အမေများနေ့ကို ကျွန်မစိတ်ထဲ အမှတ်တရဖြစ်နေတဲ့ တကယ့်အဖြစ်အပျက်လေးကိုပဲ ဝေမျှလိုက်ပါတယ် ။ ဒီအဖြစ်အပျက်လေးက ၂၀၀၇မှာ ဖြစ်ခဲ့တာပေါ့။ကျွန်မတို့အိမ်မှာ မွေးထားတဲ့ ခွေးမလေး မီရှယ်လ်ကနေပြီး သားတစ်ကောင်ပေါက်လာတယ် ။ အမဲရောင်လေး... နောက်သုံးရက်မှာပဲ ခွေးကလေးလေး သေသွားတယ် ။ မီရှယ်လ်လေ သူ့ကလေးလေးကိုလိုက်ရှာနေတာ သနားပါတယ် ။ နောက်ရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နောက်ခွေးမလေး မစ်ကီသားပေါက်ပါလေရော ။ သူက လေးကောင်ပေါက်တယ် ။ အဲဒီထဲမှာ အမဲတစ်ကောင်လေးလဲပါလာတယ် ။ ပြသနာက အဲဒီမှာစတာပါပဲ ။
မီရှယ်လ်က အဲဒီအမဲလေးကို သူ့ကလေးဆိုပြီးသွားယူလာတယ် ။ မစ်ကီလေ အရူးလိုပဲ တောင်ပြေး မြောက်ပြေးနဲ့ လူတွေကို သူ့လက်ကလေးနဲ့ လာလာတို့ပြီး အကူအညီလာတောင်းတော့တာပါပဲ ။ အမှန်ဆိုရင် မစ်ကီက မီရှယ်လ်ကို ကြောက်ရတယ် ။ အခုတော့ သူမှာအကြောက်တရားဆိုတာ မရှိတော့ဘူး ။ သူ့ကလေးလေးကို သွားပြန်လုတယ် ။ မီရှယ်လ်ကလဲ မပေးဘူး ။နှစ်ကောင်သား ရန်ဖြစ်တော့တာပါပဲ ။ မစ်ကီက.တခြားကလေးတွေပါထိမှာစိုးလို့ သူ့မှာ ဒီဘက်က ကျန်တဲ့ကလေးတွေနားမှာ နေလိုက် ။ မီရှယ်လစ်တာနဲ့ သူ့ကလေးလေးကို သွားယူလာလိုက် နဲ့ဗျာများနေရတယ် ။ မီရှယ်လ်ကလဲ သူ့ကလေးဆိုပြီး ပြန်ပြန်လာယူတယ် ။ ကျွန်မတို့ မောင်နှမတစ်အုပ်မှာတော့ ဘာလုပ်ရမယ်မှန်းတောင် မသိတော့ဘူး ။ နှစ်ကောင်စလုံးကိုသနားတယ် ။ အစာလဲ ကောင်းကောင်းမစားနိုင်ကြရှာဘူး ။ လစ်တာနဲ့ ကလေးကို သွားပြန်ယူလာလိုက် တစ်ကောင်ကလဲ သိတာနဲ့ ပြန်ရန်လာလုပ်ယူလိုက်နဲ့ပေါ့။
မစ်ကီအနေနဲ့ကလဲ သူ့ကလေးလေးမို့ စိုးရိမ်စိတ် ချစ်စိတ်တွေအပြင် တခြားကလေးတွေကိုပါ ထိလာမှာလဲ စိတ်ပူနေရှာတာ ။ တော်တော်သနားစရာကောင်းပါတယ် ။
မီရှယ်လ်လေးကျတော့ သူ့ကလေးလေး ဆုံးရှုံးထားတာမသိတော့ သူ့ကလေးလေးမှတ်ပြီး နို့တိုက်နေပုံ ကြည့်မိတော့ ဘယ်လိုမှ ထိန်းမရဘူး ။ မျက်ရည်တောင်ဝဲတယ် ။
ဘယ်လိုလုပ်ပေးရမယ်မှန်းလဲ မသိတော့ဘူးလေ ။ မြင်ကွင်းကို ကြည့်နေရတာ စိတ်မချမ်းသာစရာပေါ့ ။
နောက်ဆုံးတော့ အဲဒီခွေးကလေးလေး သေသွားရော ။ ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်ဆိုတော့ သူလဲ ဘယ်လောက်များ စိတ်ညစ်လိုက်မလဲနော် ။
မစ်ကီအနေနဲ့လဲ ဘယ်ဘ၀က၀ဋ္ဋ်ကြွေးပါလိမ့်နော် ။ သူ့သားသမီးကို လုယူခြင်းခံရတယ် ။ သူ့ရင်ထဲမှာ ဗလောင်ဆူနေမှာ သေချာတာပေါ့ ။
ဘာပြောပြော .သက်ရှိဟူသမျှ မေတ္တာစိတ်ရှိကြစမြဲပါ ။ အဲဒီလို မေတ္တာတွေထဲမှာ မိခင်မေတ္တာလောက် အေးမြပြီး သားသမီးအပေါ် လုံခြုံမှု့ပေးစေတာ မိခင်တိုင်း ရင်ထဲမှာ စိုးရိမ်ကြောင့်ကြမှု့တွေနဲ့ ပြည့်နေတာ မရှိဘူးနော် ။
ကိုယ့်သားသမီးကို ဘေးအန္တာရယ်ကနေ ကာကွယ်နေကြတာ ၊ စိုးရိမ်ပေးတာတွေဟာ ကိုယ်ဝန်တည်ရှိကတည်းကနေ မွေးဖွားလာရာမှ ဘယ်လောက်ပဲ လူလာမြောက်ကြီးလာပစေ ကလေးတစ်ယောက်လို အမြဲမပြတ် ကာကွယ်နေပေးဆဲနော် ။
မိခင်ဆိုတဲ့ စိတ်ဟာ ဘယ်အရာကိုမှ ကြောက်ရွံစေခြင်းမရှိတော့ဘူးနော် ။
အမေကို ပိုမိုသိတတ်ချစ်ကြရအောင်နော် ။ အမေ စိတ်ဆင်းရဲစေမဲ့ ကိစ္စကို တတ်နိုင်သမျှ ရှောင်ကာ စိုးရိမ်မှု့တွေ မလုပ်ကြရအောင်နော် ။
အမေတိုင်းကို ရိုသေစွာ ကန်တော့လျက်..........

