အခုလောက်ဆို ဥတေနဘုရင် ချစ်မြတ်နိုးလို့ ချီးမြှောက်ထားတဲ့ မိဖုရားကြီးသုံးပါး ရှိတယ်ဆိုတာ မိတ်ဆက်လို့ ပြီးပြီနော်။ ၀ါသုလဒတ္တာ ၊ မာဂဏ္ဍီ နဲ့ သာမာဝတီပေါ့။ အခုပြောပြမဲ့ ဇာတ်လမ်းထဲမှာ အဓိက က သာမာဝတီမိဖုရားနဲ့ မာဂဏ္ဍီ မိဖုရားတို့ပါပဲ။ သာမာဝတီမိဖုရားမှာ မောင်းမငါးရာရှိတယ်။ အဲဒီထဲမှာ ခုဇ္ဇာဆိုတဲ့ အထိန်းတော်က မနက်တိုင်း ပန်းဝယ်ပြီး ဆက်သရလေ့ရှိပါတယ်။ ဥတေနက ချီးမြှင့်တာက တစ်နေ့ အသပြာလေးပဲဖိုးပါ။ ဒါပေမဲ့ ခုဇ္ဇာ က တစ်နေ့ကို အသပြာနှစ်ပဲဖိုးပဲ ၀ယ်ပါသတဲ့။ တစ်ရက်ကျတော့ ခုဇ္ဇာက ပန်းဝယ်နေကျခြံကို သွားတော့ ခြံရှင်က ဒီနေ့တော့ တစ်ခြားသူတွေကို ပန်းမရောင်းတော့ဘူး။ မြတ်စွာဘုရားကို လှူဒါန်းဖို့ ရည်စူးထားပါတယ်။ မိဖုရားအတွက်တော့ ချန်ထားတယ်လို့ ပြောတဲ့အပြင် တရားနာကြွဖို့ ဖတ်မန္တာက ပြုတယ်လေ။ ဒါနဲ့ ခုဇ္ဇာလဲ တရားနာဖို့ လိုက်သွားလိုက်တယ်။ အဲဒီချိန်မှာ ကောသမ္ဇီပြည်ကြီးမှာ မြတ်ဘုရားသာသနာအစပဲ ရှိသေးပုံပေါ်တယ်။

ခုဇ္ဇာအထိန်းတော်ကြီးမှာ မြတ်ဘုရားလဲ တရားလဲ နာရရော အင်မတန်မှ ထူးခြားဝမ်းမြောက်ရကား ပူဇော်ပါတော့တယ်။ အပြန်လမ်းမှာတော့ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားတဲ့ ခုဇ္ဇာအထိန်းတော်မှာ ပန်းကို အသပြာလေးပဲဖိုး အပြည့်ဝယ်ပြီး ပြန်လာပါတော့တယ်။ နန်းတော်ရောက်တော့ သာမာဝတီမိဖုရားကို ပန်းဆက်တဲ့အခါ မိဖုရားက ဒီနေ့ ပန်းတွေများလှချည်းလား။ ဘုရင်ကြီးး ပိုချီးမြှင့်လိုက်တာလားလို့ မေးတော့ ခုဇ္ဇာ က အမှန်အတိုင်း ၀န်ခံပြောဆိုပါတော့တယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သွားလို့ ဘာမှမကြောက်တော့ပဲ ငါးပါးသီလကို လုံအောင်ထိန်းတဲ့ သဘောပေါ့။ သာမာဝတီမိဖုရားမှာ မြတ်စွာဘုရားလို့ အသံကြားတာနဲ့ ၀မ်းမြောက်ကာ ခုဇ္ဇာကို အပြစ်မပေးတဲ့အပြင် ယနေ့မှစပြီး မိခင်နေရာထားလို့ နာကြားလာရတဲ့ တရားတော်ကို ပြန်ဟောခိုင်းပါသတဲ့။ ဒီလိုပဲ နောက်နေ့တွေတိုင်းမှာ ခုဇ္ဇာ က တရားနာလာ၊ နန်းတော်ထဲရောက်တော့ သာမာဝတီမိဖုရားကို ပြန်ဟောနဲ့ပေါ့။ သာမာဝတီမိဖုရားမှာ မြတ်စွာဘုရားကို ဖူးချင်ပေမဲ့ မဖြစ်နိုင်တာကြောင့် ခုဇ္ဇာပြောတဲ့ မြတ်ဘုရားစံကျောင်းရှိရာ အရပ်သို့ တိုက်နန်းကို အပေါက်ကလေး ဖောက်ပြီးပဲ ကြည်ညိုရတယ်လေ။

