ကျွန်မတို့ မောင်နှမတွေ တစ်ခုခုဖြစ်ရင် စိတ်ညစ်နေရင်ဖြစ်ဖြစ်၊ နေမကောင်းရင်ဖြစ်ဖြစ် အဖေနဲ့ အမေတို့ အိပ်မက်မက်တယ်။ အိပ်မက်မကောင်းဘူး။ တစ်မြို့တစ်ရွာရောက်နေရင် ချက်ချင်း လိုက်လာတယ်။ စိတ်ပူလို့ပေါ့။ သြော်.မိဘဟာ မိဘပဲနော်။ ဘယ်လိုမှ လိမ်လို့မရတာ။ သိနေတယ်။ မိဘမေတ္တာနဲ့ကို သားသမီးတွေ ဘာဖြစ်နေတယ်ဆိုတာကို သိနေတယ်။

ဒီနေ့ သောကြာနေ့လေးဆိုတော့ ထုံးစံအတိုင်း အိမ်က လိုင်းပေါ်တက်လာနေကျ။ အရင်ရက်ကတည်းတွေ ကျွန်မ စိတ်မကြည်တာတွေကော ၊တခြား စိတ်ရှု့ပ်စရာအပြင် နေမကောင်းဖြစ်လိုက်တယ်။ အဲဒီအတွက် ကျွန်မအဖေ အိပ်မက်မက်တယ်လေ။ နေကောင်းရဲ့လားလို့ လိုင်းပေါ်တက်တာနဲ့ call တောင် မခေါ်ရသေးဘူး။ မေးတော့တာပဲ။ ကျွန်မ အမှန်ဆို နေမကောင်းဖြစ်နေပေမဲ့ ညာလိုက်တယ်။ ဒီအတွက် ကျွန်မ လိပ်ပြာမလုံပေမဲ့ မိဘကို စိတ်မပူစေချင်တဲ့ ရည်ရွယ်ရင်းလေးမို့ပါ။ ဒါပေမဲ့ သိနေတယ်။ အိပ်မက် မကောင်းနေဘူးတဲ့။ မပျော်နေဘူးလား။ နေမကောင်း ဖြစ်နေတယ်မလားတဲ့။ ကျွန်မစိတ်မကောင်း ဖြစ်ရတယ်။ ကျွန်မလဲ အိမ်ကို လွမ်းနေတာပဲ။ အခုလို နေမကောင်းချိန်ဆို ပိုဆိုးတယ်။ တွေးမိလိုက်တိုင်း အိမ်အကြောင်းတွေချည်းပဲ။ ဒါကြောင့် ကျွန်မ အရင်ရေးထားတဲ့ အိမ်ဆိုတာလေးကို ပြန်တင်မိတယ်။ ရမလား???

အိမ်ဆိုတဲ့စကားလုံးကို တွေ့တာနဲ့တင် အလိုလိုနွေးထွေးလာတယ်.အိမ်နဲအဝေးရောက်လေ ပိုပြီး အိမ်ရဲ့အရသာကို သိလေဖြစ်လာတယ်။ အိမ်လွမ်းတိုင်း မျက်ရည်ကျခဲ့ရတဲ့ နေ့ညတွေကို ဖြတ်ကျော်နေရ တာမုန်းလာတယ် ။ ရှမ်းတောင်တန်းရဲ့ တစ်နေရာမှာရှိနေတဲ့ အိမ်လေးထံကို ပြန်သွားချင်တယ်။ ဒီအိမ်လေးမှာအဖေ ၊ အမေ၊အမနှစ်ယောက်နဲ့ မောင်လေးရှိနေတယ်။ သူတို့လဲ ကျွန်မကိုသတိရနေကြတယ်။

