ပေး၍မကုန်... လှူ၍မခမ်း ဇောတိက သူဌေးအလား ဖြစ်ကြပါစေလို့ ဆုတောင်းကို ကျွန်မတို့ လူကြီးသူမများကို ကန်တော့တဲ့အခါ ဆုပေးတာကို လက်ခံကြဖူးမှာပါ။ ဒီတော့ ကျွန်မ ဇောတိကသူဌေးကြီး အကြောင်းကို သိပ်စိတ်ဝင်စားခဲ့တယ်။ ဘွားဘွားပြောပြတဲ့ ညအိပ်ရာဝင်ပုံပြင်လေးထဲက ဇောတိကသူဌေးရဲ့ တချို့ အကြောင်းလေးတွေကို ပြောပြချင်တယ် မောင်ညီမလေးများတို့ရေ..

တစ်ခုသော ဘ၀မှာ ဇောတိကသူဌေးလောင်းလျာ က အကိုဖြစ်သူနဲ့ ကြံပင်စိုက်ပျိုး အသက်မွေးသတဲ့။ တစ်နေ့ အကို ဖြစ်သူက ကြံခင်းက အပြန်မှာ သူနဲ့ ညီအတွက် ကြံနှစ်ချောင်း ခုတ်ပြန်လာတယ်။ လမ်းမှာ ပစ္စေကဗုဒ္ဓကို ဖူးရတော့ မိမိအတွက် ခုတ်ယူလာတဲ့ ကြံချောင်းကို လှူဒါန်းပြီး ပစ္စေကဗုဒ္ဓဆုကို ပန်သတဲ့။ အိမ်ပြန်ရောက်တော့ ညီဖြစ်သူက သူ့အတွက်ပဲ ကြံချောင်းပါလာတော့ အကြောင်းမေးမြန်းလိုက်တဲ့အခါ အကိုဖြစ်သူက သူ့လှူဒါန်းမှု့ကို ပြောပြသတဲ့။ အဲဒီမှာ ဇောတိကလောင်းလျာ ညီဖြစ်သူက သူလဲ လှူဒါန်းမှာပေါ့ဆိုပြီး နောက်က အပြေးလိုက်တော့ မှီလဲမီရော သူ့အတွက်ဝေစုကြံ ကို လှူပြီး ပေး၍မကုန်...လှူ၍မခမ်း တဲ့ သူဌေးဘ၀ကို ဆုတောင်းသတဲ့။ ဒီလိုနဲ့ ဘ၀ပေါင်းများစွာ ကျင်လည်ကျက်စားပြီးနောက် ကျွန်မတို့ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူတဲ့ ဘ၀မှာတော့ ဇောတိကသူဌေးအဖြစ် မွေးသတဲ့။

မွေးမွေးချင်း နတ်များဖန်ဆင်းပေးတဲ့ တိုက်နန်းကိုရရှိပြီး ရွှေငွေကြံပင်များ အလိုအလျောက်ပေါ်ထွက်လာသတဲ့။ နောက် ရတနာစိန်ကျောက်ပစ္စည်းဥစ္စာတို့မှာ ပေးလို့မကုန်နိုင်အောင် ရှိပါသတဲ့။ လျှောက်ရာလမ်းများမှာလည်း ရွှေငွေတွေဟာ ဒူးဆစ်မြှပ်တဲ့အထိ ချမ်းသာကြွယ်ဝတာပေါ့။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ နတ်များကပဲ ဇောတိကသူဌေးအတွက် ကြင်ယာတော်ကို မြောက်ကျွန်းမှ ဝေါယာဉ်နဲ့ ပင့်လာပေးရသတဲ့။ ဇမ္ဗူဒီပကျွန်းကြီး လေးကျွန်းရှိတဲ့အထဲမှာ ကျွန်မတို့ နေထိုင်တာက တောင်ကျွန်းဖြစ်ပါတယ်။ အခုဇောတိကသူဌေးရဲ့ကြင်ယာ သူဌေးကတော်က တော့ မြောက်ကျွန်းသူ ဖြစ်ပြီး အဲဒီကျွန်းမှာ နေထိုင်ကြသူများဟာ နတ်များအလားပဲ ဆယ့်ခြောက်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ်အတိုင်းပဲ ရှိကြသလို သိပ်ချောမောလှပ နူးညံ့သတဲ့။ ဒီတော့ ဇောတိကသူဌေးအိမ်မှာ မီးအလင်းရောင် မခံနိုင်လို့ အလင်းရအောင် အလျံထွက်တဲ့ ပတ္တမြားကိုသာ နူးညံ့တဲ့ ဂွမ်းအပေါ်တင်ထားရသတဲ့။ နောက်စားသောက်တာကလဲ အင်မတန်မှ နူးညံ့တဲ့ ဆန်တမျိုးပေါ့ ( ဘယ်လိုခေါ်တယ်ဆိုတာ ကျွန်မ မေ့နေပါတယ်။ ) အဲဒီဆန်ကို ဖိုခနောက်သုံးခုသုံး အလင်းနဲ့ ချက်ထားလို့ နတ်သုဒ္ဓါအရသာကဲ့သို့ ရှိပါသတဲ့။

