ပထမဆုံးပွဲရက်ကလေးကိုတော့ ရှင်လောင်းကြိုနေ့လို့ ခေါ်ပါတယ်။ မနက်စောစောမှာတော့ ဘုန်းကြီးကျောင်းဝင်းတွင် လူတွေစည်ကားနေတာပဲ။ မြို့လုံးကျွတ် ရှင်ပြုပွဲဆိုတော့ မောင်ရင်လောင်းထောင်ချီနေတယ်။ ဒီအလှူရှင်တွေ အားလုံးက မြို့ကို တပတ်ပတ်ပြီး လှည့်လည်ပြသမှာ ဖြစ်ပါတယ်။ မောင်ရင်လောင်းတွေကတော့ မျိုးစုံပါပဲ။ မြင်းစီးတဲ့ မောင်ရင်လောင်းများပါတယ်။ စက်ဘီး၊ ကားကို အရုပ်ပုံ ( ဒေါင်းပုံတွေ များပါတယ်။) အလှဆင်ထားပြီး မောင်ရင်လောင်း လိုက်ပါလာတာတွေပေါ့ အစုံပါပဲ။ ကျွန်မတို့ မောင်လေးတွေ အတွက်ကတော့ ကရ၀ိတ်ရုပ် ဆင်ပြီး လှည့်ပါတယ်။ အဘွားက သားမြေးမြစ် အားလုံးကို ရှင်ပြုရင် ကရ၀ိတ်နဲ့ သာလှည့်ရန် စီစဉ်ပါတယ်။ အဲ..ကျွန်မ မောင်လေးကျတော့ အဖေဘက်မှ မြေးတွေထဲမှာ တစ်ဦးတည်းသော မြေးယောက်ျားလေး ဖြစ်တော့ အဖေဘက်က အဘိုးအဘွား စီစဉ်တာကို ဦးစားပေးတဲ့ အနေနဲ့ မြင်းစီးပြီး လှည့်ပါတယ်။ဆိုတော့ အဘွားရဲ့ ကရ၀ိတ်ကို မစီးတာ မောင်လေးတယောက်ပဲ ရှိပါတယ်။ ဒီလို စီတန်းလှည့်လည်သွာရာမှာ ရှေ့ဆုံးမှာက မောင်းကြီးလို့ ခေါ်တာပေါ့။ ဒီမောင်းကြီးတီးတိုင်း ရင်ထဲ တခုခုဖြစ်သွားသလို ခံစားရတယ်။ အဲဒီမောင်းကြီးနောက်မှာ ရပ်ရွာလူကြီးများက ကန်တော့ပွဲများ ကိုင်ဆောင်လျက် ၊ နောက် ရှင်ပြုပွဲ ကျင်းပသည့် အိမ်တိုင်းမှာ နတ်မြင်းများ ထားရှိရပါတယ်။ ငှင်းနတ်မြင်းကို ရွှေထီးဆောင်းရာမှာတော့ မိသားစုဆွေမျိုးထဲမှ သားယောက်ျားများမှ ထီးမိုးပါတယ်။ (အဟဲ..အဲဒီချိန်မှာ ရှမ်းဝတ်စုံ အပြည့်နဲ့ ရှမ်းလေးတွေ တော်တော် ကြည့်ကောင်းတယ်နော်။ ဒါ ဘယ်သူ့အိမ်က သားပေါ့လို့ အဲဒီချိန်မှာ ပြောကြတဲ့ အချိန်လေး..:))) ). နောက် မောင်ရင်လောင်းများ` အဆောင်အယောင်ကိုင် သမီးပျိုအုပ်စု ၊ အဲဒီနောက်မှာတော့ ဒီပွဲရဲ့မင်းသားများဖြစ်ကြတဲ့ မောင်ရင်လောင်းများပေါ့။ အမေနဲ့ အမညီမတွေက ပေါက်ပေါက်ကြဲပါတယ်။ မောင်ရင်လောင်းများအတွက် အထိန်း အနဲ့ဆုံး နှစ်ယောက်ထားရှိရပါတယ်။ ပွဲတစ်လျှောက်လုံး မောင်ရင်လောင်းနဲ့ အနီးကပ်နေ၊ အားလုံးပြုစုရတယ်။ မောင်ရင်လောင်း ဘယ်သွားသွား.