သူငယ်ချင်း အညာက ရေတမာ မှတဂ်လိုက်တာပါ။ သူပေးထားတဲ့ ခေါင်းစဉ်လေးကိုက လှတယ်။ ရင်နဲ့ရင်း၍တဲ့။ ကိုယ်တင်လိုက်တဲ့ ဝေမျှလိုက်တဲ့ ပိုစ့်လေးကို စာဖတ်သူတွေရဲ့ ပေးလာတဲ့ လက်ဆောင်ကောမန့်လေးအပေါ် ( အကြိုက်ဆုံးကောမန့်အပေါ်) ထားမိတဲ့ ကျေးဇူးတင်ခြင်းလေးကို ရေးခိုင်းလိုက်တာပါ။ ကျွန်မ ရေးသားလိုက်တဲ့ ပိုစ့်လေးအပေါ် ပြောကြားပေးတာတွေ အားလုံးကို ကျေးဇူးတင်သလို တန်ဖိုးလဲထားတယ်။ ကျွန်မကို အားတက်စေတဲ့ အားပေးတဲ့ ကောမန့်မျိုးတွေ ရရှိပါတယ်။ ကျွန်မ မျှဝေလိုက်တဲ့အပေါ် သူတို့လဲ ထပ်တူခံစားရတယ်ဆိုတာတွေကို ရင်နဲ့ရင်းပြီး ကျွန်မစိတ်ထဲက သိတဲ့ ကောမန့်တွေပေးခဲ့တာကတော့…

ပထမဆုံး ကန္တာရမိုးစက်များလေး ရှင်သန်စေခဲ့တဲ့ ကောမန့်အကြောင်းလေးပါ။ ကျွန်မဒီဘလော့ဂ်ကို စရေးပြီးတစ်လအထိ တခြားဘလော့ဂ် အိမ်တွေကိုလဲ လိုက်မလည်တတ်၊ ကိုယ်ရေးချင်တာကိုပဲ ရေးနေမိတယ်။ သူများတွေ အိမ်ကိုသွားလည်ပြီး စာဖတ်၊ နောက်ကိုယ့်အိမ်ကို လာလည်ပြီး အကဲခတ်ပေးဖို့ ဖိတ်ခေါ်ရန် လင့်လေးထားခဲ့ဖို့ ဆိုတာတွေကို ကျွန်မ မလုပ်ခဲ့မိတော့ ကျွန်မရဲ့အိမ်လေးမှာ သူငယ်ချင်းများမှတစ်ပါး ဘယ်သူမှရှိမနေပါဘူး။ နဂိုကတည်းက စိတ်ထားတတ်တဲ့ အမျိုးအစားထဲမပါလေတော့ ငိုပါလေရော၊ နောက် စာမရေးတော့ဘူး ၊ ဘာညာနဲ့ ပြောတော့တာပေါ့။ အဲဒီအတွက် ကျွန်မ ဒီဘလော့ဂ်လေးရေးတာ ကျွန်မ၀ါသနာပါလွန်းလို့သာ ရေးခြင်းဖြစ်တယ်။ စာမရေးတတ်သာကို သိရက်နဲ့ သူများတွေကို ဗဟုသုတပေးနိုင်လောက်အောင် ဘာတစ်ခုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ သိရက်နဲ့ကို ဒီအိမ်ကလေးကို တည်မိခြင်း ဖြစ်တယ်ဆိုတဲ့ အကြောင်းအချက်လေးနဲ့ ဒီဘလော့ဂ်ကို ပိတ်ဖို့ စာရေးခြင်းတစ်ခုတည်းသာဆိုတဲ့ ပိုစ့်လေးကို တင်လိုက်မိတယ်။ ဒီပိုစ့်လေးဟာ နောက်ဆုံးပိုစ့်ပဲ ကျွန်မ စာဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးပဲ ရေးတင်လိုက်တာပါ။ အဲဒီပိုစ့်ကို ကျွန်မမောင်လေး ကိုရဲ (လေလွင့်သူ) က ဒီလိုကောမန့်လေး ပေးသွားတယ်။ နင့်စာတွေကို သူများလာမခံစာပေးပေမဲ့ နင့်မောင် ငရဲ ငါလာခံစားပေးမယ်။ နင်စာဆက်ရေးပါ။ ဆိုပြီး မန့်သွားတယ်။ နောက် ကျွန်မမောင်လေ့း ခွန်ဖ(ယမကာလုလင်)က စာမရေးရေးအောင် ပိုစ့်တွေ တစ်ပုဒ်ပြီးတစ်ပုဒ် တင်ဖြစ်အောင် နင်နောက်တပုဒ်မရေးသေးဘူးလား။ လာတိုင်း ဒီပိုစ့်ပဲ ဖတ်နေရမလား။ အသစ်ရေး၊အခုရေးဆိုပြီး ဘယ်သူ့မှ ရှိမနေတဲ့ စီဘောက်မှာ ဒိုင်ခံနေ့တိုင်းကောမန့် ပေးနေတယ်။ အဲဒီ ကျွန်မမောင်နှစ်ယောက်ရဲ့အားပေးမှု့ကြောင့်၊ ဒီကော်မန့်တွေကြောင့် ကျွန်မစာဆက်ရေးဖြစ်ခဲ့တယ်။ ဒီအတွက် ကျွန်မ သူတို့နှစ်ယောက်ကို ပြောချင်တာက “နင်တို့ကို ငါ တအားကျေးဇူးတင်တယ်။ နင်တို့နှစ်ယောက်ကြောင့် ကန္တာရမိုးစက်များ ဆက်လက်ရွာသွန်းနိုင်တာပါ။ “

