ဒီနေ့ ဘာရေးရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတုန်း သူငယ်ချင်း လေလွင့်သူပြောတဲ့ ကျွန်မမွေးရပ်မြို့ အကြောင်းလေးသိချင်တယ်ဆိုတာကို သတိရသွားတယ် ။ ကျွန်မရဲ့မွေးရပ်မြေအကြောင်းရေးရင်း ထပ်စဉ်းစားမိလာတာက နိုင်ငံတိုင်း လူမျိုးတိုင်းမှာ သူ့ဓလေ့နဲ့ သူ့ရိုးရာရှိကြတယ်နော် ။ ပြီးတော့" တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း " ဆိုတဲ့စကားလေးအတိုင်း ကျွန်မတို့မြို့ ရိုးရာဓလေ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ။
ဒီနေ့တော့ စစချင်း အပိုင်း(၁) အနေဇြင့် ကျွန်မတို့မြို့လေးရဲ့ တည်နေပုံလေးကို ပြောပြချင်တယ် ။ ကဲ သူငယ်ချင်းတို့ရေ သွားကြရအောင် မြို့လေးဆီသို့
ကလောမြို့ကိုရောက်ပြီဆိုတာနဲ့ ကျွန်မမွေးရပ်မြေကို သွားဖို့ လမ်းရွေးရပါတော့တယ် ။ ကလောမြို့အထွက်ရောက်တာနဲ့ အောင်ဘန်း- တောင်ကြီးသွားလမ်းနှင့် ပင်လောင်း-လွိုင်ကော်သွားလမ်းဆိုပြီး လမ်းခွဲလေးတွေ့ပါလိမ့်မည် ။ ပင်လောင်း -လွိုင်ကော် သွားလမ်းကနေ ပအိုဝ့်ရွာငယ်လေးတွေကို ဇြတ်ကျော်လာရင်း ကလောမြို့နယ်ကနေ စရေတွက်ရင်း ၄၂မိုင်အရောက်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၀၀အမြင့်မှာတည်ရှိနေသလို တောင်ပတ်လည်တွေ ၀န်းရံနေသော မထင်မှတ်ပဲ မြို့ငယ်လေးကို တွေရပါလိမ့်မယ် ။အဲဒါကျွန်မတို့မြို့ရဲ့ ထူးခြားချက်လေးပါ ။ အဲဒီနယ်မြေကို မရောက်ဖူးသူများဆိုလျှင် ထင်မှတ်ထားမည် မဟုတ်ချေ ။ ရွာငယ်လေးတွေကို ဖြတ်လာရင်း မြို့လေးက တောင်ကြောအကွေ့မှာ ဘွားကနဲ့ ပေါ်ထွက်လာခြင်း ဇြစ်တာကိုး ။ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ၃၉ မိုင်ပဲ ကွာဝေးပါတယ် ။ ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ်ရဲ့ နယ်စပ်မြို့ဆိုလဲမမှားပါဘူး ။
မြို့နာမည်လေး ပင်လောင်းဆိုတာက မြန်မာအသံလိုထွက်တာဇြစ်ပြီး ရှမ်းလိုအသံထွက်ရင် " pan loung ( ပန်လောဝ်)" လို့ အသံထွက်ရပါတယ် ။
