မင်းလူမော်အောင်ရေ.နင်ပြောတာ ကြာနေပြီ ဖြစ်တဲ့ “ ငါတို့ DMA ၂၀၀၅-၂၀၀၇ Batch ရဲ့ School day အကြောင်းလေး အမှတ်တရ ရေးပါလား” လို့ ဇန်န၀ါရီလကတည်းက ပြောတာကို ကတိပေးထားပြီး.မရေးဖြစ်နေဘူး။ အခုတော့ အချိန်ယူပြီး ရေးလိုက်တယ်။ ဒီလိုမတ်လထဲမှာ စတင်ကျောင်းတက်ခဲ့ရတာ ဆိုတော့ ပိုအမှတ်တရဖြစ်တာပေါ့။
ဖေဖော်ဝါရီလအစလောက်မှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ လျှောက်လွှာစတင်ခေါ်တော့ လျှောက်လွှာသွားဝယ်တာ မလွယ်ဘူးနော်။ တနေကုန်ရော ၊ ဒါတောင် ကိုယ်တိုင်သွားဝယ်တာ မဟုတ်ဘူး။ အဒေါ်သွားဝယ်ပေးတာ။ အဒေါ်ပြန်လာတော့ ဘာပြောတယ်မှတ်လဲ။ ဒီဝင်ခွင့်စာမေးပွဲ အောင်မှဖြစ်မယ်တဲ့။ သူတနေကုန် သွားတန်းစီယူလာရတာလေ။ သနားပါတယ်။။ အမယ်..ငါကလဲ တာဝန်ကျေပါတယ်နော်။ ရေးဖြေ၊ နှုတ်ဖြေ အောင်အောင်လုပ်ပေးခဲ့တယ်လေ။ စီမံခန့်ခွဲမှု့ဘာသာရပ်ကို တက်ချင်လွန်းလို့ လျှောက်လွာ လာဝယ်သူမနဲဘူးနော်။ တချို့ဆို လျှောက်လွှာဝယ်မရလို့ ၀င်ခွင့်ဖြေခွင့်လေးတောင် မရလိုက်ဘူးနော်။ အင်္ဂလိပ်စာ ၊ သင်္ချာ နဲ့ Logic မေးတာ ဟုတ်တယ်နော်။ သုံးနာရီမေးခွန်း.ထူးဆန်းတာက သင်္ချာဖြေစဉ်မှာ calculator ပေးမသုံးလို့ တနာရီအတွင်း အားလုံးပြီးအောင် မနဲတွက်လိုက်ရတယ်။ ကံကောင်းထောက်မလို့ အောင်လာတာ။ အဟိ ဘ၀မှာ ပထမဆုံးရင်ခုန်ရတဲ့ နေ့ကို ပြောပါဆိုရင် နှုတ်ဖြေတဲ့ နေ့ပဲဟ။ တခါမှ အဲဒီလောက် ရင်မခုန်ဖူးဘူး။ တော်သေးတယ်။ သဘောကောင်းကောင်းနဲ့ ဘာမှခက်ခက်မမေးတဲ့ ဆရာတွေနဲ့ တွေ့ပေလို့။ အဟဲ.. RC2 ထဲက စီးပွားရေးစီမံခန့်ခွဲမှု့ မှာ ကျောင်းတက်ခွင့်လေး ရသွားပြီ။စစချင်းတော့.ရွေးချယ်ခံ 62 ယောက် လားမသိဘူးနော်။ သိပ်မမှတ်မိဘူး။ အရွယ်စုံပဲ။ အန်တီကြီး၊ အန်ကယ်ကြီး.အကိုအမ.အားလုံးစုံတယ်။အဲ ၂၅နှစ်မပြည့်ပဲ ကျောင်းဝင်ခွင့်ရသူလဲ ရှိသဗျာနော်။
