက အပျိုချောကဖြင့် ဘယ်လိုလှတယ်ဆိုတာ လေ့လာထားသလားမှတ်ရပါတယ်။ လာရောက်လည်ပတ်ပါတယ်။ အဲဒီချိန်မှာစ၀်မီးအပျိုချောတွေကလဲ ထွက်ဧည့်ခံရပါတယ်။ တခြားရွာမှ အလှူအိမ်မှာ တာဝန်ကျလို့ လာရောက်စ၀်မီးလုပ်တဲ့ လူပျိုတွေပါသလို၊ မြို့ခံ လူပျိုတွေလဲ ပါပါတယ်။ သူတို့နှစ်သက်တဲ့ အပျိုချောက ကွမ်းဆေးလိပ်၊ ရေနွေးကြမ်း( ကျွန်မတို့ အခေါ်ကတော့ အခါးရည်ပေါ့)နဲ့ ဧည့်ခံတာကို စကားတွေပြော သဘောတွေကျနေတာပေါ့။ ပအိုဝ့်တိုင်းရင်းသားများ` ဖူးစာဆုံကြတာကလဲ ဒီလိုပွဲတွေမှာမှ တွေ့ဆုံရင်း ဆုံတွေ့ကြတာပါ။ တခြားရာသီတွေမှာတော့ တောင်ယာအလုပ်နဲ့ ပြီးနေတော့ ဖူးစာရှင်ရှာတဲ့ ပွဲလို့ဆိုရင်လည်း မမှားပါဘူး။
ကဲ.နောက်အပိုင်းမှာ.မောင်ရင်လောင်းရဲ့ နားရက်၊ ဆံချရက်နဲ့ အောင်ပွဲရက် အကြောင်းတင်ပြပေးပါမယ်။
ကဲ.နောက်အပိုင်းမှာ.မောင်ရင်လောင်းရဲ့ နားရက်၊ ဆံချရက်နဲ့ အောင်ပွဲရက် အကြောင်းတင်ပြပေးပါမယ်။
အခုလို နွေရာသီကျောင်းပိတ်ရက်တွေ ရောက်ရှိလာပြီဆိုတော့ ကျွန်မတို့ မြို့မှာ ကျင်းပလေ့ရှိတဲ့ ရှင်ပြုအလှူတော် မင်္ဂလာ အကြောင်းလေး တင်ပြချင်ပါတယ်။ ကျွန်မတို့မြို့ ရှင်ပြုပွဲ ကျင်းပတော့မယ်ဆိုရင် ပြင်ဆင်ရတာတွေက အများကြီးပဲ။ အရင်ဆုံး မြို့လုံးကျွတ် ရှင်ပြုပွဲဆိုတော့ ကိုယ်နဲ့ အမျိုးတော်စပ်တဲ့ ရွာ (အမျိုးအသိမိတ်ဆွေပေါများတဲ့ ရွာ)၊ ကို ကြိုတင် လာရောက် ပွဲကို စီစဉ်ပေးဖို့ ဖိတ်ခေါ်ရပါတယ်။ တချို့ကျတော့ တစ်ရွာကို နှစ်အိမ်ထပ်ဖတ်တာမျိုး ကြုံတတ်ပါတယ်။ အဲဒီခါကျတော့ ရွာခံလူကြီးတွေက ဆုံးဖြတ်ပါတယ်။ များသောအားဖြင့် နှစ်ဖွဲ့ခွဲပြီး လွှတ်လိုက်တာမျိုးပေါ့။ အဲဒီဖိတ်ခေါ်ခြင်းခံရတဲ့ရွာက တာဝန်ရှိလူကြီးများ၊ အပျိုလူပျိုအဖွဲ့များ၊နောက်ရပ်ရေးရွာရေး ဦးဆောင်ကြတဲ့သူများ အားလုံး ဖိတ်ခ်ါထားတဲ့ အိမ်ကို ပွဲမတိုင်မီ သုံးရက်အလိုမှာ ရောက်ရှိလာကြပါတယ်။ ရွာမှာတော့ သက်ကြီးရွယ်အိုနဲ့ ကလေးများနဲ့ ၇ွာစောင့်လောက်သာ ကျန်ခဲ့ပါတယ်။ သူတို့နဲ့အတူ အလှူမှာ ချက်ပြုတ်ကျွေးရန် အိုးခွက်ပန်းကန်၊ နောက် အခြားသော လိုအပ်တဲ့ ပစ္စည်းများကို တပါတည်း သယ်ဆောင်လာကြပါတော့တယ်။ (ကျွန်မတို့ ပင်လောင်းမြို့က ပအိုဝ့်တိုင်းရင်းသားတွေ အများဆုံးနေထိုင်ရာဆိုတော့ မြို့အနီးအနားရွာ အားလုံးက ပအိုဝ့်လူမျိုးများသာ ဖြစ်ပါတယ်။)အဲဒီလာရောက်ကြသူများကို ကျွန်မတို့ အခေါ်ကတော့"စ၀်မီး"လို့ ခေါ်ပါတယ်။ သူတို့လာရောက်တဲ့ ညနေမှာ ဖိတ်ခေါ်ထားတဲ့ အိမ်က မြို့အ၀င်ဝမှာ အဆောင်အယောင်များနဲ့ သွားရောက်ကြိုဆိုကြရပါတယ်။ အဆောင်အယောင်များ ဆိုသည်မှာ အုန်းပွဲ ၊ငှက်ပျောပွဲ ။ရေအိုး၊ကွမ်းဆေးလိပ်စသည်ဖြင့် ကြိုဆိုတာပါ။ သူတို့တွေ( စ၀်မီး)တွေ အိမ်ကို ရောက်လာရင်ဖြင့် အိမ်ပိုင်ရှင်က လာရောက်သည့် အဖွဲ့မှ ခေါင်းဆောင်နဲ့ သက်ဆိုင်ရာ ခေါင်းဆောင်တို့ကို အိမ်၊ ရှင်ပြုမည့် သားနဲ့ လိုအပ်သည့် အရာများကို အပ်လိုက်ရပါတယ်။ အဲဒီချိန်ကစပြီး အိမ်ရှင်များက ဧည့်သည်များ အဖြစ်သို့ ရောက်ရှိသွားပါတော့တယ်။ မောင်ရင်လောင်းမှာလဲ သူတို့၏ သားအဖြစ်သို့ ရောက်ရှိသွားပြီး အဲဒီအချိန်မှစ အားလုံးဂရုစိုက် ပြုစုစောင့်ရှောက်ပါတော့တယ်။ မောင်ရင်လောင်း အ၀တ်အစား ၊ အိမ်ရှိ ပွဲအတွင်း အသုံးပြု့မည် ပစ္စည်းများ အားလုံး အစစအရာရာကို ယင်းအဖွဲ့မှ တာဝန်ယူသွားပါပြီ။ အဲဒီနောက်မှာတော့ စတင်တာဝန်ယူပြီ ဖြစ်လို့ နေရာထိုင်ခင်းများ၊ ချက်ပြုတ်ရေးများကို စီစဉ်ပါတော့တယ်။ အဲနောက်မှာတော့ ရှင်လောင်းအတွက် မြင်းငှားထားပါက မြင်းလာရောက်ပို့ဆောင်ရင်လည်း ရိုးရာအတိုင်း(စ၀်မီးများကြိုဆိုပုံနဲ့ အတူတူပါပဲ)သွားရောက်ကြိုဆိုကြရပါတယ်။ အိမ်ဦးခန်းတွင် ပွဲအတွင်း ဆီမီးထွန်းညှိထား၇ပါတယ်။ မီးမငြိမ်းအောင် တစ်ယောက် တာဝန်ယူစောင့်ကြည့်ရပါတယ်။ အဲဒီရက်မှစပြီး အိမ်တွင်ညတိုင်း ပအိုဝ့်ရိုးရာတီးလုံးဖြင့် ညလုံးပေါက် လူစည်ကားနေပါတော့တယ်။ နောက်နေ့တွင် ရှင်ပြုမည့် မောင်ရင်လောင်းကို လွယ်ပြားနတ်(ကျွန်မတို့ မြို့ကို စောင့်ရှောက်သော နတ်)ထံသို့ သွားရောက်ပြသရပါတယ်။ ( မောင်ရင်လောင်းများ ရှိခိုးခြင်း မပြုပါဘူး။သွားရောက် အပ်နှံခြင်းသာပါတည်း။ )