ဒီလိုနဲ့ တစ်နေ့မှာ ဗိမ္မိသာရမင်းကြီးနဲ့ သားတော်အဇာတသတ်တို့ လာရောက်လှည့်ပတ်တာပေါ့။ အဲဒီချိန်မှာ အဇာတသတ်မင်းသားလေးက ခုနှစ်နှစ်သားအရွယ်သာ ရှိသေးပေမဲ့ ဒီလိုတွေးသတဲ့။ အင်းး ဒီသူဌေးက အင်မတန်ခမ်းနားတဲ့ အဆောက်အဦးနဲ့ နေရတယ်။ ငါ့ဖခင်မှာ တိုင်းပြည့်ကို အုပ်ချုပ်သူဖြစ်တာတောင် သစ်သားနန်းနဲ့နေရတယ်။ တစ်နေ့ ငါဘုရင်ဖြစ်ရင် ဒီပစည်းတွေကို သိမ်းမယ်လို့ ကြုံးဝါးသတဲ့။ ( ဒီနေရာမှာ ကျွန်မပြောချင်တာက ကျွန်မဆိုလဲ ငယ်ငယ်တုန်းက မသိသေးတော့ ဘုရင်ဆိုရင် တကယ့်အဆောက်အအုံ အကောင်းစားတွေနဲ့ပဲ နေရတယ်။ ကောင်းကောင်း စားရတယ်ပေါ့။ ဘယ်အရာမဆို ဘုရင်ကို မယှဉ်နိုင်ဘူးလို့ ထင်ခဲ့ပါတယ်။ ) နောက် ဇောတိကသူဌေးက မင်းကြီးနဲ့ သားတော်ကို တိုက်နန်းအတွင်းလိုက်လံပြသပြီး သူဌေးကတော်နဲ့ မိတ်ဆက်ပေးတော့ မြောက်ကျွန်းသူမှာ မျက်ရည်များ ကျလာပါတယ်။ ဘုရင်ကြီး က ဇောတိကသူဌေးကို ပြောသတဲ့။
" သူဌေးကတော် က ငါဘုရင်မင်းမြတ် လာရောက်ပြီး ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ သိမ်းတယ်ထင်လို့ ငိုနေတာလားလို့ " ပြောတော့ ဇောတိကသူဌေးက မဟုတ်ကြောင်းနဲ့ မြောက်ကျွန်းသူတို့သဘောသဘာဝအရ အလင်းရောင်မခံနိုင်ကြောင်း ၊ ယခု ဘုရင်မင်းမြတ်ရဲ့ လက်ဝတ်တန်ဆာ မင်းမြှောက်တန်ဆာမှ ထွက်သော အရောင်များကို မခံနိုင်လို့ မျက်ရည်ကျရခြင်း ဖြစ်ကြောင်း ပြန်ဖြေရသတဲ့။
အကျွေးအမွေးနဲ့ တည်ခင်းဧည့်ခံတော့ ဘုရင်ကြီးမှာ နတ်သုဒ္ဓါအရသာကြောင့် စားကောင်းကောင်းနဲ့ အားရပါးရ စားသောက်နေပေမဲ့ ဇောတိကသူဌေးက ခဏအကြာမှာ သိမ်းဆည်းခိုင်းလိုက်ပါသတဲ့။ ပြီးတော့ ဘုရင်ကြီးကို ဒီအရသာက သာမာန်လူတွေ ၀မ်းမီးမချက်နိုင်တာမို့ များများမစားတာ ကောင်းကြောင်း ပြောဆိုပြီး အပြန်မှာ ဒီ အရောင်လျံထွက်တဲ့ ပတ္တမြားတစ်လုံးကိုပါ လက်ဆောင်ပေးလိုက်ပါသတဲ့။

