ဇန်န၀ါရီလ နှစ်ဆယ့်တစ်ရက်နေ့ဟာ အဖေ့ရဲ့မွေးနေ့နော် ။ သမီးချစ်တဲ့အဖေ ဒီမွေးနေ့ရက်မှစ ဘ၀တသက်တာလုံး ကျန်းမာစွာနဲ့ ရှိနေပါစေလို့ ဆုတောင်းပါတယ် ။ သမီးရဲ့အဖေ က တကယ့် အဖေကောင်းပီသတဲ့ သူတစ်ယောက်ပဲနော် ။ သားသမီးတွေ စိတ်ချမ်းသာမှု့ရှိရင် ကျေနပ်နေတယ်နော် ။ လိုလေသေးမရှိအောင်လဲ အမြဲဖြည့်ဆည်းပေးခဲ့တယ်နော် ။ အလိုက်လဲံတအား လိုက်ခဲ့တာပဲနော် ။ အဖေနဲ့ပက်သက်ပြီး ဒီနေ့ သမီးတစ်ခုစီ ပြန်တွေးကြည့်မိတယ် ။
အဖေက စိတ်ထားတအားကောင်းတယ် ။ သူတပါးကိုလဲ တအား အားနာတတ်တယ် ။ စနောက်တတ်တယ် ။ ရှမ်းအစစ်ဖြစ်တဲ့ အဖေ က ပဲပုတ်မကြိုက်ဘူးနော် ။ အရပ်မြင်မြင့် အသားဖြူဖြူနဲ့ အဖေက ငယ်ငယ်က တော်တော်ချောတယ်လို့ ပြောကြတယ်နော် ။
သမီးကို မေ့ အပါအ၀င် မိသားစုဆွေမျိုး သူငယ်ချင်းတွေက ပူးပူး ၊ ဖူးဖူး လို့ခေါ်ကြပေမဲ့ အဖေ နဲ့ ဘိုးဘိုး ၊ ဘွားဘွားကတော့ "တူးတူ" လို့ခေါ်ကြတယ်နော် ။ သမီးက အဖေနဲ့ တော်တော်လေး တူတယ်နော် ။ ခြေလက်တွေက အစတူတယ် ။ အဲဒါကြောင့် သူများတွေက အဖေ့သမီးပဲ လို့ ပြောရင် တအားသဘောကျတယ် ။ အဖေက အမြဲပဲ သားသမီးကို ကိုယ်တိုင်ချက်ပြုတ်ကျွေးချင်တယ်နော် ။
စီးပွားရေးကိစ္စတွေနဲ့ မအားတဲ့ကြားက (အမှန်ဆို အိမ်မှာချက်ပြုတ်ပေးတဲ့ အဒေါ်ကြီးရှိနေရက်နဲ့ ) အချိန်ရရင်ရသလို ချက်ကျွေးတတ်တယ်နော် ။ အဖေ့လက်ရာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပေါ့ ။
သမီးက ငယ်ငယ်က တအားဆိုးတယ်လို့ လူကြီးတွေပြန်ြေ့ပာပြလို့ သိရတယ် ။ အဖေဆို ညညတော်တော် ဒုက္ခရောက်ခဲ့ရတယ်တဲ့ ။ ညညဆိုမအိပ်ပဲ ဂျီတိုက်နေ ၊ အိမ်အပေါ်ထပ်မှာရှိနေရင် အိမ်အောက်ထပ်ဆင်းမယ် အော် ၊ အောက်ထပ်ရောက်ပြန်တော့လဲ အပေါ်ထပ်တက်မယ်လို့ အော် နဲ့ တော်တော်ဆိုးတာတဲ့ ။
မှတ်မိသေးတယ် ။ သမီး ရှစ်တန်းကျောင်းသူဘ၀က အသည်းအသန်ဖျားတုန်းကပေါ့ ဆရာဝန်က အရည်ကလွဲ ဘာမှမကျွေးရဘူးဆိုတာကို ထမင်းမှမစားရရင် ကျန်တာလဲ ဘာမှမစားဘူး။ ဆေးလဲမသောက်ဘူး ဆိုပြီး ဆိုးခဲ့တဲ့ သမီးကို အဖေက သနားပြီး ထမင်းကျွေးမိပါတယ်နော် ။ နေ့တောင်မကူးဘူး ဆေးရုံပြန်ပြေးရတာ ။ နောက်မှသိရတာက အဲဒီကိစကြောင့် အဖေငိုခဲ့ရသလို မေ့ကလဲ စိတ်ဆိုးပြီး ကလေးတစ်ခုခုဖြစ်ရင်ဘယ်နဲ့ လုပ်မလဲဆိုပြီး အဖေ့ကို အပြစ်တင်တယ်နော် ။ အမှန်ဆို သမီးမကောင်းတာပေါ့နော် ။