နောက် ကျွန်မအတွေးလေးပါ ဆိုပြီး အချက်(၅)ချက်ပါတဲ့ ပိုစ့်လေးတင်ဖြစ်လိုက်တာ မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီမှာ ကျွန်မရေးလိုက်တယ်။ ဒီမြန်မာနိုင်ငံထဲမှာမှ ရှမ်းတောင်တန်းကြီးရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ် ဆိုပြီးတင်လိုက်တော့ ရှမ်းမောင်နှမတွေ လာရောက်ပြီး သူတို့လဲ ဘယ်လောက် ဒီတောင်တန်းကြီးကို ဘယ်လောက်ချစ်ကြတယ်။ လွမ်းကြတယ်။ ဂုဏ်ယူကြတယ် ဆိုတာလေးကို လာရေးကြတော့ ကျွန်မစိတ်ထဲ ပြီးခဲ့တဲ့ ရှမ်းပြည်နယ်နေ့မှာ ကျွန်မတို့ ဒူဘိုင်းရောက်ရှမ်းမောင်နှမများက အမှတ်တရအကျီင်္လေး ထုတ်တော့ အဲဒီမှာရေးထားတဲ့ စာလေးကို ချက်ချင်း သွားသတိရမိတယ်။ အဲဒီစာသားလေးက ရေခြားမြေခြားရောက်နေပေမဲ့လည်း ရှမ်းဟာ ရှမ်းပါပဲ တဲ့။ အဲဒီလိုပဲ ကျွန်မတို့နဲ့အတူ လာရောက်ပြီး ကျွန်မတို့ ရှမ်းမောင်နှမများကို ချစ်ခင်တယ်။ ခင်မင်ခွင့်ရတာတွေကို ဂုဏ်ယူတယ် ဆိုတာတွေကို ကွန်မန့်ပေးလာကြတဲ့ ဒီဘလော့ဂ်မောင်နှမများ ရင်ထဲကလာတဲ့ စကားဆိုတာကို ခံစားမိပါတယ်။ ပထမအချက်လေးချက်နဲ့တင် ကိုယ့်ရေမြေကို ချစ်မြတ်နိုးကြတာ၊ ဂုဏ်ယူကြတာကိုပါ ကျွန်မတွေ့လိုက်ရတယ်။ အဲဒီအတွက် ကျွန်မရေးလိုက်ရတာ ပြန်တွေးတိုင်း ၀မ်းသာမိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ဒီလိုပဲ အိမ်နဲ့ပက်သက်ပြီး ရေးသားလိုက်တော့ မောင်နှမများရဲ့ အိမ်လွမ်းဆွတ်မှု့ကိုပါ ဝေမျှခံစားခွင့်ရလိုက်လို့ ကျွန်မ သိပ်ကျေနပ်တယ်။ အားလုံးပဲ အိမ်လေးနဲ့ ပက်သက်ပြီး ခံစားချက်ကို ဖွင့်ထုတ်ပြသွားတာ ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ကြယ်ကြွေရခြင်းဆိုပြီး ဆုတောင်းမိလိုက်တာလေးမှာ ကဗျာလေး ရေးပေးသွားတဲ့ ကြယ်ကလေးကိုလဲ ကျေးဇူးတင်တယ်။ ကျွန်မသေချာကူးယူပြီး သိမ်းထားပါတယ်။