ဒီမြို့ငယ်လေးမှာအဓိက ပတ်လည်နေသော တောင်တွေထဲကနေ အဓိကတောင်ကြီးကတော့ အရှေ့ဘက်အရပ်မှာရှိနေတဲ့ လွယ်မောင်းလို့ အမည်တွင်တဲ့ တောင်ကြီးပေါ့ ။ ဒီတောင်ထိပ်ပေါ်ကနေ ကြည့်ရင် အင်းလေး ( အင်းစပ် ) ကို မြင်ရပါတယ် ။ တောင်ဘက်အရပ်မှာရှိတဲ့ ဂျူးလို့ခေါ်တဲ့ တောင်ကျတော့ တော်တော်လေးလှပါတယ် ။ ဒီတော တောင်တွေမှာ ဂူတွေတော်တော်များတယ်လို့ လူကြီးသူမတွေပြောပြလို့ သိရှိရပါတယ် ။ ယခင် ဂျပန်ခေတ်ဆိုလျှင် ဒီတောတောင်ထဲကဂူတွေဆီမှာပဲ ပုန်းရှောင်ကြရပါတယ်တဲ့ ။
ဒီမြို့ငယ်လေးမှာ ရှမ်း ၊ ပအိုဝ့် လူမျိုး အများဆုံး ( ပအိုဝ့်တိုင်းရင်းသားပိုများမယ် ) နေထိုင်ကြပါတယ် ။ တခြား ဓနု၊ တောင်ရိုး ၊ပလောင် ၊ ဗမာ လူမျိုး တို့လဲ နေထိုင်ကြတယ် ။ ဒီမြို့ငယ်လေးမှာ ရပ်ကွက်ကြီး (၆) ရပ်ကွက် ရှိတယ် ။ ကျွန်မကတော့ အနောက်ရပ်ကွက်သူပေါ့ ။
ရာသီဥတုအနေနဲ့ တောင်ပတ်လည်ဝိုင်းနေလို့ထင်ပါရဲ့ အမြဲအေးနေတာပဲ ။ နွေရာသီဆိုပေမဲ့ အနွေးထည် ခပ်ပါးပါးလောက်တော့ ၀တ်ထားရသေးတယ် ။ မိုးရာသီဆိုရင် တမိုးတွင်းလုံး နေ့ညမပြတ် ရွာနေတော့တာပါပဲ။ နေထွက်ဖို့ဆိုတာ ဝေးရော ။ တစိမ့်စိမ့် နဲ့ မပြတ်ရွာနေပုံများ မြို့ခံလူတွေ ပြောသလိုပြောရရင် လူပျင်းမိုးပေါ့ ။ တနေကုန် ၀ုန်းသုန်းကြဲ သည်းသည်းမဲမဲ ရွာတာလဲမဟုတ်ပဲ တစိမ့်စိမ့်ရွာနေတော့လေ အ၀တ်တွေလဲမခြောက် ၊ စိုထိုင်းထိုင်းနဲ့နေရတာ တမျိုးတော့ တစ်မျိုးလေးပါပဲ ။( ဒီခံစားချက်ကလေးကို ဘယ်လိုပြောပြရမှန်း မသိဘူး ။ ) ညလူခြေတိတ်ချိန်ရောက်ရင်တော့ မိုးရွာသွန်းပုံက ရေသွန်ချသလိုပါပဲ ။ ဆောင်းတွင်းဆိုရင် မနက်ဆိုလျှင်ဘာမှမမြင်ရဘူး။ မြူတွေဆိုင်းနေတာများ ထူပိန်းနေတာပဲ ။ နေကလဲတော်တော်နဲ့ မထွက်တော့ဘူး ။ ရှမ်းပြည်တောင်ပိုင်းမှာ အအေးဆုံးမြို့လို့ြေ့ပာကြပါတယ် ။
မြို့လေးမှာ ငါးရက်တစ်ဈေးဖြစ်ပါတယ် ။ ဈေးနေ့ဆိုလျှင် မြို့ပတ်လည် ရွာပေါင်းစုံမှ တိုင်းရင်းသားတွေ လာရောက်ရောင်းဝယ်ဖောက်ကား ကြပါတယ် ။ ဈေးနေ့ဆို မြို့ပေါ်မှာ လူတွေအများကြီးပဲ ။ အင်မတန်မှလဲ စည်ကားပါတယ် ။