ဒီလိုနဲ့ ကျွန်မတို့ ဂေါတမမြတ်ဘုရားပွင့်ပြီး ဒီရာဇဂြိုလ်မြို့မှာ သာသနာထွန်းကားတော့ ဇောတိကသူဌေးရဲ့ လှူဒါန်းမှု့မှာ အံ့မခန်းပဲ ဆိုတာ အားလုံး သိပြီးသားပါ။ နောက်ဆုံး ဇောတိကသူဌေးက သောတာပန်တည်လို့ ဘုရားရဲ့သာသနာကို ကူညီစောင့်ရှောက်နေစဉ်မှာပဲ ဗိမ္မိသာရမင်းကြီးထံမှ သားတော် အဇာတသတ်က ဒေ၀ဒတ်အကြံနဲ့ ထီးနန်းသိမ်းပြီးချိန်မှာတော့ သူငယ်စဉ်က ထားတဲ့ စိတ်ကူးအတိုင်း ဇောတိက သူဌေးရဲ့ ပစ္စည်းဥစ္စာကို သိမ်းရန်လာပါတော့တယ်။ ဇောတိကသူဌေးလဲ အေးဆေးစွာပဲ အဇာတသတ်မင်းကို ပြောလိုက်တာက အရှင်မင်းကြီး အရင်ဆုံး အကျွနုပ်ရဲ့လက်ဆယ်ချောင်းမှ အဆင်တန်ဆာကိုပဲ ချွတ်ယူပါဦးလို့ ဆိုသတဲ့။ အဇာတသတ်ဆိုတာ ဆင်ပြောင်ကြီးငါးစီးအားရှိတဲ့ မင်းဖြစ်လို့ အေးဆေးစွာပဲ လက်ဆယ်ချောင်းမှ လက်ဝတ်တန်ဆာများကို ချွတ်ယူတော့ ချွေးတွေသာ ဒီးဒီးကျလာတယ်။ လက်ဝတ်တန်ဆာကို မချွတ်နိုင်ခဲ့ပါဘူး။ ဒီတော့မှ ဇောတိကသူဌေးက သူမပေးပဲ ဘယ်ပစ္စည်းမှ ယူလို့မရကြောင်း ၊ အခု မင်းကြီးအလိုရှိရာကို ယူဆောင်နိုင်ပါတယ်ဆိုပြီး လက်ဆယ်ချောင်းကို အောက်စိုက်ပေးလိုက်ရော လက်စွပ်များက အလိုအလျောက် ကျလာပါတော့တယ်။ ဇောတိကသူဌေးလဲ လူဝတ်ကြောင်နဲ့ပဲ အရဟတ္တမဂ်ဖိုလ်ဆိုက်သွားခ်ျိန် တချိန်တည်းမှာပဲ တိုက်နန်းလဲ အလိုလိုကွယ်ပျောက်သလို နတ်များကလဲ မြောက်ကျွန်းသူကို ပြန်လည်ပို့ဆောင်လိုက်ပါတော့သတဲ့။။။

ကျွန်မလဲ အခုတလော ပုံတွေပဲပြောပြချင်နေတာ။ ပြီးတော့ သေသေချာချာ မမှတ်မိတော့တာတွေ များနေတော့ ( များသောအားဖြင့် နာမည်တွေပေါ့) ပြန်စဉ်းစားနေရတယ်။ ငယ်ငယ်က ဒီဝတ္ဘုလေးတွေကို ရုပ်ပုံနဲ့အတူ ဖတ်ရူခဲ့ရတယ်။နေခင်းဘက်ဆို ဒီရုပ်ပုံပါတဲ့ ဇာတ်တော်စာအုပ်လေးတွေ ဖတ်၊ ညဆိုရင် ဘွားဘွားပြောပြတာလေးကို နားထောင်နဲ့ အတော်ဟုတ်ခဲ့တယ်နော်။ အခု ဒီစာအုပ်လေးတွေကုကျွန်မလက်ထဲမှာ မရှိတော့ မေ့နေတာတွေ ပြန်တွေးရင် မှတ်မိနိုင်တာအများဆုံး ပုံတ္ဘုလေးကို ပြောပြပေးမယ်နော်။ အကယ်လို့ အမှားအယွင်းတစ်စုံတစ်ခုပါရင် ကျွန်မအမှားသာ ဖြစ်ပါတယ်။
ကဲ အားလုံးသော မောင်နှမများလဲ ပေး၍မကုန်... လှူ၍မခမ်း နိုင်တဲ့ဇောတိက သူဌေးအလား ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။။။

11 comments:

ကိုလူထွေး said...