ဆရာ ၊ ဆရာမတွေကလဲ သဘောကောင်းမှကောင်း။ စာကြည့်တိုက်က အန်တီကြီးကို တအားသတိရတာပဲ။ တော်တော်လေး သဘောကောင်းတယ်နော်။ ကျောင်းကန်(စ်)တင်း ကတော့ ဆလံပဲ။ ဘယ်အချိန်မေးမေး ဘာမေးမေး မရှိဘူးနဲ့ပဲ တွေ့တွေ့နေလို့ ငါတို့မှာ နီးရက်နဲ့ တခြားသွားသွားနေရတယ်နော်။ ကျောင်းဆင်းတာနဲ့ မပြန်ကြသေးပဲ မုန့်သွားသွားစားကြ ၊ အကြာကြီးသွားထိုင်ကြနဲ့ ရေနွေးကြမ်းအိုး တစ်အိုးပြီး တစ်အိုး တောင်းသောက်နဲ့ ဟုတ်နေကြတယ်။
ဘာသာရပ်တိုင်း စိတ်ဝင်စားစရာကောင်းတယ်။ ပထမနှစ်မှာ အကြိုက်ဆုံး ဘာသာရပ်ကတော့ စီးပွားရေးဥပဒေ ပါပဲ။ ကြားထဲက ကြော်ငြာဝင်လိုက်ဦးမယ်။ ငါငယ်ငယ်က ရည်မှန်းချက်က ( အခုချိန်ထိပါပဲ) ရှေ့နေ တစ်ယောက် ဖြစ်ချင်ခဲ့တာဟ။ အခုလို ဒီမှာ စီးပွားရေးနဲ့ ပက်သက်ပြီး သင်ရတော့.ငါတော်တော် စိတ်ဝင်စားတယ်။ ဆရာဦးအက်ဒ၀ပ်သောင်း ကလဲ တော်တယ်နော်။ တကယ့် ပညာရှင်လို့ မပြောရဘူး။ ငါတို့ မသိတာတွေ ဥပဒေပညာရပ်နဲ့ ပက်သက်ပြီး သိလာရတယ်။ တခြား ဘာသာရပ်တွေကလဲ ငါတို့ကို အလုပ်မှာ ပိုမိုတိုးတက်လာအောင် ပညာသင်ပေးတာပဲနော်။ အားလုံးက အလုပ်နဲ့ ဆက်စပ်နေတယ်နော်။
မကြိုက်တာကတော့ ပိုက်ဆံခဏခဏကောက်တာပါပဲ:)). အဆိုးဆုံးက Part -II မှ ဗိုလ်ကြီးကိုကိုအောင်(ဗဟိုဘဏ်)၊ သူလာရင် ပိုက်ဆံပဲကောက် လွန်းလို့ အားလုံးက သူ့မြင်ရင် ပိုက်ဆံအိတ်ကို ယောင်ယမ်းစမ်းမိနေကြပြီ။( အဟဲ ..အမှန်တော့ အကိုက အားလုံးကို စီမံခန့်ခွဲနေရလို့ပါနော်။ ကောက်ချင်လို့ ကောက်တာမှ မဟုတ်တာနော့ )။ ကျောင်းဖွင့်ပြီး မကြာဘူး။ ချစ်ကြည်ရေး ဘောလုံးကန်တယ်တဲ့။ အကြီးဖြစ်ပြီး အငယ်တွေကို မညှာဘူးနော်။ အဲဒီပွဲကို ငါတို့ အနီရောင်တွေ ၀တ်ပြီးကို အားပေးကြတယ်လေ။ ကြုံတုန်းလေး မေးချင်တယ် ။ အဲဒီတုန်းက ငါနားမလည်တာက ဘာလို့ ဘောလုံးက တချိန်လုံး ငါတို့ part-I ဘက် အခြမ်းမှာပဲ ရှိနေ၇တာလဲဟင်း? :)) Part - II ဂိုးသမားဗိုလ်ကြီးတော့ ဂိုးတိုင်ဖက်ပြီး အိပ်ပျော်နေလေရဲ့။
အင်း..စာသင်ချိန်က တနင်္လာနေ့ ကနေ သောကြာထိ မနက်တိုင်း ခုနှစ်နာရီ ကနေ ကိုးနာရီထိဆိုပေမဲ့ အဟိ.ခုနှစ်နာရီ ကို ရှစ်နာရီကျော်ကျော်နဲ့ မှားတယ်ထင်တယ်နော်။ အဲဒီချိန်မှ ကျောင်းလာတဲ့ သူကရှိသေးတယ်။ ( ကိုကျော်မင်းထိုက်..အကိုဆိုတာ ကို မပြောဘူးနော်။ ဒီရာထူးကို ကြိုက်လို့ PMG ကိုသောင်းထိုက်က ဒုတိယနှစ်မှာ ယူထားတာ)။ အဲ..ကိုးနာရီမှ ကျောင်းဆင်းမှာကို ရှစ်နာရီခွဲတာနဲ့တင် စာအုပ်သိမ်းချင်နေတဲ့သူတွေကလဲ မနဲပေဘူးပဲ ( ငါတောင် ထိပ်ဆုံးကလား မသိဘူး။။ပြန်စဉ်းစားလိုက်ဦးမယ်)။
