ကျွန်မတစ်ယောက် ဘယ်လိုတွေ ဖြစ်နေတယ် မသိဘူး။ ဒီ၂၀၀၉ အစကတည်းက လူကစိတ်ချမ်းသာ နေသလို ၊ ပျော်ရွှင်မှု့ ရှိသလိုလိုနဲ့ ပျော်ရွှင်မှု့ တွေ ပျောက်ဆုံးနေတယ်။ အရင်ကဆို ကျွန်မကို လူတိုင်းက ပြောကြတယ်။ အပူအပင်ကို မရှိဘူး။ ရယ်ပဲရယ်နေတယ်။ စိတ်ချမ်းသာနေတာပဲတဲ့။ အခုတော့ ရယ်ပြုံးနေပေမဲ့ အသက်မပါနေဘူးတဲ့။ မှန်ပါတယ်။ ဘာကြောင့်ဆိုတာ တွေးတောမိတော့ အများကြီးပဲ။ ကျွန်မက နဂိုကတည်းက စိတ်ထားတတ်တဲ့ တစ်ယောက်မဟုတ်ဘူးလေ။ တခုခုဆို တအားခံစားလွယ်သလိုဖြစ်နေတယ်။ စိတ်ညစ်စရာများရှိလာရင် တလောကလုံးမှာ ကျွန်မလောက် စိတ်ညစ်ရတဲ့ သူမရှိဘူးလား ထင်ရအောင် အဲဒီလို ခံစားလိုက်တတ်တယ်။
ဒါကြောင့် ကျွန်မကို သူငယ်ချင်းတစ်ယောက်က စာအုပ်လေးတစ်အုပ် ပေးဖတ်တယ်။ ဖတ်ကြည့်ပါတဲ့ ။ ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီးမှ သူလက်ရှိခံစားနေရတာတွေ လျော့ပါးသွားတာတဲ့။ စာအုပ်လေးကတော့ ဆရာတော် ရဝေနွယ်( အင်းမ)ရဲ့ " မနေကြလို့ သေကြတဲ့အခါ" ဆိုတဲ့ စာအုပ်လေးပါပဲ။
အဲဒီ စာအုပ်လေးမှာ အပိုင်းသုံးပိုင်းပါတယ်။ "မနေကြလို့ သေကြတဲ့အခါ ၊ စိတ်ဆိုးတော့မယ်ဆိုရင်၊ ဒါလည်းပြီးသွားမှာပါ"ဆိုပြီး။ အပိုင်းတိုင်း ကောင်းတယ်။ လိုက်နာကျင့်သုံးသင့်တဲ့ အချက်တွေချည်းပဲ။ အဲဒီထဲံမှာမှ ' ဒါလည်းပြီးသွားမှာပါ" ဆိုတဲ့ အပိုင်းလေးမှာ ဖော်ပြထားတာလေးကို ဝေမျှချင်ပါတယ်။ ဆရာတော်ရဲ့ အရေးအသားတွေကို အဓိကထား တင်ပြလိုက်ပါတယ်။
" ဆင်းရဲ ချမ်းသာသဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လဲစီ လှည့်အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။ "
တဲ့။
ကျွန်မတို့ ဗုဒ္ဓမြတ်စွာဘုရားသခင်တောင် လောကဓံနဲ့ ကြုံတွေ့ရသေးတာပဲ။ ကျန်သာမန် လူသားတွေ လောကဓံ ခံစားကြရတယ်ဆိုတာ မပြောပလောက်တဲ့ အကြောင်းလေးကို တင်ပြထားတာ ဖတ်ရတော့ ကိုယ်ခံစားရတာ ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးဆိုတာ သိမြင်လာရတယ်။
ဆရာတော်ဘုရားက ဆရာဦးဖေမြင့်ရဲ့ 'စာသမား၏ မှတ်စုများ" စာအုပ်မှ ရရှိလာတဲ့ ဆောင်ပုဒ်လေးတစ်ခုကို တင်ပြထားပါတယ်။
