တောင်ပေါ်သားတော့ လုပ်ချလိုက်ပြန်ပြီ။ မွေးရပ်မြေမှ မောင်နှမတွေကို Tag လိုက်ပါတယ်တဲ့။ မရေးမနေရ အမိန့်တဲ့။ ပြင်းလှတဲ့ အမိန့်တော်ကို ကြောက်လို့ ကိုယ်ဘာဝါသနာပါသလဲဆိုတာ အပြေးအလွှား စဉ်းစားပြီးရေးလိုက်တယ်။ မောင်ရဲ ပြောသလိုပဲ စဉ်းစားလိုက်တော့ ၀ါသနာတွေ တော်တော်များများ ရှိနေတယ်ဗျာ။ ဒီထဲမှာမှ ၀ါသနာအပါဆုံးလေးကို ရေးလိုက်ပါတယ်။ :)) ၀ါသနာ အကောင်းစားလေးတွေမို့ မရီကြေးနော်။။။

၁။ ငယ်ငယ်တုန်းက ၀ါသနာ
အင်း.ငယ်ငယ်တုန်းကတော့ နွေရာသီ ကျောင်းပိတ်ရက်ဆို အဖေဘက်က အဘွားဆီ သွားနေနေကြပေါ့။ ဘွားဘွားက ပုံပြင်ပြောတာ သိပ်ကောင်းတာပဲ။ ဘုရားဟော ဇာတ်တော်တွေ၊ ရှမ်းရာဇ၀င်တွေကို ပြောပြလေ့ရှိတယ်။ နောက် အဘွားဆီမှာ ဘုရားဟော ငါးရာငါးဆယ်ဇာတ်နိပါတ်တော်တွေ၊ နောက်တခြား ဇောတိက သူဌေး၊ ၀ိသာခါ ကျောင်းအမကြီး စတဲ့ ဘုရားရှင်လက်ထက်မှာ နာမည်ကြီးတဲ့ သူတော်ကောင်းတို့ရဲ့ ဇာတ်လမ်း ရုပ်ပြစာအုပ်တွေ အများကြီးပဲ။ နေ့ခင်းဘက်ဆို အဲဒီစာအုပ်တွေဖတ်၊ ညရောက်တော့ ဘွားဘွားက အဲဒီအကြောင်းအရာတွေကို ပြန်ပြောပြတယ်။ ဖတ်ပြီးသားပေမဲ့ မတူနေဘူး။ ထပ်ခါတလဲလဲ နားထောင်ချင်တယ်။ ဘွားဘွားက ပုံပြောပြလို့ ဆုံးသွားရင်တောင် နောက်တပုဒ်လို့ ထပ်တောင်းဆိုတတ်တယ်။ အခု ပြန်တွေးကြည့်တော့ ကလေးဘ၀မို့ (အားလုံးလဲ ဒီလိုပဲ ဟုတ်တယ်မလား) ပုံပြင်နားထောင်ရတာ ကြိုက်ပါတယ်။ နောက်အဲဒီလို ဇာတ်တော်တွေကို ဖတ်တော့ ငယ်ငယ်လေးကတည်းက သမိုင်းကြောင်းဆိုတာကို အတော်စိတ်ဝင်စားတာမို့ အဟိ..သမိုင်းသုတေသီတစ်ဦး အဖြစ် စိတ်ကူးယဉ်ဖူးပါတယ်။