ပြီးတော့ တရားနဲ့ပက်သက်ပြီး ဒါလည်းပြီးသွားမှာပါတဲ့ ဆိုတဲ့ပိုစ့်လေးမှာ ကျွန်မကို ဓမ္မရသမှ အောင်ဦးလာပေးတဲ့ ကောမန့်လေးအတွက် ကျေးဇူးတင်တယ်။ သူရေးခဲ့တဲ့ ကောမန့်လေးကို ကျွန်မပြန်လည်ဝေမျှလိုက်ပါတယ်။
အစ်မရေ..ရေးသင့်တဲ့ ပိုစ့်လေးပါပဲ။ တကယ်တော့ အားလုံးက ခဏလေးပါ။ ဒါဆိုတွေးကြည့်ရအောင်။ လူ့ဘ၀ဆိုတာလည်း ခဏလေးပါပဲ။ ဒီလို အချိန်ခဏလေးတွေမှာ အကောင်းဆုံး၊ အတည်ငြိမ်ဆုံးဖြစ်အောင် နေတတ်ဖို့က ခက်နေကြတာပါ။ လူလို့ ဖြစ်လာတော့ လူ့လောက ဓမ္မတာအရ လောကဓံတရားတွေဆိုတာ ကြုံကြရမှာ မလွဲပဲလေ။ ဒီလို ကြုံလာတဲ့ အချိန်မှာ ခဏလေးပါလားဆိုတဲ့ အသိလေးနဲ့ပဲ နေတတ်ရင် စိတ်အေးချမ်းရာ ရပါတယ်။ ဒါ့ထက်...ဘာမှ မကြာတဲ့ လူ့ဘ၀မှာ ဒီအတိုင်းနေနေပြီးတော့ ဒါလည်း ပြီးသွားမှာပါပဲလို့တော့ မတွေးလိုက်ပါနဲ့ဦး။ လူ့ဘ၀ဆိုတာ တန်ဖိုးရှိပါတယ်။ ဒါထက် သာသနာနဲ့တွေ့တာသည် ပိုပြီး တန်ဖိုးရှိပါတယ်။ လူတိုင်း ဒီလို တန်ဖိုးတွေကို သိပြီး ခဏတာနေရတဲ့ အခိုက်အတန့်လေးမှာ အများအကျိုး၊ သာသာနာအကျိုး၊ မိမိ ခန္ဓာဝန်တွေကို ကောင်းစွာရွက်ဆောင်သင့်ပါတယ်။ လောကီ အလုပ်တွေ၊ အာရုံတွေကိုပဲ အလိုက်မှားမနေပဲ သေရေးဆိုတဲ့ အရာလေး အတွက်ပါ ပြင်ဆင်ကြဖို့ အကြံပေးပါတယ်။ဘာပဲ ဖြစ်ဖြစ် အခုပိုစ့်လေး ရေးပေးတဲ့ အစ်မကို ကျေးဇူးတင်ပါတယ်။ချမ်းသာသုခ ပြည့်ဝကြပါစေ...ဒီကောမန့်လေးက အားလုံးအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်တယ်။