ရေးထားတာက စိတ်ဝင်စားစရာ...
ဇောတိကသူထိန်းရယ်.. အဇာတသတ်ရယ် ဆက်စပ်ပြီး မသိခဲ့ဘူး..

ဒိဋ္ဌိမို့လို့လဲ ပါမယ်ထင်ရဲ့...

စာအုပ်မရှိလဲ အခုလို မှတ်မိသလောက် ပြန်ရေးပေါ့...

းဝ)

လင်းကြယ်ဖြူ said...

ဟာ..ဒါဆိုရင် မြောက်ကျွန်းသူတ္ဂေက တော်တော်နုတာပေါ့နော်....အလင်းရောင်တောင်
မခံနိုင်ဘူးတဲ့...
အစကမသိခဲ့ဖူး ခုမှသိတာ..ကျေးဇူးနော်...
အင်မတန်နူးညံ့တဲ့ဆန်က ဘာလဲဆိုတာသိချင်ရင်
ကျွန်တော်ပြောပြမယ်...Basmatik တဲ့ အလုပ်က Canteen မှာနေ့တိုင်းကျွေးနေတာ လည်ချောင်းတောင်
ကျားလျှာဖြစ်နေပြီလေ..ဟဲ..ခင်လို့..မမ ကို စတာ
တ္ဂေ့မယ် နောက်မှတ္ဂေ့မယ်....
ကြိမ်းဝါးတာမဟုတ်ပါခင်ဗျာ..ဘိုလိုဆို
See u Later လို့ပြောတာ..ဟဲ...ဟဲ
ပျော်ပါစေခင်ဗျာ..

Yu Ya said...

ပေးတဲ့ဆုနဲ့ တစ်လုံးတစ်ဝကြီး ပြည့်ရပါချင်ပါတယ်ဗျာ..

ကျေးဇူးတင်စွာဖြင့်
yu ya

မင်းအိမ်ဖြူ said...

လိုချင်ပါတယ် ဗျာ အဲဒီဆုလေး

တလနွန် said...

ပုံပြင်လာနားထောင်ပါတယ် မငုံ ရေ...တစ်နေ့ တစ်ခြား ပုံပြင်တွေ ဒီရေအလား ဖတ်ရပါလို၏ :)

ခင်မင်ခြင်းနှင့်
တလနွန်

ရေတမာ said...

မကြီး လျှာရှည်တယ်မထင်နဲ့နော် အဲ ဆန်ကို သလေး ဆန်လို့ခေါ်ပါတယ်။ ဘယ်လောက်ခပ် ခပ်ကုန်ဘူးတဲ့။ သူက တော်ပြီဆိုမှကုန်တယ်တဲ့။ ပြီးတော့လေ ထမင်းစားခန်းမှာလေ တခုကျန်ခဲ့လို့... ပထမဆုံး နို့ထမင်းလို ဟာလေး အရင်လာချတယ်.. ဘုရင်က စားစရာမှတ်ပြီး တကော်ကော်လိုက်တယ်.. သူဋ္ဌေးက အဲဒါစားစရာဟုတ်ဘူးတဲ့.. ထမင်းစားရင်း အစာတွေ နွေးနေအောင်လုပ်တဲ့ဟာလို့ ပြောလိုက်တော့ ရှက်သွားတယ်တဲ့.. ပြီးတော့လေ မြောက်ကျွန်းသူ အလန်းလေး မျက်ရည်ကျတာ ဘုရင်ကြီးရဲ့ ခေါင်းပေါင်းက အနံကြောင့်လို့ မှတ်ဖူးတယ်။ ဟိုလေ လက်စွပ်တွေ ပေးတုန်းကလေ သကောင့်သားရဲ့ ခါးပုံစာ ကိုဖြန့်ခိုင်းသေးတယ်တဲ့ မကြီးရဲ့။ အဲကောင်ပေါ့ လာဓါးမြ တိုက်တုန်းက သူဋ္ဌေးရဲ့ တံတိုင်းကြီးသုံးခုမှာ စောင့်နေတဲ့ နတ်ဘီလူးတွေနဲ့ ဖဲ့ရသေးတယ်ဆိုပဲ။ ဟဲဟဲ အနော်သိတာလေး ၀င်ဖြည့်ကြည့်တာပါ။ ကျနော်ထင်တယ် အခု မြောက်ကျွန်းဆိုတာ ကိုရီးယားလားမသိဘူး.. ဟဲဟဲ တော်တော်လည်းရှည်သွားပြီ။
အမလည်း ဇောတိကလို စိတ်မျိုးတွေ များများပေါ်ပေါက်ပါစေ

မိုးစက်အိမ် said...

