ဟိုရှေ့ရှေးတုန်းကပေါ့ကွယ်။ သားအဖနှစ်ယောက် ခရီးတစ်ခုကို မြင်းတကောင်နဲ့ အတူထွက်လာ ကြသတဲ့။ ပထမကတော့ သားအဖနှစ်ယောက် မြင်းတကောင်ကို တူတူစီးလို့ပေါ့။ လမ်းမှာ လူတချို့က ပြောသတဲ့။
" ကြည့်စမ်း ။ မညှာမတာ သားအဖနှစ်ယောက် မြင်းတကောင်တည်း စီးနေလိုက်တာ။ မြင်းလေး သနားပါတယ်" လို့ ဆိုကြတော့ သားလုပ်တဲ့သူက ဆင်းပြီး အဖေလုပ်သူကိုပဲ စီးစေသတဲ့။ အဲဒီလို လာကြရင်း လူတချို့က ပြေသတဲ့။
" ကြည့်စမ်း။ အဖေ လုပ်ပြီး ကိုယ့်သား လမ်းလျှောက်နေတာကို ကြည့်ရက်တယ်။ ဖခင်စိတ် မရှိလိုက်တာ" လို့ ဆိုကြပြန်တော့ အဖေဖြစ်သူက ဆင်းလမ်းလျှောက်ပြီး သားကို မြင်းစီးစေ သတဲ့။ အဲဒီခါကျတော့ လူတွေက
" ကြည့်စမ်း။ ဖခင်အိုကြီးကို လမ်းလျှောက်ခိုင်းပြီး အခန့်သား မြင်းစီးနေတာ အမြင်မတော်လိုက်တာ" တဲ့။ သားအဖနှစ်ယောက်လဲ နောက်ဆုံး ဘယ်သူမှ မစီးတော့ပဲ မြင်းကို ဆွဲလျက် လမ်းလျှောက်သွားတာ မြင်တဲ့အခါ
" ကြည့်စမ်း။ ဥာဏ်ကိုမရှိဘူး။ မြင်းစီးပြီး သွားတော့ ခရီးပိုတွင်တာပေါ့။ ဒါလေးတောင် မစဉ်းစားတတ်ဘူး"


ကဲ.. ဒီပုံပြင်လေးကို အားလုံးသိပြီးသားပါ။ လူတွေများ ကိုယ်နဲ့ မဆိုင်တာကို ဘာလို့များ အချိန်ကုန်ခံ ၊ လေကုန်ခံပြောနေတယ် မသိတော့ပါဘူး။ ကျွန်မလဲ အဲဒီလို လူထဲ ပါကောင်းပါသွားဖူးမှာပါ။
ပြီးတော့ ကိုယ် လုပ်နေတာကို လုပ်ရင် လုပ်ပြန်ပြီ။ မလုပ်ပဲ ထိုင်နေရင် ထိုင်ပြန်ပြီနဲ့ အပြောခံရရင် တော်တော်လေးကို စိတ်ပျက်ဖူးတယ်။ ဒါပေမဲ့လည်း.." သြော် ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရဲ့ခုနှစ်ရက် " ပေါ့လို့ တွေးမိပါတယ်။ ဒါပေမဲ့ တော်တော်လေး လွန်လာရင် စိတ်ပျက်တဲ့ အဆင့် ရောက်သွားပြန်ရော။ ကျွန်မ စိတ်ပျက်သွားပြီဆိုရင် အဲဒီလူအပေါ် လုံးဝ ဥပက္ခာပြုလိုက်ခြင်းပါပဲ။ (ဒါကလဲ တရားလွန်လာရင်တော့ ကျွန်မ ဥပက္ခာပြုလိုက်တာပါ)။
ကိစ္စတွေ တော်တော်များများမှာ လူတွေ အမြင်မတူနိုင်ပါဘူး။ စိတ်ဓာတ်ချင်းတူဖို့ဆိုတာ ဝေးရော။ ကျွန်မခံယူထားတာက နားလည်မှု့ဆိုတာ တမင်မွေးယူထားတာပါ။ ဒီအတိုင်းဘလိုင်းကြီး ဘယ်သူမှ အလကားနေ နားမလည်ပေးပါဘူး။ ဒါက ကျွန်မ ခံယူချက်နော်။
ဒါပေမဲ့ အချိန်ကုန်ခံ ၊ လေကုန်ခံပြီး အကျိုးမရှိ လိုက်ပြောနေခြင်းကိုတော့ စိတ်ပျက်မိပါတယ်။ ဒါက အကြံဥာဏ်ပေးတာနဲ့ မတူတော့ပါဘူး။ ဥပမာကွာ.အမှားတခု လုပ်မိနေတယ် ။ ဒါကို အမြင်မတော်လို့ ဒီလိုဆို မကောင်းဘူး။ ဒါမျိုးလေး လုပ်ပါလားလို့ ဆိုပြီး အကြံဥာဏ်ပေးတာမျိုး မဟုတ်တော့ပဲ ပိုမိုအမှား လုပ်မိအောင် ဘေးကနေ တွန်းအားပေးနေသလို ဖြစ်နေပါတယ်။ မှားနေတယ်ဆိုရင် ထောက်ပြလိုက် ၊ မဟုတ်ရင် (နောက်ဆုံး ငါနဲ့ ဆိုင်တာမှ မဟုတ်ပဲလို့ ခံယူထားရင် )ဘာမှမပြောပဲ နေလိုက်ပါ။ မှန်နေတယ်ဆိုရင် အောင်မြင်ပါစေလို့ အားတက်စေမဲ့ စကားလေးတခွန်းပဲ ပြောပေးပစေဦး။ သိပ်ကျေးဇူးတင် / သိပ်ပျော်သွားမှာပါ။ မပြောချင်ရင်( ၀မ်းသာမပေးနိုင်ရင်) ဒီအတိုင်းလေးပဲ နေလိုက်လို့ ဘာမှ မဖြစ်ပါဘူး။
ဒီပုံပြင်လေးကို အခြေခံယူရရင် ဒီလို ဟိုလို လိုက်ပြောနေတော့ အမှားလုပ်ရင် ပိုအမှားလုပ်မိမယ်။ အမှန်လုပ်နေတာဆိုရင်တောင် သူပြောတာ ဟုတ်နိုးနိုး ၊ ငါလုပ်နေတာ မဟုတ်သယောင် ဖြစ်သွားတတ်ပါတယ်။
အင်းပေါ့လေ..လောကကြီးမှာကလဲ ဒီလို ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း မရှိရင် ပျင်းစရာကြီး ဖြစ်သွားမှာပေါ့လို့ပဲ တွေးထားတာ ကောင်းပါတယ်နော့။ :))
အဟဲ..လျှောက်တွေးနေလိုက်တာ ဘယ်တွေ ရောက်ကုန်ပြီလဲ မသိတော့ဘူး။ အဆုံးသတ်ရရင်ဖြင့်..
ကဲ ကလေးတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။။။။။

