နောက်အပတိဆို မြန်မာတွေရဲ့ နှစ်သစ်ကို ကူးပြောင်းတော့မယ်။ သင်္ကြန်ကျတော့မယ်။ ဒီနှစ်နဲ့ဆို နှစ်သစ်ကို မိသားစုနဲ့ မကူးရတာ နှစ်နှစ်ရှိပြီ။ သင်္ကြန်အကြိုနေ့မှာ အတာအိုးထိုးပြီး ကြိုတာတွေ၊ ညနေ ခြောက်နာရီ ၀န်းကျင်လောက်ဆိုရင် ဘိုးဘိုး၊ဘွားဘွားအိမ်သို့ သွားရောက်ကန်တော့ကြမယ်။ ကန်တော့ အလှူစာ( ကျွန်မတို့ ဒေသအခေါ်လေးပေါ့)ကို ဖယောင်းတိုင်၊ ကြက်သွန်နီ၊ ဖြူ ၊ ဆား၊ သကြား၊နို့ဆီ၊လက်ဘက်ခြောက်၊ဆန်၊ ငွေ စသည်ဖြင့် သွားရောက်ကန်တော့ကြတဲ့အခါ ကျွန်မမပါလို့ မိသားစုတွေ စိတ်မကောင်းဖြစ်ကြမယ်ဆိုတာ သိနေသလို အဝေးကနေပြီးတော့လဲ ကျွန်မ လွမ်းမျက်ရည်ကျရဦးမှာပါလား။ ဘိုးဘွားတွေ ကန်တော့ပြီးရင် တခြားဆွေမျိုး သက်ကြီးဘိုးဘွားတွေဆီ သွားရောက်ကန်တော့ဖို့ မောင်နှမတွေ သွားရဦးမယ်။ တစ်မြို့လုံး တအိမ်တက် တအိမ်ဆင်းနဲ့ လူကြီးများကို သွားကန်တော့ကြဆိုတော့ လူတွေ စည်ကားနေတော့တာပါပဲ။ အိမ်တိုင်းမှ ရှမ်းဟင်းထုတ်တွေ စားကြသလို၊ အိမ်အပြန် ထဲ့ပေးလိုက်လို့ သင်္ကြန်တွင်းမှာ ဒါပဲလိမ့်စားနေတာတွေကို လွမ်းတယ်။

သင်္ကြန်အကျနေ့လေးမှာ မနက်ပိုင်းစောစောလေးမှာ မြို့တွင်းဘုန်းကြီးကျောင်း မတက်ခင် သွားမကန်တော့ရသေးတဲ့ အိမ်တွေကို ဆက်ကန်တော့ကြမယ်။ မနက် ကိုးနာရီလောက်မှာ မြို့မှာရှိတဲ့ နန်းဟူး၊မွေတော် ကျောင်းကို တမြို့လုံးရှိ မြို့သူမြို့သားအားလုံး စုပေါင်း တရားနာ ဥပုသ်သီလယူကြတယ်။ ၁၁နာရီဝန်းကျင်လောက်မှ အိမ်ပြန်ပြီး ဥပုသ်စောင့်မည့်သူများကို အရင်ဆုံး ကျွေးမွေးကြတယ်။ သုံးနာရီဝန်းကျင်လောက်မှာတော့ လူငယ်များ သူတို့ အသိအိမ် ၊ သူငယ်ချင်းမတွေ အိမ်ကို မရမက တံခါးဖွင့်ခိုင်းပြီး ရေလောင်းကြတယ်။ သမီးပျိုရှိတဲ့ အိမ်ဆိုတော့လဲ မတတ်နိုင်ဘူးလေ။ သင်္ကြန်မို့ လူကြီးတွေက ခွင့်ပြုကြရတယ်။ အဟဲ ကျွန်မ အမကြီဆုံးက ဒိုင်ခံ ရေလောင်းခံနေရတော့ သနားပါတယ်။ ညီအမသုံးယောက်လုံးကို ဆင်းခိုင်းပေမဲ့ ပေပြီးမဆင်းပဲ နောက်ဆုံး တယောက်တော့ ရေအလောင်းခံဖို့ ၀ိုင်းပြောကြလို့ မဲကျသူကတော့ အမကြီးဆုံးပါပဲ။ ( သနားပါတယ်..မကြီးရယ်။ဒီနှစ်လဲ ရေလောင်းခံလိုက်ပေဦးနော်) ကျွန်မတို့ မြို့မှာရှိတဲ့ မိန်းကလေးအားလုံး သင်္ကြန်ဆို အိမ်အောက်ထပ်ကို ယောင်လို့တောင် မဆင်းကြဘူးနော်။ (အဟိ..ရေကြောက်တာလေ)။ အမျိုးသားများကလဲ နောက်ဆုံး ရအောင်ကြံတာပဲ။ ဘုန်းကြီးကျောင်းကနေ ပြန်လာတဲ့ လမ်းမှာ ရအောင်လောင်းတယ်။