ဒီမိသားစုလေးကနေပြီး ပျော်ရွှင်ဝမ်းနည်းမှု့တွေကို မျှဝေခံစားကြတယ်။ မိသားစုလောက် ကိုယ့်အပေါ် နားလည်ပေးနိုင်တာမရှိဘူး ။ အိမ်ကထွက်ပြီး အပြင်လောကမှာ အလုပ်လုပ်ကတည်းက ကြုံတွေ့ရတဲ့ ခါးသီးမှု့တွေကို စိတ်ပျက်မိတယ်။ ဒီအချိန်တိုင်း မိသားစုက ကိုယ့်အနားမှာ ရှိနေပေးတာ သိပ်ကျေးဇူးတင်တယ်။ အိမ်ကပေးတဲ့ နွေးထွေးမှု့က ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတာ အားလုံးသိကြပါတယ်။ အိမ်ကဖြည့်ပေးတဲ့ လိုအပ်မှု့က ကန္တာရမှာရွာတဲ့ မိုးလိုပေါ့ ပိုတန်ဖိုးရှိ၊ ပိုချစ်ဖို့ကောင်းတယ်။ ဒါကြောင့် အိမ်လေးကို မပျက်စီးစေပဲ ပိုတန်ဖိုးထားကြရအောင်နော်။။။။

21 comments:

Sein Lyan Tun said...

၁ အိုင်အမ် ၁

Sein Lyan Tun said...

အော်.... အပျိုကြီးရယ်။... ငိုချင်ရက်လက်တို့မလုပ်ပါနဲ့.... ခုမှ အနည်ထိုင်ခါစ..

ကျောက်ချဉ်စိမ်ထားတာမှ မကြာသေးဖူး...

သူက လာဆွပေးနေတယ်...

ကျနော့်အိမ်လေးက ကျနော့်ဘဝမှာ ဘယ်တော့မှ ပျက်စီးဖို့လမ်းမမြင်တဲ့ မိသားစုအိမ်လေးပါ....

မငုံလဲ မငုံချစ်ခင်တွယ်တာတဲ့ မိသားစုအိမ်လေးမှာပျော်ရွှင်ပါစေဗျာ...


ကိုး နဲ့ မငုံနဲ့ အိမ်လေးအကြောင်းရော မရေးဖူးလားး
အဟိ
ချစ်ခင်စွာဖြင့်

ဖိုးစိန်

kiki said...

အနွေးထွေးဆုံး အိမ် ..
ခိုင်မာတဲ့  သံယောဇဉ် တွေနဲ့ တည်ဆောက်ထားတဲ့ အိမ် ။
အလုံခြုံဆုံး ။ အေးမြဆုံး သော အိမ်။
အပူပင် ကင်းဆုံး သောကတွေ ငြိမ်းစေသောအိမ်၊
အဲဒါ မိဘရိပ် အောက်က မေတ္တာတွေ လွှမ်းခြုံ ထားတဲ့အိမ်၊

လွမ်းနေပါတယ်ဆို မှ
ငိုချင်ရက် လက်တို့  နေပြန်ပြီ ငုံလေးရေ..

ပြန် ကြ မယ် ..
မဝေးတော့ဘူး . ပြန်ကြမယ်
အမေ့အိမ်။။

ပြန်ရင် ပြောအုံး

ငါးထမင်းချဉ် လိုက်စားမယ်

မကြီး ကိ

တလနွန် said...

အိမ် ကို ကျနောလည်း လွမ်းနေတယ် မငုံရေ။ အနွေးထွေးဆုံး အအေးမြဆုံးကတော့ အိမ်ပါပဲလေ။

ခင်မင်ခြင်းနှင့်
တလနွန်

လင်းကြယ်ဖြူ said...

ဒါကြောင့် No place like home လို့ပြောကြတာဖြစ်မယ်..ပျော်ရာမနေ..တော်ရာနေရတဲ့
ကျွန်တော်တို့တ္ဂေ အတ္ဂက်ကတော့ အိမ်လ္ဂမ်းသူ တ္ဂေချည်းပါပဲနော်....
ပျော်စရာမိသားစုလေး ဖြစ်ပြီး ကောင်းသောလိုရာတ္ဂေ အမြန်အကောင်အထည်ပေါ်နိုင်ပါစေနော....
ပျော်ပါစေခင်ဗျာ

Anonymous said...

အမြန်တော့ လာတာပဲ ဒါပေမယ့် သူတို့ သိပ်မြန်ကြတယ်ကွယ် .. သိပ်မြန်ကြတယ် .. ရပါတယ်လေ .... :(
:D
အိမ်အကြောင်းလေး တစ်ခေါက်ပြန် ခံစားရင်း ဖေဖေ မေမေ ရှိနေတဲ့ ကျိုင်းတုံမြို့လေးကို ပြန်သတိရသွားမိတယ် ...