5 comments:

Sein Lyan Tun said...

" သြော် ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရဲ့ခုနှစ်ရက် " ပေါ့လို့ တွေးမိပါတယ်။ ဒါပေမဲ့ တော်တော်လေး လွန်လာရင် စိတ်ပျက်တဲ့ အဆင့် ရောက်သွားပြန်ရော။ ကျွန်မ စိတ်ပျက်သွားပြီဆိုရင် အဲဒီလူအပေါ် လုံးဝ ဥပက္ခာပြုလိုက်ခြင်းပါပဲ။ (ဒါကလဲ တရားလွန်လာရင်တော့ ကျွန်မ ဥပက္ခာပြုလိုက်တာပါ)။
ကျနော့်မှာလဲအဲဒီစိတ်လေးရှိတယ်
ဘယ်သူဘာပြောပြော..ကောင်းကောင်းဆိုးဆိုး ပြုံးနေမိတယ်မငုံ..
အဓိက က သူတို့ တွေဘာပြောပြော ကောင်းကောင်းဆိုးဆိုး ကိုယ်ကမေ့ထာနိုင်ရင် ငြိမ်းချမ်းပါတယ်
အဆင်ပြေပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Welcome said...

မကြီးငုံ ..

ခွေးဟောင်တိုင်းတာ ထကြည့်နေရင် အိပ်ရေးပျက်ယုံရှိပါမယ်။
ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်မှန်မယ်ထင်ရင် ဆက်သာလုပ်ပါ။

ဆင်ဆင်ပြေပါစေ
ကိုချစ်ဖေ (အဟိ)

အိုက်ခီလောက် said...

ငါ့အမက ဒေါသအိုးလေး သိနေတယ် အဟတ်
အဲ့ဒါပဲ လူတွေက ပြောချင်တာပြောနေကျတာ
ငါတို့ လည်းလူတွေပဲ ဒီထဲကမလွတ်ပါဘူး
ဖြစ်နိုင်ရင်ဆင်ခြင်ပြီးနေကျတာပေါ့ လေ
ဆြာဂျီးလုပ်သွားတယ်
မငုံ :p

kiki said...

မငုံလေး...လှလိုက်တာနော် .. တော်လိုက်သမှ ဆရာကတော်ကျနေတာဘဲ။....အဟဲ..ချီးမွမ်းကြည့် တာလေ။ ဘယ်လိုအရသာလေးလဲ ???
အင်း..ဒီအပျို မကြီးတကြီး မငုံ..ဂျီးများလွန်းလို့  ခုထိ မစွံသေးတာပေါ့။...
အဟဲ.. ဒါက ကဲ့ ရဲ့ ကြည့် တာ ... ချိတ်ချိုးနေပြီ ဟုတ်...???
အဟား။။။။ဒီ commentကြီးက နောက် ၇ ရက်ကျော်သွားရင်လဲ ရှိနေမှာဘဲနော်။။ မယုံရင် စောင့်ကြည့် နေ . ဟွန့် .. :))

ကြယ်စင်မင်း said...

ပုံပြင်ပြီးသွားရင် နောက်တစ်ပုဒ်ထပ်ပြော.. နောက်တစ်ပုဒ်ထပ်ပြော... သားသားမအိပ်ချင်သေးဘူး.. ဟီးး အီးးး ဟီးး ( ငိုချင်ယောင်ဆောင်နေသည် ) :D

ကျွန်တော်ဆိုရင် လူများကို ကဲ့ရဲ့ခါနီး ကိုယ့်ကိုကိုယ် ပြန်လည် စမ်းစစ်တယ်... ဒါနဲ့ပဲ ကဲ့ရဲ့ဖို့လူတောင် ဘယ်ပျောက်သွားတယ်မသိ.. :D ဟီးး