ဒီသတင်းကို မာဂဏ္ဍီမိဖုရားကြားတော့ ဒေါသတွေ ထွက်တော့တာပါပဲ။ ဥတေနဘုရင်ကို သာမာဝတီမိဖုရား တိုက်နန်းကို အပေါက်ကလေးဖောက်တယ်။ ဘာအကောက်ကြံဖို့ရှိသလဲ မသိဘူးလို့ ပြောပေမဲ့ ဥတေနဘုရင်ကြီးက မယုံကြည်ခဲ့ဘူး။ ဒီတော့ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်တဲ့ သာမာဝတီမိဖုရားကို အကောက်ကြံဖို့ သူ့ဦးရီးတော် ပုရောဟိတ်နဲ့ စီစဉ်ပါလေရော။ ၀ါသုလဒတ္တာမိဖုရားကြီးက အေးဆေးသိမ်မွေ့သလို ဘုရင့်သမီးတော်လဲ ဖြစ်တော့ အကောက်မကြံနိုင်ပေမဲ့ သာမာဝတီမိဖုရားကိုတော့ မကောင်းကြံပါတော့တယ်။ဥတေနဘုရင်က မိဖုရားသုံးပါး အဆောင်တော်ကို တစ်လှည့်စီကူးတာဆိုတော့ မာဂဏ္ဍီမိဖုရားက သူ့အဆောင်တော်မှာ ဥတေနဘုရင် ရောက်ရှိချိန်မှာတော့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဘုရင်အမြဲယူဆောင်လေ့ရှိတဲ့ စောင်းရဲ့ အခေါင်းပေါက်ကလေးမှာ အဆိပ်ရှိတဲ့ မြွေကို ဘုရင်မသိခင် ထဲ့လိုက်ပါတယ်။ နောက် ပန်းဖွှားလေးနဲ့ ချထားတာဆိုတော့ မြွေကြီးကို အထဲမှာလှောင်ပိတ်ထားသလို ဖြစ်နေတာပေါ့။

ဒီလိုနဲ့ ဥတေနဘုရင် သာမာဝတီအဆောင်ဘက် ကူးတဲ့ အပတ်မှာ မာဂဏ္ဍီက ဘုရင်ကြီးကို ငိုယိုတားပါတော့သတဲ့။ ညက အိပ်မက်မကောင်းလို့ သာမာဝတီမိဖုရားအဆောင်တော် မကူးဖို့ ပြောသတဲ့။ ဥတေနဘုရင်က လဲ စိတ်မပူဖို့ ပြောပေမဲ့ နောက်ဆုံးမရမက ငိုယိုပြောနေတော့လဲ သာမာဝတီမိဖုရားအဆောင်တော်ကို ကူးတော့ မာဂဏ္ဍီကိုပါခေါ်ခဲ့ပါတော့တယ်။ မိဖုရားတစ်ပါး အဆောင်တော်ကနေ တခြားအဆောင်ကို ကူးတာ မိဖုရားတစ်ပါးပါလာတယ် ဆိုကတည်းက သူ့အပေါ်မကောင်းကြံတော့မယ်ဆိုတာ သာမာဝတီမိဖုရားက သိတော့ အထူးသတိထားနေပါတော့တယ်။ ဒီလိုနဲ့ ဥတေနဘုရင် စက်တော်ခေါ်ချိန်မှာ စောင်းကို ညောင်စောင်းဘေးချထားတော့ အားလုံးသတိမမူချိန်မှာ မာဂဏ္ဍီမိဖုရားက ပန်းဖွှားကို ဆွဲဖြုတ်လိုက်ပါတော့တယ်။ မြွေကြီးက အထဲမှာ ပိတ်လှောင်ခံထားရတော့ ဒေါသတကြီးနဲ့မို့ ပါးပြင်းကြီး ထောင်လို့ပေါ့။ မာဂဏ္ဍီက မိဖုရားက အရင်ဆုံးအော်တော့တာပါပဲ။ ပြီးတော့ သာမာဝတီမိဖုရား က ဥတေနဘုရင်ကို လုပ်ကြံပါတယ်။ ဘုရင့်ကိုလဲ သတိထားပါလို့ ပြောရက်သားနဲ့ ဆိုပြီး မီးလောင်ရာ လေပင့် ပြောဆိုနေတော့တာပါပဲ။ ဥတေနဘုရင်လဲ လန့်သွားတာဆိုတော့ သိတယ်မလား ဘုရင်တို့ စိတ်ဆိုးရင် ဘာမှမမြင်တော့တာ။ ချက်ချင်းပဲ သာမာဝတီမိဖုရားနဲ့ မောင်းမတွေကို သူကိုယ်တိုင် မြှားနဲ့ ပစ်ပြီးသတ်ဖို့ စီစဉ်ပါတော့တယ်။

