မက်မက်ပေါ့..တီတီငုံကို ဘာတွေမေးတယ်မသိဘူး။ ကဲ.မက်မက်က သိချင်တယ်ဆိုတော့လဲ ဥာဏ်မီသလောက်လေးနဲ့ ပြောမယ်နော်။

မွေးခါစကနေ မူကြိုကျောင်းမတက်ခင် အချိန်ထိလေးမှာတော့ မိသားစုညီအကိုမောင်နှမဆွေမျိုးတွေကို ချစ်တယ်ပေါ့။ သိပ်ဖြူစင်သလို အေးမြတယ်။ နောက်ကျောင်းလဲတက်ရော သူငယ်ချင်းပေါင်းသင်းတွေကို ခင်ရ၊ ကြာလာတော့ သံဃောဇဉ်ကြောင့် ချစ်ရပြန်ရော။ ဒီတော့ ကိုယ့်သူငယ်ချင်း သူများကို ကိုယ့်ထက်ပိုခင်သွားမှာ မလိုချင်ဘူး။ ဒါကလဲ ဖြူစင်စွာလေးနဲ့ သူငယ်ချင်းလေးကို ချစ်ခဲ့တာပေါ့။ ဆရာ ၊ ဆရာမ ကိုလဲ ချစ်လိုက်ရတာပေါ့။ အဲဒီအချိန်က တကယ်ဖြူစင်တာပါ။ ပူလောင်မှု့မရှိတဲ့ အချစ်နဲ့ ချစ်ပြတာပေါ့။

နောက်အရွယ်ရောက်လာတော့ သူငယ်ချင်းများကလဲ သူတို့ချစ်သူခင်ပွန်းတွေနဲ့ အဆင်မပြေရင် ကျွန်မကို “ဘယ်တော့မှ ရည်းစားမထားနဲ့ ။ ယောက်ျားမယူနဲ့။ သူတို့အတ္တသမားတွေ။ စိတ်ညစ်ဖို့ကောင်းတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ အဲ..သူတို့လဲ အချင်းချင်း အဆင်ပြေနေရင် ဒီအပျိုကြီးက ဘာမှနားမလည်ပါဘူး ဆိုပြီးအပြောခံရပြန်တယ်။ ကိုယ်ဘာသာကိုယ်နေနေတာ ဟိုလိုလုပ်ပါလား ၊ ဒီလိုလုပ်ပါလားနဲ့ တွေ့နေတယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးစာ အတွက်မဟုတ်ဘူးတဲ့။ အစိတ်အပိုင်းလေးတစ်ခုပါတဲ့။ နောက်တစ်ယောက်ကျတော့ အိမ်ထောင်ကျလို့ ပိုက်ဆံမရှိရင် အချစ်ဆိုတာ ပြတင်းပေါက်ကနေ ခုန်ချသွားတတ်တယ်တဲ့။ ( သင်ပေးကြတာလေ။။) အဲဒါက မိန်းကလေး သူငယ်ချင်းတွေပြောတာ။အဲ. သူငယ်ချင်းတစ်ယောက် ( ယောက်ျားလေး တစ်ယောက်ပေါ့) ကျတော့ ချစ်သူနှစ်ယောက်ကြားမှာ ချစ်တယ်ဆိုတဲ့ စကားက တကယ်ပြည့်စုံတယ်တဲ့။ :P အဲဒီလို ပြောကြတာပါပဲ။ ကိုယ်ကတော့ သိဘူး။ ၀ါးတားတားပဲ။

အဲဒိလို အခုချိန်ထိ ပေါ့ပေါ့ပါးပါး နေလာပြီးမှ သဘောကျလာတာက အချစ်မဟုတ်ဘူး။ သံဃောဇဉ်ကို ပိုသဘောကျတယ်။ ချစ်သူပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရှင်တွေပဲဖြစ်ဖြစ် ဘယ်သူမဆိုပါ။ သံဃောဇဉ်နဲ့သာ ချည်နှောင်ထားရင် ဘယ်တော့မှ မပြတ်ဘူး။ တစ်ခါတစ်လေကျတော့ မထင်မှတ်ပဲ ဒီသံဃောဇဉ်ကနေ ချစ်တဲ့ဘက်ဆီ ရောက်သွားတတ်တယ်နော်။ ဘာကြောင့် ဒီလိုပြောင်းလဲသွားမှန်း မသိဘူး။ အဲဒီခါကျတော့ အရင်ကအေးမြပါတယ်ဆိုတဲ့ သံဃောဇဉ်ကနေ ပူလောင်မှု့ ခံစားချက်တွေ ရရှိလာရော။ ဒါပေမဲ့လဲ အဲဒီပူလောင်မှု့ကို လိုချင်တာလေ။ လိုလိုလားလား လက်ခံထားတယ်လေ။ တခါတလေကျတော့ သိပ်စိတ်ပျက်မိတယ်။ ဘာလို့ စိတ်ပျက်မိတယ်လို့ ပြောတာလဲဆိုတော့ မာနနဲ့ ယှဉ်ပြီး ဒီပူလောင်မှု့ကို လက်မခံချင်လို့။ဘာလို့ စချစ်မိတာလဲ ? ဘယ်လို အချစ်ဆိုတာ ခံစားမိလာတာလဲဆိုရင် ..သနားတာက စမယ်၊ သူ့အရည်အချင်း ၊ စိတ်သဘောထားတွေကို သဘောကျနှစ်သက်ရာကနေ ဖြစ်မယ်။ သေချာမသိဘူး။ ဖြစ်နိုင်ခြေကိုပြောတာလေ။ ဒါကြောင့် ပြောတာပေါ့.ချစ်တယ်ဆိုတာ ဘာလဲလို့မေးရင် ပြောရခက်တယ်လို့။ ပြီးတော့ သူငယ်ချင်းတွေ ပြောတယ်။ သာယာမှုနဲ့ တကယ့်အချစ်က မတူဘူးတဲ့။ ပြီးတော့ ရုတ်တရက် မခွဲခြားနိုင်ဘူးတဲ့။ အဲဒါတော့ မသိလို့ မရေးတော့ဘူး။

ကျွန်မသဘောကျတဲ့ ပိုစ့်လေးတပုဒ်ရှိတယ်။ တော်တော်ကောင်းတယ်။ အောင်ဦး(ဓမ္မရသ) ရေးတဲ့ “ချစ်တတ်ကြရအောင်” ဆိုတဲ့ပိုစ့်လေးပါ။ အဲဒါ အောင်ဦးဆီက ခွင့်တောင်းပြီး ကျွန်မပြန်လည်ဝေမျှလိုက်ပါတယ်။