ကျွန်မတို့မြို့ ရှင်ပြုပွဲတော်ဟာ အနဲဆုံး သုံးရက်၊လေးရက် ကျင်းပကြတာမို့ စုစုပေါင်း ပြင်ဆင်ချိန်နဲ့ပါဆို ခုနှစ်ရက်ဖြစ်ပါတယ်။ ကျွန်မပွဲတော်ရက်အတွင်း လုပ်ရှားပုံလေးကို ဆက်လက်ရေးသားပါ့မယ်။
ကျွန်မတို့မြို့ ရှင်ပြုပွဲတော်ဟာ အနဲဆုံး သုံးရက်၊လေးရက် ကျင်းပကြတာမို့ စုစုပေါင်း ပြင်ဆင်ချိန်နဲ့ပါဆို ခုနှစ်ရက်ဖြစ်ပါတယ်။ ကျွန်မပွဲတော်ရက်အတွင်း လုပ်ရှားပုံလေးကို ဆက်လက်ရေးသားပါ့မယ်။
ကျွန်မတစ်ယောက် ဘယ်လိုတွေ ဖြစ်နေတယ် မသိဘူး။ ဒီ၂၀၀၉ အစကတည်းက လူကစိတ်ချမ်းသာ နေသလို ၊ ပျော်ရွှင်မှု့ ရှိသလိုလိုနဲ့ ပျော်ရွှင်မှု့ တွေ ပျောက်ဆုံးနေတယ်။ အရင်ကဆို ကျွန်မကို လူတိုင်းက ပြောကြတယ်။ အပူအပင်ကို မရှိဘူး။ ရယ်ပဲရယ်နေတယ်။ စိတ်ချမ်းသာနေတာပဲတဲ့။ အခုတော့ ရယ်ပြုံးနေပေမဲ့ အသက်မပါနေဘူးတဲ့။ မှန်ပါတယ်။ ဘာကြောင့်ဆိုတာ တွေးတောမိတော့ အများကြီးပဲ။ ကျွန်မက နဂိုကတည်းက စိတ်ထားတတ်တဲ့ တစ်ယောက်မဟုတ်ဘူးလေ။ တခုခုဆို တအားခံစားလွယ်သလိုဖြစ်နေတယ်။ စိတ်ညစ်စရာများရှိလာရင် တလောကလုံးမှာ ကျွန်မလောက် စိတ်ညစ်ရတဲ့ သူမရှိဘူးလား ထင်ရအောင် အဲဒီလို ခံစားလိုက်တတ်တယ်။
ဒါကြောင့် ကျွန်မကို သူငယ်ချင်းတစ်ယောက်က စာအုပ်လေးတစ်အုပ် ပေးဖတ်တယ်။ ဖတ်ကြည့်ပါတဲ့ ။ ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီးမှ သူလက်ရှိခံစားနေရတာတွေ လျော့ပါးသွားတာတဲ့။ စာအုပ်လေးကတော့ ဆရာတော် ရဝေနွယ်( အင်းမ)ရဲ့ " မနေကြလို့ သေကြတဲ့အခါ" ဆိုတဲ့ စာအုပ်လေးပါပဲ။