သာမာဝတီမိဖုရားကတော့ မောင်းမများကို ဘုရင်အပေါ်စိတ်မကွက်ဖို့ မေတ္တာထားဖို့သာ မှာကြားတာပေါ့။ သာမာဝတီမိဖုရားကို ရှေ့ဆုံးကထားပြီး မြှားနဲ့ပစ်တော့ မေတ္တာတရားနဲ့အပြည့်နေတဲ့ အပြစ်မရှိတော့ မြှားဦးက မိဖုရားဘက်မသွားပဲ ဘုရင်ဘက် ပြန်လှည့်လာပါတော့တယ်။ ဥတေနဘုရင်လဲ ကြောက်လန့်တကြားနဲ့ သာမာဝတီမိဖုရားကို တောင်းပန်တော့ မိဖုရားက သူမ ဘုရင့်အပေါ်တစ်ခါမှ မကောင်းကြံခဲ့ဖူးကြောင်းနဲ့ အတူ မြတ်စွာဘုရားကို ဖူးခွင့်ပါတောင်းပါတယ်။ ဥတေနဘုရင်လဲ ခွင့်ပြုလို့ မြတ်စွာဘုရားနဲ့ သံဃာတော်များကို နန်းတော်မှာ ဆွမ်းစားဖို့လို့ အားလုံး ညီညွှတ်စွာ လုပ်ကိုင်ကြသလို၊ ဘုရားရဲ့ အဆုံးအမကို ခံယူချိန်မှာလဲ မာဂဏ္ဍီမိဖုရားပါမလာပဲ သူအမုန်းကြီးမုန်းတဲ့ မြတ်ဘုရား နန်းတော်ထိရောက်လာတာ သာမာဝတီကြောင့်ဆိုပြီး ဒေါသတကြီးနဲ့ နောက်ဆုံး ဦးရီးတော်ပုရောဟိတ် အကူအညီနဲ့ပဲ သာမာဝတီ မိဖုရားဆောင်ကို မီးမြှိုက်ပါတော့တယ်။ အစပထမမှာတော့ မောင်းမတွေက ကြောက်လန့်တကြားနဲ့ ပြေးလွှားနေပေမဲ့ သာမာဝတီမိဖုရားက အားလုံးကို မေတ္တာဘာဝနာစီးဖြန်းရင်း သေဘေးကို ရင်ဆိုင်ဖို့ ပြောကြားလိုက်တဲ့အခါမှာတော့ အားလုံးပဲ ငြိမ်းအေးစွာနဲ့ အကျိုးရှိစွာ ခံယူသွားကြပါတော့တယ်။

ဒီလိုသာမာဝတီမိဖုရားနဲ့ မောင်းမငါးရာတို့ တစ်နေ့တည်း မီးမြှိုက်ခံရတဲ့ ကံဝဋ္ဋ်ကြွေးကတော့ တစ်ခါတစ်ဘ၀က ဘုရင့်သမီးတော် ဖြစ်တဲ့အချိန်ကပေါ့။ တစ်နေ့ သမီးတော်နဲ့ မောင်းမ ငါးရာတို့ ရေကစားပြီးနောက် ချမ်းတာနဲ့ ချုံကို မီးရှိုဲ့ပြီး မီးလှုံကြပါတယ်။ မီးငြိမ်းသွားချိန်မှာတော့ တွေ့လိုက်ရတာက ဘုရင်ကိုးကွယ်တဲ့ ရဟန်းတစ်ပါးကို မြင်ရမှ ကြောက်လန့်တစ်ကြားနဲ့ မထူးပါဘူးဆိုပြီး မီးထပ်ရှို့ခဲ့ကြတဲ့ ကံကြောင့်ပေါ့။ ပထမတစ်ကြိမ် ပြုမူစဉ်က မသိလို့ပြုမူခဲ့ပေမဲ့ ဒုတိယအကြိမ်မှာတော့ အပြစ်ပါသွားပြီလေ။ အဲဒီအကျိုးက ဘ၀ပေါင်းများစွာ ငရဲမှာ ခံခဲ့ရသလို အခုလို နောက်ဆုံးဘ၀မှာတောင် ကံကြွေး မကျေခဲ့ပါဘူး။

အားလုံးပဲ မေတ္တာတရားလက်ကိုင်ထားလို့ မကောင်းမှု့ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြတာပေါ့။ ကလေးတွေကို ပုံပြင်ပြောတိုင်း အဆုံးသတ်သလိုလေးပဲပေါ့။ ကဲ ကလေးတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။။။။

11 comments:

မိုးစက်အိမ် said...

