ကြာသပတေးညဆိုတော့ မနက်ဖြန် ရုံးပိတ်တယ်။ ( ဒူဘိုင်းရုံးပိတ်ရက်က သောကြာနေ့လေ) ဒီလို ကြာသပတေးညဆို ဒူဘိုင်းရောက်လူတွေ ထုံးစံအတိုင်း မိသားစုလိုက်၊ အဖွဲ့လိုက် ညလုံးပေါက် တနေရာရာ သွားနေကျ၊ (ကမ်းခြေ၊ ကစားကွင်း၊ ပန်းခြံ လူအများကြီးပဲ)။ ကျွန်မတို့လဲ ဘယ်သွားရင်ကောင်းမလဲ ရှာဖွေကြတာပေါ့။ အစက လမ်းထိပ်က ကစားကွင်းမှာပဲ ဆုံဖို့ချိန်းထားကြပေမဲ့ သူငယ်ချင်းသန္တာက ကမ်းခြေမှာ ရေသွားကစားရအောင်ဆိုတာနဲ့ ည၈နာရီခွဲကျော်ကျော်မှာ သန္တာ၊ လူမော်နဲ့ ကျွန်မတို့ သုံးယောက် ကစားကွင်းကနေ ကမ်းခြေဘက်ကို ထွက်ခဲ့ကြတယ်။ အဒေါ်တို့ကို ခေါ်ပေမဲ့ မလိုက်တော့ဘူးဆိုတော့ သုံးယောက်ပဲ ထွက်လာခဲ့ကြတယ်။

လမ်းမှာ ကြောင်တစ်ကောင်နဲ့ တွေ့ပါလေရော။ ကြောင်တွေ့တာများ အဆန်းလုပ်လို့ဆိုပြီး မထင်နဲ့နော်။ ကျွန်မက ကြောင်ဆို အသေကြောက်တာ။ ငယ်ငယ်ကဆို ပိုဆိုးတယ်။ ကြောင်မြင်ရင်ကို နေလို့မရတော့ဘူး။ တအားကြောက်ပြီး မျက်ရည်တွေ ကျလာတတ်တယ်။ အခုနောက်ပိုင်းမှသာ အိနြေ္ဒရလာတာ။ ခပ်လှမ်းလှမ်းကနေ တွေ့ရင် ရတယ်။ နောက် ကြောင်ကလဲ သူဘာသာသူနေရင် ရတယ်။

အခုတော့ မဟုတ်ပါဘူး။ ကြောင်က ကျွန်မကို ကြည့်နေတယ်။ နောက် နောက်ကနေလိုက်လာပါလေရော။ ကျွန်မလဲ ရှူး..ရှူးနဲ့ မောင်းပြီး သူငယ်ချင်းနှစ်ယောက်ကြား ၀င်ပြေးတယ်။ ကြောင်ကလဲ မရဘူး။ အတင်းကပ်လိုက်လာနေတယ်။ ကျွန်မက မုန့်ဗူးကိုင်လာတော့ သူမုန့်လိုက်တောင်းတယ်ထင်ပြီး လူမော်က မုန့်တခုယူပြီး ချကျွေးတာကို မစားပဲ ကျွန်မနောက်ကိုပဲ လိုက်နေတော့တယ်။ ရင်ဘတ်တခုလုံး တဆတ်ဆတ်တုန်နေတော့တာပဲ။ အဲဒီအချိန်မှာ ဘာမှမမြင်တော့ဘူး။ ကြောက်နေတာပဲသိတယ်။ ကျွန်မလမ်းပေါ်အတင်းဖြတ်ကူးပြေးဖို့ လုပ်လို့ သန္တာက နောက်ကအတင်းလိုက်ဆွဲရတယ်။ ကားတွေက အရှိန်တွေနဲ့ မောင်းလာတာလဲ မသိတော့ဘူး။ သန္တာက နောက်ကနေ လိုက်ဆွဲ၊ ကျွန်မက အတင်းလမ်းဖြတ်ကူးနဲ့ဆိုတော့ ကားလမ်းဘေးမှာ ရုတ်တရက်ကြည့်ရင် ရုန်းရင်းဆန်ခတ်ဖြစ်နေသလို ဖြစ်နေပါတော့တယ်။ နောက်တော့ ကျွန်မလက်ထဲက မုန့်ဗူးကြောင့်လား မသိဘူးဆိုပြီး လူမော်က မုန့်ဗူးလှမ်းယူလိုက်ပေမဲ့ ကြောင်က ကျွန်မနောက်ပဲ ဆက်လိုက်နေတယ်။ ကံကောင်းချင်တာက ပလက်ဖောင်းပြင်နေတာဆိုတော့ ကာထားတာပဲ။ ကြောင်က အထဲကနေလိုက်၊ ခုန်ထွက်လာတော့မလိုနဲ့။ ကျွန်မက ရှေ့ကပြေးနဲ့။ နောက်ဆုံး ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သန္တာလက်က အတင်းရုန်းပြီး လမ်းကိုဖြတ်ကူးလိုက်တော့တယ်။ ဟိုဘက်အခြမ်းရောက်တာတောင် စိတ်မချတာနဲ့ ပြေးနေဆဲ။ နောက်တော့ သူငယ်ချင်းတွေ မှီလာတော့ ကြောင်လိုက်မလာတော့ဘူး ဆိုမှ အပြေးရပ်တာ။ ဒါပေမဲ့ ကြောက်တဲ့စိတ်က မပြေဘူး။ သူငယ်ချင်းတွေ အသီးသီးကောင်းချီးပေးပါလေရော။