သင်္ကြန်အကြတ်နေ့လေးမှာတော့ မြို့တောင်ပိုင်းမှာ ရှိတဲ့ရွာကျောင်းတွေကို သွားကန်တော့ကြတယ်။ အသွားမှာ ဘယ်သူမှ ရေလောင်းခြင်းမပြုကြပါဘူး။ ဘုန်းကြီးကျောင်းသွားရင် ရေစိုကြီးနဲ့ ဖြစ်နေမှာစိုးလို့ ကလေးလူငယ်မရွေး အလိုလို လိုက်နာတဲ့ အသိစိတ်လေးပေါ့။

သင်္ကြန်အတက်နေ့လေးရောက်တော့ မြို့မြောက်ပိုင်းရှိ ရွာကျောင်းတွေကို သွားကန်တော့တဲ့ အလှည့်ပေါ့။ ရွာဘုန်းကြီးကျောင်းတိုင်း ထမင်းကျွေးပါတယ်။ လာသမျှ ဧည့်သည်ကို အခါးရည် ၊ လက်ဘက်ရွက်သုပ်နဲ့ ဧည့်ခံကြတယ်။ သိပ်ချစ်စရာကောင်းတာပဲ။ တအားလွမ်းတာပဲ။ လက်ဘက်ရွက်သုပ်လေးက ကျွန်မအကြိုက်ပေါ့။ ပင်လောင်းလို့ ဆိုတာနဲ့ လူတွေထင်တာက ပအိုဝ့်လူမျိုးလို့ ထင်ရအောင် ပအိုဝ့်ဒေသ ဖြစ်ပါတယ်။ ဆိုတော့ ပအိုဝ့် မုန့်ကြွပ်ကြော်က မပါမဖြစ်လေ။ ဆားဖြူးစားရင် တအားကောင်းတာပဲ။

နှစ်ဆန်းတရက်နေ့ မနက်စောစောမှာပဲ အိမ်က ဘုရားဆင်းတုတော်တွေကို ရေသပ္ပာယ်တယ်။ နောက် နှစ်ကူးပန်းထိုးတယ်။ နောက် တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ကြ၊ အချင်းချင်း တနှစ်ပတ်လုံး ငွေဝင်အောင်ဆိုပြီး စတိငွေပေးကြနဲ့ သတိရတယ်ကွာ။ နောက် မြို့ အနောက်ဘက်မှာရှိတဲ့ ပင်လယ်ကျောင်းကို သွားကြတယ်။ အဲဒီ ပင်လယ်ကျောင်းဆိုတာ အနော်ရထားမင်းကို ကျန်စစ်သား ထွက်ပြေးတိမ်းရှောင်ရင်း ရောက်ရှိလာတဲ့ နေရာလေးပါ။ ကျန်စစ်သားလှံထောက်တဲ့ နေရာ၊ နောက် သမ္ဘူလနဲ့ တွေ့တာ စသည်ဖြင့် ရာဇ၀င်ဆိုတဲ့ နေရာလေးပါ။ ( ဒီမှာ ရာဇ၀င်လေးကွဲနေတာရှိလို့ ဒါအမှန်ပါလို့ ပြောဆိုရေးသားတာ မဟုတ်ပါဘူး။ ကျွန်မတို့ သိတဲ့ ရာဇ၀င်လေးပါ။) ကျွန်မတော့ ဒီအသက်ထိ တခါမှ မရောက်ဖူးပါဘူး။ သွားမယ်လုပ်ရင်း မသွားဖြစ်ဘူး။ ရေစက်မရှိနေဘူး။ ကျွန်မတို့ဆီမှာက နှစ်ဆန်းတရက်မှ ရေတအားကစားတဲ့ နေ့လို့ပြောလို့ရတယ်။ ဘယ်အပျိုမှ မလွတ်ဘူး။ ရေမလောင်းမရမချင်း အိမ်ကနေ မခွာကြဘူး။ မိဘမောင်ဘွားတွေလဲ ဘာမှပြောလို့ မရဘူးလေ။ မြို့ရိုးရာလေးကိုး။