"သဒ္ဓါမေတ္တာရှေ့ရှုကာ ချစ်တာမြင့်မြတ်သည်။ သတိဉာဏ်ယှဉ် မုန်းတက်လျင် ၀ဋ်ခွင်လွတ် မြောက်သည်။ ဘ၀တိုင်းမှာ စောင်းမြောင်းကာ မဲ့တာကင်းပါစေ။ ဘ၀တိုင်းမှာ မူးယစ်ကာ သောက်တာကင်းပါစေ”ဆရာတော်အရှင်ဆန္ဒာဓိက အချစ်ဆိုတဲ့ စကားလုံးကို ကျနော်တို့ လူမှန်းသိတက်စအရွယ်ထဲက ကြားသိခဲ့ရတာပါ။ “ကလေးလေးက ချစ်စရာလေး၊ ငါ့သားလေးက ချစ်စရာလေး၊ အဖိုးကလည်း အဘွားကို ချစ်တယ်ပြောမှာဘဲ..စသဖြင့်ပေါ့”။ နောက်ပိုင်းသိလာပြန်တော့လည်း “အချစ်ဆိုတာ ပကတိ အနေအထားအတိုင်းရှိနေတဲ့ လူတစ်ယောက်ကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ စိတ်ရဲ့အမှန်အတိုင်း ချစ်တက်ဖို့ပဲလိုတယ်။ ဘာလုပ်ပေးမှ ဘယ်လိုဖြစ်မှ ချစ်မယ်ဆိုတဲ့ အတ္တကိုစေခိုင်းတာမျိုးကျတော့ အချစ်လို့မခေါ်တော့ဘူး”တဲ့။ “အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု မေတ္တာဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု” စတဲ့ သီချင်းစာသားလည်း ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဓမ္မအမြင်နဲ့ကြည်ရင် အချစ်ဆိုတာက လောဘပါပဲ။ လောကမှာ ချစ်ခြင်းအမျိုးမျိုးရှိပါတယ်။ သားချစ်၊ သမီးချစ်၊ ဇနီးချစ်၊ ညီအကို မောင်နှမချစ် စသဖြင့်ပေါ့။

သစ္စာလေးပါးမှာ လောဘ ဆိုတဲ့ ချစ်ခြင်းတရားကို သမုဒယ လို့သုံးပါတယ်။ သမုဒယဆိုတာကတော့ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခလောင်းလို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှာ ရေးသား ထားပါတယ်။ အချစ်ဆိုတဲ့ လောဘကြောင့်ပဲ သံသရာတစ်လျှောက် ဒုက္ခနဲ့မိတ်ဖွဲ့ပြီး တ၀ဲဝဲ လည်လည် ဖြစ်နေရတာပါ။ အချစ်ကြီးရင် ဒုက္ခကြီးမယ်၊ အချစ်နည်းရင် ဒုက္ခနည်းမယ်၊ အချစ်မရှိရင်တော့ ဒုက္ခလည်း မရှိတော့ဘူးပေါ့။ (ဒါက အချစ်ကြောင့်ဖြစ်လာရမဲ့ ဒုက္ခတွေကို ပြောတာပါ)။ ချစ်မိကြပြီဆိုရင် အချစ်နွံ့က ရုန်းနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ပါတယ်။ ဒါကြောင့်ပဲ “အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း အပြစ်မမြင် မဆင်ခြင်ပဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း” လို့ ရေးစပ်ခဲ့ကြပါတယ်။ သေခါနီးအချိန်တွေမှာလည်း သားသမီး၊ ဇနီးမယားအပေါ်မှာ ချစ်ခင်စွဲလန်းမှု၊ ပစ္စည်းဥစ္စာများကို ချစ်ခင်စွဲလန်းမှုတွေကြောင့် ပြိတ္တာဘ၀ ရောက်သွားရတာတွေလည်း မနည်းတော့ပါဘူး။ ဘုရားရှင်လက်ထက်က ရဟန်းတစ်ပါး မိမိရဲ့ သင်္ကန်းအသစ်လေး အပေါ်စွဲလန်းမိတဲ့အတွက် အဲဒီသင်္ကန်းပေါ်မှာ (၇)ရက် “သန်း” ဖြစ်ခဲ့ရပါ တယ်။ ချစ်ခင်စွဲလန်းမှုတွေဟာ အပါယ်လမ်းအတွက် ၀င်ပေါက်တံခါး တစ်ခုနဲ့ တူနေသလိုပါပဲ။ ပုံသေပြောတာမဟုတ်ပါဘူး။ အချစ်ကြောင့် သီလစောင့်ထိန်းသွားတဲ့ သူတွေကိုလည်း တွေ့ဘူးပါတယ်။ (ချစ်သူက ဘီယာမသောက်ပါနဲ့ပြောလို့ လုံးဝ မသောက် တော့တာမျိုးပါ)။

မြတ်စွာဘုရားက တရားဦး ဓမ္မစကြာဒေသနာတော်မှာ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော” (ချစ်ခင်နှစ်သက်သူများနဲ့ ဝေးကွာရခြင်းသည် ဒုက္ခ)၊ “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” (မချစ်မနှစ်သက်သူများနဲ့ အတူနေရခြင်းသည် ဒုက္ခ)၊ လို့ဟောတော်မူခဲ့ပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ ဘယ်သူမှ ကွေကွင်းမနေချင်ကြပါဘူး။ ချစ်မြတ်နိုးသူတွေနဲ့ ဘ၀သံသရာမှာ ပါရမီဖြည့် ဖက်အဖြစ် လက်တွဲသွားချင်ရင်လည်း နည်းလမ်းလေး ဘုရားရှင်ဟောကြားခဲ့တဲ့ ပြောပြပါ မယ်။ ယခုဘ၀မှာ စိတ်တူကိုယ်တူဖြစ်ကြသော သူနှစ်ယောက်က နောင်ဘ၀မှာလည်း အမြဲမ ကွဲ၊ မကွာ ဖြစ်ချင်ရင် တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ ပညာအရာတို့ တူစေရပါ မယ်။ တစ်ယောက်က သဒ္ဓါကောင်းရင် ကျန်တစ်ယောက်ကလည်း သဒ္ဓါကောင်းရပါမယ်။ တစ်ယောက်က သီလစင်ကြယ်ရင် ကျန်တစ်ယောက်ကလည်း သီလစင်ကြယ်ရပါမယ်။ တစ် ယောက်ရဲ့ ကုသိုလ်လုပ်ငန်းကို တစ်ယောက်က မတားမြစ်ရဘူး။ မယ်ကလှူတာကို မောင်ကကြည်ဖြူတာမျိုး ဖြစ်ရပါမယ်။ ဒါ့ကြောင့် သံသရာတစ်လျှောက် စမ်းရေတွေအတူ သောက် ပန်းတွေအတူကောက်ပြီး ပါရမီဖြည့်ဖက်ဘ၀ ဟန်းနီးမွန်းခရီးသည်များ ဖြစ်ချင်ရင် တော့ မြတ်ဗုဒ္ဓပေးတဲ့ အချက်တွေကို ခိုင်မြဲစွာကျင့်သုံးရပါမယ်။ အမှန်ပြောရရင် သူတစ်ပါးချစ် နေဖို့ထက် မိမိကိုယ်ကို ချစ်နေဖို့က ပိုအရေးကြီးပါတယ်။ ပသေနဒီကောသလမင်းကြီးက ဘုရားရှင်အား “အဘယ်သူသည် မိမိကိုယ်ကို ချစ်ရာရောက်၍ အဘယ်သူသည် မိမိကိုယ်ကို မချစ်ရာရောက်ပါသနည်း” လို့မေးပါတယ်။ ထိုအခါ မြတ်စွာဘုရားက “အကြင်သူသည် ကိုယ်နှုတ်နှလုံးသုံးပါးတို့ဖြင့် မကောင်းမှုဒုစရိုက်တို့ကို ပြုလုပ်ပြောဆိုကြံစည်နေလျင် မိမိကိုယ်ကို မချစ်ရာရောက်၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ဒုစရိုက်တရားတို့ကို ရှောင်၍ သုစရိုက်တ ရားတို့ကိုပြုနေလျင် မိမိကိုယ်ကို ချစ်ရာရောက်၏” လို့ ပြန်လည်ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ၊ သားသမီး၊ ဇနီးမယား၊ ပစ္စည်းဥစ္စာများအပေါ် အချစ်လျော့ပြီး သုစရိုက် တရားများလိုက်နာကျင့်သုံးကာ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးသင့်ပါတယ်။
ကဲ တဂ်ကြွေးများကို စတင်ဆပ်ပါတော့မယ်။ အခုစစချင်းတော့ နှင်းနဲ့မာယာပေါ့။ ကလေးဘ၀က အော်ခဲ့တာလေးကို ပြန်ပြောခိုင်းနေတယ်။ မနှင်းရယ် ကလေးဘ၀တုန်းက ပါးစပ်ထဲတွေကရာ အော်ခဲ့တာလေးကို အမှန်အတိုင်းပြောရရင် မေ့နေတယ်။ များများစားစားလဲ မရှိဘူးနော်။ မှတ်မိသလောက်လေးဆိုရင်တော့…