်ဆရာတော်ဘုရားက ရေးထားတယ်။ " ဒုက္ခတစ်ခုဟာ အမြဲတည်တံ့မနေပါဘူး"တဲ့။ ဒုက္ခပဲ အမြဲကြုံတွေ့နေရမှာမှ မဟုတ်ပဲ။ ဒုက္ခတွေ ပြီးမြောက်သွားရင် သုခချမ်းသာတွေ ရောက်ရှိလာရင် အရာအားလုံးကို စိတ်ဆင်းရဲခဲ့ရသမျှတွေဟာ အဲဒီခါကျတော့လဲ ဘာမှ မဟုတ်တော့ဘူး။ ဒီလိုပဲ ချမ်းသာသုခကို ခံစားနေရချိန်မှာ အမြဲတည်တံ့နေမယ်ထင်ပြီး နေလာသမျှ ဒုက္ခနဲ့ ကြုံတွေ့ရတော့ စိတ်ထားတတ်အောင် နေဖို့ပါပဲ။ အရာ အားလုံးဟာ ဖြစ်ပြီးရင် ပျက်တဲ့ သဘောမို့ " ဒါလည်းပဲ ပြီးသွားမှာပါ "လို့ မှတ်ယူနိုင်ဖို့ ၊ စိတ်ထားတတ်နိုင်ဖို့ လိုအပ်ပ်ါတယ်။
ဆရာတော်ဘုရားကလည်း ပြောကြားထားရာမှာက ဒီလိုပါ။
" ဒါလည်းပြီးသွားမှာပါ ဆိုတဲ့ ဆောင်ပုဒ်လေးက အဆိုးလောကဓံနဲ့ ကြုံတွေ့လာရတဲ့ အခါမှသာ နှလုံးသွင်းဖို့ မဟုတ်ပါဘူး။ အကောင်းလောကဓံနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း အောက်ခြေလွတ် မသွားဖို့ သတိပေးနေတဲ့ ဆောာင်ပုဒ်လေးပါ" လို့ ရေးသားတင်ပြထားပါတယ်။
နောက်တင်ပြထားတာလေးတစ်ခုက " ပုထုစဉ်တွေဆိုတော့ ဘယ်သူမှ အဆိုးလောကဓံကို မကြုံချင်ကြပါဘူး။ ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။ ပုထုစဉ်ပဲ ညစ်ပေါ့။ တစ်နေရာမှာ သေချာထိုင်ပြီး ၊ ဒါမှမဟုတ် ခုတင်ပေါ် သေချာလှဲပြီး အချိန်လေး သီးသန့်ယူပြီး အားရပါးရ ကျေနပ်အောင်စိတ်ကို ညစ်ပစ်လိုက်ပါ။ ကိုယ့်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့ ကိုယ်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါပဲ။ စိတ်ညစ်တာလဲံညစ်၊ တစ်နေ့တာ ကိုယ်လုပ်စရာရှိတာလည်း လုပ်ပေါ့။ အဓိကကတော့ စိတ်ညစ်စရာရှိပေမဲ့ တစ်နေ့တာ ကိုယ်လုပ်ရမဲ့ အလုပ်တွေ ပျက်မသွားဖို့ပဲ အရေးကြီးပါတယ်။ စိတ်ညစ်တဲ့အခါ အဲဒါ အရေးအကြီးဆုံးပါပဲ။ ဘ၀မှာ ဘယ်လောက်ပဲ အဆိုးလောကဓံတွေနဲ့ပဲ ကြုံရကြုံရ ၊ ဘယ်လောက်ပဲ အကောင်းလောကဓံတွေနဲ့ပဲ ကြုံရကြုံရ ၊တစ်ချိန်ချိန်ကျရင် " ဒါလည်းပြီးသွားမှာပါ" ပဲလေ။
ကျွန်မ ဒီစာအုပ်ကို ဖတ်ပြီး အရာအားလုံး ခံစားနေရတာတွေ လျော့ပါးသွားတယ်။ တွေးလိုက်မိတယ်လေ။
ဒါလည်းပြီးသွားမှာပါ "This, too, will pass".
တကယ်လို့ တခုခုကို ခံစားနေရတဲ့အခါ ဒီလိုလေးတွေးကြည့်လိုက်ပါနော်။
" လက်ရှိခံစားနေရတာတွေဟာ အမြဲ မဟုတ်ပါဘူး။ မကြာခင်ပြီးသွားမှာပါ။ " လို့ တွေးထားလိုက်တော့ လျော့ပါးမှု့ တစ်ခုကို တွေ့ရှိလာကြမှာပါ။