လုပ်ချင်တာ ဖြစ်ချင်တာရှိရင် ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ သမီးကြောင့် မိဘတွေ ဘယ်လောက်စိတ်ညစ်ရမလဲဆိုတာ ပြန်တွေးမိတိုင်း ကိုယ်ကိုကိုယ် ဒေါသထွက်မိတယ် ။
ကြီးလာပြန်တော့လဲ တစ်မျိုးပြီး တစ်မျိုး စိတ်ပူရအောင် လုပ်မိခဲ့သလားပဲနော် ။ မြန်မာပြည်ကနေ ထွက်လာတဲ့နေ့က လေဆိပ်မှာ သမီးခေါင်းကို ကိုင်ပြီး " သူတော်ကောင်းတွေနဲ့ တွေ့ပါစေလို့ " ဆုပေးခဲ့တယ် ။ သမီးက အားလုံးကို လှည့်မကြည့်ပဲထွက်လာတော့ အသဲမာလိုက်တာလို့ ပြောကြတယ်နော် ။ အမှန်ဆို အဲဒီနေ့က လှည့်ကြည့်မိရင် မသွားတော့ဘူးဆိုပြီး လုပ်မိမှာစိုးလို့ လုံးဝပြန်လှည့်မကြည့်ခဲ့တာပေါ့ ။
အဝေးရောက်နေမှ မိသားစုတန်ဖိုး ပိုထားတတ်လာတယ် ။ ဖုန်းဆက်တိုင်း အဖေ့အသံ ကြားတာနဲ့ ရှိုက်ကြီးတငင်ငိုနေလို့ စိတ်မကောင်းဖြစ်မယ်ဆိုတာ သိပေမဲ့ မျက်ရည်က ထိန်းလို့ မရဘူးလေ ။ ဘ့ အသံနည်းနည်းလေးပြောင်းနေတာနဲ့ နေမကောင်းဘူးဆိုပြီး ပိုပို ငိုလို့ အဖေ စိတ်ညစ်ရမှာနော် ။ ကျန်းမာရေးကို ဂရုစိုက်ပါနော် ။
သမီးကြိုက်တဲ့ ပဲပုတ် ၊ မှိုကြော်တွေကို ကိုယ်တိုင်ကြော်ပြီး ထဲ့လာပေးတယ်နော် ။ စာထဲမှာလဲ စိတ်ပူစွာနဲ့ မှာထားတာတွေ အများကြိးပဲ။ အဝေးရောက်နေတော့ ပိုစိတ်ပူနေတယ်နော် ။ ဒီစာတွေကို ဖတ်တိုင်း အဖေအနားမှာ လာပြောနေသလို ခံစားရတယ် ။
သမီး အခုချိန်ထိ ဘ့တို့ဆီကနေ အယူချည်းပဲ သားသမီးဝတ္တရားမကျေဖူးဘူး ။ ဘာမှမလုပ်ပေးခဲ့ဖူးဘူး။ သားသမီးကို ကိုယ်တိုင် ချက်ကျွေးချင်တဲ့ အဖေ့ကို သမီး တခါမှ ချက်မကျွေးဖူးသေးဘူးနော် ။
သမီး ၂၀၁၀ vacation ပြန်လာတဲ့အခါ အဖေ့ကို ထမင်းချက်ကျွေးမယ်နော် ။ နေကောင်းအောင်နေပြီး စောင့်နေနော် ။
အဖေရဲ့..သားသမီးတွေကို စိတ်ပူ ဂရုစိုက်တတ်ပုံကို သမီးသူငယ်ချင်းတွေတောင် အားကျတယ် ။ အဲဒီအတွက် သမီး တအားပျော်တယ် ။ ဂုဏ်ယူတယ် ။ သဘောကျတယ် ။
သမီး ရေးချင်တာတွေ အများကြီးပဲ ။ စိတ်ထဲမှာရှိပြီး ဘာလို့ချရေးလို့ မရတာလဲမသိတော့ဘူး ။ အဖေမွေးနေ့ကို သမီးရဲ့ ဘလော့ဂ်မှာ အမှတ်တရ ရေးဖြစ်အောင်ရေးချင်ခဲ့တယ် ။ အကောင်းဆုံး မဟုတ်တောင် တတ်သလောက်လေးရေးတာလေ ။ အခုတော့ စိတ်ထဲမှာ အများကြီး ရှိရက်နဲ့ ချရေးလို့မရအောင် ဖြစ်နေတယ် ။ ပြောမပြတတ်ဘူးဆိုတာ ဒါမျိုးလား မသိဘူးနော် ။
သမီး သိနေတာက အဖေသည် လောကမှာ သမီးအချစ်ဆုံး လူတစ်ဦးပါ။ ဘယ်အရာနဲ့မှ နှိုင်းလို့မရပါဘူး ။ ( မေ့ မသိစေနဲ့နော် :) တော်ကြာ သမီးခေါင်းခေါက်ခံထိနေမယ် ။)