ကုလားစကားကနေ စတာပဲ။ :)
“ ကုလားကုလား အာချာဟဲ ကုလားဆိုမှ အာချာဟဲ "လို့ အော်ခဲ့တာ ဘာအဓိပ္ပာယ်မှန်း မသိပါဘူး။ အခု ကုလားပြည်ရောက်မှပဲ သိလိုက်တာက “ အာချာ့ “ ဆိုတာ လာတယ် လို့အဓိပ္ပာယ်ရတယ်တဲ့။

နောက်ပြီး အော်ခဲ့သေးတယ်။
“ သုံးဘီးကားကြီး ချာချာလည် ……..ရည်းစားပါလာတယ်။
သုံးဘီးကားကြီး ဘီးပေါက် …..ရည်းစား စိတ်ကောက် “
တဲ့ ။ ……..ဆိုတဲ့နေရာလေးမှာ နာမည်လေးတွေ ထဲ့ထဲ့အော်တာပေါ့။

နောက် မငုံတို့မြို့မှာ ဘုရားမီးလှုံပွဲလုပ်ရင် ရှားစည်းထမ်းပြီးဆိုတဲ့ သီချင်းလေးပေါ့။
“တီးဒိုတီး..”.ဒါလေးကို မောင်မောင်ဇော်လတ်က သီချင်းပြန်လုပ်ဆိုထားတာ ကြားဖူးတယ်။
“တောင်ကုန်းပေါ်မှာ ဘုရားတစ်ဆူ ၊ ဆူသည် ဆူကာသီး” ဆိုတာလေ။ မဆိုပြတော့ဘူးနော်။

နောက်ပြီး လျှာခလုတ်တိုက်တာလေးတွေ ရွတ်ကြသေးတာပေါ့။
“ တောင်ပေါ်က ရှမ်းကလေး လျှော်ထမ်းလို့ပြေး ၊ ရှည်တဲ့လျှော်က ရှည်၊ တိုတဲ့လျှောက်တို “

“ ရွံ့ပေါ်ရှဉ်ပြေး၊ ရှဉ်မွှေးရွံ့မလူး “ ဒါက ကလေးတုန်းက အော်ခဲ့တာ ။

ပြီးခဲ့တဲ့ အပတ်ကမှ သူငယ်ချင်းလေးတစ်ယောက် အစဖော်နေလို့ မကြီးမငယ်နဲ့ အော်ခဲ့တာရှိသေးတယ်။

“ ဘီလူးဂတုံးနှစ်ကောင် ဒူးနှစ်လုံးထောင် ၊ ဒူးနှစ်လုံးထောင် ဘီလူးဂတုံးနှစ်ကောင်”


“ထုတ်ပေါ်ခွက်တင် ခွက်ဖင်ကြွက်တိုး ကြွက်တိုးခွက်လဲ ခွက်လည်းလဲကြွက်လည်းလဲ”

ဒါတွေကို လျှာခလုတ်မတိုက်အောင် အေိာမိပါသေးတယ်။

ကဲ.မနှင်းရေ စဉ်းစားမိသမျှတော့ ဒါလေးပဲ။ ကျေနပ်တယ်မလား???
Challenges are what we live for တဲ့

Travis White ရဲ့စာသားနဲ့ ကြော်ငြာဆိုင်းဘုတ်လေးကို နေ့စဉ်တွေ့နေပေမဲ့ ရိုးမသွားပဲ ဖြတ်သွားတိုင်း မော့ကြည့်ဖတ်ဖြစ်နေဆဲပါ။ ဒီစာသားကို Challenges Quote မှာTravis White ဒီလိုရေးသားထားတာ ဖတ်ဖူးတယ်။ Dreams can often become challenging, but challenges are what we live for.

လူရယ်လို့ ဖြစ်လာတာနဲ့ စိန်ခေါ်မှု့တွေကြား ရှင်သန်နေရတယ်။ ရိုးရှင်းလှတယ်ဆိုတဲ့ဘ၀မှာတောင် စိန်ခေါ်မှု့က မလွတ်နေပါဘူး။ အောင်မြင်မှု့ကို ပိုလိုလား နှစ်သက်လေ စိန်ခေါ်မှု့က ပိုမြင့်လေပဲနော်။ စိန်ခေါ်မှု့ကြောင့် အရောင်အသွေး ပိုမိုတောက်ပလာတဲ့ ကြယ်ကလေးတွေ လင်းလက်ခဲ့သလို၊ စိန်ခေါ်မှု့ကြား ကျရှုံးသူများလဲ ရှိကြတယ်နော်။ ဘာဖြစ်ဖြစ် အနည်းဆုံးတော့ ဒီစိန်ခေါ်မှု့လေးကို ပြန်ခုခံခဲ့သေးတာပဲ။ ဘ၀ဆိုတဲ့ခရီးလျှောက်နေရသမျှတော့ မျှော်လင့်ထားလို့မရတဲ့ စိန်ခေါ်မှု့ပေါင်းစုံတွေကို ကြုံတွေ့နေရဦးမှာပါလား။ မှန်တယ်နော်။ ကိုယ်လိုချင်တာ တစ်ခုခုကို စိန်ခေါ်မှု့တစ်ခုနဲ့ မဖြတ်သန်းရပဲ အစမ်းသပ်မခံရပဲ မရရှိနိုင်ဘူးနော်။ ရောက်ရှိလာချိန်မှာလဲ ကိုယ့်ဘက်ကနေ အကောင်းဆုံးလုပ်ဆောင်ချက်နဲ့ ပြန်တုံ့ပြန်ချေပဖို့ ရှိနေရမယ်။ ဒီလိုမဟုတ်ပဲ စိန်ခေါ်မှု့ကို လက်မခံရသေးဘူး။ မရောက်ရှိလာသေးဘူး။ ကြိုတွေးပြီး ကြောက်ရွံ့နေရင်တော့ တကယ့်နဖူးတွေ့ဒူးတွေ့လဲ တွေ့ရော ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ ဖြစ်တတ်တယ်နော်။ စိန်ခေါ်မှု့တိုင်းကို ရဲရဲကြီးသာ ရင်ဆိုင်လိုက်ပါ။ ကိုယ့်ရဲ့တိမ်မြှပ်နေတဲ့ အရည်အချင်းကို ဖော်ထုတ်ပေးနေတယ်လို့ သတ်မှတ်ပြီး ကြိုဆိုကြတာပေါ့။