၂။ အရွယ်ရောက်လာတော့ ၀ါသနာ
အဟိ.၀ါသနာပိုများလာသလိုပဲ။ ငါးလေးတွေ မွေးတာကိုလဲ တအား ၀ါသနာပါတာပဲ။ ငါးလေးတွေ မြင်နေရင်ကို ပျော်နေတယ်။ ဒါပေမဲ့ သိပ်ဂရုမစိုက်တတ်တော့ သေတာများတယ်။ ဒါကြောင့် အိမ်က ပေးမမွေးတော့ဘူး။ အခုထိပါပဲ။ ငါးလေးတွေ မြင်ရင် မွေးချင်တုန်းပဲ။ ထားစရာ နေရာမရှိလို့ ငြိမ်နေတာ။
အဟဲ မိန်းမတန်မဲ့ ဘောလုံးပွဲ ၀ါသနာကလဲ မသေးလှဘူးဗျာ။ ချယ်လ်ဆီး ပရိသတ်နော်။ ဒရော့ဘာနဲ့ ပီတာချက်စ်တို့ရဲ့ ထာဝရ အားပေးဖော်ပါ။ ဒီဝါသနာနဲ့ ပက်သက်ပြီး ၀ါသနာအကြီးလွန်းသွားလေးပြောပြမယ်။ ၂၀၀၇မှာလားမသိဘူး။ ချန်ပီယံလိဂ်မှာ လီဗာပူး ဗိုလ်စွဲသွားနှစ်ကပေါ့။ ဆီးမီးမှာ လီဗာပူးနဲ့ ချယ်လ်ဆီးတို့တွေ့တာလေ။ ကံအကြောင်းမလှလို့ ချယ်လ်ဆီးလေး ရှုံးသွားတယ်။ မနက် သုံးနာရီကြီး ချယ်လ်ဆီးရှုံးလို့ ထိုင်ငိုဖူးတယ်။ ကိုယ်က အားပါးတရ တက်ကြွစွာနဲ့ အားပေးတာလေ။ ဆုတွေတောင်းရ၊ နည်းပြလို အပြင်ကနေ တတွတ်တွတ်ရွတ်ပြီး အားမလိုအားမရ ဖြစ်ရနဲ့ နောက်ဆုံးတော့ ပွဲသိမ်းခရာလဲ မှုတ်ရော ဘယ်လိုမှထိန်းလို့မရဘူး။ ထိုင်ငိုလိုက်တယ်။ ကျွန်မနဲ့ ဘောလုံးပွဲကြည့် တူတူကြည့်နေတဲ့ မောင်တွေက စတာပေါ့။ သူတို့ လီဗာပူး ပရိသတ်ကို။ တစ်အိမ်လုံးမှာ ကိယ်တယောက်တည်း ချယ်လ်ဆီး။ ဒါပေမဲ့ ဖိုင်နယ်မှာ လီဗာပူးနဲ့ အေစီမီလန်တွေ့တော့ ကျွန်မက လီဗာပူးဘက်က အားပေးပါတယ်။ ကံကောင်းလို့ အတီးမခံရတဲ့ညပါပဲ။ အဲဒီညမှာတော့ ကျွန်မစောင့်ရင်း အိပ်ပျော်သွားတယ်။ မောင်တချို့ကလဲ သူငယ်ချင်းအိမ်သွားလိုက်တာ ဆိုတော့ အိမ်မှာ ကျွန်မနဲ့ မောင်ဝမ်းကွဲတယောက်ပဲ ကြည့်မဲ့သူ ကျန်တယ်။ ကျွန်မ မှေးခနဲ အိပ်ပျော်သွားရာက နှိုးလာတော့ အောက်ထပ်ဧည့်ခန်းကို ဆင်းလာတော့ မောင်လေး နေလှိုင်က အပေါ်ထပ်တက်လာတာနဲ့ တိုးတော့ ပွဲပြီးသွားပလားလို့ မေးတော့ မဟုတ်ဘူးတဲ့ ပထမပိုင်းပြီးပြီတဲ့။ သုံးဂိုး.ဂိုးမရှိနဲ့ ရှုံးနေတယ်။ သွားပါပြီ။ ဆက်ကြည့်ချင်စိတ်မရှိတော့ဘူး။ အိပ်တာပဲကောင်းတယ်လို့ ပြောတော့ ကျွန်မတစ်ယောက်ထဲဆိုတော့ အိပ်ခန်းထဲမှာပဲ ကြည့်လိုက်တာပေါ့။ ဒီလိုနဲ့ ဒုတိယပိုင်းလဲကန်ရော..ဘယ်လိုလဲ မှတ်မိကြတယ်မလား။ လီဗာပူး လုပ်သွားတာလေးလေ။ သုံးဂိုး.ဂိုးမရှိ ရှုံးနေရာကနေ အားမလျော့ပဲ ကစားလိုက်တာ သရေဖြစ်သွားတယ်လေ။ ကျွန်မတယောက်ထဲ အားပေးတာဆိုတော့ ။ အိပ်ခန်းထဲမှာ ဖြစ်တော့ မအော်ရဲဘူး။ ဟုတ်ပြီ ကန်ထား ဟိုဘက်ပေးလိုက် ဒီဘက်ကပိတ် နဲ့ တိုးတိုးလေး အားပေးနေရာကနေ တတိယတစ်လုံးလဲ သွင်းရော.အဟိ.မြန်မာမှာ ဘောလုံးပွဲ ကြော်ငြာတဲ့ ဦးလှဝင်းလေသံအတိုင်း ၀မ်းသားအားရ ထအော်လိုက်တာ
ဂိုးပါတယ်ခင်ဗျား ဂိုးပါတယ်။
ဘာပြောကောင်းမလဲ။ အိပ်နေတဲ့ အမနဲ့ ညီမတွေ လန့်ပြီး နှိုးလာကြတယ်။ အော်တာ နည်းနည်းကျယ်သွားပုံပေါ်တယ်။ တိုးတိုးသာသာလုပ်ပါ။ အိပ်ချိန်ကြီးဆိုပြီး ပြောတော့တာပဲ။ခေါင်းခေါက်ခံ မထိလိုက်တာ ကံကောင်းတယ်မှတ်။ တခြားနေ့တွေတုန်းကဆို ပွဲမစခင်ကတည်းက မောင်နှမတအုပ်ကြီး ဆူညံနေတာပဲ။ ဒီညကျမှ ကိုယ်တစ်ယောက်ထဲရယ်..ဘာပြောပြော တန်ပါတယ်။ လီဗာပူး ဖလားကြီးသိမ်းသွားတယ်လေ။