မကြီးရေ ပုံပြင်လေးက ဖတ်လို.ကောင်း
တယ်ဗျာ ငယ်ငယ်က အကုန်ဖတ်ဘူးပေမဲ.
မေ.ကုန်ပြီ ခု မကြီး တင်တင်ပေးတာ
ပြန်ဖတ်ရတော.မှဘဲ သတိပြနပြန်ရတယ်
မကြီးရာ ... ကျေးဇူးပါ ...
မကြီးရေ အခြေအနေကောင်းရင် နာ
တို.လဲ မြောက်ကျွန်း ကိုလစ်ကြမယ်လေ
မကောင်ဘူးလား ... :P အဲသေ
ချာဖတ်နော် မျောက်ကျွန်းမဟုတ်ဘူး
မြောက်ကျွန်း တော်ကြာ နင်.အမျိုးတွေရှိ
လို.လားမေးနေမှဖြင်. ဖြေရခက်နေမှာစို.လို. ဟီးးးးးးးးးးးးးးးးးး
အဲလက်စနဲ. ပြောရအုံးမယ် N ကိုင်ရာသီ
ချင်းနဲ. ကြက်ပုံလေး ပြန်တင်ပေးပါ
ဒီသီချင်းထက် အရင်က သီချင်းဘဲ
ကြိုက်တယ် မရိုးဖူး မကြီးငုံရ...လေးစား
ချစ်ချင် အားပေးလျက်...

သမီးပျို said...

တအားသဘောကောင်းတဲ့မငုံရေ...ပုံပြင်လာဖတ်သွားတယ်သိလား ..မငုံပေးတဲ့ဆု အခုပြည့်ချင်လိုက်တာနော် အခုလေသမီးပျိုမှာနိုးမန်းနီးဖြစ်နေ တယ်သိလား ဇော့်မွေးနေ့ကိုဘယ်လိုခရီးဆက်ရပါ့မလဲနော် ငိုချင်လိုက်တာ

Anonymous said...

ဇောတိက အကြောင်းတော့ ယုံတမ်းပုံပြင် တပုဒ်လို နားထောင်ဖူးတော့ မသိဘူးဗျ ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ ဒါပေမဲ့ ဇောတိကလိုပဲ ဦးတေဇကတော့ ယုံတမ်းမဟုတ်ဘူး မျက်မြင်ဆိုတော့ ဇောတီကတို့ ချမ်းသားတယ်ဆိုတာ မမြင်ရတော့ သိပ်မယုံဘူး ။ ဦးတေဇ ကတော့ ဟင်းဟင်းဟင်း .....။ ခုခေတ်မှာ ဆုပေးရင်တောင် ဇောတိက အစား၊ ဦးတေဇလို့တောင် ပြောင်းသင့်နေပြီ။

Sein Lyan Tun said...

ပုံတွေနားထောင်ရတော့ အဖေ့ကိုတောင်လွမ်းတယ်

ဆက်ရေးပါ မငုံ

ကျနော်ပုံတွေ အထူးသဖြင့် ဓမ္မပဒ စာအုပ်တွေကိုဖတ်ရတာသဘောကျတယ်

ဆုတောင်းလေးလဲပြည့်ပါစေပေါ့နော်

ဆုတောင်းပြည့်ရင် အလှုကြီးကြီးလုပ်ကျမယ်လေ


ချစ်ခင်စွာဖြင့်

ဖိုးစိန်

kiki said...

ပြီးတော့ ဘုရင်ကြီးကို ဒီအရသာက သာမာန်လူတွေ ၀မ်းမီးမချက်နိုင်တာမို့ များများမစားတာ ကောင်းကြောင်း ပြောဆိုပြီး အပြန်မှာ ဒီ အရောင်လျံထွက်တဲ့ ပတ္တမြားတစ်လုံးကိုပါ လက်ဆောင်ပေးလိုက်ပါသတဲ့။...

ဟိဟိ ..ဒီပုံပြင် ​လေး , ခု​ခေတ်ဘုရင်ကြီးကို ​ပေးနား​ထောင်ရမယ် ..လက်​ဆောင်က .. မ​ပေးလဲ ယူ​နေတာ..အာဏာနဲ့ ​လေ..