အင်း ငယ်ငယ်က ဖတ်ခဲ.တာတွေ
အစအဆုံး သတိရသွားပြီဗျာ...

လင်းကြယ်ဖြူ said...

ကောင်းတယ်ဗျိုး ဇာတ်ရှိန်တက်လာပြီ ဆက်ရေး..
ပြီးတော့ မိဇော် ကို ပြန်ပြောပြခိုင်း ..စာရေး အရမ်းကောင်းတယ်..လာသင်ပေးဦး...

kaungkinpyar said...

မေတ္တာတရားက အကောင်းဆုံးပါပဲ၊ တို့လဲ ကလေးဆိုတော့ ပုံပြင်လာနားထောင်တယ်:P

Sein Lyan Tun said...

ဖတ်လို့ကောင်းလိုက်တာ မဖူး ရယ်....

မေတ္တာသည်သာ အေးမြရာပါဗျာ။။။။။


ချစ်ခင်စွာဖြင့်

ဖိုးစိန်

နောက်တွေ မျှော်နေသေးတယ်

ဆက်ရေးပါ

ကြိုက်တယ်

မေလေး said...

ကောင်းလိုက်တာ မမငုံရယ်။မေလေးလဲ အခုတလော အတိုက်အခိုက်ခံနေရတယ်မမရ။ဒါပေမဲ့ သူတို့ကို မေတ္တာဘဲ ပို့ပါတယ်။ စိတ်ထဲလဲချစ်ခြင်း မုန်းခြင်း မရှိဘဲနေတော့ သူတို့ ပို့တဲ့ အမုန်းတွေကိုဆီ မရောက်တော့ဘူးပေါ့လေ။
မေတ္တာလက်နက် အစွမ်းထက်မှန်း ကိုယ်တွေ့အများကြီး ကြုံဖူးလို့ ယုံကြည်ပါတယ် မမ။
ဆက်ရေးပါနော် မမ
အမြဲတမ်းခင်နေမဲ့
မေလေး

ရေတမာ said...

ကျနော် ရတဲ့ msg ကတော့ မေတ္တာထားဖို့ရယ်.. မထူးဇာတ်မခင်းမိဖို့ရယ်...


မျက်လုံးကြီးက ကြောင်တောင်တောင်ကြီးပဲရှိသေးတယ် ပုံပြင်လေးက ဒါပါပဲကွယ်တဲ့.. မရဘူး ပြန်ပြောပြ

တလနွန် said...

ပုံပြင်ဖတ်သွားပါတယ်...မေတ္တာသည်သာ အရာရာကို အောင်မြင်နိုင်တယ်ဆိုတာရောပေါ့


ခင်မင်ခြင်းနှင့်
တလနွန်

kiki said...

ခုမှ ယူ မိတာ ၃ ယောက်ပဲ ရှိသေးတယ် ။
မိဘုရားတွေ ရန်ဖြစ်နေတာ
ဘန်ကီမွန်း ခေါ်ပြီး ရှင်းပေးလိုက် အေ ..
ဒါမှ ပိုရှုပ်သွား အောင် ..ဟိဟိ ၊

နောက် ယူဖို့ ဘယ်နှစ်ပါးကျန်နေသေးလဲ ။
ပြော ပြော ..လိုရင်းတိုရှင်းပဲပြောတော့
မေတ္တာ တွေ ၊ သစ္စာတွေ ၊ ရွှေမန်း တွေ..

အိပ်ချင်လာလို့ ။ ဟိဟိ

သီဟသစ် said...

မငုံရေ

မေတ္တာတရားအကြောင်းလာဖတ်ပါတယ်ဗျာ
မေတ္တာသည်သာ အကောင်းဆုံးပါပဲ

ခင်မင်စွာဖြင့်
သီဟသစ်

နေဒေးသစ် said...

အဆုံးသတ်ကို ဖတ်လိုက်ရပြီးတော့ စိတ်ထဲ မကောင်း ..
ဝဋ်ဆိုတာ တော်တော်ကြောက်ဖို့ ကောင်းတယ် ..
မကောင်းမှု တိုင်းကို ရှောင်ကြည်နိုင်ဖို့ ကြိုးပန်း သင့်ပါတယ် ..

နေဒေးသစ်။

sonata-cantata said...

အပိုင်းလေးပိုင်းစလုံးဖတ်ပြီး၊ ၀ိပါက်ကြမ္မာ ဆိုတာကို ကြောက်ရွံမှု ဖြစ်မိပါတယ်။