၃။ အပျင်းထူတဲ့ ၀ါသနာ
အဟဲ..ဘယ်လိုပြောရပါ့။ ညဘယ်လောက်ထိ ညဉ့်နက်နက်နေနိုင်တယ်။ မနက်လုံးဝ မထချင်ဘူး။ မနက်စောစောထရတဲ့ အလုပ်ဘာတစ်ခုမှ မလုပ်ဘူး။ အဲ..စောစောစီးစီး ထရလို့ကတော့ တနေကုန် မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုတ်နေတော့တာပါပဲ။ မနက် အိပ်ရာက စောစော မထချင်တဲ့ အပျင်းကြီးတဲ့ ၀ါသနာလို့ပဲ မှတ်ပါတော့။ တခြားတော့ သိဘူးဟ။

၎။ အခုချိန်မှာပါတဲ့ ၀ါသနာ
အခုချိန်မှာလား။ အခုချိန်မှာတော့ စိတ်ဆိုးစိတ်တိုတာ တအားဝါသနာပါနေတယ်။ ထစ်ကနဲဆို စိတ်ဆိုးဖို့ ၀န်မလေးနေဘူး။ အဟတ်..ပိုစ့်လေးတွေ ရေးနေရတာကို ပျော်နေတယ်။ ကိုယ်ရေးတဲ့ ပိုစ့်ကို လာဖတ်ပေးရင် တအားကျေနပ်တယ်။ နောက် တခြားဆိုဒ်တွေကို သွားပြီး စာဖတ်ရတာကို အကြိုက်တွေ့နေတယ်။ သီချင်းလေး နားထောင်ရင်းစာဖတ်ရတဲ့ ခံစားမှု့က တကယ်မိုက်တယ်နော်။

ကဲ..တောင်ပေါ်ရေ ၊ ကျွန်မရဲ့ ၀ါသနာလေးကတော့ ဒါပါပဲ။ Tag ထားတာကို ဖတ်ကတည်းက ရေးမလို့ပဲ။ ရည်မှန်းချက်နဲ့ ၀ါသနာ မကွဲပြားနေတာနဲ့ မရေးဖြစ်ခဲ့ဘူး။ အခုလဲ မသဲမကွဲနဲ့မို့ ကျွန်မရဲ့ ပေါ့ပေါ့ပါးပါး ၀ါသနာများကိုပဲ ရေးလိုက်ရတာပါ။ ကျေနပ်မယ်ထင်ပါတယ်။

6 comments:

Sein Lyan Tun said...

