ဒီနေ့ ရုံးမှာ သိပ်အလုပ်မရှိတာနဲ့ ထိုင်နေရင်း သူငယ်ချင်းတွေ အပေါ် ကျွန်မခင်မင်ပုံလေးကို စဉ်းစားမိလာတယ်။ ခင်မင်မှု့ကို လူတွေ ဘယ်လောက်အထိ တန်ဖိုးထားကြသလဲ။ လူတစ်ဦးနဲ့ တစ်ဦး ခင်မင်ခွင့်ရကြတယ်ဆိုတာ ရှေးဘ၀ရေစက် ရှိကြလို့ပဲလို့ ကျွန်မ ခံယူတယ်။ နေရာဒေသမရွေးမှာ လူမျိုးဘာသာမရွေးနဲ့ ခင်မင်သွားနိုင်တယ်။ တချို့ဆိုရှိပါတယ်..ဘယ်လောက်ထိ ခင်မင်ကြသလဲ ဆိုရင်ညီအကို၊ ညီအမအရင်း၊ မောင်နှမအရင်းသဖွယ် ခင်မင်သွားကြတဲ့ အထိ သံဃောဇဉ် ရှိသွားတတ်ကြပါတယ်။ ရှိကြပါတယ်။ ခင်မင်မှု့ဆိုတာ ဘောင်ခတ်ထားခြင်းမရှိတာကြောင့် လွတ်လပ်စွာ လွင့်ပါးနိုင်တာပေါ့နော်။
ကျွန်မဆိုရင်လည်း တော်တော်ခင်တတ်တဲ့ လူစားမျိုးထဲမှာပါမယ် ထင်ပါတယ်။ အားလုံးကို ခင်မင်တယ်။ ခင်လွယ်တယ်။ ဒါပေမဲ့ များသောအားဖြင့် စိတ်ခံစားချက်နဲ့ ခင်တတ်တယ်။ ဘယ်လို စိတ်ခံစားချက်လဲ ဆိုတော့..ကျွန်မ အရင်က မသိဘူး၊ မမြင်ဖူးတဲ့လူတစ်ယောက်ကို စတွေ့ရင် စိတ်ထဲမှာ ခင်ချင်စိတ်ပေါ်လာတယ်။ ပျော်လာတယ်ဆိုရင် ကျွန်မနဲ့ အဲဒီလူတွေဟာ တော်တော်ခင်မင်တဲ့ သူတွေ ဖြစ်တတ်သွားပါတယ်။ ပြီးတော့ ကျွန်မ အတွက် ကံကောင်းခြင်း ယူလာပေးတဲ့ သူမျိုး ဖြစ်လာတတ်တယ်။ အဲ..တခါတလေကျတော့လဲ ကျွန်မ စသိတာနဲ့ စိတ်ထဲမှာ စနိုးစနှောက်နဲ့ မခင်ချင်နေဘူး။ စကားမပြောချင်နေဘူးဆိုရင် ခင်မင်သွားကြပေမဲ့လည်း တနေ့နေ့ တချိန်ချိန်ကျရင် ကျွန်မက ကောင်းကောင်း ဒုက္ခပေးသွားတတ်ပါတယ်။ အနဲဆုံး စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တတ်ကြပါတယ်။ဒါမျိုးကို ကျွန်မ အစက သတိမထားမိပေမဲ့ နောက် တိုက်ဆိုင်မှု့ တွေ များလာတော့ ကျွန်မ လူတွေကို ခင်ရင် အဲဒီလို စိတ်ထဲက ခံစားပြီးမှ ခင်တတ်တော့တယ်။
အဟဲ..ဒါပေမဲ့ လူလူချင်းပဲ ဟုတ်တယ်မလား။ ကျွန်မ အားလုံးနဲ့ ခင်ခင်မင်မင် ရှိချင်ပါတယ်။ ကျွန်မက သိသိမသိသိ ရယ်ပြ ၊ ပြုံးပြတတ်တယ်။ ( အဲ..မိန်းကလေးတွေကို ပြောတာနော်။၊) အဲဒီထဲကမှ စကားတွေ ဘာတွေ ပြောဖြစ်လာမှ အဲဒီခံစားချက်က ဖြစ်လာတတ်တာ။ တခါတလေကျတော့ မြင်ကတည်းက ခင်လို့မရနေဘူး။ အဲဒီလိုချိန်ကျတော့ လုံးဝကို စကားမပြောသလို၊ ဟန်ဆောင်ပြီးလဲ ရယ်ပြုံး မပြတတ်တာ အကျင့်လို ဖြစ်နေပြန်ရော။