သန္တာက.." ကြောင်ကိုက်လို့ မသေဘူး။ ကားတိုက်မှသေမှာ"တဲ့။ နောက်ပြောသေးတယ်။ လိုက်ဆွဲတဲ့သူက လူမော်မဟုတ်ပဲ သူဖြစ်နေတာ ကံကောင်းတယ်တဲ့။ အကယ်လို့ လူမော်က လိုက်ဆွဲတာဆိုရင် သေချာတယ် ရဲစခန်းအရောက်ပဲတဲ့။

လူမော်ကလဲ " ဒီမုန့်ကိစ္စကို ဘယ်သူစတာလဲ" တဲ့။ ကျွန်မဗိုက်ဆာတယ်ဆိုလို့ လူမော့်အိမ်ဝင်ပြီး မုန့်သွားယူလာတာလေ။ ကြောင်က ကျွန်မလမ်းဖြတ်ကူးတဲ့အထိ လိုက်ကူးဖို့ လုပ်သေးတယ်တဲ့။

အမလေးနော်..ကံကောင်းလို့။ ကြောင်ကြောက်တာနဲ့ပဲ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်ဆိုပြီး ရဲစခန်းမရောက်တာ။

12 comments:

Sein Lyan Tun said...

ကြောင် ခွေး မချစ်တတ်
တွေ့ရင်လဲဝေးဝေးရှောင်တယ်
ကိုယ်ကမချစ်လို့ လားတော့မသိ
သူတို့ လဲကိုယ့်မြင်ရင်အနားမကပ်ပါဘူး
ကောင်းပါတယ်
သြော် အပျိုကြီးဘဝ ကြောင်လိုက်လို့ ပြေးရတယ်တဲ့
ကြောင်က အထီးဖြစ်မှာသေချာတယ်
မစွံဘူးဆို
အခုဆိုအနောက်ကလိုက်တဲ့သူတောင်ရှိတယ်
အားမလျှော့နဲ့
အဟီးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

တောင်ပေါ်သား said...

မကြီး နောက်မှ ညောင် အဲ့ ယောင်လို့ ကြောင်း) ကြောင်ကို ကြောက်တယ်လား ကျနော်ကတော့ သိပ်မကြောက်တတ်ဘူး အကြောက်ဆုံးဆိုလို့ မြွေနဲ့ ခူပိုးယားပဲ ရှိတယ်


လေးစားလျက်
တောင်ပေါ်သား

kiki said...

ဪ ..ဒီကြောင်ကလဲ အတော် ကြောင်တဲ့ အကောင်ဘဲ ဟ ..လိုက်စရာ ရှားလို့ ။။ မငုံ ကိုမှ လိုက်ရတယ်လား ။
အီဖေကိုယ်ကတော့ ခွေးကို ချစ်သလောက် ကြောင်ကို မုန်းတယ်။
အရင်ဘဝ က ဘာတော်ခဲ့လို့ လဲ မသိပါဘူး .

တလနွန် said...

ကြောင်ကိုမှ ကြောက်ရတယ်လို့ အမရေ အဟိ...အခုတော့ မငုံတို့နောက်အတင်းလိုက်တဲ့ ငတိကြောင်လေးတောင် ရှိနေပြီးကိုး...
ကျွန်တော်တော့ ကြောင်ကိုချစ်တာလည်း မဟုတ်ဘူး မချစ်တာလည်းမဟုတ်ဘူး...

ခင်မင်ခြင်းနှင့်
တလနွန်

ကောင်းကင်ရဲ့ သမီးပျို said...

မငုံကြောင်လိုက်လို့တဲ့ အဟီး မြင်ရောင်ကြည့်ပါတယ် ပြေးလိုက်တာတန်းနေတာပဲ ရင်တွေကတဆတ်ဆတ်ခုန် ကြောင်ကလဲလိုက်နဲ့ အတော့်ကို ရယ်ရမှာပဲနော် သမီးပျိုသာရှိရင် ကင်မရာလေးနဲ့မှတ်တမ်းတင် ထားတယ် ပိုအသက်ဝင်တာပေါ့ ဟုတ်ဘူးလား သြော်စကားမးစပ် ရန်ကုန်ပြန်မလို့ မှာစရာရှိရင် မှာလိုက်လေ မလေးဘူးဆိုရင်ပေါ့ အဟီးဟီး

ကိုလူထွေး said...