နှစ်ဆန်းနှစ်ရက်နေ့မှာတော့ မြို့အေ၇ှ့ပိုင်းမှာ ရှိတဲ့ မြို့ရဲ့ အမြင့်ဆုံး တောင်ဖြစ်တဲ့ လွယ်မောင်းတောင်ကို တက်ကြတဲ့နေ့လေးပေါ့။ အဲဒီလွယ်မောင်းတောင်ထိပ်ကနေ ကြည့်ရင် အင်းအစပ်ကို မြင်ရပါတယ်။

ဒါကတော့ ကျွန်မတို့မြို့လေးရဲ့သင်္ကြန်ကျပုံလေးပါ။ သင်္ကြန်တွင်းမှာ လူကြီးသူမများ တနေကုန် ဘုရားကျောင်းကန်မှာ သွားရောက် ဥပုသ်သီလစောင့်၊ လူငယ်တွေက ဘုန်းကြီးကျောင်းမှာ လုပ်ကိုင်ကူစရာ ပြီးတာနဲ့ တမြို့လုံး လည်ပတ် ရေလောင်း ၊ မိန်းကလေးများလဲ ဘုန်းကြီးကျောင်းမှာ လုပ်ကိုင်စရာ ပြီးတာနဲ့ အိမ်ပြန်ပြေး ပုန်းနေတော့တာပါပဲ။ ဒါဆို ပြောစရာ ရှိမယ်။ လူကြီးတွေပဲ ဥပုသ်စောင့်တယ် ။လူငယ်တွေက အပျော်ပဲ လုပ်တယ်လို့။ ဒါကတောမြို့ ရွာ ဓလေ့ကိုး။ လူငယ်တွေ ဥပုသ်ယူ သီလစောင့်တာထက် ဘုန်းကြီးကျောင်းမှာ လာသမျှ ဧည့်သည်ကို ထမင်းကျွေးတာဆိုတော့ လုပ်ကိုင်ကူညီကြတယ်။ တရားနာတယ်။ တရားနာချိန်မှာ သီလယူတာ လူကြီးနဲ့ တူတူပါပဲ။ ရိုသေစွာ ခံယူကြပါတယ်။ ကျွန်မတို့ မြို့လေးမှာက တရားစခန်းတို့ ဘာတို့ ရှိတာလဲမဟုတ်ဘူးလေ။ မြို့ဓလေ့လေးအတိုင်း နေထိုင်ကြတာပါ။ ကျွန်မတို့ မြို့ဓလေ့အရဆို သင်္ကြန်အကြိုနေ့ကစပြီး လိုက်လံ ကန်တော့တာ နောက်ခုနှစ်ရက်ပြည့်တာတောင် မပြီးသေးပါဘူး။ ဒီလို တခြားရွာရှိ အသိလူကြီးရှိရင်လဲ သွားရောက် ကန်တော့ကြတာပါပဲ။ ရွာတွေကို လမ်းလျှောက်သွားကြများပေမဲ့ ဒီနောက်ပိုင်းမှာ ဆိုင်ကယ်နဲ့ သွားကြတယ်။ ပအိုဝ့် လူမျိုးတွေရဲ့ ဓလေ့ရိုးရာဆိုရင် ပိုမမှားပါဘူး။ သူတို့ ရေလောင်းမှာ တအားကြောက်ကြတယ်။ အဲဒီလို ရွာဘုန်းကြီးကျောင်းတွေ သွားကန်တော့ရင်း လုပ်ကိုင်ကူနေတဲ့ ချောချောလှလှလေးတွေ တွေ့ရင် ခွင့်တောင်းရေလောင်းတာပဲ။ အဟဲ ပအိုဝ့်မချောချောလေးဆိုရင် ရှမ်းလးတွေ သွားရောက်ရေလောင်းသလိုပါပဲ ၊ ပအိုဝ့်လေးတွေ ချောရင် စနောက်ချင်တာနဲ့ ရှမ်းမလေးတွေကလဲ ခပ်တည်တည်နဲ့ ရေလောင်းချပြီး ပြန်ပြေးတာပေါ့။ :)) ပြန်တွေးကြည့်ရင် ပအိုဝ့်လူမျိုးတွေ တော်တော်ရိုးသားကြသကိုး။ ကြောင်ပြီး ကျန်ခဲ့တာတွေ များတယ်လေ။ ဘယ်လိုလဲ လာပြီး ကျွန်မတို့ မြို့လေးမှာ သင်္ကြန်တခါလောက် လာနွှဲမလား။ ဖိတ်ခေါ်တယ်နော်။ ချစ်စရာကောင်းတဲ့ မြို့ဓလေ့လေးနော်။။