ကဲ..ဒီလောက်ပါပဲ။ ကျွန်မရထားတဲ့ ကောမန့်တိုင်းကို တန်ဖိုးထားတယ်။ ကျေးဇူးတင်တယ်။ ပြန်ပြန်ဖတ်ဖြစ်တယ်။ အားလုံးကိုရေးလို့ရရင် ရေးချင်တာ။ ပြီးတော့ ကျွန်မရေးထားတဲ့အတိုင်းလေးပါပဲ “ရေးသားရေး အားမနာနဲ့ ။စိတ်မဆိုးတတ်ဘူး။"ဆိုသလိုလေးပဲ နောက်နောင်များမှာလဲ ဝေဖန်အကြံပြုပေးကြပါဦးလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကောမန့်များက ရေးသားသူအတွက် အားဆေးတစ်ခွက်ပါပဲ။

21 comments:

ဧရာဝတီသား said...

ရေးသာရေး စိတ်မဆိုးတတ်ဘူး ဆိုလို့ မန့်ချင်ရာမန့်သွားပါတယ် :D
ဆက်လက် ရေးသားနိုင်ပါစေ။
ခင်မင်လျက်
ဧရာဝတီသား

Sein Lyan Tun said...

ရင်နဲ့ရင်းပြီး

နှလုံးသားကထွက်ပေါ်လာတဲ့ စကားလုံးတိုင်းက လှပါတယ် မငုံ

မငုံရေးတဲ့စာတွေကလဲ ဗဟုသုတရစရာ မှတ်သားစရာတွေပါပဲလေ...

ရင်နဲ့ရင်းပြီးရေးသားခဲ့တဲ့စာတွေအတွက်

ရခဲ့တဲ့ကော့မန့်ကလည်း အတိုင်းမသိခံစားရတယ်မဟုတ်လား။။။

ပိုစ့်များကိုဆက်လက်ရေးသားပြီး

ရရှိလာတဲ့ကော့မန့် များနဲ့ ပျော်ရွင်သော ဘဝကို အေးချမ်းစွာဖြတ်သန်းနိုင်ပါစေ


ချစ်ခင်စွာဖြင့်

ဖိုးစိန်

Sein Lyan Tun said...

မကျေနပ်ဘူး

လုံးဝမကျေနပ်ဘူး.....

ညီနဲ့ယောက်ဖနာမည်ပါပီး

နာ့နာမည်မပါဘူး..... လုံးးးးးးးးးးဝကျေနပ်ဘူး

ညည အလုပ်ကပြန်လာရင် မငုံဘလော့လေးကို ရေမချိုး ထမင်းမစားပဲ အပြေးလာပြီး မမောနိုင် တစ်ဦး မန့်ရတာကိုတောင် နာ့နာမည် ထည့်ရေးဖူးးး


တော်ပြီးနောက်ဆို လာမမန့် ဘူး

စိတ်ဆိုးတယ်

နာ့နာမည်ပါအောင် ပြန်ရေးပါ

ဒါဖဲ

ဂယ်ပဲ
ဂယ်ပဲ


း)

ပြန်ဖတ်ပြီး ဒေါသတွေ အလိမ့်လိမ့်တက်လာလို့  အဟိ

နှင်းနဲ့မာယာ said...

ငုံရေ
ကောမန့်တွေကတော့ အားဆေးလေးတွေပါပဲ...
တို့လဲ ရေးရအုံးမယ်...
ပီးမှ အညာက ကိုရေတမာကို ပြန်တက်ဂ်ရမယ်။။။။

လင်းကြယ်ဖြူ said...

မငုံ ရင်နှင့်ရင်း၍ ရေးထားတဲ့ စာစုလေးကို
ဖတ်ပြီး ရင်နှင့်ရင်းသော အသိတရားများ ကို မှတ်သားရင်း အတ္ဂေးတ္ဂေတပုံကြီးပ္ဂေ့လို့..ပြန်သ္ဂားရပါတယ်..
ဟုတ်တယ်..လူ့ဘ၀က ခဏလေး မသေခင်ဘာတ္ဂေ
လုပ်ကြမလဲ ....?????
ကျေးဇူးတင်ပါတယ် မမငုံရေ

အိုက် ချီ ခန့် said...