ကျွန်မရဲ့အတွေးနဲ့ လုပ်နေတတ်တဲ့အရာလေးတစ်ခုရှိတယ်။ အကောင်းဆုံးသာလုပ်လိုက်ပါ။ ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူး။ဘာလို့လဲဆိုတော့ အကောင်းဆုံးဆောင်ရွက်ခဲ့လို့ပဲ။

ဆေးကျောင်းဆင်းခါစ ဆရာဝန်ပေါက်စကလေး တစ်ယောက် သူရဲ့ first posting တာဝန်ကျရာ ဆေးရုံလေးသို့ ရောက်ရှိတဲ့နေ့မှာပဲ ချက်ချင်းဆိုသလို လူနာတစ်ယောက်ကို ဆေးကုသခွင့်ရတော့တာပါပဲ။ လူနာကတော့ စက်ရုံမှာ အလုပ်လုပ်ရင်း စက်ညှပ်မိတဲ့ ကောင်မလေး တစ်ယောက်ပေါ့။ နာလွန်းလို့ ငိုနေတဲ့ ကောင်မလေးခမျာ သနားစရာလေးပဲ။ လက်ကျိုးမကျိုးဆိုတာကလဲ ကြည့်ရုံနဲ့ မသိနိုင်၊ စမ်းကြည့်ဖို့ လုပ်တော့ တအားနာနေတာမို့ အထိမခံနိုင်ဘူး ဖြစ်နေလေတော့ အရင်ဆုံး အနာသက်သာအောင် analgesic တစ်မျိုး ဆေးထိုးပေးဖို့ လုပ်တော့တာပါပဲ။ ဆေးထိုးမယ်လဲ ကြားရော ကောင်မလေးက ပိုလို့တောင် ငိုပါလေရောတဲ့။ ဆေးထိုးခံရမှာ ကြောက်တဲ့သူလေးပေါ့။ ဆရာဝန်လေးက ချော့မော့ပြီး ပြောဆိုတော့ ကောင်မလေးကလဲ နောက်ဆုံး ဆေးထိုးဖို့ လက်ခံလိုက်ပါရော။ ဒီလိုနဲ့ အားလုံးပြင်ဆင်ပြီးချိန် ဆေးထိုးမယ်လဲ လုပ်ရော ကောင်မလေး ဘာမပြော ညာမပြောနဲ့ ကုတင်ပေါ်ကနေ ဆင်းပြေးသွားတာ လှည့်တောင်မကြည့်ဘူး။ ဆရာဝန် အသစ်စက်စက်ကလေးခမျာ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ အခုမှ ရောက်ခါစလေးဆိုတော့ ဆေးထိုးအပ်ကိုင်လျက် ကြောင်တောင်တောင်လေး ကျန်နေခဲ့တော့တယ်။

သူငယ်ချင်း အညာက ရေတမာ မှတဂ်လိုက်တာပါ။ သူပေးထားတဲ့ ခေါင်းစဉ်လေးကိုက လှတယ်။ ရင်နဲ့ရင်း၍တဲ့။ ကိုယ်တင်လိုက်တဲ့ ဝေမျှလိုက်တဲ့ ပိုစ့်လေးကို စာဖတ်သူတွေရဲ့ ပေးလာတဲ့ လက်ဆောင်ကောမန့်လေးအပေါ် ( အကြိုက်ဆုံးကောမန့်အပေါ်) ထားမိတဲ့ ကျေးဇူးတင်ခြင်းလေးကို ရေးခိုင်းလိုက်တာပါ။ ကျွန်မ ရေးသားလိုက်တဲ့ ပိုစ့်လေးအပေါ် ပြောကြားပေးတာတွေ အားလုံးကို ကျေးဇူးတင်သလို တန်ဖိုးလဲထားတယ်။ ကျွန်မကို အားတက်စေတဲ့ အားပေးတဲ့ ကောမန့်မျိုးတွေ ရရှိပါတယ်။ ကျွန်မ မျှဝေလိုက်တဲ့အပေါ် သူတို့လဲ ထပ်တူခံစားရတယ်ဆိုတာတွေကို ရင်နဲ့ရင်းပြီး ကျွန်မစိတ်ထဲက သိတဲ့ ကောမန့်တွေပေးခဲ့တာကတော့…

ပထမဆုံး ကန္တာရမိုးစက်များလေး ရှင်သန်စေခဲ့တဲ့ ကောမန့်အကြောင်းလေးပါ။ ကျွန်မဒီဘလော့ဂ်ကို စရေးပြီးတစ်လအထိ တခြားဘလော့ဂ် အိမ်တွေကိုလဲ လိုက်မလည်တတ်၊ ကိုယ်ရေးချင်တာကိုပဲ ရေးနေမိတယ်။ သူများတွေ အိမ်ကိုသွားလည်ပြီး စာဖတ်၊ နောက်ကိုယ့်အိမ်ကို လာလည်ပြီး အကဲခတ်ပေးဖို့ ဖိတ်ခေါ်ရန် လင့်လေးထားခဲ့ဖို့ ဆိုတာတွေကို ကျွန်မ မလုပ်ခဲ့မိတော့ ကျွန်မရဲ့အိမ်လေးမှာ သူငယ်ချင်းများမှတစ်ပါး ဘယ်သူမှရှိမနေပါဘူး။ နဂိုကတည်းက စိတ်ထားတတ်တဲ့ အမျိုးအစားထဲမပါလေတော့ ငိုပါလေရော၊ နောက် စာမရေးတော့ဘူး ၊ ဘာညာနဲ့ ပြောတော့တာပေါ့။ အဲဒီအတွက် ကျွန်မ ဒီဘလော့ဂ်လေးရေးတာ ကျွန်မ၀ါသနာပါလွန်းလို့သာ ရေးခြင်းဖြစ်တယ်။ စာမရေးတတ်သာကို သိရက်နဲ့ သူများတွေကို ဗဟုသုတပေးနိုင်လောက်အောင် ဘာတစ်ခုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ သိရက်နဲ့ကို ဒီအိမ်ကလေးကို တည်မိခြင်း ဖြစ်တယ်ဆိုတဲ့ အကြောင်းအချက်လေးနဲ့ ဒီဘလော့ဂ်ကို ပိတ်ဖို့ စာရေးခြင်းတစ်ခုတည်းသာဆိုတဲ့ ပိုစ့်လေးကို တင်လိုက်မိတယ်။ ဒီပိုစ့်လေးဟာ နောက်ဆုံးပိုစ့်ပဲ ကျွန်မ စာဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးပဲ ရေးတင်လိုက်တာပါ။ အဲဒီပိုစ့်ကို ကျွန်မမောင်လေး ကိုရဲ (လေလွင့်သူ) က ဒီလိုကောမန့်လေး ပေးသွားတယ်။ နင့်စာတွေကို သူများလာမခံစာပေးပေမဲ့ နင့်မောင် ငရဲ ငါလာခံစားပေးမယ်။ နင်စာဆက်ရေးပါ။ ဆိုပြီး မန့်သွားတယ်။ နောက် ကျွန်မမောင်လေ့း ခွန်ဖ(ယမကာလုလင်)က စာမရေးရေးအောင် ပိုစ့်တွေ တစ်ပုဒ်ပြီးတစ်ပုဒ် တင်ဖြစ်အောင် နင်နောက်တပုဒ်မရေးသေးဘူးလား။ လာတိုင်း ဒီပိုစ့်ပဲ ဖတ်နေရမလား။ အသစ်ရေး၊အခုရေးဆိုပြီး ဘယ်သူ့မှ ရှိမနေတဲ့ စီဘောက်မှာ ဒိုင်ခံနေ့တိုင်းကောမန့် ပေးနေတယ်။ အဲဒီ ကျွန်မမောင်နှစ်ယောက်ရဲ့အားပေးမှု့ကြောင့်၊ ဒီကော်မန့်တွေကြောင့် ကျွန်မစာဆက်ရေးဖြစ်ခဲ့တယ်။ ဒီအတွက် ကျွန်မ သူတို့နှစ်ယောက်ကို ပြောချင်တာက “နင်တို့ကို ငါ တအားကျေးဇူးတင်တယ်။ နင်တို့နှစ်ယောက်ကြောင့် ကန္တာရမိုးစက်များ ဆက်လက်ရွာသွန်းနိုင်တာပါ။ “