အော်... စိတ်ဆိုးစိတ်တိုတာ ဝါသနာပါတယ်တဲ့..
ဖြစ်ပုံများ...
စိတ်ကိုလျှော့ပါလေ...
အသက်လဲကြီးပြီးပဲ..
မနက်စောစောကလဲမထချင်..
ဒါကြောင့် အပျိုကြီးဖြစ်နေတာလားမသိ.. အဟိး)

ကိုရဲ said...

ဖြစ်နိုင်တရ် ။ စိတ်ဆိုးစိတ်တိုတတ်လို့ အပျိုကြီးဘ၀က မကျွတ်သေးတာနေမှာ ။ ဒါကြောင့်လည်း ဘဲဘဲနဲ့ရန်ဖြစ်လိုက် အရူးရယ် ငရဲရယ် ဘယ်လိုဘယ်ချမ်းသာလာပြောလိုက်နဲ့ ။ နောက်ဆုံး သူဘယ်လောက်စိတ်တိုတို ဒီကောင်ပဲနားပူလာသလိုပဲ ။ ဟဟ ။ စတာနော်မငုံ ။ အင်း ။ ငါစခေါ်လိုက်တဲ့နာမည်ကလည်း တွင်လှချည်လား မငုံ မငုံနဲ့ ။ ဟိဟ ။ ကောင်းပါတရ် ။ ပျော်ရွှင်ပါစေဟာ

(ကိုရဲ)

တောင်ပေါ်သား said...

အမရေ ၀ါသနာလေးတွေ ဖတ်သွားတယ် ။ တော်တော်တူတယ် ဟီး အပျင်းကြီးတာ ကျနော်လဲ ငါးလေးတွေ မွေးရတာ ကြိုက်တယ်။ တခါတလေ စိတ်ညစ်နေရင် သူတို့ကို ကြည့်လိုက်တာနဲ့ စိတ်ညစ်နေတာလေးတွေ ပျောက်သွားတယ် ကျေးဇူးပါ အမရေ စကားမစပ် ကျနော်က မန်ယူပရိသတ်နော် ဟီး ခုထိတော့ ချယ်ဆီးရဲ့ အပေါ်မှာ ရပ်နေဆဲပါပဲ အဟား


လေးစားလျက်
တောင်ပေါ်သား

ကြယ်ပြာ said...

ဝါသနာတွေလာဖတ်သွားပါတယ် ... အပျင်းကြီးတာတူတယ်တော့ .. မနက်မထချင်တာလဲ တူတယ် ...း)

Welcome said...

ဒိဒါးပဲ...
မပြောချင်လို့ ကြည့်နေတာ ကြာပြီ .. အဟတ်

(တဂ်ပို့စ်လေး လာအားပေးတယ်နော်။ အဓိက စိတ်တို စိတ်ဆိုး တတ်တယ်ဆိုတော့ ..... )

Lin said...

နာ့မမကို အပျိုကြီးလို့ကျောတာ ဘူတုန်းကွ... နာတွေ့ဖူးတဲ့ အပျိုကြီးတွေက အပျင်းမထူဘူးကွ...
ငယ်ငယ်တုန်းကတော့ ဘောလုံးပွဲတွေကြည့်ဖြစ်တယ်... ကြီးတော့ အိပ်ရေးပျက်လို့ မကြည့်ဖြစ်တော့ဘူး။ စာဖတ်မယ်၊ သီချင်းနားထောင်မယ်၊ ပျင်းရင် ပုံလျှောက်ဆွဲချင်တယ်။ အားတဲ့ရက်တွေမှာ ကိုယ်စားချင်တာလေးတွေ ချက်ပြုတ်စားတတ်တယ်။ အ၀တ်လျှော်ရမှာတို့ အိုက်တိုးပဂေ:ဆန် တို့ကိုတော့ ဖြစ်နိုင်ရင် မလုပ်ချင်ဘူး။ တခါတခါ တဖက်သားကို against လုပ်ရတာ ပျော်တယ် :)