အဲဒီ စာအုပ်လေးမှာ အပိုင်းသုံးပိုင်းပါတယ်။ "မနေကြလို့ သေကြတဲ့အခါ ၊ စိတ်ဆိုးတော့မယ်ဆိုရင်၊ ဒါလည်းပြီးသွားမှာပါ"ဆိုပြီး။ အပိုင်းတိုင်း ကောင်းတယ်။ လိုက်နာကျင့်သုံးသင့်တဲ့ အချက်တွေချည်းပဲ။ အဲဒီထဲံမှာမှ ' ဒါလည်းပြီးသွားမှာပါ" ဆိုတဲ့ အပိုင်းလေးမှာ ဖော်ပြထားတာလေးကို ဝေမျှချင်ပါတယ်။ ဆရာတော်ရဲ့ အရေးအသားတွေကို အဓိကထား တင်ပြလိုက်ပါတယ်။
" ဆင်းရဲ ချမ်းသာသဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လဲစီ လှည့်အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။ " တဲ့။
ကျွန်မတို့ ဗုဒ္ဓမြတ်စွာဘုရားသခင်တောင် လောကဓံနဲ့ ကြုံတွေ့ရသေးတာပဲ။ ကျန်သာမန် လူသားတွေ လောကဓံ ခံစားကြရတယ်ဆိုတာ မပြောပလောက်တဲ့ အကြောင်းလေးကို တင်ပြထားတာ ဖတ်ရတော့ ကိုယ်ခံစားရတာ ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးဆိုတာ သိမြင်လာရတယ်။
ဆရာတော်ဘုရားက ဆရာဦးဖေမြင့်ရဲ့ 'စာသမား၏ မှတ်စုများ" စာအုပ်မှ ရရှိလာတဲ့ ဆောင်ပုဒ်လေးတစ်ခုကို တင်ပြထားပါတယ်။
်ဆရာတော်ဘုရားက ရေးထားတယ်။ " ဒုက္ခတစ်ခုဟာ အမြဲတည်တံ့မနေပါဘူး"တဲ့။ ဒုက္ခပဲ အမြဲကြုံတွေ့နေရမှာမှ မဟုတ်ပဲ။ ဒုက္ခတွေ ပြီးမြောက်သွားရင် သုခချမ်းသာတွေ ရောက်ရှိလာရင် အရာအားလုံးကို စိတ်ဆင်းရဲခဲ့ရသမျှတွေဟာ အဲဒီခါကျတော့လဲ ဘာမှ မဟုတ်တော့ဘူး။ ဒီလိုပဲ ချမ်းသာသုခကို ခံစားနေရချိန်မှာ အမြဲတည်တံ့နေမယ်ထင်ပြီး နေလာသမျှ ဒုက္ခနဲ့ ကြုံတွေ့ရတော့ စိတ်ထားတတ်အောင် နေဖို့ပါပဲ။ အရာ အားလုံးဟာ ဖြစ်ပြီးရင် ပျက်တဲ့ သဘောမို့ " ဒါလည်းပဲ ပြီးသွားမှာပါ "လို့ မှတ်ယူနိုင်ဖို့ ၊ စိတ်ထားတတ်နိုင်ဖို့ လိုအပ်ပ်ါတယ်။
ဆရာတော်ဘုရားကလည်း ပြောကြားထားရာမှာက ဒီလိုပါ။
" ဒါလည်းပြီးသွားမှာပါ ဆိုတဲ့ ဆောင်ပုဒ်လေးက အဆိုးလောကဓံနဲ့ ကြုံတွေ့လာရတဲ့ အခါမှသာ နှလုံးသွင်းဖို့ မဟုတ်ပါဘူး။ အကောင်းလောကဓံနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း အောက်ခြေလွတ် မသွားဖို့ သတိပေးနေတဲ့ ဆောာင်ပုဒ်လေးပါ" လို့ ရေးသားတင်ပြထားပါတယ်။