နောက် ကျွန်မအတွေးလေးပါ ဆိုပြီး အချက်(၅)ချက်ပါတဲ့ ပိုစ့်လေးတင်ဖြစ်လိုက်တာ မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီမှာ ကျွန်မရေးလိုက်တယ်။ ဒီမြန်မာနိုင်ငံထဲမှာမှ ရှမ်းတောင်တန်းကြီးရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ် ဆိုပြီးတင်လိုက်တော့ ရှမ်းမောင်နှမတွေ လာရောက်ပြီး သူတို့လဲ ဘယ်လောက် ဒီတောင်တန်းကြီးကို ဘယ်လောက်ချစ်ကြတယ်။ လွမ်းကြတယ်။ ဂုဏ်ယူကြတယ် ဆိုတာလေးကို လာရေးကြတော့ ကျွန်မစိတ်ထဲ ပြီးခဲ့တဲ့ ရှမ်းပြည်နယ်နေ့မှာ ကျွန်မတို့ ဒူဘိုင်းရောက်ရှမ်းမောင်နှမများက အမှတ်တရအကျီင်္လေး ထုတ်တော့ အဲဒီမှာရေးထားတဲ့ စာလေးကို ချက်ချင်း သွားသတိရမိတယ်။ အဲဒီစာသားလေးက ရေခြားမြေခြားရောက်နေပေမဲ့လည်း ရှမ်းဟာ ရှမ်းပါပဲ တဲ့။ အဲဒီလိုပဲ ကျွန်မတို့နဲ့အတူ လာရောက်ပြီး ကျွန်မတို့ ရှမ်းမောင်နှမများကို ချစ်ခင်တယ်။ ခင်မင်ခွင့်ရတာတွေကို ဂုဏ်ယူတယ် ဆိုတာတွေကို ကွန်မန့်ပေးလာကြတဲ့ ဒီဘလော့ဂ်မောင်နှမများ ရင်ထဲကလာတဲ့ စကားဆိုတာကို ခံစားမိပါတယ်။ ပထမအချက်လေးချက်နဲ့တင် ကိုယ့်ရေမြေကို ချစ်မြတ်နိုးကြတာ၊ ဂုဏ်ယူကြတာကိုပါ ကျွန်မတွေ့လိုက်ရတယ်။ အဲဒီအတွက် ကျွန်မရေးလိုက်ရတာ ပြန်တွေးတိုင်း ၀မ်းသာမိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ဒီလိုပဲ အိမ်နဲ့ပက်သက်ပြီး ရေးသားလိုက်တော့ မောင်နှမများရဲ့ အိမ်လွမ်းဆွတ်မှု့ကိုပါ ဝေမျှခံစားခွင့်ရလိုက်လို့ ကျွန်မ သိပ်ကျေနပ်တယ်။ အားလုံးပဲ အိမ်လေးနဲ့ ပက်သက်ပြီး ခံစားချက်ကို ဖွင့်ထုတ်ပြသွားတာ ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ကြယ်ကြွေရခြင်းဆိုပြီး ဆုတောင်းမိလိုက်တာလေးမှာ ကဗျာလေး ရေးပေးသွားတဲ့ ကြယ်ကလေးကိုလဲ ကျေးဇူးတင်တယ်။ ကျွန်မသေချာကူးယူပြီး သိမ်းထားပါတယ်။

ပြီးတော့ တရားနဲ့ပက်သက်ပြီး ဒါလည်းပြီးသွားမှာပါတဲ့ ဆိုတဲ့ပိုစ့်လေးမှာ ကျွန်မကို ဓမ္မရသမှ အောင်ဦးလာပေးတဲ့ ကောမန့်လေးအတွက် ကျေးဇူးတင်တယ်။ သူရေးခဲ့တဲ့ ကောမန့်လေးကို ကျွန်မပြန်လည်ဝေမျှလိုက်ပါတယ်။
အစ်မရေ..ရေးသင့်တဲ့ ပိုစ့်လေးပါပဲ။ တကယ်တော့ အားလုံးက ခဏလေးပါ။ ဒါဆိုတွေးကြည့်ရအောင်။ လူ့ဘ၀ဆိုတာလည်း ခဏလေးပါပဲ။ ဒီလို အချိန်ခဏလေးတွေမှာ အကောင်းဆုံး၊ အတည်ငြိမ်ဆုံးဖြစ်အောင် နေတတ်ဖို့က ခက်နေကြတာပါ။ လူလို့ ဖြစ်လာတော့ လူ့လောက ဓမ္မတာအရ လောကဓံတရားတွေဆိုတာ ကြုံကြရမှာ မလွဲပဲလေ။ ဒီလို ကြုံလာတဲ့ အချိန်မှာ ခဏလေးပါလားဆိုတဲ့ အသိလေးနဲ့ပဲ နေတတ်ရင် စိတ်အေးချမ်းရာ ရပါတယ်။ ဒါ့ထက်...ဘာမှ မကြာတဲ့ လူ့ဘ၀မှာ ဒီအတိုင်းနေနေပြီးတော့ ဒါလည်း ပြီးသွားမှာပါပဲလို့တော့ မတွေးလိုက်ပါနဲ့ဦး။ လူ့ဘ၀ဆိုတာ တန်ဖိုးရှိပါတယ်။ ဒါထက် သာသနာနဲ့တွေ့တာသည် ပိုပြီး တန်ဖိုးရှိပါတယ်။ လူတိုင်း ဒီလို တန်ဖိုးတွေကို သိပြီး ခဏတာနေရတဲ့ အခိုက်အတန့်လေးမှာ အများအကျိုး၊ သာသာနာအကျိုး၊ မိမိ ခန္ဓာဝန်တွေကို ကောင်းစွာရွက်ဆောင်သင့်ပါတယ်။ လောကီ အလုပ်တွေ၊ အာရုံတွေကိုပဲ အလိုက်မှားမနေပဲ သေရေးဆိုတဲ့ အရာလေး အတွက်ပါ ပြင်ဆင်ကြဖို့ အကြံပေးပါတယ်။ဘာပဲ ဖြစ်ဖြစ် အခုပိုစ့်လေး ရေးပေးတဲ့ အစ်မကို ကျေးဇူးတင်ပါတယ်။ချမ်းသာသုခ ပြည့်ဝကြပါစေ...ဒီကောမန့်လေးက အားလုံးအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်တယ်။