လိုက်ရတယ်။ မျက်စိအောက် အပျောက်မခံကြရပါဘူး။ ဒီလိုနဲ့ စီတန်းလှည့်လည်ကြလို့ မြို့တစ်ပတ်ပြည့်တာနဲ့ ကိုယ့်အိမ်ကို ပြန်ကြပါတယ်။ ရပ်နီးရပ်ဝေး ဧည့်သည်များ စတင်လာရောက်ကြပါပြီ။ ကုသိုလ်ထဲ့ဝင်လှူဒါန်းကြ၊ မောင်ရင်လောင်းကြည့်ကြပေါ့။ စ၀်မီးများက လာသမျှ ဧည့်သည်များကို ဧည့်ဝတ် လစ်ဟင်းမှု့ မရှိအောင် ဧည့်ခံကြပါတယ်။ အဖွဲ့ခေါင်းဆောင်များကလဲ စီစဉ်ညွှန်ကြားနဲ့ တအိမ်လုံး ရှုပ်ယှတ်ခပ်နေတာပါပဲ။ စ၀်မီး လူပျိုအဖွဲ့များက ညပိုင်းကို ပိုပျော်ကြပါတယ်။ ဘာလို့လဲဆိုတော့ ညရောက်တာနဲ့ မောင်ရင်လောင်းကို ပခုံးထမ်းပြီး တအိမ်တက် တအိမ်ဆင်း သွားရောက်လည်ပတ်ကြပါတော့တယ်။ ပအိုဝ့်ရိုးရာ အတီးအမှုတ်နဲ့ပေါ့။ အိမ်ရှင်မှလဲ ဧည့်ခံပြီး တူတူကကြရပါတယ်။ ၀ိုင်းဖွဲ့ပြီး ပတ်ပတ်လည်ကရတာ တော်တော်ပျော်စရာကောင်း ချစ်စရာကောင်းတဲ့ ဓလေ့လေးပါ။ နောက် အိမ်ရှင်က ကုသိုလ်ထဲ့ဝင် လှူဒါန်းပါတယ်။ ဒီလို တအိမ်တက် တအိမ်ဆင်း သွားရောက်ရာမှာ ရှင်ပြုပွဲ ကျင်းပတဲ့ အိမ်များလဲပါဝင်ပါတယ်။ အဲဒီအိမ်မှာဆို မောင်ရင်လောင်း ရှိနေပါက ၀င်ရောက် ထမ်းပိုးကကြပါတယ်။ မိုးလင်းပေါက်သွားလိုက်တာများ မောင်ရင်လောင်းခမျာ ပခုံးထက်မှာ အိပ်ပျော်လို့။။ရှင်ပြုပွဲ ကျင်းပတဲ့ အိမ်ဆိုရင်လဲ တညလုံးမအိပ်ရပါဘူး။ လာရောက်ကပြသူတွေနဲ့ ကရ.ဧည့်ခံရ၊ ကုသိုလ်ဝေရနဲ့ မိုးလင်းပေါက်ပါပဲ။ ဒုတိယရက်ကိုတော့ ဧည့်ခံရက်လို့ သတ်မှတ်ထားပါတယ်။ ဒီနေ့မှာ ဧည့်သည်တွေ ပိုမိုလာရောက်ကြပါတယ်။ ဧည့်ခံလို့ မနိုင်အောင် ဧည့်သည်တွေ အများဆုံးရက်ပါပဲ။ ကုသိုလ်ပါဝင်လှူဒါန်းကြ၊ နောက် မောင်ရင်လောင်းကို ချည်မျှင်စွပ်ပြီး ဆုတောင်းပေးပါတယ်။ ချည်မျှင်ဆိုလို့.ဒီမောင်ရင်လောင်းကို စွပ်ပေးတဲ့ချည်မျှင်ကို လုပ်ရာမှာ.ငယ်လင်မယား.ခုနှစ်စုံတွဲဆီကနေ.ပိုက်ဆံ တကျပ်တမတ်နဲ့ စတင်.၀ယ်ယူရခြင်းပါ။ မောင်ရင်လောင်းခမျာလည်း.