နောက်တင်ပြထားတာလေးတစ်ခုက " ပုထုစဉ်တွေဆိုတော့ ဘယ်သူမှ အဆိုးလောကဓံကို မကြုံချင်ကြပါဘူး။ ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။ ပုထုစဉ်ပဲ ညစ်ပေါ့။ တစ်နေရာမှာ သေချာထိုင်ပြီး ၊ ဒါမှမဟုတ် ခုတင်ပေါ် သေချာလှဲပြီး အချိန်လေး သီးသန့်ယူပြီး အားရပါးရ ကျေနပ်အောင်စိတ်ကို ညစ်ပစ်လိုက်ပါ။ ကိုယ့်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့ ကိုယ်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါပဲ။ စိတ်ညစ်တာလဲံညစ်၊ တစ်နေ့တာ ကိုယ်လုပ်စရာရှိတာလည်း လုပ်ပေါ့။ အဓိကကတော့ စိတ်ညစ်စရာရှိပေမဲ့ တစ်နေ့တာ ကိုယ်လုပ်ရမဲ့ အလုပ်တွေ ပျက်မသွားဖို့ပဲ အရေးကြီးပါတယ်။ စိတ်ညစ်တဲ့အခါ အဲဒါ အရေးအကြီးဆုံးပါပဲ။ ဘ၀မှာ ဘယ်လောက်ပဲ အဆိုးလောကဓံတွေနဲ့ပဲ ကြုံရကြုံရ ၊ ဘယ်လောက်ပဲ အကောင်းလောကဓံတွေနဲ့ပဲ ကြုံရကြုံရ ၊တစ်ချိန်ချိန်ကျရင် " ဒါလည်းပြီးသွားမှာပါ" ပဲလေ။
ကျွန်မ ဒီစာအုပ်ကို ဖတ်ပြီး အရာအားလုံး ခံစားနေရတာတွေ လျော့ပါးသွားတယ်။ တွေးလိုက်မိတယ်လေ။
ဒါလည်းပြီးသွားမှာပါ "This, too, will pass".
တကယ်လို့ တခုခုကို ခံစားနေရတဲ့အခါ ဒီလိုလေးတွေးကြည့်လိုက်ပါနော်။
" လက်ရှိခံစားနေရတာတွေဟာ အမြဲ မဟုတ်ပါဘူး။ မကြာခင်ပြီးသွားမှာပါ။ " လို့ တွေးထားလိုက်တော့ လျော့ပါးမှု့ တစ်ခုကို တွေ့ရှိလာကြမှာပါ။

မျောလွင့်လာတဲ့တိမ်တိုက်တွေနဲ့လေပြေကြားမှာ
အလွမ်းတွေပါတယ်နော်..
ကောင်းကင်ကြီးရဲ့ကြယ်တွေဆီမှာလည်း......
သတိရခြင်းရဲ့သက်သေလင်းလက်မှု့တွေရှိနေတယ်နော်...
ဒီကဗျာလေးကို ကျွန်မ" တန်ဖိုးဖြတ်မရတဲ့စာ " မှာ တင်ဖူးပါတယ်။ ကျွန်မရဲ့ ချစ်ညီမလေး နိုနို ရေးတဲ့ ကဗျာလေးပါ။ ကဗျာလေးကို ထပ်မံ ဝေမျှလိုက်ပါတယ်။ ညီမလေးက ကျွန်မ မိသားစုနဲ့ အဝေးမှာ တယောက်ထဲ လွမ်းနေတာ မဟုတ်ပါ။ သူတို့လဲ လွမ်းနေရပါတယ် ဆိုတာလေးကို သိစေချင်တာပါတဲ့။။ သိပ်ချစ်ဖို့ကောင်းတဲ့ ညီမငယ်ပါ။

Subscribe to:
Posts (Atom)