ခင်မိရင်တော့ ကျွန်မဘက်က သူတို့လိုအပ်တာလေးကို တတ်နိုင်တာလေးဆို ကူညီပေးချင်တယ်။ ဟန်ဆောင်ခြင်း ကင်းစွာနဲ့ ခင်တယ်။ စိတ်ထဲမှာကို နှစ်နှစ်ကာကာခင်တယ်။ ခင်ပြီးရင် မမေ့တတ်တော့ သလို ခွဲသွားမှာ မုန်းသွားမှာကိုလဲ ကြောက်တတ်ပြန်ရော။ နောက် အတ္တကြီးလား ၊ လောဘကြီးတာလား မသိတော့ဘူး။ ကျွန်မ တအားခင်တဲ့သူဆိုရင် ကျွန်မနဲ့ ရှိနေရက်နဲ့ သူများကို ဦးစားပေးတာ မလိုချင်ဘူး။ အမှန်က လုံးဝ မဖြစ်သင့်မှန်း သိပါတယ်။ စိတ်ထဲက ဒီလို ဖြစ်လာတော့လည်း ဘယ်တတ်နိုင်မှာလဲ။ စိတ်ဆိုးရင် ဆိုးတယ်။ စိတ်ကောက်ရင် ကောက်တယ် ဆိုတာကို ကျွန်မ ဖော်ပြတယ်။ စိတ်ထဲ သိမ်းထားမယ်တော့ မထင်နဲ့။ ( ကောင်းဘူးနော်။။ရိုက်ပစ်ဖို့ ကောင်းတယ်နော် :)) )
အဟဲ.. ခင်လို့ ပွင့်ပွင့်လင်းလင်း ပြောထဲ့လိုက်တတ်တော့ ပြောခံရတဲ့သူက အီသွားမှာပဲနော်။ ဆိုးလွန်းလို့လဲ ဒဏ်မခံနိုင်တော့ပဲ ထွက်ပြေးချင်တဲ့သူတွေ ရှိနေမှာပဲနော်။ အမယ်..ချစ်လို့ ခင်လို့ ဆိုးတာပါနော်။
(မှတ်ထားနော်..ကန္တာရမိုးစက်များမှ မငုံက ခင်ရင် တော်တော်စိတ်ပျက်စရာကောင်းအောင် ဂျီတိုက်တတ်၊ ဗိုလ်ကျတတ်တယ်နော်..)
ကျွန်မ သူငယ်ချင်းရတာတွေ ကံကောင်းပါတယ်။ အားလုံးက တကယ် စိတ်ထဲက ခင်မင်တဲ့ သူတွေနဲ့ချည်းတွေ့တာကိုး။အခုချိန်ထိ ကျွန်မကို ညီမတယောက်လို (တချို့ဆို ကျွန်မထက်ငယ်ရက်သားနဲ့ အကြီးလုပ်နေကြတယ်) ဆိုးသမျှကို သည်းခံ ချစ်ပေးကြရှာတဲ့ ကျွန်မ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မလဲ အရင်ကထက်စာရင် အများကြီး လျော့လာပါပြီ။ တကယ်လို ကျွန်မဆိုးတာတွေဟာ ထိခိုက်မှု့တွေ ဖြစ်သွားတယ်။ စိတ်ဆိုးစရာတွေ ဖြစ်သွားတယ်ဆိုရင် တောင်းပန်တယ်နော်။ ( သတင်းကောင်းလို့ ဖတ်ပြီး ပျော်သွားတဲ့သူ ၊ ပြောမဲ့ သူတွေ ရှိနေလို့ ထဲ့ရေးလိုက်ပါတယ်။ :)) )
အဟတ်..ခေါင်းစဉ်နဲ့ ဆိုင်မဆိုင် မသိတော့ပါဘူး။ စိတ်ထဲ အခုရှိနေတာလေးကို ချရေးလိုက်တာ။ ကဲ ခင်ချင်ကြသေးလား..ပြောကြဦး။။

3 comments:

Sein Lyan Tun said...

မငုံနဲ့ စိတ်ချင်တူတယ်ဗျ

ကြယ်ပြာ said...

မငုံရေ ... နာမည်လေးနဲ့တင် ခင်ချင်နေတာ ... ဘီလိုလုပ်ရမလဲ ...

Welcome said...

စိတ်တူကိုယ်တူ တရွာသားချင်းမို့
ခင်ချင်ပါတယ်။