ဒီဧည့်ခံပွဲရက်မှာ တော်တော်ပင်ပန်းပါတယ်။ ညပိုင်းမှာတော့ မီးကြာစံလှည့်ရပါတယ်။ ကလေးလူငယ်အားလုံး ဆီမီးခွက်ကိုယ်စီကိုင်ပြီး မောင်ရင်လောင်းနဲ့အတူ မီးကြာစံလှည့်ပါတယ်။ ရှင်လောင်အကြိုနေ့ကလိုပဲ မြို့တပတ် စီတန်းလှည့်လည်တာပါ။ တော်တော်လှပါတယ်။ ရှမ်းမလေးတွေ ၊ ပအိုဝ့်မလေးတွေ ရိုးရာဝတ်စုံများနဲ့ အားလုံးချစ်စရာကောင်းကြတယ်။ ညပိုင်းဆိုတော့ အားလုံးက မီးနဲ့အလှဆင်ပြီး သွားရောက်ကြတာမို့ မီးတန်းကြီးလှည့်နေပုံကို စာရေးရင်းနဲ့ မြင်ယောင်သတိရလာမိတယ်။ အဲဒိညမှာတော့ မြို့တပတ်လှည့်အပြီး အိမ်ပြန်အရောက်မှာ ည ဆယ်တစ်နာရီနီးပါးရှိနေပြီဆိုတော့ စ၀်မီးလူပျိုတွေ ဘယ်မှ မလည်နိုင်တော့ပါဘူး။ မောင်ရင်လောင်းများကို သနားတာလဲ ပါပေမပေါ့။ ဒါပေမဲ့ သူတို့ကတော့ ဘယ်အလှူအိမ်တွက် တာဝန်ကျသော.ဘယ်ရွာက အပျိုချောကဖြင့် ဘယ်လိုလှတယ်ဆိုတာ လေ့လာထားသလားမှတ်ရပါတယ်။ လာရောက်လည်ပတ်ပါတယ်။ အဲဒီချိန်မှာစ၀်မီးအပျိုချောတွေကလဲ ထွက်ဧည့်ခံရပါတယ်။ တခြားရွာမှ အလှူအိမ်မှာ တာဝန်ကျလို့ လာရောက်စ၀်မီးလုပ်တဲ့ လူပျိုတွေပါသလို၊ မြို့ခံ လူပျိုတွေလဲ ပါပါတယ်။ သူတို့နှစ်သက်တဲ့ အပျိုချောက ကွမ်းဆေးလိပ်၊ ရေနွေးကြမ်း( ကျွန်မတို့ အခေါ်ကတော့ အခါးရည်ပေါ့)နဲ့ ဧည့်ခံတာကို စကားတွေပြော သဘောတွေကျနေတာပေါ့။ ပအိုဝ့်တိုင်းရင်းသားများ` ဖူးစာဆုံကြတာကလဲ ဒီလိုပွဲတွေမှာမှ တွေ့ဆုံရင်း ဆုံတွေ့ကြတာပါ။ တခြားရာသီတွေမှာတော့ တောင်ယာအလုပ်နဲ့ ပြီးနေတော့ ဖူးစာရှင်ရှာတဲ့ ပွဲလို့ဆိုရင်လည်း မမှားပါဘူး။

ကဲ.နောက်အပိုင်းမှာ.မောင်ရင်လောင်းရဲ့ နားရက်၊ ဆံချရက်နဲ့ အောင်ပွဲရက် အကြောင်းတင်ပြပေးပါမယ်။

3 comments:

Welcome said...

တောင်ပေါ်ဓလေ့ကို ခံစားသွားတယ်။
အလှူမှာ ချက်ကျွေးတဲ့ ၀က်သားနီဟင်းနဲ့ ပအိုဝ့်ချက် ပဲနီဟင်းချို ပါသေးလား .. ..
ထုံးစံအတိုင်းတို့ကတော့ ၀ါးကြောလာဆွဲတာ။

Melody said...

တောင်ပေါ်နဲ့ မြေပြန့် မတူပေမယ့်  နည်းနည်းတော့ ဆင်ပါတယ်။ :P

Sein Lyan Tun said...

မငုံ ကရော.. ဒီပွဲမှာ ပဲ ဖူးစာရှင်ရှာခဲ့တယ်ပေါ့..
တွေ့ တယ်ပေါ့လေ..
ကံဆုံရင် ဒီပွဲလေးကို ကြည့်ချင်သေးတယ်..
ဖူးစာရှင်လာရှာရင်းပေါ့