5 comments:

နေလင်း said...

ဖတ်သွားပါတယ်..ဘ့ကို ချစ်တဲ့ သမီးရဲ့ ခံစားချက်တွေကို မျှဝေခံစားသွားပါတယ်..

ချီးယို ..ရှေ့သို့

နေလင်း ( တောင်ကြီးချယ်ရီ)

အောင်ဦး said...

အစ်မ ရေ..
အဖေ့ မွေးနေ့ပိုစ့်လေးကို ဖတ်သွားပါတယ်။ အဖေ ဆိုတာကတော့ မိသားစုတွေရဲ့ ပဲ့ကိုင်ရှင် တယောက်ပါပဲ။ အဖေကို ချစ်တဲ့ အစ်မလဲ အဖေ့ မွေးနေ့မှာ အဖေ့အတွက် စာရေးသလို မေတ္တာလဲ ပို့ပေးလိုက်ပါ။ လောကမှာ ဘယ်အရာမှ အလကားမရတတ်တဲ့ သဘောရှိပါတယ်။ အလကားရတယ် ဆိုတာ မိဘ မေတ္တာပဲရှိတယ်။ ကျန်းမာချမ်းသာနိုင်ပါစေ အစ်မ။ အစ်မတို့ တမိသားစုလုံးပေါ့။

Unknown said...

ယိုရေ ဘ့လို့ ခေါ်တာလေးကို သဘောကျတယ် ခေါ်တာချင်းတူလို့ လေ
ခံစားချက်လေးတွေ မျှဝေခံစားသွားတယ်
ဟဲပီး ဘတ်ဒေ နော် ယို့ အဖေအတွက်
ysmyo

အိုက်ခီလောက် said...

အမရယ် နင့်လိုအဖေလိုချင်လိုက်တာဟာ
ငါမှာ အဖေခေါ်စရာရှိရဲ့ သားနဲ့ ခေါ်မရဘူးလေ
ငါကံမကောင်းပါလား ဟာ
ခုထိ ငါအဖေငတ်နေတယ် သိလား
ရှမ်းလို ပေါ့ လို ခေါ်ချင်တယ်
အားရပါး၇ ကြီးကို ခေါ်ချင်တာ
ဖတ်ပြီး အားကျမိတယ်
ငါလေမိဘရင်ငွေ့ မခံစားဖူးဘူးဟ
နင်ကံကောင်းပါတယ် အမရယ်
ဒီထက်ကံပိုကောင်းနိုင်ပါစေ နော်
ဆုတောင်းပေးလိုက်တယ် သိလား

ရေတမာ said...

တဦးမေတ္တာတဦးမှာ...