ကဲ..ဒီလောက်ပါပဲ။ ကျွန်မရထားတဲ့ ကောမန့်တိုင်းကို တန်ဖိုးထားတယ်။ ကျေးဇူးတင်တယ်။ ပြန်ပြန်ဖတ်ဖြစ်တယ်။ အားလုံးကိုရေးလို့ရရင် ရေးချင်တာ။ ပြီးတော့ ကျွန်မရေးထားတဲ့အတိုင်းလေးပါပဲ “ရေးသားရေး အားမနာနဲ့ ။စိတ်မဆိုးတတ်ဘူး။"ဆိုသလိုလေးပဲ နောက်နောင်များမှာလဲ ဝေဖန်အကြံပြုပေးကြပါဦးလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကောမန့်များက ရေးသားသူအတွက် အားဆေးတစ်ခွက်ပါပဲ။
ပေး၍မကုန်... လှူ၍မခမ်း ဇောတိက သူဌေးအလား ဖြစ်ကြပါစေလို့ ဆုတောင်းကို ကျွန်မတို့ လူကြီးသူမများကို ကန်တော့တဲ့အခါ ဆုပေးတာကို လက်ခံကြဖူးမှာပါ။ ဒီတော့ ကျွန်မ ဇောတိကသူဌေးကြီး အကြောင်းကို သိပ်စိတ်ဝင်စားခဲ့တယ်။ ဘွားဘွားပြောပြတဲ့ ညအိပ်ရာဝင်ပုံပြင်လေးထဲက ဇောတိကသူဌေးရဲ့ တချို့ အကြောင်းလေးတွေကို ပြောပြချင်တယ် မောင်ညီမလေးများတို့ရေ..

တစ်ခုသော ဘ၀မှာ ဇောတိကသူဌေးလောင်းလျာ က အကိုဖြစ်သူနဲ့ ကြံပင်စိုက်ပျိုး အသက်မွေးသတဲ့။ တစ်နေ့ အကို ဖြစ်သူက ကြံခင်းက အပြန်မှာ သူနဲ့ ညီအတွက် ကြံနှစ်ချောင်း ခုတ်ပြန်လာတယ်။ လမ်းမှာ ပစ္စေကဗုဒ္ဓကို ဖူးရတော့ မိမိအတွက် ခုတ်ယူလာတဲ့ ကြံချောင်းကို လှူဒါန်းပြီး ပစ္စေကဗုဒ္ဓဆုကို ပန်သတဲ့။ အိမ်ပြန်ရောက်တော့ ညီဖြစ်သူက သူ့အတွက်ပဲ ကြံချောင်းပါလာတော့ အကြောင်းမေးမြန်းလိုက်တဲ့အခါ အကိုဖြစ်သူက သူ့လှူဒါန်းမှု့ကို ပြောပြသတဲ့။ အဲဒီမှာ ဇောတိကလောင်းလျာ ညီဖြစ်သူက သူလဲ လှူဒါန်းမှာပေါ့ဆိုပြီး နောက်က အပြေးလိုက်တော့ မှီလဲမီရော သူ့အတွက်ဝေစုကြံ ကို လှူပြီး ပေး၍မကုန်...လှူ၍မခမ်း တဲ့ သူဌေးဘ၀ကို ဆုတောင်းသတဲ့။ ဒီလိုနဲ့ ဘ၀ပေါင်းများစွာ ကျင်လည်ကျက်စားပြီးနောက် ကျွန်မတို့ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူတဲ့ ဘ၀မှာတော့ ဇောတိကသူဌေးအဖြစ် မွေးသတဲ့။

မွေးမွေးချင်း နတ်များဖန်ဆင်းပေးတဲ့ တိုက်နန်းကိုရရှိပြီး ရွှေငွေကြံပင်များ အလိုအလျောက်ပေါ်ထွက်လာသတဲ့။ နောက် ရတနာစိန်ကျောက်ပစ္စည်းဥစ္စာတို့မှာ ပေးလို့မကုန်နိုင်အောင် ရှိပါသတဲ့။ လျှောက်ရာလမ်းများမှာလည်း ရွှေငွေတွေဟာ ဒူးဆစ်မြှပ်တဲ့အထိ ချမ်းသာကြွယ်ဝတာပေါ့။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ နတ်များကပဲ ဇောတိကသူဌေးအတွက် ကြင်ယာတော်ကို မြောက်ကျွန်းမှ ဝေါယာဉ်နဲ့ ပင့်လာပေးရသတဲ့။ ဇမ္ဗူဒီပကျွန်းကြီး လေးကျွန်းရှိတဲ့အထဲမှာ ကျွန်မတို့ နေထိုင်တာက တောင်ကျွန်းဖြစ်ပါတယ်။ အခုဇောတိကသူဌေးရဲ့ကြင်ယာ သူဌေးကတော်က တော့ မြောက်ကျွန်းသူ ဖြစ်ပြီး အဲဒီကျွန်းမှာ နေထိုင်ကြသူများဟာ နတ်များအလားပဲ ဆယ့်ခြောက်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ်အတိုင်းပဲ ရှိကြသလို သိပ်ချောမောလှပ နူးညံ့သတဲ့။ ဒီတော့ ဇောတိကသူဌေးအိမ်မှာ မီးအလင်းရောင် မခံနိုင်လို့ အလင်းရအောင် အလျံထွက်တဲ့ ပတ္တမြားကိုသာ နူးညံ့တဲ့ ဂွမ်းအပေါ်တင်ထားရသတဲ့။ နောက်စားသောက်တာကလဲ အင်မတန်မှ နူးညံ့တဲ့ ဆန်တမျိုးပေါ့ ( ဘယ်လိုခေါ်တယ်ဆိုတာ ကျွန်မ မေ့နေပါတယ်။ ) အဲဒီဆန်ကို ဖိုခနောက်သုံးခုသုံး အလင်းနဲ့ ချက်ထားလို့ နတ်သုဒ္ဓါအရသာကဲ့သို့ ရှိပါသတဲ့။

ဒီလိုနဲ့ တစ်နေ့မှာ ဗိမ္မိသာရမင်းကြီးနဲ့ သားတော်အဇာတသတ်တို့ လာရောက်လှည့်ပတ်တာပေါ့။ အဲဒီချိန်မှာ အဇာတသတ်မင်းသားလေးက ခုနှစ်နှစ်သားအရွယ်သာ ရှိသေးပေမဲ့ ဒီလိုတွေးသတဲ့။ အင်းး ဒီသူဌေးက အင်မတန်ခမ်းနားတဲ့ အဆောက်အဦးနဲ့ နေရတယ်။ ငါ့ဖခင်မှာ တိုင်းပြည့်ကို အုပ်ချုပ်သူဖြစ်တာတောင် သစ်သားနန်းနဲ့နေရတယ်။ တစ်နေ့ ငါဘုရင်ဖြစ်ရင် ဒီပစည်းတွေကို သိမ်းမယ်လို့ ကြုံးဝါးသတဲ့။ ( ဒီနေရာမှာ ကျွန်မပြောချင်တာက ကျွန်မဆိုလဲ ငယ်ငယ်တုန်းက မသိသေးတော့ ဘုရင်ဆိုရင် တကယ့်အဆောက်အအုံ အကောင်းစားတွေနဲ့ပဲ နေရတယ်။ ကောင်းကောင်း စားရတယ်ပေါ့။ ဘယ်အရာမဆို ဘုရင်ကို မယှဉ်နိုင်ဘူးလို့ ထင်ခဲ့ပါတယ်။ ) နောက် ဇောတိကသူဌေးက မင်းကြီးနဲ့ သားတော်ကို တိုက်နန်းအတွင်းလိုက်လံပြသပြီး သူဌေးကတော်နဲ့ မိတ်ဆက်ပေးတော့ မြောက်ကျွန်းသူမှာ မျက်ရည်များ ကျလာပါတယ်။ ဘုရင်ကြီး က ဇောတိကသူဌေးကို ပြောသတဲ့။
" သူဌေးကတော် က ငါဘုရင်မင်းမြတ် လာရောက်ပြီး ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ သိမ်းတယ်ထင်လို့ ငိုနေတာလားလို့ " ပြောတော့ ဇောတိကသူဌေးက မဟုတ်ကြောင်းနဲ့ မြောက်ကျွန်းသူတို့သဘောသဘာဝအရ အလင်းရောင်မခံနိုင်ကြောင်း ၊ ယခု ဘုရင်မင်းမြတ်ရဲ့ လက်ဝတ်တန်ဆာ မင်းမြှောက်တန်ဆာမှ ထွက်သော အရောင်များကို မခံနိုင်လို့ မျက်ရည်ကျရခြင်း ဖြစ်ကြောင်း ပြန်ဖြေရသတဲ့။
အကျွေးအမွေးနဲ့ တည်ခင်းဧည့်ခံတော့ ဘုရင်ကြီးမှာ နတ်သုဒ္ဓါအရသာကြောင့် စားကောင်းကောင်းနဲ့ အားရပါးရ စားသောက်နေပေမဲ့ ဇောတိကသူဌေးက ခဏအကြာမှာ သိမ်းဆည်းခိုင်းလိုက်ပါသတဲ့။ ပြီးတော့ ဘုရင်ကြီးကို ဒီအရသာက သာမာန်လူတွေ ၀မ်းမီးမချက်နိုင်တာမို့ များများမစားတာ ကောင်းကြောင်း ပြောဆိုပြီး အပြန်မှာ ဒီ အရောင်လျံထွက်တဲ့ ပတ္တမြားတစ်လုံးကိုပါ လက်ဆောင်ပေးလိုက်ပါသတဲ့။