အလွမ်းများငြိမ်းပျောက်၍
အမြန်ဆုံး ပျော်ရွှင်လန်းဆန်းနိုင်ပါစေ မငုံရေ ....

နေဒေးသစ်။

သုဒြေ္န said...

်ညီမလေးပြောတဲ့ .....အိမ်.....အဲဒီအိမ်လေးနဲ့ တူတဲ့ .....အိမ်လေး......နေက်တအိမ်...ညီမလေးမှာရှိတယ်လေ။။ အဲဒီအိမ်လေး....နာမည်လေးကိုက ...အေးမြတယ်သိလား......ကန္တာရမိုးစက်များတဲ့ ............အဲဒီအိမ်လေးမှာ...နွေးထွေးတဲ့ ..ခင်မင်မှုပြည့် ဝတဲ့ .....စာနာနားလည်တတ်တဲ့ .....ဘလော့ မေင်နှမတွေရှိတယ်လေ......အားငယ်တာတွေရှိခဲ့ ရင်...ရှမ်းပြည်ကအိမ်ကိုလွမ်းခဲ့ ရင်...ကိုးကိုသတိရခဲ့ ရင်..... တိုးတိုးတိတ်တိတ်လေး ............ ခံစားနေရရင်........ဒီအိမ်လေးမှာရင်ဖွင့် လိုက်ပါ.....ကိုကြီးတို့ ကနားလည်..စာနာ...မျှဝေခံစား..ဝေဖန်အကြံပေးပါရစေနော်...........ညီမလေးကိုခင်တဲ့ ကိုကြီး......သုဒြေ္န

သီဟသစ် said...

Home Sweet Home
နှလုံးသားရှိနေတဲ့အိမ်ကို လွမ်းသွားပါတယ်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

မှန်ပါ့ဗျာ... အိမ်...အိမ်.....အိမ်.....အိမ်..... လူတိုင်းမရှိမဖြစ် အရာလေးပါ...။

ရေတမာ said...

အလွမ်းများငြိမ်းစေသတည်းးးးးးးးးးးး

မိုးခါး said...

ဝမ်းမနည်းနဲ့နော် မငုံရေ .. ပျော်ရွှင်ပါစေ
အိမ်ဆိုတာလေးတွေးမိတာနဲ့ ရင်ထဲနွေးထွေးနေတာပဲ .. ဒါကိုက ကျေနပ်စရာပဲလေ နော် ..း))

တောင်ပေါ်သား said...

အိမ်သာလျှင် ကျနော်တို့တွက် အကောင်းဆုံး..
တမျိုးတွေးမနေနဲ့ ကြီးဒေါ် အိမ်ကိုပြောတာ..
ဘ၀မှာ အခက်အခဲတွေ ရှိတိုင်း အိမ်ကို တမ်းတနေမိတာ လူသဘာဝပါဗျာ အစစအရာရာ အဆင်ပြေပါစေ ကြီးဒေါ်


လေးစားလျက်
တောင်ပေါ်သား

ကိုလူထွေး said...

အိမ်လွမ်းတာချင်း အတူတူပါပဲ ညီမရယ်...

ကိုအောင်သာငယ်ကတောင် ခိုင်ထူးရဲ့ "အိမ်အလွမ်း" ဆိုတဲ့ သီချင်းကို အားလုံးအတွက် ပြန်တီးပေးထားသေးတယ်...

နားထောင်ကြည့်ပါလား...

မြန်မာပြည်ပြန်ဖြစ်လို့ ရှမ်းတောင်တန်းတွေဘက် ခြေဦးလှည့်မိရင် မငုံတို့ဆီ လာလည်မယ်နော်...

အခုလို မိဘနဲ့ဝေးနေတုန်းတော့ အဒေါ်ကို အမေတယောက်လို ရင်းနှီးပစ်လိုက်ပေါ့ကွာ...

ခင်တဲ့
ကိုလူထွေး

မြစ်ကျိုးအင်း said...