8 comments:

Anonymous said...

ကိုယ့်လူမျိုး ရဲ့ ရိုးရာဓလေ့ တွေကို အခုလိုလေ့လာရတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ နောက်လည်း အမြဲလာအားပေးပါ့မယ်နော်။

ခင်တဲ့
ရောင်ပြန်

တလနွန် said...

သထုံ မှာ ရှိတဲ့ ပအိုဝ့် သူငယ်ချင်းတွေ ပြောတာနည်းနည်းကြားဖူးတယ်
အခုမှ သေသေချာချာ သိတော့တယ် ပအိုဝ့် သင်္ကြန်ကို တောင် ရောက်ဖူး
ချင်သွားပြီး ကိုယ့်ဓလေ့ နဲ့  ကိုယ် ပျော်ရွှင်လှပကြပါစေဗျာ

Welcome said...

ငယ်က လူကြီးတွေကို (ခေါအက်) (ရှမ်းဟင်းထုတ်) သွားကန်တော့လို့ တစ်ကျပ်တန် အသစ်ကလေးတွေ ဆုချရင် အရမ်းပျော်တယ်။

Welcome said...

မကြီးငုံ

comment ပေးတဲ့နေရာမှာ Word verification ဆိုတာကြီးကို ဖြုတ်လိုက်ပါလား။
နက်မကောင်းပါဘူးဆို အဆင့်ဆင့်လုပ်နေရတာ စိတ်မရှည်ဘူး

ရေလာလောင်းအုန်းမယ်

kiki said...

ရှမ်းမလေး မငုံရေ ။ ပအိုဝ့် နည်းနဲ့ ရေလာလောင်းတယ်ဝေ့ ။ အခုထွက်ခဲ့ ။ ရှမ်းဟင်းထုတ် ၂ ထုတ်ပါဆွဲလာပေး ။ ဗိုက်ဆာနေပြီ ။ပြီးရင် အနော်ရထားစီးတဲ့ နေရာ လိုက်ပို့ ပေး ..ဟိဟိ...စာလုံးပေါင်းပြန်ပြင်ပေးးး

အိုက်ခီလောက် said...

အယ် ငါ့အမလည်း ပအိုဝ့်ချော် ချော် လေး နဲ့ ပေါ့ လောင်းလိုက်တာ
ဗိုက်ချာဒယ် ဟင်းထုတ်ကျွေး ဒါပဲ သောက်တော်ဘူး ဒီနေ့ တော့

ကြယ်စင်မင်း said...

ပအိုဝ့်ကောင်လေးတွေကိုတော့ သိပ်စိတ်မ၀င်စားတော့ဘူး.. ပအိုဝ့်မလေးတွေကို ဒီကနေပဲ ရေလောင်းလိုက်တော့မယ်ဗျာ.. ချိတ်ဝင်စားတယ်.. လာမယ်..လာမယ်.. မနက်ဖြန်.. ဟီးး :D

Sein Lyan Tun said...

တနယ် နဲ့ တနယ် မတူတဲ့သင်္ကြန်ကျပုံလေးကိုလွမ်းမောသွားပါတယ်..
မငုံက ပေတေပြီးရေလောင်းမခံဘူးပေါ့လေ...
အင်းပေါ့..ကောင်လေးကမချောလို့နေမှာ
ကောင်လေးချောချောလေးသာဆို
အိမ်အောက်ကိုပြေးဆင်ပြီးရေလောင်းခံမှာမြင်ယောင်သေး..
အဟီးး..စိတ်တိုနေပြီးလား ဖိုးစိန်တစ်ယောက်မှန်တာတွေလာပြောနေတယ်လို့ 
ခင်တဲ့
ဖိုးစိန်