ပအိုဝ့်တိုင်းရင်းသားတွေက သိပ်ချီးကျူးစရာကောင်းတယ် ။ သူတို့ရိုးရာ ၀တ်စုံကို မြတ်မြတ်နိုးနိုး အမြဲဝတ်ဆင်ကြဆဲ ။
ကျွန်မတို့မြို့ အဓိကစိုက်ပျိုး စီးပွားရေးကတော့ လက်ဖက်ခြောက်ပါပဲ ။ တော်တော်များများက ပင်လောင်းမြို့ဆိုသည်နှင့် " သြော်..သိတယ် ပင်လောင်းလက်ဖက်ခြောက်လေ " လို့ပြောကြတဲ့အထိပါပဲ ။ နောက် သစ်တော်သီး ၊ လိမ္မော်သီး ၊တညင်း ၊ ဂေါ်ဖီ အဓိက စိုက်ပျိုးကြပါတယ် ။ တစ်ခြားစီပွားရေးလုပ်ငန်းများလဲ လုပ်ကိုင်ကြပါတယ် ။
ဘာကြောင့် ပင်လောင်းလက်ဖက်ခြောက်လို့ နာမည်ကြီးတာဆိုတော့ ကျွန်မတို့မြို့လက်ဖက်ခြောက် လုပ်နည်းလေး သိသလောက်မျှဝေလိုက်ပါတယ် ။ ဆောင်းအကုန် နွေအကူးမှာ ခူးဆွတ်ထားတဲ့ လက်ဖက်ရွက်တွေကို ဖျာပေါ်တွင် စုပုံပြီး ရေစွတ်ကာ ( စွတ်ရုံလေးသာ) လိမ့်ရပါတယ် ။ နောက် နေပူလှမ်းပါတယ် ။ အဲဒီနောက် ခြောက်သွားပါက ရောင်းချရန် အဆင်သင့်ဖြစ်နေပါပြီ ။ အဲဒီလက်ဖက်ခြောက်က နေရောင်ဖြင့် ခြောက်လို့ ရွှေဖီမိုးလွတ်လို့ခေါ်ပြီး အကောင်းဆုံးပါပဲ ။ တချို့ လက်ဖက်ခြောက်များကိုတော့ မိုးတွင်းရောက်ချိန်တွင်လည်းကောင်း ၊ မိုးမိသွားလို့လည်းကောင်း မီးဖြင့် ကျပ်ခိုးတင် ခြောက်စေချင်းဖြစ်လို့ လက်ဖက်နံ့ထက် ကျပ်ခိုးငွေ့နံ့ ထွက်နေသဇြင့် ရွှေဖီခြောက်လောက် ဈေးမကောင်းပါ ။
လိမ္မော်ခြံ လုပ်မည်ဆိုရင် တော်တော်လေး ဂရုစိုက်ရပါလိမ့်မည် ။ သစ်တော်ကတော့ ဒီအတိုင်းလေးပစ်ထားလဲ အချိန်တန် သီးနေပါတော့တယ် ။
ကျွန်မတို့ရှမ်းပြည်မြေဟာ အနီရောင်ဖြစ်ပါတယ် ။ ဒီမြေဆီနီဟာ အင်မတန်မှ စိုက်ပျိုးလို့ကောင်းတဲ့ သဘာဝပေး မြေသြဇာပါ ။
ကဲ..ဒီနေ့တော့ ဒီမှာပဲနားလိုက်ပါမယ် ။ နောက်နေ့မှ ဓလေ့ရိုးရာပွဲတွေကို တစ်ခုစီ ဖော်ပြပေးပါမယ် ။ ကျွန်မထံတွင် ဓာတ်ပုံများ မရှိနေပါသဇြင့် ပူးတွဲမဖော်ပြနိုင်တာ စိတ်မကောင်းပါဘူး ။ ပုံလေးတွေနဲ့ဆိုတော့ ပိုကောင်းတာပေါ့နော် ။ နောက်အလျင်သင့်ရင်း တင်ပေးပါမည် ။

1 comments:

ရေတမာ said...

ပြန်ရောက်ရင်လာလည်မှာနော်..ပုန်းမနေနဲ့...