3 comments:

နေလင်း said...

တကယ့်အဖြစ်အပျက်မို့လို့လားမသိဘူး..တစုံတခုက ရင်ဘတ်ထဲဝင်လာတယ်..သေချာတာတစ်ခုကတော့ မိခင်အကြောင်းတွေ ဖတ်တိုင်း ဖြစ်နေကျ ခံစားမှုမျိုးပါပဲ...အားပေးနေပါတယ်..အရေးအသားတွေ တိုးတက်လာပီ..

ချီးယို ..ရှေ့သို့

ခင်မင်စွာဖြင့်

နေလင်း ( တောင်ကြီးချယ်ရီ )

Unknown said...

မိခင် စိတ်ဆိုတာ လူတွေမှာ မှမဟုတ်ပါဘူး သက်ရှိသတ္တ၀ါ တွေတိုင်းမှာ သဘာဝအလျှောက် ရှိကြတယ် ဆိုတာကို ဒါလေးဖတ်ပြီး မိခင်တိုင်းရဲ့  အမိမေတ္တာ ကို အတိုင်းမသိ လေးစားကြည်ညို မိပါတယ်............လူသားတိုင်းမှာလဲ မိခင်ဆိုတာ အစားထိုးယူ၍မရတဲ့  တဦးထဲသော လူသားတယောက်ပါ ............
ဒါလေး အရမ်းကိုကောင်းပါတယ် (ဆိုလိုရင်း ကိုရောက်တယ် အရေးသားလေးက)
အားပေးနေမယ်
......ယို........ရေ
ysmyo(တောင်ကြီးမိသားစု)

ရေတမာ said...

အမေတွေ ကျန်းမာချမ်းသာကြပါစေ