ဒီလိုနဲ့ ကျွန်မတို့ ဂေါတမမြတ်ဘုရားပွင့်ပြီး ဒီရာဇဂြိုလ်မြို့မှာ သာသနာထွန်းကားတော့ ဇောတိကသူဌေးရဲ့ လှူဒါန်းမှု့မှာ အံ့မခန်းပဲ ဆိုတာ အားလုံး သိပြီးသားပါ။ နောက်ဆုံး ဇောတိကသူဌေးက သောတာပန်တည်လို့ ဘုရားရဲ့သာသနာကို ကူညီစောင့်ရှောက်နေစဉ်မှာပဲ ဗိမ္မိသာရမင်းကြီးထံမှ သားတော် အဇာတသတ်က ဒေ၀ဒတ်အကြံနဲ့ ထီးနန်းသိမ်းပြီးချိန်မှာတော့ သူငယ်စဉ်က ထားတဲ့ စိတ်ကူးအတိုင်း ဇောတိက သူဌေးရဲ့ ပစ္စည်းဥစ္စာကို သိမ်းရန်လာပါတော့တယ်။ ဇောတိကသူဌေးလဲ အေးဆေးစွာပဲ အဇာတသတ်မင်းကို ပြောလိုက်တာက အရှင်မင်းကြီး အရင်ဆုံး အကျွနုပ်ရဲ့လက်ဆယ်ချောင်းမှ အဆင်တန်ဆာကိုပဲ ချွတ်ယူပါဦးလို့ ဆိုသတဲ့။ အဇာတသတ်ဆိုတာ ဆင်ပြောင်ကြီးငါးစီးအားရှိတဲ့ မင်းဖြစ်လို့ အေးဆေးစွာပဲ လက်ဆယ်ချောင်းမှ လက်ဝတ်တန်ဆာများကို ချွတ်ယူတော့ ချွေးတွေသာ ဒီးဒီးကျလာတယ်။ လက်ဝတ်တန်ဆာကို မချွတ်နိုင်ခဲ့ပါဘူး။ ဒီတော့မှ ဇောတိကသူဌေးက သူမပေးပဲ ဘယ်ပစ္စည်းမှ ယူလို့မရကြောင်း ၊ အခု မင်းကြီးအလိုရှိရာကို ယူဆောင်နိုင်ပါတယ်ဆိုပြီး လက်ဆယ်ချောင်းကို အောက်စိုက်ပေးလိုက်ရော လက်စွပ်များက အလိုအလျောက် ကျလာပါတော့တယ်။ ဇောတိကသူဌေးလဲ လူဝတ်ကြောင်နဲ့ပဲ အရဟတ္တမဂ်ဖိုလ်ဆိုက်သွားခ်ျိန် တချိန်တည်းမှာပဲ တိုက်နန်းလဲ အလိုလိုကွယ်ပျောက်သလို နတ်များကလဲ မြောက်ကျွန်းသူကို ပြန်လည်ပို့ဆောင်လိုက်ပါတော့သတဲ့။။။

ကျွန်မလဲ အခုတလော ပုံတွေပဲပြောပြချင်နေတာ။ ပြီးတော့ သေသေချာချာ မမှတ်မိတော့တာတွေ များနေတော့ ( များသောအားဖြင့် နာမည်တွေပေါ့) ပြန်စဉ်းစားနေရတယ်။ ငယ်ငယ်က ဒီဝတ္ဘုလေးတွေကို ရုပ်ပုံနဲ့အတူ ဖတ်ရူခဲ့ရတယ်။နေခင်းဘက်ဆို ဒီရုပ်ပုံပါတဲ့ ဇာတ်တော်စာအုပ်လေးတွေ ဖတ်၊ ညဆိုရင် ဘွားဘွားပြောပြတာလေးကို နားထောင်နဲ့ အတော်ဟုတ်ခဲ့တယ်နော်။ အခု ဒီစာအုပ်လေးတွေကုကျွန်မလက်ထဲမှာ မရှိတော့ မေ့နေတာတွေ ပြန်တွေးရင် မှတ်မိနိုင်တာအများဆုံး ပုံတ္ဘုလေးကို ပြောပြပေးမယ်နော်။ အကယ်လို့ အမှားအယွင်းတစ်စုံတစ်ခုပါရင် ကျွန်မအမှားသာ ဖြစ်ပါတယ်။
ကဲ အားလုံးသော မောင်နှမများလဲ ပေး၍မကုန်... လှူ၍မခမ်း နိုင်တဲ့ဇောတိက သူဌေးအလား ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။။။
ကိုလင်းကြယ်ဖြူ တဂ်လိုက်တာပါ။ ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းများနဲ့ အစားအစာများတဲ့။ အစားအသောက်ဆို စားလို့ရသမျှ သစ်သားနဲ့ လူသားကလွဲ အားလုံးစားပါတယ် J မေ့မရတဲ့ဟင်းအကြောင်းလေး ပြောရရင်....
  • ရှမ်းပီသစွာနဲ့ ရှမ်းပဲပုတ်ပါ။ ငယ်လေးကတည်းက ရှမ်းပဲပုတ်ကို ဘယ်လိုချက်ချက် ကြိုက်တယ်။ တခြားဟင်းချက်တဲ့ နေ့ထက် ထမင်းပိုစားဖြစ်တယ်။ ( သုံးခွက်လောက် က တော့ အသာလေးပေါ့ :) အခုတွေး အခုစားချင်တယ် :( အိမ်က လူကြုံနဲ့ထဲ့လာပေးတဲ့ ရှမ်းပဲပုတ်လေး ကုန်သွားစလေး။ ကဲ ခွင့်ပြန်မဲ့ ဒူဘိုင်းရောက် မြန်မာများ ရှမ်းပဲပုတ်လေး လူကြုံမှာချင်လို့ ။
  • နောက်ဟင်းတခွက်ကတော့ ရှမ်းပဲပုတ်ပြီးရင် အကြိုက်ဆုံးပါပဲ. မုန်ညင်းပါ။ မုန်ညင်းဆိုလို့ ကျွန်မတို့ ရှမ်းပြည်ဘက်က စားတဲ့ မုန်ညင်းပင် ( ကျွန်မတို့ အခေါ်ကတော့ မုန်ညင်းညှောင့်)ကိုပြောတာနော်။ မုန်ညင်းဟင်းနဲ့ နမ်းဖတ်ချဉ်သုတ် ခုနေစားရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်။ အဲဒီမုန်ညင်းတောင် အဟဲ ဘိန်းခင်းကြားမှာ စိုက်တဲ့ မုန်ညင်းက ပိုချိုတယ်။ ပိုကောင်းတယ်တဲ့။ ပြောကြတာကို ကြားဖူးတာနော်။ရှမ်းဟင်းဆို ဘာငြားငြား စားချင်တယ်။ မမေ့ဘူး။ ခွင့်နဲ့ ပြန်တဲ့အခါ အားရပါးရ စားလိုက်ဦးမယ်လို့ ကြုံးဝါးထားတယ်။
  • ငပိရည်ကျိုလေးပါ။ အတို့အမြုပ်တွေ စုံလင်စွာနဲ့သာ ကျွေး၊ တခြား အသားဟင်းတွေ မလိုဘူး။ ဒီတစ်မျိုးတည်းနဲ့ စားတတ်တယ်။ အိမ်က လုပ်ပေးတာကတော့ ငပိရည်ကျိုထဲကို သရက်သီးစိမ်းလေးပါးပါးလှီးထဲ့တာ ။ တွေးကြည့်ရင်းနဲ့ သရေယိုလိုက်တာ။
  • နောက် ရခိုင် ငပိချက်။ ငရုတ်သီးကို ပြုတ် မညက်တညက်ထောင်းပြီး ငပိလေးထဲ့ နောက် ငါးနဲ့ချက်ထားတဲ့ ရှူးရှဲရှူးရှဲ။