အဝေးရောက်နေတဲ့သားသမီးတွေ အားလုံးက နွေးထွေး တဲ့ မိသားစုတွေရှိတဲ့ အိမ်ကို လွမ်းတတ်ကြတာ ပါပဲလေ...။ကျွန်တော်တို့ တနေ့တော့
မိသားစုတွေနဲ့ပျော်ရွှင်စွာ ဆုံတွေ့ကြမှာပါ..
အားတင်းထားပါ မငုံရေ..
....ခင်မင်သောအားဖြင့်......

Mogok Thar said...

မငုံရေ..
ကျနော်နဲ့ တူနေတယ်။ ကျနော် စိတ်ညစ်ရင်..အိမ်က ကျနော့် အိပ်မက်။.. အိမ်က တယောက်ယောက် နေမကောင်းရင် ကျနော်က အိပ်မက် မက်ကြတယ်။
မိသားစု သံယောဇဉ် ဆိုတာက ဆွဲအား ကြီးလွန်းလှပါတယ်ဗျာ။
အိမ်ဝေးသူတွေ အတွက်ကတော့ အဲတာ စိတ်ခွန်အား တစ်မျိုးပေါ့ဗျာ.. နော။
မငုံ ပျော်ရွှင် ကျန်းမာပါစေ

ဇော် said...

ဒေါ်လေးးး
အိမ်ကျန်ချင်ရယ်....
အီးးး ။။။။

Anonymous said...

မမငုံရေ .....
အိမ်ဆိုတာ..လူတိုင်းအတွက် နွေးထွေးဆုံးနေရာပါ...
အိမ်နဲ ဝေးနေတဲ့လူတိုင် အိမ်ကိုသတိရကြမှာပါ...
ကျွန်တော်ငယ်ငယ်ကဆို အိမ်မှာ ကျွန်တော်နဲ့ ကစားဖို့ အဖော်မရှိပေးမဲ့ အိမ်မှာပဲနေရတာကို ပျော်တယ်...
ကျွန်တော်လဲ အိမ်နဲ့ ခွဲခဲ့ရတာ ၁နှစ်ကျော်ပြီ...အိမ်ကိုအရမ်း သတိရတယ် နော်(၂)နှစ်ကျော်မှ ပြန်ရမယ်ထင်ပါတယ်...
၂နှစ်ကျော်ဆက်လက်ပြီသတိရလိုဦးမယ် မမငုံရေ....

kaungkinpyar said...

တူတူပြန်ရအောင် ငုံလေး

Dream said...

တနေ့နေ့တော့ အမေ့အိမ် ဆိုတဲ့ နွေးထွေးတဲ့
အိမ်လေးဆီ အတူတူပြန်ကြတာပေါ့ တိတီရာ...

:)

အိုက်ခီလောက် said...

အမရာ အိမ်ပြန်ချင်တာများ လွယ်ပါတယ် အဲရိုးပလိန်းနဲ့ ပျံလေ မြန်မှမြန် နင့်ကိုမတားပါဘူးနော် ပြန်ချင်ပြန်ပါ
အဟတ် ငါ့တော့ပြန်ချင်ဘူး အေးဆေးနေချင်သေးတယ်
သောက်မဝသေးဘူး ပြန်ရင် ငတ်မှာဟ
အမေ့အိမ်ထက် ရွာထိပ်က အရက်ချက်တဲ့ဖိုရုံကိုသတိရတယ် နင့်ပြန်ရင်ဝင်ပြောပေးနော် အကြွေးတွေ ဆပ်မယ်လို့ 

JulyDream said...

မမြင်ရတဲ့ ဆက်သွယ်မှုတွေက တကယ်ကို အားကောင်းလှပါတယ်။ မိဘနဲ့ သားသမီးကြားမှာ အဲဒီလို ဆက်နွယ်မှုတွေ ရှိနေတာ အများစုမှာ ရှိမယ်လို့ ထင်ပါတယ်။

ကျွန်တော်ကတော့ အိမ်မှာ သိပ်မကပ်ပေမယ့် မိဘကိုတော့ ချစ်တတ်ပါတယ်။ အဝေးရောက် သားဆိုးကြီးပေါ့ဗျာ။ အဟဲ...