ကြောင်လား.. မကြောက်နဲ့  မကြောက်နဲ့ ...
ကြောင်ကိုနိုင်ဖို့  ကြွက်တွေ လွှတ်လိုက်မယ်...

(သောကြာနေ့ ပိတ်တော့ စနေတနင်္ဂနွေကျတော့ရော.. )

အိုက်ခီလောက် said...

အမ် လူကဖြင့်ကြီးနေပြီ ခုထိကြောက်နေတုန်းပဲ လား
ကြောက်စရာရှားလို့ ကြောင်တောင် ကြောက်နေရလား
ငါ့ဆို ခြေနဲ့ ကန်လိုက်တာပဲ အမြီးမှာကြိုးချည်ပြီး ဆော့တောင်နေသေး
အရက်နဲ့ လည်းမြည်းတာပဲ ရွာမှာဆို အဟတ်
င့ါမစားဖူးတာမရှိ အဟတ်
သူများမစားဖူးတာအကုန်စားဖူးတယ် သိလား
အင်းင့ါအမလည်းကြောင် ကြောင့်ဖူးစာ ပါသွားအုန်းမယ်
အဟိ

မြစ်ကျိုးအင်း said...

အဲဒီလောက်ကြောက်တတ်တာကို ခုမှယုံတော့တယ်...။
ကျွန်တော့်အမကတော့ ကြောင်တွေ့ရင် ပြေးပွေ့တာဗျ..တကယ့်ဆန့်ကျင်ဘက်ပဲ...သူ့ကိုဒီပို့စ်ပေးဖတ်အုံးမှ....။

yehtutnaung said...

နေဦး ကျွန်တော့်မှာ ကြောင်လင်မယား နှစ်ကောင် ရှိတယ်.. ကြောင်မကြီးလဲ ဗိုက်ကြီးနေပြီ..အနည်းဆုံး ၄ ကောင်ပဲ.. ကျွန်တော်ပို့ လိုက်မယ်နော်..။
တကောင်က ညအိပ်ရင် ဖက်အိပ်ဖို့ 
တကောင်က လမ်းလျှောက်ရင် တူတူလျှောက်ဖို့ 
တကောင်က ထိုင်ရင် တူတူထိုင်ဖို့ 
တကောင်က ပိုက်ထားဖို့ .. ။ ချစ်စရာလေးတွေ နော်... ဟီး..။

ခီခန့် said...

ဟဟ...
မယိုတော့.. ဟုတ်ပါ့ ကိုလူမှော်လိုက်ဆွဲရင်တော့..
ရဲစခန်းမှာ တညအိပ်ရမယ်..
ဟွန့်.. ကားလမ်းကို ဘယ်လိုထင်နေလဲ မသိဖူး မကြည့်ပဲဖြတ်ပြေးရတယ်လို့..
မယို က ချောလို့ နေမှာပေါ့ ဟိုကြောင် က လာကြောင်တာနေမှပေါ့..
နောက်ဆို.. မပြေးနဲ့ ညအချိန်ဆို ကြောင်တွေက အဲလိုပဲ ဟတ်ပလား.. ။
အဲအဲ.. တဂ့်ထားတာရေးဦးနော်..

အားကြီးပျင်းတဲ့ ခီခန့် (လူပျင်းလေး)

Black said...

ညောင် ဝေါင် ဝေါင် . . .
သြော် ကြောင် ကြောင် . . .

Anonymous said...

တကယ် အပြင်မှာ အဲလို ဖြစ်ရပ်မျိုးတွေ ကြုံဖူးတယ် ....
မရီရက်ဘူး .... သူတို့တွေလည်း ဟန်ဆောင်တာ မဟုတ်ဘူး ... တကယ်ကို တုန်နေအောင်ကြောက်ကြတာ ... သနားဖို့လည်းကောင်း ... ရီဖို့လည်း ကောင်း ( ရီတယ်ဆိုတာက နောက်တော့မှ ပြန်တွေးပြီး ရီချင်တာပါ ) ဖြစ်နေတုန်းဆိုရင် တကယ်ကို အသည်းအသန် ... တစ်ချို့က ကြောင် တစ်ချို့က ခွေး .. တစ်ချို့ က ပိုးဟပ် ... တစ်ချို့က ပိန်မြှောင် ... ကြောက်တတ်တာ မဆန်းပေမယ့် အကြောက်လွန်ရင် ကိုယ့်အတွက် အန္တရယ် ဖြစ်မှာတော့ စိုးရိမ်မိတယ် ... ကြောက်တာလည်း ကြောက် .. မကြောက်တာလည်း မကြောက်နဲ့ ... အဲ ပြောခါမှ ပိုရှုပ်ကုန်ပြီ ... ဘယ်လိုပြောရမလဲ .. အဟီး .... ပြောတတ်တော့ဘူး .... မကြောက်နဲ့ ...ကြောင်ကို ... ဒါပဲ :D
နေဒေးသစ်။