တခြား ထမင်းနဲ့ တွဲမစားပဲ ခုံမင်တဲ့ အစားအစာကတော့...

  • ရှမ်းထမင်းချဉ်ပါ။ ဒီမှာလဲ ခဏခဏ လုပ်စားဖြစ်တယ်ဆိုပေမဲ့ သတိရနေတယ်။
  • တို့ဟူးနွေး။ ဒါလဲ လုပ်စားဖြစ်ပါတယ်။ ဒါပေမဲ့ မတူနေဘူး။ အီကြာကွေးလေး ညှပ်ထဲ့ပြီး စားတတ်တယ်။ အချိုရည်လေး များများဆမ်းလို့ပေါ့။
  • ယိုးဒယားသင်္ဘောသီးထောင်း ။ တောင်ကြီး အ.ထ.က.၆ ကျောင်းရှေ့ ဆိုင်လေးကို သတိရလိုက်တာ။ ဆိုင်လေး ရှိကောရှိသေးလားမသိပါဘူး။ နောက်တစ်ဆိုင်က မြို့ထဲက ချစ်စရာဆိုတဲ့ ဆိုင်ပေါ့။ ( တောင်ကြီးသားများ သိမယ်ထင်ပါတယ်။ ESEကားဂိတ်နားမှာပါ ။ ကြော်ငြာပေးတာ )မကြီး သူငယ်ချင်းဆိုင်လေ။ ပိုပိုသာသာလဲ ထဲ့ပေးတဲ့အပြင် ကြိုက်တတ်တာလေးတွေကို ပိုထဲ့ပေးတတ်တယ်။ ပြန်သွားရင် စားဦးမဲ့ စာရင်းထဲ ထဲ့ထားတယ်။ မြေပဲဆန်မထဲ့နဲ့ ငရုတ်သီးလေး ပိုထဲ့ပေးလို့ အခုကတည်းက ကြိုတွေးပြီး မှာနေမိပြီ။
  • ရခိုင်မုန့်တီ ဒါလဲ ငါးဖယ်လေးထဲ့ပြီး ငရုတ်သီးပြုတ်ထောင်းတာလေးကို ခပ်များများလေးထဲ့၊ ငံပြာရည်လေးကို လောင်းနဲ့ မပြီးနိုင်မစီးနိုင် စားနေကျ။ ရန်ကင်း မင်းလမ်းမှာ ရောင်းတဲ့ဆိုင်က လက်ညှစ်ရခိုင်မုန့်တီဆိုင်လေးဆို ဖောက်သည်ကို ဖြစ်လို့။
  • နောက်မမေ့မလျော့ သွားစားရမှာက စမ်းချောင်း ၊ စမ်းချောင်းလမ်း က ၀က်သားဒုတ်ထိုးဆိုင်လေးပါ။ အဲဒီဆိုင်က အချဉ်ရည်လေးလဲ ကောင်းတယ်။ ညီအကိုနှစ်ယောက် ရောင်းတာ။ မိန်းကလေး ရောင်းတာထက် ပိုဆိုးတယ်။ သေးသေးပါးပါးလေး လှီးတာ။ ဖောက်သည်ဆိုတော့ အဆစ်များများ စားရတယ်။ လျော့ပေးတယ်။ :)
  • အခွင့်သင့်ရင် စားချင်တဲ့တာလေးက တောင်ငူ ရွှေဆံတော်ဘုရား မှာရောင်းတဲ့ မုန့်ဟင်းခါးသုပ်လေးပါ။ တောင်ငူ မုန့်ဟင်းခါးသုပ်လေးက တခြားနဲ့မတူပါဘူး။ ခရမ်းချဉ်သီးအစိမ်း ၊ ပဲသီးအစိမ်းထဲ့သုပ်တယ်။ ပဲမှုန့်အစား ဆန်မှုန့်နဲ့ သုပ်တာပါ။ တော်တော်လေး ကောင်းပါတယ်။ ဟင်းရည်က တော့ ဟင်းရည်ကျဲလေးပါ။ တောင်ငူမုန့်ဟင်းခါးဆိုတာ ဟင်းရည်လေးနဲ့ ကျဲကျဲလေးချက်ထားပါတယ်။ ခဏက ပြောသလိုလေး စားကြပါတယ်။ ကျောင်းတက်တုန်းကတော့ နေ့ခင်းဘက်ဆို သူငယ်ချင်းတွေနဲ့ ကျောင်းနားက ဆိုင်တွေမှာ မစားပဲ ကဲပြီး အဲဒီ ဘုရားအထိ သွားစားတတ်ပါတယ်။

အင်းးး စားချင်တာတွေသာ ချရေးရရင် အပိုင်းတွေခွဲရေးနေရမယ်။ အခု ကိုယ်ရေးထားတဲ့ ကိုယ်စားသောက်ပုံကို ဖတ်ရတော့ တော်တော်ကျန်းမာရေး ညီညွှတ်အောင် စားနေတာပါလားလို့ တွေးမိပါတယ်။ အစပ် တအားစား၊ အချဉ်တွေစားနဲ့ ဘယ်တတ်နိုင်မှာလဲနော့။ မိန်းကလေးဆိုတော့လဲ အချဉ်အစပ်တော့ ကြိုက်တာပဲနော့။