အမှန်တော့လဲ အားလုံးက အလုပ်တဘက်နဲ့ ဒီပညာရပ်ကို လာရောက်သင်ကြားကြတာနော်။ အလုပ်မှာ အရေးကြီးရှိရင် ရှိသလို သွားကြရတာကိုး။
ငါတို့ Plant Trip ကို YamYam ခေါက်ဆွဲစက်ရုံ ၊ Alpine သောက်ရေသန့်လုပ်ငန်း နဲ့ Inlay Shoe စက်ရုံတွေကို သွားကြတယ်နော်။ ဒီတခါတော့ ကိုကိုအောင်က ကျေးဇူးတင်စရာကောင်းပြန်ရော။ ဘယ်လောက်များ အပြောသွားကောင်းလိုက်တယ် မသိဘူး။ Inlay Shoe က နေ့လည်စာကို ပဲခူးအ၀င်က ရွှေအုန်းပင်မှာ ကျွေးတယ်။ သွားလေ့လာတဲ့ စက်ရုံတိုင်းမှာလဲ လေ့လာ မှတ်သားစရာတွေ ရရှိလာတယ်နော်။ ငါတို့ မသိတာတွေ သိလာရတယ်။ ၀န်ထမ်းတွေရဲ့ ဘ၀ကို သိလာရတယ်။ အမယ်..ဟုတ်၏ ၊မဟုတ်၏ မသိ ခပ်တည်တည်နဲ့ သူများ လုပ်ကိုင်နေတာတွေကို မှတ်တမ်းတင်လိုက် ၊ မေးလိုက်နဲ့၊ ဟိုပစ္စည်း ကိုင်ကြည့်လိုက်၊ ဒီပစ္စည်း ကိုင်ကြည့်လိုက်နဲ့.စစ်ဆေးရေး ၀င်နေတာကြနေတာပဲ..အဟိ.သူတို့ကိုလဲ ကျေးဇူးတင်ရမယ်ဟ။။ နည်းတဲ့ လူအုပ်ကြီး မဟုတ်ဘူး။ part I .II နှစ်တန်းပေါင်း လူတစ်ရာကျော်ကျော်ကို လက်ဆောင်ပေး၇တာ မစားသာဘူးနော်။ ပျော်ရွှင်စ၇ာ လေ့လာေ၇းခ၇ီးတိုလေးပါပဲ။
ငါတို့တစ်တွေ အလှူေ၇စက် လက်နဲ့မကွာကလဲ လုပ်ဆောင်ကြသေးတယ်နော်။ ၀ါဆိုသင်္ကန်းကပ်ခြင်း၊ ဘုံကထိန်လှူဒါန်းခြင်း ၊ ဆရာကန်တော့ပွဲ ရှိသေးတယ်လေ။ လှီုင်မီးဘေးအတွက် အားလုံး.တက်ညီလက်ညီနဲ့ ငွေ ၊ ဆန် ၊ အ၀တ်အထည် စတာတွေ လှူကြတာကို ပြန်တွေးရင် ကြည်နူးမိတယ်။
ဒီလို စာသင်လိုက်၊ လေ့လာစရာတွေကို အတူဆွေးနွေး ဆောင်ရွက်ကြသလို အတူတကွ စုပေါင်း အလှူဒါနလုပ်လိုက်ကြ၊ စကြနောက်ကြ တစ်နှစ်တာ ကုန်သွားပြန်ရော။။
လူမော်ရေ..စာလဲနဲနဲရှည်သွားပြီ။နောက်တစ်ခေါက်မှ ငါတို့ Part - II အကြောင်း ငါစာဆက်ရေးလိုက်မယ်။ စောင့်မျှော်နေပေတော့။။။

1 comments:

Anonymous said...

ဖတ်ရတာ ဆံ့တငံ့ငံ့ရယ်...