4 comments:

Anonymous said...

အစ်မရေ..
ရေးသင့်တဲ့ ပိုစ့်လေးပါပဲ။ တကယ်တော့ အားလုံးက ခဏလေးပါ။ ဒါဆိုတွေးကြည့်ရအောင်။ လူ့ဘ၀ဆိုတာလည်း ခဏလေးပါပဲ။ ဒီလို အချိန်ခဏလေးတွေမှာ အကောင်းဆုံး၊ အတည်ငြိမ်ဆုံးဖြစ်အောင် နေတတ်ဖို့က ခက်နေကြတာပါ။ လူလို့ ဖြစ်လာတော့ လူ့လောက ဓမ္မတာအရ လောကဓံတရားတွေဆိုတာ ကြုံကြရမှာ မလွဲပဲလေ။ ဒီလို ကြုံလာတဲ့ အချိန်မှာ ခဏလေးပါလားဆိုတဲ့ အသိလေးနဲ့ပဲ နေတတ်ရင် စိတ်အေးချမ်းရာ ရပါတယ်။
ဒါ့ထက်... ဘာမှ မကြာတဲ့ လူ့ဘ၀မှာ ဒီအတိုင်းနေနေပြီးတော့ ဒါလည်း ပြီးသွားမှာပါပဲလို့တော့ မတွေးလိုက်ပါနဲ့ဦး။ လူ့ဘ၀ဆိုတာ တန်ဖိုးရှိပါတယ်။ ဒါထက် သာသနာနဲ့တွေ့တာသည် ပိုပြီး တန်ဖို့ ရှိပါတယ်။ လူတိုင်း ဒီလို တန်ဖိုးတွေကို သိပြီ ခဏတာနေရတဲ့ အခိုက်အတန့်လေးမှာ အများအကျိုး၊ သာသာနာအကျိုး၊ မိမိ ခန္ဓာဝန်တွေကို ကောင်းစွာရွက်ဆောင်သင့်ပါတယ်။ လောကီ အလုပ်တွေ၊ အာရုံတွေကိုပဲ အလိုက်မှားမနေပဲ သေရေးဆိုတဲ့ အရာလေး အတွက်ပါ ပြင်ဆင်ကြဖို့ အကြံပေးပါတယ်။

ဘာပဲ ဖြစ်ဖြစ် အခုပိုစ့်လေး ရေးပေးတဲ့ အစ်မကို ကျေးဇူးတင်ပါတယ်။
ချမ်းသာသုခ ပြည့်ဝကြပါစေ...

Sein Lyan Tun said...

မကြာခင်ပြီးသွားမယ်ဆိုရင် တော့ကောင်းပါတယ်..
သေဖို့ ကို အမြဲပြင်ဆင်ပါတယ်.. မသေနိုင်သေးတာကခက်တယ်

kiki said...

အင်း..လူ့ စိတ်တွေကလည်းအခက်သားဘဲ.စိတ်ပျော်ရွှင်ချမ်းသာနေတဲ့ အချိန်လေးတွေက ကုန်တာမြန်တယ်လို့ ထင်ကြပြီး ၊ စိတ်ဆင်းရဲညစ်ညူးနေတဲ အချိန်တွေကြတော့  မကုန်ဆုံးနိုင်လောက်အောင်ကြာသလို ထင်နေတတ်ကြတာ ။အချိန်ကတော့ လူကို မစောင့်နေဘူးလေ ။ လူတွေကသာ အချိန်နဲ့ လိုက်လျောညီထွေရှိတတ်၊နေတတ်ကြဖို့ အရေးကြီးတာပေါ့ ..အခုဖတ်နေတဲ့ အကြောင်းအရာလေးတွေကိုတော့ဖတ်ပြီး ..ပြီးသွားတာဘဲလို့ တော့ သဘောမထားပါဘူး ။။ပျော်ရွှင်နိုင်ပါစေ နော်....

တောင်ပေါ်သား said...

အမရေ တကယ်ကို အကျိုးရှိတဲ့ ပိုစ့်လေးပါ။ ကျေးဇူးတင်ပါတယ် ကျနော်လဲ အခုတလော စိတ်တွေ ညစ်နေသလိုလို ဘာလိုလိုပဲ အကြောင်းပြချက်လဲ ဘာမှ မရှိပါဘူး။ အမကို တကယ် ကျေးဇူးတင်ပါတယ်


လေးစားလျက်
တောင်ပေါ်သား