မငုံရေ.....
ရင်ထဲရှိတာတွေရေး.. ခီခန့်လေးလဲ ရင်ထဲရှိတာမန့်မယ်..
အဟဲ... ကိုဖိုးစိန်... ရေ.... နောက်ပိုစ့်မှာ ပါစေရမယ်...တဲ့.. အဟီး.. ။

စိုင်းစိုင်းလားရှိုး said...

မငုံရေ .... ရင်နှင့်ရင်း၍ ဖတ်ရှုပြီး ရင်နှင့်ရင်းကာ အမှတ်ရစေတဲ့ စာသားလေးကတော့ ရေမြေခြားသော်ငြားလည်း ကမ္ဘာဇဖွား တို့ရှမ်းမျိုးစုများ ရောက်ရာနေရာမှာ ရှမ်းဟာရှမ်းပါ ရှမ်းတောင်တန်းကြီး တည်တန့်နေသ၍ ရှမ်းလူမျိုးများရှိနေရမည်။

ရေတမာ said...

ရင်နှင့်ရေးသော ကွန့်မန်တွေ အများကြီးပိုင်ဆိုင်နိုင်ပါစေ

Yu Ya said...

အမြဲလာရောက်အားပေးမယ်ဗျာ.. ဖိတ်ခေါ်တဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်ဗျာ.

ကျေးဇူးတင်စွာဖြင့်
yu ya

kiki said...

အားဆေးတခွက် လာ တိုက်တယ် ။။
ဆေးကြီးက နဲနဲ တော့ ခါးတယ် ။
ပအို့ ဝ်ဆေး . ရာဖြေ ဆေးခါး ..
ရော့ ... သောက်...

အားရှိရင် စာထ ရေးတော့ ။
ဖိုးစိန် ဆိတ် ကောက် နေပြီ..
သူ့ နာမယ် ထဲ့ ရေးပေးတဲ့ ဝေးးးး

ဖွား ကိ.

မိုးစက်အိမ် said...

ရေးသာ ရေးစမ်းပါ မကြီး ငုံရယ်
မကြီး ငုံရေးတာတွေ ဖတ်လို.တကယ်
ကောင်းတာပါဗျာ...အမာခံတွေ ရှိတယ်
ပူမနေနဲ. အဲထဲမှာ မိုးစက်အိမ်လည်းပါတယ်
မိုးစက်အိမ်တို. ဘယ်လောက်အားပေးလည်း
ဆိုရင် ဖတ်စရာ အသစ်မရှိရင်တောင်
သီချင်း လာလာနားထောင်တတ်တယ်
အဲလောက်ထိ အားပေးတာ :D ခုထိ N ကိုင်ရာ
သီချင်းမပြောင်းပေးသေးဘူး ဘယ်ကောင်လေး
ရည်ရွယ်ပြီး ဒီသီချင်းက တင်ထားမှန်းမသိဘူး :P

kyalkalay said...

အ မ
အမှတ်တမဲ့ ရောက်လာပီး
အမှတ်တရ ရေးပေးခဲ့တာကို
မှတ်မှတ် ရရ သိမ်းထား တယ် ဆိုလို့

ကျေးဇူး

ကျနော. အိမ် ကိုလာခဲ့
အမဆုတောင်း ဖို့
ကြယ်တွေ အများကြီး ကြွေခိုင်းထားတယ်

sonata-cantata said...

မငုံရေ
အမှတ်တရ ရေးလိုက်ပါတယ်
မသီတာ အတွက် စာတပုဒ်ဟာ (ပို့စ်၊ ကော်မန့်)လွယ်လွယ်လေး မထွက်ပါဘူး။ ဒါပေမဲ့ ကြိုးစားရေးမယ် ဘလော့မိတ်ဆွေတွေ အတူတူရှိနေမယ် ဆိုရင်...

စိတ်စမ်းရေ said...

လာလာပြီးဖတ်ဖြစ်ပါတယ်.....။ ဆက်သာရေးပါ..။
အားပေးနေပါတယ်....။

သီဟသစ် said...

မငုံရေ

အာပေးနေပါတယ်။ စာကောင်းတွေ အများကြီးရေးနိုင်ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

Mogok Thar said...

ဒို့ ရှမ်းမျိုးရဲ့ တည်မြဲတဲ့ ရိုးရာ...
ရှမ်ပဲပုပ်လေးလဲ လွမ်း။
မငုံရေ.....
မန့် လေးတွေ တန်ဖိုးထား ပြန်ဖတ်ကြတာ အကုန်လုံး တူတူပဲ ထင်ပါရဲ့ဗျာ။
ကော်မန့်စား အာားရှိ ဆိုတာ ကျနော်တို့ အိမ်၇ှင်လေးတွေ အတွက်ပေါ့ဏော။

Anonymous said...

မမပြောတာ မှန်တယ် ကျွန်တော်ဆို blog တင်တာ တစ်နှစ်ပြည့်တော့မယ် ၆ လပိုင်း ကမှ Comment ပေးခံရတာ... အဲ့ Comment ကို တွေ့တော့ တအားဝမ်းသာမိတယ်ဗျာ....

Anonymous said...

ဒီပိုစ့်လေးကို ဖတ်ပြီး အရမ်းသတိရသွားတယ် မငုံရယ်။ ကောင်းပါတယ်။ ဘယ်နေရာမှာပဲရောက်ရောက် တခါတလေ အထီးကျန်တဲ့ အချိန်တွေမှာ ထွက်ပေါက်တခု အနေနဲ့ စာလေးတွေ ချရေး ကဗျာလေးတွေ ချရေးဖြစ်တာကောင်းပါတယ်။ မကြီးကတော့ ဘလောဂ့်လေးကို စိတ်ရဲ့ ထွက်ပေါက်တခုလို သဘောထားလိုက်ပြီ။

ခင်တဲ့
မကြီး

မြစ်ကျိုးအင်း said...

စိတ်မဆိုးတတ်ဘူး ရေးချင်တာရေးဆိုပေမယ့်လည်း ဘလော့မောင်နှမတွေဖြစ်နေတော့ မကောင်းကြောင်းတော့ ဘယ်တော့မှ ရေးမှာမဟုတ်ပါဘူး...။လိုအပ်တာတွေ မြင်ရင်သာ
အကြံ ပေးတာမျိုးပဲ လုပ်မှာပါ....။ဒီလိုပါပဲ ဒီလောကထဲ ၀င်လာရတဲ့လမ်းက ခံစားရလောက်အောင် ကြမ်းခဲ့ဖူးပါ
တယ်...။ဘာပဲဖြစ်ဖြစ် ခံစားချက်လေးတွေ ဝေမျှပြီး ရှေ့ဆက်ကြတာပေါ့....။အားပေးနေပါတယ်ဗျာ...။

မင်းအိမ်ဖြူ said...

အားဆေးတိုက်သွားပါတယ်

မဟုတ်ပါဘူး မန့်သွားပါတယ်

စောင့်မျှော်နေကြောင်းပါ

naylin said...

ဘလောက် တွေများများဆက်ရေးနိုင်ပါစေ။ ကျွန်တော် ကတော့ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ ဘလောက်ကို ရေးပါတယ်။ ဒိုင်ယာရီ သဘောလည်း မှတ်တမ်း ကျန်ခဲ့ချင်ပါတယ်။ ဒါပေမယ့် အများသူငါ ဖတ်လို့ရတဲ့ online ပေါ်လာတင်ထား မှတော့ သူတို့ အတွက် ဖတ်ပျော်အောင် လည်း သိပ်ကိုယ်ရေးကိုယ်တာ ဆံတာတွေ၊ ကို ချန်ပြီးရေးပါတယ် :)။